လျင်မြန်စွာ တိုးတက်လာခြင်း
Vol. 10 Ch. 98
အနီရောင်တောင်ကြောသို့ တတိယအကြိမ်မြောက် ခရီးတွင် စုချန်း၏ စိတ်အာရုံသည် တနည်းတဖုံ ပြောင်းလဲလာပြန်၏။ သူသည် နယ်မြေတဝန်းတွင် တည်ရှိနေသည့် အန္တရာယ်များကို အထူးတလည် ကြောက်ရွံ့မနေတော့။ ဤဒေသသို့ ပထမအကြိမ်မြောက် ဝင်ရောက်ခဲ့စဉ်က စုချန်းသည် မိမိအသက် ရှင်သန်နိုင်ရေးကိုသာ အာရုံစိုက်ခဲ့၏။ ဒုတိယအကြိမ်တွင်ကား တောင်ကြော၏ အတွင်းပိုင်းထိ နက်ရှိုင်းစွာ ခြေဆန့်နိုင်ရန် ကြိုးစားခဲ့သည်။ ယခုတကြိမ်တွင်ကား မည်သည့်နေရာသို့ သွားရမည်ဟူသော ဦးတည်ချက် သတ်သတ်မှတ်မှတ် ရှိခဲ့ပြီးလေပြီ။
မူစွမ်းရည်ခုနှစ်မျိုးနှင့် မူလကိရိယာအများအပြားအပြင် တခြားလိုအပ်သည်များကိုလည်း ပြည့်ပြည့်စုံစုံ ပြင်ဆင်လာခဲ့လေရာ စုချန်း၏ ဤတကြိမ်အင်အားမှာ မနည်းလှ။ ထို့ကြောင့် စုချန်း၏ စိတ်ထဲတွင် ယခင်အခေါက်များထက် အောင်မြင်မှုရရှိရန် ဆန္ဒပြင်းပြနေ၏။ ဤတကြိမ်ခရီးသည် သူ့အတွက် သေချာပေါက် အကျိုးအမြတ် များရပေလိမ့်မည်။
ထို့ကြောင့် သူသည် အနီရောင်နယ်မြေ၏ အဝင်ပေါက်သို့ရောက်သည်နှင့် တောနက်ပိုင်းသို့ ဦးတည်ကာ ခရီးဆက်ခဲ့လေသည်။ သူ့အနေနှင့် လှည့်ပတ်သွားလာနေရန် စိတ်ကူးမရှိသလို လမ်းခရီးတလျှောက်တွင်လည်း ရှုပ်ရှုပ်ထွေးထွေး ဖြစ်ရပ်များ ပေါ်ပေါက်လာမည်ကို မလိုလား။ ထို့ကြောင့် သူသည် သတ်မှတ်ထားသော လမ်းကြောင်းမှ နောက်ပြန်ဆုတ်ခြင်း၊ ဘေးသို့ချော်ထွက်သွားခြင်း မရှိစေရန် ဂရုစိုက်ပြီး ရှေ့သို့သာ တစိုက်မတ်မတ်နှင့် ခရီးဆက်ခဲ့လေသည်။ လမ်းခရီးတလျှောက်တွင် သူတို့သည် နိုင်လောက်သော သားရဲသတ္တဝါဆိုးများမြင်လျင် သတ်ဖြတ်၏။ မနိုင်လောက်ဟု ယူဆလျင် ရှောင်ကွင်း၏။ ဤကား ဆရာတပည့်နှစ်ယောက်၏ ခရီးဆက်ပုံပေတည်း။
သုံးရက်မြောက်နေ့တွင် သူတို့နှစ်ယောက်သည် လေချွန်သံတသောင်းတောင်ထိသို့ ရောက်ရှိလာခဲ့လေသည်။ လေချွန်သံတသောင်းတောင်ထိပ်သည် အနီရောင်နယ်မြေ၏ တောင်ဘက်ခြမ်း၊ အနီရောင်တူးမြောင်းနှင့် နှစ်ရက်ခရီးမျှ ကွာဝေးသော နေရာတွင် တည်ရှိလေသည်။ ဤနေရာသည် စုချန်းတို့ ယခင်တကြိမ်က ရောက်ခဲ့သော ပျော်ရွှင်ခြင်းချောက်နက်ထက် အဆပေါင်းများစွာ ပို၍ အန္တရာယ်များသည်ဟု ဆိုစမှတ်ပြုကြ၏။ ဤနေရာတွင် စုချန်းတို့သည် သင်းကွဲသားရဲသတ္တဝါဆိုးများကို သိပ်မတွေ့ရတော့ပဲ အုပ်စုလိုက်သာ တွေ့ရတော့သည်။ ရံဖန်ရံခါတွင် အလယ်အလတ်အဆင့် သားရဲသတ္တဝါဆိုးများကိုပါ တွေ့ရှိလာရ၏။
အလယ်အလတ်အဆင့် သားရဲသတ္တဝါဆိုးများသည် ချီစုဆောင်းခြင်းနယ်ပယ် အဆင့်မြင့်အလွှာရှိ ချီပညာရှင်များနှင့် အင်အား အတူတူပင်။ သို့သော် ချီစုဆောင်းခြင်းပညာရှင်များ၏ စွမ်းပကားကို ခွန်အားတခုတည်းနှင့် ဆုံးဖြတ်၍ မရပေ။ အဆင့်မြင့်ချီပညာရှင်တယောက်သည် မျှော်မှန်းထားသည်ထက် ခွန်အားအရာတွင် နည်းပါးနေတတ်သော်လည်း သားရဲသတ္တဝါဆိုးများသည်ကား ခွန်အားအရာတွင် နာမည်နှင့်လိုက်အောင် သန်မာအားကောင်းကြကုန်၏။ ထို့ကြောင့် အဆင့်နိမ့်သားရဲသတ္တဝါဆိုးတကောင်နှင့် အလယ်အလတ်အဆင့် သားရဲသတ္တဝါဆိုးတကောင်သည် ခွန်အားအရာတွင် အဆပေါင်းများစွာ ကွာခြားလှပြီး ၎င်းတို့ကို လျော့တွက်၍ မရပေ။ ထို့ကြောင့် လူသားတို့သည် သားရဲသတ္တဝါဆိုးများ၏ ခွန်အားကို မှန်းဆ၍ ထိုသတ္တဝါဆိုးများ၏ တိုက်ပွဲဝင်စွမ်းအားကို တိုင်းတာလေ့ရှိကြသည်။
လေချွန်သံတထောာင်တောင်ကြားကို ရောက်ရှိပြီး ညနေခင်း၌ပင် စုချန်းနှင့် သံမဏိသည် အလယ်အလတ်အဆင့် သားရဲသတ္တဝါဆိုးကြီးတကောင်နှင့် ရင်ဆိုင်တိုးရတော့သည်။ ပြင်းပြင်းထန်ထန် တိုက်ခိုက်ပြီးနောက် စုချန်းသည် ထိုသတ္တဝါကို သတ်ဖြတ်လိုက်နိုင်၏။ ထိုသတ္တဝါကို သံမဏိ၏ အကူအညီမပါပဲ သတ်ဖြတ်နိုင်ခဲ့သဖြင့် စုချန်း၏ အင်အားသည် ချီစုဆောင်းခြင်းနယ်ပယ် အဆင့်မြင့်အလွှာအတွင်းသို့ ဝင်ရောက်သွားပြီဖြစ်ကြောင်း သေချာသွားလေပြီ။
သူတို့သည် သတ္တဝါဆိုး၏ စွမ်းအင်အလင်းစက်မှုန်များကို စုပ်ယူလိုက်ကြသည်။ ထို့နောက် စုချန်းက သံမဏိကို အမိန့်ပေးလိုက်၏။
"ကဲ ဆေးရည်ကိ ဖြန်းလိုက်စမ်းဟေ့"
သံမဏိက ခေါင်းကို ဆတ်ခနဲညိတ်လိုက်ပြီး ဆေးပုလင်းငယ်တလုံးကို ဆွဲထုတ်ကာ ဆေးရည်များကို မြေကြီးပေါ်သို့ သွန်ချလိုက်၏။ ထိုဆေးရည်များမှာ တခြားမဟုတ်။ သားရဲညှို့ငင်ဆေးရည်များပင် ဖြစ်သည်။ စုချန်းသည် ယခင်က ထိုဆေးရည်ကို ကွဲပြားခြားနားသော ရည်ရွယ်ချက်တခုအတွက် အသုံးပြုခဲ့ဖူး၏။ ယခုတွင်တော့ သူသည် ဤဆေးရည်၏ အာနိသင်ကို ပို၍ အကျိုးရှိအောင် အသုံးပြုနိုင်ခဲ့လေသည်။ သံမဏိသည် ဆေးရည် သုံးပုံတပုံခန့်အထိ မြေကြီးပေါ် လောင်းချလိုက်၏။ ဆေးရည်ကား အစွမ်းထက်လှ၏။ ချက်ချင်းပင် အာနိသင်ပြလာတော့သည်။
နာရီဝက်ခန့်အကြာ သူတို့ထံသို့ တရွေ့ရွေ့ နီးကပ်လာသော မာန်ဖီသံများကို စုချန်းတို့ ကြားလိုက်ရလေသည်။ အသံထွက်ပေါ်လာသောနေရာကို လှမ်းကြည့်ရင်း စုချန်းက ရယ်ကာမောကာနှင့် ပြောလိုက်၏။
"ဟော ဟော သူတို့ လာကုန်ကြပြီ ခြောက်ကောင်ရှိတယ်ဗျို့ အလယ်အလတ်အဆင့် နှစ်ကောင်နဲ့ အဆင့်နိမ့်လေးကောင်"
ထိုအခါ သံမဏိက အသံတိုးတိုးနှင့် ပြောလိုက်သည်။
"အကောင်ရေ အတော်များတယ်သခင် ဖြစ်ပါ့မလား"
စုချန်းကား အနည်းငယ်မျှ ကြောက်ရွံ့ပုံမရ။ သူက ရယ်မောရင်း အမိန့်ပေးလိုက်သည်။
"ဘာလို့မဖြစ်ရမှာလဲ ဒီကောင်တွေကို ထင်ယောင်ထင်မှား ဖြစ်သွားအောင် လုပ်ကြတာပေါ့ စိတ်လှည့်စားခြင်းနယ်ပယ်ကို နှိုးဆွလိုက်"
ထိုအခါ သံမဏိက မူလစွမ်းအင်ပုံစံငွေပြားကို ဆွဲထုတ်ကာ မြေကြီးထဲသို့ ထိုးထည့်လိုက်လေသည်။ အနှီပုံစံငွေပြားသည် အဆင့်နိမ့် ပုံရိပ်ယောင်နယ်ပယ်တခုကို ဖန်တီးထားနိုင်ပြီး တဖက်လူကို ထောင်ချောက်အတွင်းသို့ သက်ဆင်းသွားစေနိုင်၏။ စုချန်းက ဤငွေပြားအားကိုးနှင့် သတ္တဝါဆိုးခြောက်ကောင်ကို ရင်ဆိုင်မည်ဟု ဆိုလိုက်ခြင်း ဖြစ်သည်။ မူလစွမ်းအင်ပုံစံငွေပြားမှာ အလွန် အသုံးဝင်လှသော်လည်း ဈေးကြီးလှပြီး သုံကြိမ်သာ အသုံးပြုနိုင်၏။
တခြားစီးပွားရေးလုပ်ငန်းများကဲ့သို့ပင် လူတယောက်သည် အရင်းအနှီး လုံလောက်မှသာလျင် ပိုမိုကောင်းမွန်သော ရင်းနှီးမြှုပ်နှံမှုများကို ပြုလုပ်နိုင်ပြီး ပိုမိုများပြားသော အမြတ်အစွန်းများကို ရရှိနိုင်ပေလိမ့်မည်။ ဤယနေ့တွင် စုချန်း၏ အရန်အစီအစဉ်သည် ချောက်ကမ်းပါးအတွင်းသို့ ကြိုးတချောင်းနှင့် ခုန်ဆင်းသွားရုံမျှသာ မဟုတ်တော့။ ရင်းနှီးမြှုပ်နှံမှုပိုမိုများပြားလာသည်နှင့်အမျှ ပိုမိုရှုပ်ထွေးသော အရန်အစီအစဉ်မျိုးကို ထားရှိလာနိုင်ပေလိမ့်မည်။ ၎င်းသည်သူ့အား ပိုမိုကြီးမားသောအန္တရာယ်များကိုခံနိုင်ရည်ရှိစွာကိုင်တွယ်နိုင်ရန် အကူအညီ ပေးပေလိမ့်မည်။
သားရဲသတ္တဝါဆိုးအုပ်စုသည်ကား တဖြည်းဖြည်းနှင့် နီးကပ်လာခဲ့လေပြီ။ မြင်ရုံနှင့် ၎င်းတို့သည် ဆည်းဆာလမင်းဝံပုလွေအုပ်စုမှန်း သိသာနေ၏။ ဝံပုလွေအုပ်၏ ခေါင်းဆောင်မှာ အလယ်အလတ်အဆင့် ဝံပုလွေနှစ်ကောင်အနက်မှ တကောင်ပင် ဖြစ်သည်။
ဆည်းဆာလမင်းဝံပုလွေများဟူသည် ညအချိန်ရောက်လျင် ပို၍သန်မာလာတတ်သော သားရဲသတ္တဝါဆိုးများ ဖြစ်သည်။ ညရောက်သည်နှင့်အမျှ ပို၍ လျင်မြန်လာတတ်ပေရာ ထိုအခါမျိုးတွင် ၎င်းတို့နှင့်တိုက်ခိုက်ရသည်မှာ လေနှင့် တိုက်ခိုက်သကဲ့သို့ ရှိတတ်၏။ ရန်သူကို ခုန်ပျံတိုက်ခိုက်ရာတွင်တွင်း ဓားသွားတမျှ ထက်မြက်သော လက်သည်းများနှင့် တွဲဖက်တိုက်ခိုက်တတ်သေး၏။ ၎င်းတို့၏ အဓိကအားသာချက်မှာ သေရမည်ကို လုံးဝမကြောက်ရွံ့ပဲ တဗိုလ်ကျ တဗိုလ်တက်စနစ်နှင့် တိုက်ခိုက်တတ်ခြင်းဖြစ်ပြီး စည်းလုံးညီညွတ်မှုမှာလည်း နံပါတ်တစ်ပင် ဖြစ်သည်။ ထို့ကြောင့် ဆည်းဆာလမင်းဝံပုလွေခြောက်ကောင်အုပ်သည် အလယ်အလတ်အဆင့် သတ္တဝါနှစ်ကောင် သို့မဟုတ် သုံးကောင်ပေါင်းထားခြင်းထက်ပင် ကြောက်မက်ဖွယ်ကောင်း၏။
သို့သော် ဤယနေ့တွင်ကား ၎င်းတို့သည် တိုက်ပွဲဝင်စွမ်းရည်ကို အပြည့်အဝ ဖော်ထုတ်နိုင်မည့်ပုံမပေါ်။ စွမ်းအင်ငွေပြားမှ ထုတ်လွှတ်နေသော မြူခိုးများသည် ဝံပုလွေအုပ်ကို ကွဲထွက်သွားစေ၏။ ဟိန်းဟောက်မာန်ဖီသံ၊ နာကျင်စွာ အော်ဟစ်သံတို့ကို ကြားသိနေရသော်လည်း ၎င်းတို့သည် တကောင်နှင့်တကောင် မြင်တွေ့နိုင်စွမ်းမရှိပဲ ဖြစ်နေကြလေသည်။ စုချန်းနှင့် သံမဏိတို့မှာကား မြူခိုးများကြားတွင် လမ်းလျှောက်ရင်း ဝံပုလွေများကို တကောင်ပြီးတကောင် ဇီဝိန်ချွေနေကြ၏။ တိုက်ပွဲမှာကား မမျတလှ။ ဝံပုလွေများမှာ အသက်သာ ပျောက်ကုန်ကြသည်။ မည်သို့မည်ပုံ သေသွားမှန်းပင် မသိလိုက်။ စုချန်းတို့ဆရာတပည့်မှာကား တယောက်နှင့်တယောက် အတိုင်အဖောက် ညီညီနှင့် တိုက်ခိုက်နေကြလေသည်။ သူတို့သည် ဝံပုလွေတကောင်သတ်လိုက်၊ စွမ်းအင်များ စုပ်ယူလိုက်နှင့် ကောင်းကောင်းကြီး အလုပ်ဖြစ်နေကြ၏။
ရွှီ!!!
ဓားရောင်များ ပြိုးပျက်ဝင်းလက်သွား၏။
ဆည်းဆာလမင်းဝံပုလွေတကောင်သည် နာကျင်စွာ အော်ဟစ်လျက် မြေကြီးပေါ်သို့ လဲပြိုသွားရှာသည်။
စုချန်းက လေထဲသို့ လက်ညိုးညွှန်လိုက်ရာ သံမဏိကလည်း စုချန်း၏ လှုပ်ရှားမှုကို အတုခိုးလိုက်သည်။ ထို့နောက် သူတို့သည် ဝံပုလွေ ကိုယ်တွင်းမှ ထွက်ပေါ်လာသော အဖိုးတန် စွမ်းအင်များကို အားရပါးရ စုပ်ယူလိုက်ကြ၏။
စွမ်းအင်အလင်းမှုန်များ ပျောက်ကွယ်သွားသည်နှင့် သူတို့သည် ရှေ့သို့ တရွေ့ရွေ့ တိုးကာ အထက်ပါအတိုင်း နောက်ထပ် ဝံပုလွေတကောင်ကို သတ်ဖြတ်လိုက်ပြန်သည်။
တိုက်ခိုက်သည်။ အသေသတ်သည်။ စုပ်ယူသည်။ ထပ်လုပ်သည်။
သူတို့နှစ်ယောက်သည် အထက်ပါအတိုင်း အချက်ကျကျနှင့် ဝံပုလွေအုပ်ကို ဖြိုခွင်းနေကြ၏။ မူလစွမ်းအင်စုဆောင်းခြင်းသည် သားရဲသတ္တဝါဆိုးများကို သတ်ဖြတ်နိုင်လာလေ ပို၍ လွယ်ကူလာလေပင်။ စွမ်းအင်တိုးပွားလာသည်နှင့်အမျှ မူလစွမ်းအင်ပုံစံငွေပြား၏ စိတ်လှည့်စားခြင်းနယ်ပယ်ကို အသုံးပြုကာ သူတို့နှစ်ယောက်သည် ဝံပုလွေတအုပ်လုံးကို မည်သည့်အခက်အခဲမျှမရှိပဲ သတ်ဖြတ်နိုင်ခဲ့၏။ သူတို့နှစ်ယောက် ဝံပုလွေအုပ်ကို အာရုံစိုက် သတ်ဖြတ်နေချိန်တွင် သားရဲညှို့ငင်ဆေးရည်၏ အစွမ်းကလည်း မပြယ်သေးရာ တခြားသားရဲသတ္တဝါဆိုးတချို့သည် နဝေတိမ်တောင်နှင့် မြူခိုးများအကြားသို့ ဝင်ရောက်လာလေ၏။ ထိုအခါ သူတို့နှစ်ယောက်သည် ဆေးရည်နှင့် ငွေပြား၏ အာနိသင်များ ပြယ်ပျောက်သွားချိန်အထိ အထက်တွင် ဖော်ပြခဲ့သည့် လုပ်ပုံလုပ်နည်းအတိုင်း ထပ်ပြန်တလဲလဲ သတဖြတ်နေရ၏။ စာရင်းချုပ်သော် သူတို့နှစ်ယောက် သတ်ဖြတ်ခဲ့သော သတ္တဝါဆိုးအရေအတွက်မှာ ၁၁ကောင်တိတိ ရှိလေ၏။ ထိုအရေအတွက်သည် သံမဏိကို မျက်လုံးပြူးစေရန် လုံလောက်လေသည်။
၎င်းတို့သည် အန္တရာယ်ပေးနိုင်သော သားရဲသတ္တဝါဆိုးများ ဖြစ်ကြ၏။ ဂေါ်ဖီထုပ်များ မဟုတ်ပေ။ သို့သော် ၎င်းတို့မှာ ဂေါ်ဖီထုပ်များထက်ပင် အဖြစ်ဆိုးသွားကြ၏။ သတ္တဝါဆိုးအတော်များများသည် အစိတ်စိတ်အမွှာမွှာ ခုတ်ဖြတ်ခံလိုက်ရပြီး ၎င်းတို့၏ မူလစွမ်းအင်များမှာ စုပ်ယူခံလိုက်ရသလို အသွေးအသားများမှာလည်း စားသောက်ခြင်းခံလိုက်ရရှာသည်။
သံမဏိမှာကား အိပ်မက်မက်သကဲ့သို့သာ ခံစားနေရရှာ၏။ သို့သော် သူ့ကိုယ်တွင်းရှိ လျင်မြန်စွာ တိုးပွားလာသော စွမ်းအင်များက ယခုဖြစ်ရပ်သည် အိပ်မက်မဟုတ်ပဲ အံ့သြစရာကောင်းလောက်အောင် တကယ်ဖြစ်နေကြောင်း သက်သေခံနေပေသည်။ သားရဲသတ္တဝါဆိုး ၁၁ကောင်မှ မူလစွမ်းအင်များကို စုပ်ယူလိုက်နိုင်ခြင်းကြောင့် သံမဏိ၏ အင်အားသည် အဝါရောင်ကြယ်တဝက်ခန့်ထိပင် တိုးပွားလာခဲ့၏။ သံမဏိကဲ့သို့ တောင်ရိုးကမ်းပါးလူမျိုးတယောက်သည် သာမာန်အခြေအနေတွင် ထိုအဆင့်ထိ ရောက်ရှိရန် နှစ်နှစ်ခန့် ကြိုးစားပမ်းစား လေ့ကျင့်ရပေလိမ့်မည်။
စုချန်း၏ စုပ်ယူနိုင်သော နှုန်းထားမှာ သံမဏိထက် မြန်ဆန်လှပေရာ သူ့အင်အားမှာ အဝါရောင်ကြယ်တလုံးအထိ တိုးပွားလာခဲ့၏။ ထိုကဲ့သို့ စွမ်းအင်များမြန်မြန်ဆန်ဆန် စုဆောင်းနိုင်စေရန် စုချန်းသည် တန်ရာတန်ကြေး ပေးခဲ့ရ၏။ သားရဲညှို့ငင်ဆေးရည်သည် သားရဲကာကွယ်ဆေးရည်ထက် ဈေးပေါသော်လည်း တန်ဖိုးအားဖြင့်ကား မနည်းလှ။ ဆေးပုလင်းတလုံးလျင် မူလကျောက်တုံး နှစ်ရာတိတိ ပေးချေခဲ့ရ၏။ မူလစွမ်းအင်ပုံစံငွေပြားမှာကား ထိုထက်မက ဈေးကြီး၏။ သုံးကြိမ်သာ အသုံးပြုခွင့်ရှိသော စွမ်းအင်ငွေပြားကို မူလကျောက်တုံး ငါးရာ ပေးချေခဲ့ရလေရာ တကြိမ် အသုံးပြုလျင် မူလကျောက်တုံး ၁၆၇လုံးအထိ ကျသင့်နေသည့် သဘောပင်။
ဤတပွဲအတွက် စုချန်း၏ အကြမ်းဖျင်း ကုန်ကျစရိတ်မှာ မူလကျောက်တုံး ၂၃၀ရှိသည်ဆိုလျင် သူတို့ပြန်လည်ရရှိလိုက်သည့် သားရဲသတ္တဝါဆိုးများ၏ အရေပြားတန်ဖိုးမှာ မူလကျောက်တုံး ၁၅တုံးထက် မပိုပေ။ ဆိုလိုသည့်သဘောမှာ သူတို့သည် နေရင်းထိုင်ရင်း မူလကျောက်တုံး ၂၀၀ကျော်ခန့် ဆုံးရှုံးသွားသည့် သဘောပင်။ သင့်လျော်သော အရင်းအမြစ်မျိုးကိုသာ မပိုင်ဆိုင်ထားလျင် ဤကဲ့သို့သော စွမ်းအင်စုဆောင်းခြင်းနည်းလမ်းမျိုးကို လုပ်ဆောင်နိုင်ရန် မလွယ်ကူလှ။ စုချန်းသာလျင် သူ၏ ထူးခြားသော အမြင်အာရုံနှင့် ချမ်းသာကြွယ်ဝမှုကြောင့် အထက်ပါ စုဆောင်းခြင်းနည်းလမ်းမျိုးကို ရွေးချယ်နိုင်ခြင်း ဖြစ်သည်။
ဆယ်ရက်တာကာလအတွင်း စုချန်းနှင့် သံမဏိတို့သည် အထက်ပါနည်းလမ်းအတိုင်း စွမ်းအင်များ စုပ်ယူစုဆောင်းကြကုန်၏။ သူတို့၏ အနေအထားမှာလည်း တန်ဖိုးကြီးဆေးဝါးများ သောက်သုံးလိုက်ရသည်နှင့် နှိုင်းယှဉ်နိုင်လောက်အောင် တဟုန်ထိုး တိုးတက်လာတော့သည်။ သူတို့၏ သတ်ဖြတ်မှုနှုန်းထားမှာလည်း အလွန်လျင်မြန်လာခြင်းကြောင့် သားရဲသတ္တဝါဆိုးများ ရှားပါးလာလေရာ တခြားနေရာများသို့ ပြောင်းရွှေ့လှုပ်ရှားရန် လိုအပ်လာ၏။
ဤယနေ့တွင်လည်း တခြားနေ့ရက်များနှင့် သိပ်မထူးလှ။ စုချန်းသည် သားရဲညှို့ငင်ဆေးရည်ကို အသုံးပြုခဲ့သည့်တိုင်အောင် သားရဲသတ္တဝါဆိုး ခုနှစ်ကောင်ကိုသာ ဆွဲဆောင်နိုင်ခဲ့သည်။ ထိုအခါ စုချန်းက ပြောလိုက်၏။
"ဒီနေရာမှာ ငါတို့အမဲလိုက်စရာ သတ္တဝါ သိပ်များများစားစား မကျန်တော့ဘူးနဲ့တူတယ် တခြားနေရာကို သွားကြစို့ကွာ"
သံမဏိက မေးလိုက်၏။
"အတွင်းပိုင်းကိုပဲ ဆက်ဝင်ကြမလား သခင်"
စုချန်းက ခေတ္တမျှစဉ်းစားရင်း ခေါင်းခါလိုက်သည်။
"မသွားဘူးကွ အသက်ရှင်ဖို့က နံပါတ်တစ်ပဲ"
စုချန်းအနေနှင့် မလိုအပ်ပဲ စွန့်စားရန် ဆန္ဒမရှိ။ သူသည် အနောက်ဘက်သို့ ဦးတည်ခရီးဆက်ရန် ဆုံးဖြတ်ခဲ့ပြီး ဖြစ်သည်။ ထိုအခိုက်မှာပင် ဒေါသတကြီးနိုင်လှသော၊ အငြိုးကြီးမားလှဟန်တူသော အသံတသံသည် ကျယ်လောင်စွာ ထွက်ပေါ်လာ၏။
"စုချန်း နောက်ဆုံးတော့ မင်းကိုငါ တွေ့ပြီကွ"
အသံထွက်ပေါ်လာသော နေရာကို မျက်နှာမူရင်း စုချန်းက အံ့သြသင့်ဟန်ဖြင့် ပြောလိုက်သည်။
"အော် မင်းပဲကိုးကွ"