← Chapters

နောက်ယောင်ခံသူ၏ ရည်ရွယ်ချက်

Vol. 10 Ch. 99

နောက်ယောင်ခံသူ၏ ရည်ရွယ်ချက်

Vol. 10 Ch. 99

အသံရှင်မှာ လင်ယဲ့မွှားပေတည်း။ သူသည် ရှည်လျားသော သစ်ပင်တပင်၏ ထိပ်ဖျားတွင် မတ်တပ်ရပ်ရင်း စုချန်းကို စူးစိုက်ကြည့်ရှုနေ၏။ သူ့ပုံစံမှာ အတော်လေး စိတ်လှုပ်ရှားနေဟန်ရှိ၏။

သူသည် နောက်ဆုံးတွင်တော့ စုချန်းကို ရှာဖွေနိုင်ခဲ့လေပြီ။ စုချန်းကို မှီနိုင်ရန် သူ့အနေနှင့် ရက်ပေါင်းအတော်ကြာအောင် ခြေရာခံကာ ကြိုးစားပမ်းစား အားထုတ်ခဲ့ရ၏။ သူပိုင်ဆိုင်ထားသော မူလစွမ်းအင်ရှာဖွေရေးကြေးမုံသည် မူလစွမ်းအင်ကို ခြေရာခံနိုင်စွမ်းရှိသော်လည်း နှိုးဆွရာတွင် အချိန်ယူရသည့်အပြင် အသုံးပြုရာတွင်လည်း အကြိမ်အရေအတွက် ကန့်သတ်ချက် ရှိနေ၏။ စုချန်းကို ခြေရာခံနိုင်ရန် ထိုကြေးမုံကို သူ့အနေနှင့် ဆယ်ရက်အတွင်း သုံးကြိမ်တိတိ အသုံးပြုခဲ့ရလေသည်။

စုချန်းမည်မျှ ပြေးနိုင်သည်ကို ကောင်းကင်ဘုံမှ တန်ခိုးရှင်များသာ သိရှိနိုင်ပေလိမ့်မည်။ ၎င်းသည် တနေရာမှ တနေရာသို့ ကူးပြောင်းကာ လျင်မြန်စွာ သွားလာနိုင်ပြီး မည်သည့်နေရာတွင်မှ အချိန်ကြာကြာ ရပ်နားခြင်းမရှိ။ အနီရောင်တောင်ကြားသည် အလွန်တရာ အန္တရာယ်များလှသော နေရာဖြစ်ပြီး အဆင့်နိမ့်ချီစွမ်းအားပညာရှင်တယောက် ပျော်ပွဲစားထွက်သကဲ့သို့ သွားလာနိုင်သော နေရာမျိုး မဟုတ်ပေ။ ဤနယ်မြေကို မလိုအပ်ပဲ စွန့်စားခြင်းသည် ကိုယ့်သေတွင်းကိုယ်တူးသည်နှင့်တူကြောင်း လင်ယဲ့မွှားကလည်း ကောင်းကောင်းသဘောပေါက်ထား၏။

လင်ယဲ့မွှားသည် စုချန်းကို ခြေရာခံရာတွင် သတ္တဝါဆိုးများ အုပ်စုလိုက်နေထိုင်တတ်သော နေရာများကို ရှောင်ကွင်းခြေရာခံခဲ့၏။ သူက စုချန်းသည် သတ္တဝါဆိုး တကောင်တလေမျှသာ ရှိတတ်သော နေရာမျိုးတွင် အမဲလိုက်နေခြင်းဟု ယူဆထား၍ ဤကဲ့သို့ ခြေရာခံခဲ့ခြင်း ဖြစ်သည်။ သို့သော် ဤယနေ့ နဖူးတွေ့ဒူးတွေ့ ဆုံရသောအချိန်တွင်ကား စုချန်းသတ်ဖြတ်ထားသော သားရဲသတ္တဝါဆိုးများကို ကြည့်ရင်း လင်ယဲ့မွှားတယောက် ထိတ်လန့်တုန်လှုပ်သွားတော့သည်။

ထိုအချိန်တွင် စုချန်းကလည်း လင်ယဲ့မွှားကို အံ့သြတကြီးနှင့် စိုက်ကြည့်နေ၏။ ဤနေရာတွင် ဤလူငယ် ရုတ်တရက် ပေါ်ပေါက်လာခြင်းကို သူ နားမလည်နိုင်ၤ ဖြစ်နေရှာသည်။ လင်ယဲ့မွှား၏ ပုံစံအရ ဤလူငယ်သည် သူ့နောက်သူ့ ခြေရာခံလိုက်လာသည်ကတော့ သေချာနေ၏။ လေဆန်နန်းတော်တွင် ဖြစ်ပွားခဲ့သော ပြသနာအသေးအမွှားလောက်နှင့် လင်ယဲ့မွှားသည် ဒေါသထွက်ကာ စုချန်းကို သတ်ဖြတ်ရန် ဤနေရာအထိ လိုက်လာခြင်းပေလော။ ဤသို့သာဆိုလျင် လင်ယဲ့မွှားသည် အင်မတန် စိတ်သဘောထား သေးသိမ်သူ ဖြစ်ရပေမည်။

ထိုစဉ် လင်ယဲ့မွှားက စကားစသည်။

"စုချန်း နောက်ဆုံးတော့ မင်း ဒီမှာ ရောက်နေပြီ မင်းကို ဘယ်သူမှ မကာကွယ်နိုင်တော့ဘူး ဒီတော့ မင်း ဘယ်လောက်ထိ မာနထောင်လွှားနိုင်မလဲ ငါကြည့်ချင်သေးတယ်"

စုချန်းက မေးလိုက်သည်။

"ဒီနေရာမှာ တကယ်တမ်း မာနထောင်လွှားပြနေတာက မင်းပဲကွ ဟေ့ သခင်လေးလင်ယဲ့မွှား မင်းကိုငါ ဘာအပြစ်များ ကျူးလွန်ဖူးလို့လဲ"

လင်ယဲ့မွှားက အားရပါးရ ရယ်မောလိုက်သည်။

"ဟား ဟား ဟား မင်းက ခုမှ ကြောက်ရကောင်းမှန်း သိပြီလားကွ"

စုချန်း စိတ်ပျက်သွား၏။ ထိုအခါ သူက ပြောလိုက်သည်။

"ဟေ့ မင်းကို ဆင်ဆင်ခြင်ခြင်လုပ်ရအောင် ပြောနေတာကွ ဘာမှကြောက်စရာမရှိဘူး"

အမှန်က စုချန်းသည် လင်ယဲ့မွှားအား နားချရန် ကြိုးစားလိုက်ခြင်းဖြစ်သည်။ သို့သော် အတွေးတခုပေါ်လာ၍ သူက စကားဖြတ်လိုက်သည်။ အကြောင်းမှာ ရန်ငြိုးမပွားလို၍ နားချရန်၊ အကျိုးအကြောင်း ရှင်းပြရန် ကြိုးစားခြင်းသည် တဖက်လူက မိမိကို အားနည်းသူဟု ထင်သွားစေနိုင်ခြင်းကြောင့် ဖြစ်သည်။ လူတယောက်သည် ပို၍အားနည်းလေလေ အကြောင်းပြချက် ပေးနိုင်ရန် ကြိုးစားလေလေသာ။ ထိုအခါ စုချန်းက လင်ယဲ့မွှားကို ချိုချိုသာသာ ပြောဆိုနေရာ စိတ်မကူးတော့။ သူက ခပ်ပြတ်ပြတ်ပင် မေးလိုက်၏။

"မင်းငါ့ကို လိုက်ရှာနေတာ ဘာကိစ္စရှိလို့လဲ"

လင်ယဲ့မွှားက အေးစက်သော လေသံနှင့် ပြောလိုက်သည်။

"စုချန်း ငါ့အနေနဲ့ မင်းရဲ့အချိန်ကို ဖြုန်းတီးလိုတဲ့ ဆန္ဒမရှိဘူး ဒီတော့ အတတ်နိုင်ဆုံး ခပ်တိုတို ပြောမယ် ဟုတ်ပြီလား ငါပြောချင်တာက...မင်းဟာ မျက်မမြင်တယောက် ဒါပေမဲ့ ဘာအထောက်အပံ့မှမရှိပဲ ချီစွမ်းအားစုဆောင်းခြင်းနယ်ပယ်ကို ဝင်ရောက်နိုင်ခဲ့တယ် စုမျိုးနွယ်စုရဲ့ နှစ်ကုန်အကဲဖြတ်ပြိုင်ပွဲမှာ နံပါတ်တစ်နေရာကိုလည်း နှစ်ပေါင်းများစွာ သိမ်းပိုက်ထားနိုင်ခဲ့တယ် ဒါတင်မကသေးဘူး အနီရောင်တောင်ကြောကနေ နှစ်ကြိမ်တိုင်တိုင် အသက်ရှင်လျက် ပြန်လာနိုင်ခဲ့တယ် ဒါတွေအားလုံးဟာ တိုက်ဆိုင်မှုကြောင့်တော့ မဟုတ်ဘူး မင်းဟာ လူတွေကို လှည့်စားထားခဲ့တာပဲ မင်းအနေနဲ့ တခြားလူတွေကို လှည့်စားလို့ ရရင်ရမယ် ဒါပေမဲ့ ငါ့ကိုတော့ မရဘူးကွ ဒါကြောင့်မို့လို့ မင်းမှာ လျှို့ဝှက်ချက်ကြီးတခု ရှိနေရမယ်လို့ ငါ ယုံကြည်ထားတယ်"

စုချန်း အတော်လေး ထိတ်လန့်သွား၏။ လက်စသတ်တော့ လင်ယဲ့မွှားတယောက် ဤနေရာအထိ ကြိုးစားပမ်းစား လိုက်လာခြင်းမှာ သူ့လျှို့ဝှက်ချက်ကို သိရှိလို၍ပေတကား။ ထိုအခိုက်မှာပင် လင်ယဲ့မွှားက စတင်ခြိမ်းခြောက်စကား ဆိုလာ၏။

"မင်းဟာ ညဏ်ကောင်းသားပဲ ဒီတော့ မင်းရဲ့လျှို့ဝှက်ချက်ကို ပြောပြလိုက် ဒါဆိုရင် မင်းကိုငါ အသက်ချမ်းသာပေးလိုက်မယ်"

စုချန်းက သွေးတိုးစမ်းလိုက်၏။

"မင်းဟာ ငါ့နောက်ကို မင်းရဲ့ အဖိုးတန်ဝတ်စုံ စုတ်ပြဲကုန်တဲ့အထိ ရက်ပေါင်းအတော်ကြာအောင် ကြိုးစားပမ်းစား လိုက်လာနိုင်ခဲ့ပြီပဲ ဒီတော့ ငါ့လျှို့ဝှက်ချက် ဘာလဲဆိုတာ ကိုယ့်ဟာကိုယ် ခန့်မှန်းကြည့်ပေါ့ကွာ"

"ဒါဟာ လုံလောက်တဲ့ အကြောင်းပြချက် မဟုတ်ဘူးကွ မင်းရဲ့လျှို့ဝှက်ချက်ဟာ မျက်မမြင်တယောက် စုအိမ်တော်ကို ဦးဆောင်နိုင်တဲ့အထိ ကြီးကျယ်လိမ့်မယ်လို့ ငါယုံကြည်တယ် ဒီလျှိုဝှက်ချက်ကိုသာ ငါရခဲ့ရင်..."

လင်ယဲ့မွှားက ကောက်ကျစ်သော လေသံနှင့် ရယ်မောလိုက်၏။ ထို့နောက် သူက စကားဆက်သည်။

"ငါဟာ အဆင့်တွေ ခုန်ပျံကျော်လွှားပြီး လေ့ကျင့်နိုင်လာလိမ့်မယ် ဒါတင်မကသေးဘူး နောက်ပိုင်းမှာ လင်မျိုးနွယ်စုရဲ့ ဦးဆောင်သူတယောက် ဖြစ်လာလိမ့်မယ်"

လင်ယဲ့မွှား၏စကားကို ကြားရသောအခါ စုချန်း၏ မျက်လုံးထဲတွင် စာနာသော အရိပ်အယောင်များ ယှက်သန်းလာ၏။ သူက ပြောလိုက်သည်။

"ငါ့ရဲ့ လျှို့ဝှက်ချက်ဟာ ငါ့အတွက် အသုံးဝင်တာတော့ ဟုတ်တယ် ဒါပေမဲ့ ဒါဟာ မင်းအတွက် အသုံးဝင်မယ်ဆိုတဲ့ အဓိပ္ပါယ် မဟုတ်ဘူးကွ"

လင်ယဲ့မွှားကား စိတ်မရှည်တော့။

"မင်းရဲ့ လျှို့ဝှက်ချက် ဘာလဲဆိုတာ မပြောပြပဲ ငါ့အတွက် အသုံးဝင်မဝင် ဘယ်လိုဆုံးဖြတ်မလဲ"

စုချန်းက သက်ပြင်းချလိုက်သည်။

"ပြသနာက ငါက ငါ့လျှို့ှဝှက်ချက် ဘာလဲဆိုတာ မင်းကို ပြောပြီးပြီ ဒါပေမဲ့ မင်းက မျက်လုံးကန်းနေတော့ ဒါကို မသိလိုက်ဘူး ဒီတော့ ငါလဲ ဘာမှ မတတ်နိုင်တော့ဘူးပေါ့ကွာ"

လင်ယဲ့မွှား ဒေါသထွက်လာ၏။

"ဘာလဲကွ မင်းက ငါ့ကို နောက်နေတာလား"

စုချန်းက ခေါင်းကို ဆတ်ခနဲ ခါလိုက်သည်။

"ငါက မင်းကို မနောက်ပါဘူး သတိရလာအောင် လုပ်ပေးနေတာ ဒီလိုကွာ ငါထင်တာက မင်း မတ်တပ်ရပ်နေတဲ့ နေရာဟာ အလွန်မြင့်နေတော့ ငါပြောတဲ့စကားတွေကို လုံးစေ့ပတ်စေ့ ကြားရပုံမပေါ်ဘူး ဘာကြောင့် အောက်ကို ဆင်းမလာတာတုန်း အောက်ဆင်းလာမှ မင်းရဲ့ မှတ်ညဏ်တွေ ပြန်ကောင်းလာပြီး ငါပြောခဲ့တဲ့ စကားတွေကို ပြန်သတိရလာမဲ့ပုံပေါ်နေတယ်"

စုချန်း၏စကားကို ကြားလိုက်ရသောအခါ လင်ယဲ့မွှား၏ မျက်လုံးများ ပြာဝေသွား၏။ အတန်ကြာသော် စုချန်းတယောက် သူ့ကို လှောင်ပြောင်နေမှန်း လင်ယဲ့မွှား သဘောပေါက်လာ၏။ ထိုအခါ သူ ဒေါသအပြင်းအထန် ထွက်လာတော့သည်။ သို့သော် ချက်ချင်းပင် တစုံတရာကို တွေးတောမိပြီး လင်ယဲ့မွှား ထိတ်လန့်တုန်လှုပ်သွား၏။ ထို့နောက် မယုံနိုင်သော ဟန်ပန်ဖြင့် စုချန်းကို စိုက်ကြည့်ရင်း အထစ်ထစ် အငေါ့ငေါ့နှင့် ပြောလိုက်သည်။

"မင်း...မင်း...မင်း...ငါ့ကို မြင်ရတယ် ဟုတ်လား"

ထို့နောက် သူက ခေါင်းကိုငုံ့ရင်း သူ့ကိုယ်သူ စစ်ဆေးကြည့်လိုက်သည်။ စုချန်း၏စကားအတိုင်း သူ၏ သားမွေးဝတ်စုံသည် သစ်ကိုင်းများနှင့် ခြစ်မိကာ စုတ်ပြဲနေကြောင်း တွေ့ရှိလိုက်ရသည်။ လွန်ခဲ့သော ဆယ်ရက်ခန့်က စုချန်းနောက်သို့ ခြေရာခံလိုက်နေရင်း စုတ်ပြဲကုန်ခြင်းပင်။ သားမွေးဝတ်စုံ စုတ်ပြဲနေခြင်းကို အမြင်အာရုံ မရှိပဲ မည်သို့မျှ မသိရှိနိုင်။ ဤကိစ္စသည် အကြားအာရုံနှင့် မဆိုင်သော ကိစ္စသာဖြစ်သည်။

လင်ယဲ့မွှား၏ အမူအရာကို ကြည့်ရင်း စုချန်းက သက်ပြင်းချကာ ပြောလိုက်သည်။

"ငါ့ရဲ့လျှို့ဝှက်ချက်ကို ပြောပြီးပြီလို့ မင်းကိုငါ ပြောသားပဲ မင်းက မျက်လုံးကန်းနေလို့သာ မမြင်နိုင်ဘူး ဖြစ်နေတာ"

အမှန်တော့ စုချန်းသည် လင်ယဲ့မွှား ရောက်ရှိလာပြီး စကားစတင်ပြောဆိုချိန်ကတည်းက မျက်မမြင်တယောက်အဖြစ် ဟန်ဆောင်ထားခြင်း မရှိတော့။ သူ၏ လျှို့ဝှက်ချက်ကို စုချန်းချဲ့တယောက်လုံး သိရှိသွားပြီဖြစ်လေရာ ဤသတင်းသည် သိပ်မကြာခင် တောမီးပမာ ပျံ့နှံ့သွားတော့မည် ဖြစ်သည်။ ထို့ကြောင့် လင်ယဲ့မွှားတယောက် ထိုကဲ့သို့ တုံ့ပြန်လိမ့်မည်ဟု သူ လုံးဝ မျှော်လင့်မထား။ ယခုတော့ စုချန်း မျက်မမြင်မဟုတ်တော့ကြောင်း သိရှိလိုက်ချိန်ဝယ် လင်ယဲ့မွှား၏ တုံ့ပြန်ပုံက မိုးကြိုးထိမှန်ခံရသူနှင့်ပင် တူနေသေးတော့သည်။

ပြောမည်ဆိုလည်း ပြောလောက်စရာပင်။ လင်ယဲ့မွှားတယောက် အမှန်တကယ် တုန်လှုပ်နေ၏။

တောက်...ဒီကောင် မျက်မမြင်မဟုတ်တော့ဘူး ဆိုပါကလား...လက်စသတ်တော့ ဒီကောင်ဟာ လူတိုင်းကို လှည့်စားခဲ့တာပဲကိုး...အေးလေ သူပြောတဲ့အတိုင်း သူ့လျှို့ဝှက်ချက်က သူတယောက်တည်းအတွက်ပဲ အသုံးဝင်တယ်ဆိုတာ အမှန်ပဲပေါ့...ဒါ...ဒါဆို...ငါ ဒီကောင့်နောက် လိုက်လာတာ အလကား ဖြစ်သွားပြီပေါ့...

လင်ယဲ့မွှားသည် ခံစားချက်ကို မထိန်းချုပ်နိုင်တော့ပဲ ခေါင်းကိုမော့ကာ အားရပါးရ အော်ဟစ်လိုက်တော့သည်။ သူသည် စုချန်း၏ အင်အားကြီးမားသော လျှို့ဝှက်ချက်ကို လိုချင်လွန်းလှ၍ အပင်ပန်းခံကာ ဤနေရာထိ လိုက်လာခဲ့၏။ ယခုတော့ သူ၏ ကြိုးပမ်းအားထုတ်မှုသည် သဲထဲရေသွန် ဖြစ်ခဲ့ရလေပြီ။ အဟောသိကံ ဖြစ်ခဲ့ရလေပြီ။ ရှုံးနိမ့်ရပြီဟူသော အတွေးကြောင့် လင်ယဲ့မွှားတယောက် အရူးတယောက်ပမာ ခံစားလိုက်ရ၏။

ထိုအခိုက်မှာပင် စုချန်းက လင်ယဲ့မွှားကို ဂရုဏာသက်ဟန်ဖြင့် စိုက်ကြည့်ရင်း ပြောလိုက်သည်။

"ငါ့လျှို့ဝှက်ချက်ဟာ မင်းရဲ့အခြေအနေကို မြင့်တက်စေလိမ့်မယ်လို့ ဘယ်လိုများ ကောက်ချက်ချလိုက်တာလဲလို့ ငါစဉ်းစားနေတာ ကြည့်ရတာ ဒါဟာ မင်းရဲ့ ကိုယ်ပိုင်စိတ်ကူးတော့ မဟုတ်လောက်ဘူး တယောက်ယောက် ပြောလိုက်တာ ဖြစ်ရမယ် ဟုတ်ရဲ့လား"

ထိုစကားကို ကြားလိုက်သည်နှင့် လင်ယဲ့မွှား၏ အမူအရာသည် အေးခဲသွား၏။ သူသည် အံ့သြသင့်ဟန်ဖြင့် စုချန်းကို ငေးမောကြည့်နေလေသည်။ ၎င်း၏ အမူအရာကို ကြည့်ရုံနှင့် သူ့ထင်မြင်ယူဆချက်က မှန်ကန်သွားပြီဖြစ်ကြောင်း စုချန်း သဘောပေါက်လိုက်၏။ ထိုအခါ စုချန်းက မေးလိုက်သည်။

"မင်းကိုမြှောက်ပေးလိုက်တာ လင်ကျင်းချွင်းပဲ ဖြစ်ရမယ်"

လင်ယဲ့မွှား၏ မျက်လုံးများသည် မျက်လုံးအိမ်အတွင်းမှ ပြုတ်ကျလာတော့မည်ကဲ့သို့ ပြူးကျယ်လာ၏။ စုချန်းက ခေါင်းကို ဆတ်ခနဲညိတ်ရင်း စကားဆက်သည်။

"ကြည့်ရတာ ငါမှန်းလိုက်တာ ထပ်မှန်သွားပြီနဲ့တူတယ် ...အင်း မင်း ဒီနေရာအထိ အပင်ပန်းခံပြီး လိုက်လာတာ သိပ်အံ့သြစရာ မဟုတ်တော့ဘူးပဲ ဘာကြောင့်လဲဆိုတော့ မင်းဟာ တစုံတယောက်ရဲ့ အသုံးချခံနေရတာကိုး"

လင်ယဲ့မွှား ကြက်သေသေသွား၏။ လင်ယဲ့မွှား၏ အမူအရာကို ကြည့်ရင်း စုချန်းက အထင်သေးဟန်ဖြင့် စိုက်ကြည့်လိုက်၏။

"ဟုတ်တယ်ကွ...မင်းဟာ သူတပါးရဲ့ အသုံးချခံနေတယ်လို့ ငါပြောခဲ့တယ် အဲဒါအမှန်ပဲ မင်းပဲစဉ်းစားကြည့်လေ မင်း အစီအစဉ်နဲ့ မင်းလာပြီး ငါ့ကို သတ်လိုက်ရင် ဘယ်သူမှ သိလိုက်မှာမဟုတ်ဘူး ဘယ်သူမှမသိတဲ့အတွက် ဘာအကျိုးဆက်မှ ဖြစ်လာစရာ မရှိဘူး ခုတော့ မင်းရဲ့အစီအစဉ်တွေကို လင်ကျင်းချွင်းကအကုန် သိနေတယ် ဒါဟာ ဘယ်လိုအဓိပ္ပါယ်သက်ရောက်နေသလဲဆိုတော့ ငါသေသွားပြီဆိုတာနဲ့ ဒီအကျိုးဆက်တွေဟာ မင်းအပေါ် သက်ရောက်လာတော့မယ် ဒါဟာ သူ့လက်ထဲကို ဓားတချောင်းထည့်ပေးလိုက်တာနဲ့ အတူတူပဲကွ ငါတို့ တယောက်ကိုတယောက် အသည်းအသန် သတ်ဖြတ်နေတဲ့အချိန်မှာ စုမျိုးနွယ်စုရော လင်မျိုးနွယ်စုရော ဒီအတိုင်းထိုင်ကြည့်နေမယ်လို့တော့ မင်းမထင်ဘူးမလား"

လင်ယဲ့မွှားကား အတော်လေး ထိတ်လန့်တုန်လှုပ်နေခဲ့လေပြီ။ စုချန်း၏ စကားသည် မှန်ကန်၏။ အနီရောင်တောင်ကြောတွင် သားရဲသတ္တဝါဆိုးတကောင်ကောင်၏ လက်ချက်ဖြင့် သေဆုံးသွားခြင်းသည် သာမာန်ကိစ္စမျှသာ ဖြစ်သော်လည်း တစုံတယောက်၏လက်ချက်ကြောင့် သေဆုံးသွားလျင်ကား ကွဲပြားခြားနားသော အခြေအနေမျိုးသို့ ဆိုက်ရောက်သွားခဲ့ပေပြီ။

အကယ်၍ လင်ယဲ့မွှားသည် ကိုယ့်သဘောနှင့်ကိုယ် စုချန်းနောက်သို့ လိုက်လာခဲ့လျင် မည်သည့်ပြသနာမျှ မရှိ။ ယခုတော့ လင်ယဲ့မွှားတယောက် ဤနေရာသို့ ရောက်လာသည်မှာ လင်ကျွင်းချွင်း၏ ဖျားယောင်းသွေးဆောင်မှုကြောင့် ဖြစ်နေ၏။ အဓိပ္ပါယ်မှာ လင်ကျွင်းချွင်းသည် စုချန်းတွင် လျှို့ဝှက်ချက်တခု ရှိကြောင်း သိရှိထား၏။ အကယ်၍ လင်ယဲ့မွှားသည် စုချန်း၏ လျှို့ဝှက်ချက်မှ အကျိုးကျေးဇူး တစုံတရာ ရရှိခဲ့လျင် ထိုအကျိုးကျေးဇူးကို လင်ကျင်းချွင်းကလည်း တစိတ်တပိုင်း ခံစားခွင့်ရှိနေ၏။

သို့မဟုတ်လျင်...

"ဒီလိုမှမဟုတ်ပဲ မင်းသေသွားရင်လဲ သူ့အတွက် အကျိုးရှိနေတာပဲ ခု သူ့ရဲ့အဆင့်အတန်းက မင်းထက် နိမ့်နေဟန်ပေါ်တယ် ဟုတ်ရဲ့လား ဒီတော့ မင်းသေသွားတာနဲ့ သူဟာ အလိုအလျောက် မျိုးနွယ်စုမှာ အဆင့်တခု တိုးလာမှာပေါ့"

စုချန်းက စကားဆက်လိုက်သည်။ စုချန်း၏စကားအဆုံးတွင် လင်ယဲ့မွှားမှာ သနားစရာကောင်းလောက်အောင် ဆောက်တည်ရာမရ ဖြစ်နေရှာ၏။ သူ့အနေနှင့် လင်ကျင်းချွင်းတွင် ထိုကဲ့သို့ ရည်ရွယ်ချက်မျိုး ရှိနေလိမ့်မည်ဟု လုံးဝမျှော်လင့်မထား။ ထိုအခါ သူက မည်သို့မျှ မယုံနိုင်ပဲ ဖြစ်နေလေသည်။ သူက ခေါင်းခါရင်း အော်ဟစ်လိုက်၏။

"မဟုတ်ဘူး...မဟုတ်ဘူး...ဒါ ဘယ်လိုမှ မဖြစ်နိုင်ဘူး...သူက ငါ့အစ်ကိုကွ"

စုချန်းက ခေါင်းကိုဆတ်ခနဲ ခါယမ်းရင်း ပြောလိုက်သည်။

"ငါ့ကို ယုံစမ်းပါ ညီအစ်ကိုတွေဟာ ဘယ်လိုအတွေးမျိုး ရှိတတ်သလဲ ငါကောင်းကောင်းသိတယ် ဒီနှစ်ပိုင်းတွေမှာ ငါ့ရဲ့ ချစ်လှစွာသော ညီအစ်ကိုတွေဟာ ငါ့ကို အကောက်ကြံဖို့ကြိုးစားခဲ့တာ အကြိမ်ကြိမ်ပဲကွ စုမျိုးနွယ်စုဟာ ညစ်ပတ်တယ်ဆိုရင် မင်းတို့လင်မျိုးနွယ်စုဟာလည်း ထူးပြီးကောင်းမယ်လို့ ငါမထင်ဘူး မိုးကောင်းကင်ကြီးအောက်က ကျီးကန်းတွေအကုန်လုံးဟာ အမဲရောင်တွေချည်းပါပဲကွာ"

စုချန်း၏စကားကို နားထောင်ရင်း လင်ယဲ့မွှားခမျာ ခြေဖျားလက်ဖျားများပင် အေးစက်လာ၏။ ကနဦးက သူသည် စုချန်းကိုတွေ့လျင် တခါတည်း လက်စတုံးမည်ဟု ဆုံးဖြတ်ထား၏။ သို့သော် စုချန်း၏ စကားတချို့ကို နားထောင်ပြီးနောက် သူ၏ တိုက်ခိုက်လိုသောစိ်တ်မှာ တဖြည်းဖြည်း လျော့ပါးစ ပြုလာခဲ့လေပြီ။ တဖန် သူ၏အာရုံအားလုံးမှာ စုချန်းဆီသို့သာ ရောက်ရှိနေရာ သံမဏိ၏ လှုပ်ရှားမှုများကို လုံးဝ သတိမမူမိပဲ ရှိနေတော့သည်။ လင်ယဲ့မွှား၏ အမူအရာကိုကြည့်ရင်း စုချန်း၏ စိတ်ဝင်စားမှုမှာ အတော်လေး လျော့နည်းသွား၏။ ထို့နောက် သူက ပြောလိုက်သည်။

"အစတုန်းက မင်းကို ပြိုင်ဘက်ကောင်းလို့ ယူဆထားတာ လက်စသတ်တော့ မင်းက ဘာမှမဟုတ်ဘူးပဲ ဒီတော့ ကုမျိုးနွယ်စုမှာ စွမ်းအင်အဆင့်မြှင့်ဖို့ ရွေးချယ်ခံရတာဟာ မင်းအဖေကြောင့်ပဲ ဖြစ်ရမယ် မင်းအဖေဟာ လင်ချင်းလျောင့်လား လင်ချင်းယုံလားကွ"

လင်ချင်းလျောင့်နှင့် လင်ချင်းယုံသည် လင်မျိုးနွယ်စု အကြီးအကဲ၏ သားများဖြစ်ကြသည်။ သူတို့၏ အခြေအနေသည် စုမျိုးနွယ်စုရှိ စုချန်းအန်၊ စုခေါ့ကျိတို့နှင့် အလားသဏ္ဍန် တူညီ၏။ စုချန်း၏ မေးခွန်းကို ကြားလိုက်ရသောအခါ လင်ယဲ့မွှား၏ မျက်နှာပေါ်တွင် ဒေါသထွက်ဟန်များ ပေါ်ပေါက်လာသည်။ သို့သော် သူသည် ဝန်ခံခြင်းမပြုသလို ငြင်းဆန်ခြင်းလည်းမရှိ။ ၎င်း၏ အမူအရာကို မြင်သောအခါ ဤတကြိမ် ခန့်မှန်းချက်သည်လည်း ထပ်မံ မှန်ကန်သွားပြီဖြစ်ကြောင်း စုချန်းက အတပ်သိလိုက်သည်။ ထိုအခါ သူက ခေါင်းခါရင်း ပြောလိုက်ပြန်၏။

"ငါအကုန်လုံး သဘောပေါက်သွားပြီ ဒီတော့ မင်းဟာ ဦးနှောက်မရှိပေမဲ့ မာနထောင်လွှားနိုင်တာ သိပ်အံ့သြစရာ မရှိတော့ပါဘူးလေ မင်းမှာ သြဇာအာဏာရှိတဲ့ ဖခင်တယောက်ကို ပိုင်ဆိုင်ထားတာကိုး"

လင်ယဲ့မွှားကား သည်းမခံနိုင်တော့။ သူက ဒေါသတကြီးနှင့် အော်ဟစ်လိုက်၏။

"စုချန်း မင်းက ငါ့ကို ဒီလိုနှိမ့်ချဆက်ဆံရဲသလားကွ"

စုချန်းက ခေါင်းခါလိုက်၏။

"ဘယ်ကလာကွာ...ငါက မင်းကို နှိမ့်ချဆက်ဆံဖို့ နေနေသာသာ အထင်တောင်ကြီးနေသေးတယ် ဒါကြောင့်မို့ မင်းအတွက်ငါ အတော်လေး ပြင်ဆင်ထားတာပေါ့ ဒါပေမဲ့ ခုပါအတိုင်းဆို ငါပြင်ဆင်ထားတာတွေက အလကားဖြစ်နေပြီနဲ့တူတယ် မင်းက တကဲ့အမှိုက်လိုကောင်စားမျိုးပဲကွ မင်းလိုကောင်မျိုးကို အထင်ကြီးပြီး ဒီလောက်ထိ ပြင်ဆင်ထားတာ ငါနှမြောလိုက်တာကွာ"

လင်ယဲ့မွှားတယောက် ဒေါသအိုး ပေါက်ကွဲသွားလေပြီ။

"မင်းကိုငါ သတ်မယ်ဟေ့"

ကျယ်လောင်စွာ အော်ဟစ်ကြုံးဝါးပြီး လင်ယဲ့မွှားသည် သူ၏ဓားရှည်ကို ဆွဲထုတ်ကာ လေထဲသို့ ခုန်ထွက်လိုက်၏။ ထိုအခိုက်မှာပင် ဓားရှည်သည် သွေးရောင်အလင်းတန်းများ တောက်ပလာ၏။ ဓားသွားမှာကား စုချန်းထံသို့ ဦးတည်နေခဲ့လေသည်။

တိုက်ခိုက်မှု စတင်လိုက်ချိန်တွင် လင်ယဲ့မွှား၏ အာရုံသည် စုချန်းအပေါ်တွင်သာ ရှိနေ၏။ ထိုအချိန်တွင် မြူခိုးများသည် နေရာအနှံ့ ပျံ့လွင့်စ ပြုနေခဲ့လေပြီ။ ထိုအခိုက်တွင် မြုခိုးများကြားမှာ သတ္တုစားပိုးကောင်ကြီးသည် ဝုန်းခနဲ ပေါ်ပေါက်လာပြီး လင်ယဲ့မွှားကို ပြင်းထန်စွာ ဝင်ရောက် တိုက်ခိုက်လိုက်တော့သည်။ လင်ယဲ့မွှားကား ထိုတိုက်ခိုက်မှုမျိုးကို လုံးဝမျှော်လင့်မထား။ သူသည် ဓားကို ပြန်လည်ဆွဲယူပြီး ပိုးကောင်ကြီး၏ တိုက်ခိုက်မှုကို ခုခံကာ မြူခိုးကြားမှ မြွေခြေလှမ်းကို အသုံးပြု၍ ရှောင်ထွက်ရန် ကြိုးစားလိုက်၏။ ထိုအချိန်တွင် စုချန်း၏ မျက်လုံးထဲမှ အလင်းရောင်တချို့ ဝင်းလက်သွားပြီး လင်ယဲ့မွှား၏ ဦးခေါင်းသည် ပြင်းထန်စွာ နာကျင်လာပြီး မျက်လုံးများ ပြာဝေသွား၏။ ဝိညာဉ်မျက်လုံး မူလစွမ်းရည်ပေတည်း။

မထင်မှတ်ပဲ ဝိညာဉ်မျက်လုံးတိုက်ခိုက်မှုကို ခံစားလိုက်ရ၍ လင်ယဲ့မွှား၏ ခံစစ်မှာ ဖရိုဖရဲ ဖြစ်သွား၏။ ထိုအခိုက်မှာပင် သတ္တုစားပိုးကောင်ကြီး၊ သံမဏိနှင့် စုချန်းတို့သည် လင်ယဲ့မွှားကို သုံးဘက်သုံးတန်မှ ပြင်းပြင်းထန်ထန် ဝင်ရောက်တိုက်ခိုက်လိုက်တော့သည်။ သနားစရာ လင်ယဲ့မွှားခမျာကား လူနှစ်ယောက်နှင့် ပိုးကောင်ကြီးတကောင်၏ ညှပ်ပူးညှပ်ပိတ် တိုက်ခိုက်ခြင်းကို ခံလိုက်ရပြီးနောက် အသားညှပ်ပေါင်မုန့်ပမာ ဖြစ်သွားရှာ၏။ နာကျင်စွာ အော်ဟစ်လိုက်ပြီး လင်ယဲ့မွှားခမျာ မျက်ဖြူလန်ကာ တခါတည်း သတိမေ့သွားရှာတော့သည်။

ထိုအခါ စုချန်းက ပုခုံးတွန့်ရင်း ပြောလိုက်၏။

"မင်းဟာ တိုက်ခိုက်နေစဉ်မှာ ပြိုင်ဘက်ရဲ့ လှုပ်ရှားမှုကို သတိမထားခဲ့တဲ့အပြင် ကိုယ့်ကိုယ်ကို ကာကွယ်ဖို့ မေ့လျော့နေခဲ့တယ် ပိုဆိုးတာက မြေအနေအထားနဲ့ ပတ်ဝန်းကျင်ရဲ့ ပြောင်းလဲမှုကို နည်းနည်းမှ ဂရုမစိုက်ခဲ့ဘူး မင်းကိုငါ အစကတည်းက ပြောသားပဲ မင်းအတွက် အထူးတလည် ပြင်ဆင်ထားပါတယ်လို့ ဒါတောင် ဒီပတ်ဝန်းကျင်မှာ ဘာထောင်ချောက်များ ရှိမလဲလို့ မစူးစမ်းခဲ့ဘူး ဘယ်လောက်ပဲ အင်အားကြီးကြီး မင်းလိုကောင်စားမျိုးကတော့ အမှိုက်ထက်ပိုလာမှာ မဟုတ်ပါဘူးကွာ"

All Chapters