← Chapters

စစ်ကြောရေး

Vol. 10 Ch. 100

စစ်ကြောရေး

Vol. 10 Ch. 100

လင်ယဲ့မွှားတယောက် သတိလည်လာသောအခါ သူသည် ဂူတဂူအတွင်း ရောက်ရှိနေပြီး သူ့ကိုယ်သည်လည်း ကြိုးများဖြင့် တင်းကျယ်စွာ ချည်နှောင်ခံထားရကြောင်း တွေ့ရှိလိုက်ရသည်။ စုချန်းမှာ သူ့အနီးတွင် ထိုင်လျက်ရှိပြီး ထူးဆန်းသော အမူအရာနှင့် လင်ယဲ့မွှားအား စိုက်ကြည့်နေ၏။

"စုချန်း မင်းက ငါ့ကို ထောင်ချောက်ဆင်ရဲသလားကွ"

အဖြစ်မှန်ကို သဘောပေါက်သွားသည်နှင့် လင်ယဲ့မွှားသည် ကုန်းရုန်းထပြီး စုချန်းကို ပြေးဝင်တိုက်ခိုက်ရန် ဟန်ပြင်လိုက်သည်။ သို့သော် လင်ယဲ့မွှား၏ ဆန္ဒမှာ မပြည့်ဝလိုက်ပါ။ သံမဏိ၏ ကြီးမားလှသော ကိုယ်ခန္ဓာကြီးက ဝုန်းခနဲ ပေါ်ပေါက်လာပြီး လင်ယဲ့မွှားကို သူ့နေရာသူ ပြန်လည် တွန်းပို့လိုက်၏။

သံမဏိ၏ အင်အားမှာ သိပ်မပြင်းထန်လှ။ သို့သော် လင်ယဲ့မွှားသည် ထိုမျှလောက်သော အင်အားကိုပင် မခုခံနိုင်ရှာ။ ထိုအခါမှ လင်ယဲ့မွှားသည် သူ၏ မူလစွမ်းအင်များကို မထိန်းချုပ်နိုင်တော့ကြောင်း သိရှိလိုက်ရသည်။ လင်ယဲ့မွှားခမျာ သွေးပျက်သွားရှာ၏။ သူက ထိတ်လန့်တကြားနှင့် အော်ဟစ်လိုက်လေသည်။

"ငါ ဘာတွေဖြစ်နေတာလဲ ဘာလို့ မူလစွမ်းအင်တွေကို မထိန်းချုပ်နိုင်တော့တာလဲ"

လင်ယဲ့မွှားကို ကြည့်ရင်း စုချန်းက သက်ပြင်းချကာ ပြောလိုက်သည်။

"နောက်တခေါက် လှုပ်လှုပ်ရှားရှား လုပ်မယ်ဆိုရင် ပတ်ဝန်းကျင်လေးဘာလေး ကြည့်ပါအုံးကွာ ဒီလိုအခြေအနေမှာ မူလစွမ်းအင်ကို ထိန်းချုပ်လို့မရတာဟာ ပုံမှန်ပဲလို့ မင်းမတွေးမိဘူးလား"

စုချန်း၏ စကားကြောင့် လင်ယဲ့မွှားတယောက် ပါးစပ်အဟောင်းသား ဖြစ်သွားရှာ၏။ အတန်ကြာမှ သတိပြန်ဝင်လာပုံရသည်။ စုချန်းကို ဒေါသတကြီးနှင့် ဆဲဆိုကြိမ်းမောင်းတော့သည်။

"ခွေးမသားစုချန်း မင်းယောကျာ်းဆိုရင် မျက်နှာချင်းဆိုင်ပြီး တယောက်ချင်း တိုက်ပါလား ခိုးကြောင်ခိုးဝှက်နဲ့ ချုံခိုတိုက်တယ်ဆိုတာ ယောကျာ်းမဆန်ဘူးကွ"

ဖြန်း!!!

ကျယ်လောင်သော ပါးရိုက်သံ ထွက်ပေါ်လာပြီး လင်ယဲ့မွှား၏ မျက်နှာမှာ လည်ထွက်သွားရှာသည်။ ထို့နောက် စုချန်းက သူ့လက်ကို ပြန်ရုတ်ရင်း အနိမ့်အမြင့်မရှိသော လေသံနှင့် ပြောလိုက်သည်။

"ဒီလက်ဝါးရိုက်ချက်လောက်ဆိုရင် မင်းရဲ့ လက်ရှိအနေအထားကို သဘောပေါက်သွားစေဖို့ လုံလောက်လိမ့်မယ်လို့ ငါထင်တယ်"

စုချန်း၏ စကားအတိုင်းပင် မထင်မှတ်ပဲ ပါးရိုက်ခံလိုက်ရ၍ လင်ယဲ့မွှားခမျာ ကြက်သေသေသွား၏။ သူသည် ဆွေကြီးမျိုးကြီးမှ ဆင်းသက်လာသူပီပီ အရာရာတွင် အလိုလိုက်ခံရသော၊ ငွေကိုရေလိုဖြုန်းနိုင်သော ရွှေပေါ်မြတင် ဘဝမျိုးကို ပိုင်ဆိုင်ထားသူ ဖြစ်သည်။ သူ့ဘဝတလျှောက်လုံး ပါးရိုက်ခံရဖို့ မဆိုထားနှင့် လက်နှင့်ပင် အရွယ်မခံဖူး၊ စကားကြမ်းကြမ်းပင် အပြောမခံဖူးချေ။ ထို့ကြောင့် သူ့ကိုယ်ရည်ကိုယ်သွေးမှာလည်း ဘဝမြင့်ပြီး မိမိကိုယ်ကို အလွန်အထင်ကြီးတတ်ကြောင်း အထူးအထွေ ပြောနေစရာပင် မလိုတော့။ ကုမျိုးနွယ်စုသို့ ရောက်ရှိပြီးနောက်တွင်လည်း သူသည် ပျံသန်းနေသောမြွေ၏ သွေးဗီဇကို ရရှိခဲ့ပြီး အင်အားများ တိုးပွားလာခဲ့၏။ ထိုနည်းတူစွာ သူ၏ မောက်မာမှုမှာလည်း ယခင်ထက် အဆပေါင်းများစွာ ပို၍ ဆိုးရွားလာခဲ့လေသည်။ ကုန်ကုန်ပြောရလျင် တမိုးအောက်ဝယ် မည်သူ့ကိုမျှ လူမထင်တော့။

စုချန်းကို ဒုက္ခပေးရန် ကြိုးစားရာတွင် ပထမဆုံး စကားစစ်ထိုးပွဲနှင့် ရင်ဆိုင်ရပြီး ၎င်း၏ လက်ဝယ်တွင် အရှင်လတ်လတ် အဖမ်းခံရလိမ့်မည်ဟု လင်ယဲ့မွှားတယောက် လုံးဝမျှော်လင့်မထားခဲ့။ ယခုတော့ အဖမ်းခံရရုံမက ပါးကိုပါအရိုက်ခံလိုက်ရလေပြီ။ အဖြစ်ဆိုးလှလေချင်း။

ကိုယ့်အတွေးနှင့်ကိုယ် မှိုင်တွေငေးမောနေသော လင်ယဲ့မွှားကိုကြည့်ရင်း စုချန်းက ထပ်မံသတိပေးလိုက်သည်။

"တကယ်လို့ ထပ်ပြီး လှုပ်လှုပ်ရှားရှား လုပ်မယ်ဆိုရင် ငါက မင်းကို ထပ်ပြီး ရိုက်ရမှာပဲကွ"

ထို့နောက်တွင်ကား သူတို့နှစ်ယောက်သည် တယောက်ကိုတယောက် စိုက်ကြည့်နေကြ၏။ လင်ယဲ့မွှား၏ မျက်လုံးထဲတွင် နာကျင်မုန်းတီးစိတ်များ၊ လက်တုံ့ပြန်လိုစိတ်များ ထင်ဟပ်နေ၏။ စုချန်အနေနှင့် လင်ယဲ့မွှားကို များများစားစား စဉ်းစားခွင့်ပေးရန် အချိန်မရှိ။ ထိုအခါ သူက သံမဏိကို ဖြတ်ခနဲလှမ်းကြည့်ရင်း အမိန့်ပေးလိုက်သည်။

"သံမဏိရေ ဒီကောင့်ကြည့်ရတာ ခုချိန်ထိ ကိုယ့်အခြေနေကို သဘောမပေါက်သေးဘူးနဲ့ တူတယ် နည်းနည်းပါးပါး ကူညီပေးလိုက်ပါအုံးကွာ"

"ကောင်းပါပြီ သခင်"

ပြောပြောဆိုဆို သံမဏိသည် လင်ယဲ့မွှား၏ ကိုယ်ခန္ဓာကို ဆွဲမရင်း မြေကြီးနှင့် တလစပ်ထုရိုက်တော့သည်။

အား!!!

လှိုဏ်ဂူအတွင်း လင်ယဲ့မွှား၏ နာကျင်စွာ အော်ဟစ်သံများသာ ဆူညံနေ၏။ အတန်ကြာမှာ သံမဏိက သူ၏ ကစားစရာအရုပ်ကို လွှတ်ပေးလိုက်လေသည်။ ထိုအခါ စုချန်းက လင်ယဲ့မွှား၏ မျက်နာပေါ်တွင် သူ့ခြေဖဝါးကို တင်ရင်း မေးလိုက်သည်။

"ခု သဘောပေါက်ပြီလား"

လင်ယဲ့မွှားခမျာ ခေါင်းမမာရဲပဲ ဝန်ခံလိုက်ရတော့သည်။

"ငါ...သဘောပေါက်ပါပြီကွာ"

"သိပ်ကောင်းတာပေါ့ အဲဒါဆို ငါစမေးမယ် မှန်မှန်ဖြေ"

စုချန်းက အားရကျေနပ်သော လေသံနှင့် ပြောလိုက်၏။ ထို့နောက် သူက စတင်မေးခွန်းထုတ်လေသည်။

"မူလစွမ်းရင် ဘယ်နှစ်မျိုးလောက်ကို မင်းသိသလဲ"

"ဘာကွ"

စုချန်းတယောက် ထိုကဲ့သို့ မေးလိမ့်မည်ဟု လင်ယဲ့မွှားတယောက် လုံးဝမျှော်လင့်မထား။

"အဖြေမှားတယ်"

ပြောပြောဆိုဆို စုချန်းက သံမဏိကို အချက်ပြလိုက်၏။ သံမဏိကား ချက်ချင်း သဘောပေါက်လိုက်သည်။ သခင်ဖြစ်သူ၏ အချက်ပေးမှုကို မြင်လိုက်သည်နှင့် လင်ယဲ့မွှား၏ ခါးလယ်ကို ဖြတ်ရိုက်ထည့်လိုက်၏။

"မ...မဟုတ်ပါဘူး...မင်း ဒီလိုမေးမယ်လို့ ငါမထင်လို့ပါ"

လင်ယဲ့မွှားက ကပျာကယာ တောင်းပန်လိုက်၏။ နာကျင်လွန်း၍ သူ့မျက်နှာမှ ချွေးသီးချွေးပေါက်များပင် စီးကျနေရှာသည်။ ထိုစဉ် စုချန်းက ငေါက်ငန်းလိုက်ပြန်၏။

"ကဲ ကဲ ဟေ့ကောင် ငါ့အချိန်ကို မဖြုန်းနဲ့"

"ငါပြောမယ်... ငါပြောပါ့မယ်... မူလစွမ်းရည်နှစ်မျိုး သင်ကြားခဲ့ပါတယ် နက်ရှိုင်းသောရေခဲအကာအကွယ်နဲ့ ပျံသန်းနေသော တိမ်မီးခိုးဓား နှစ်မျိုးပါ"

"လိမ်နေတယ်"

စုချန်း၏ အသံကို ကြားလိုက်သည်နှင့် သံမဏိက လင်ယဲ့မွှားကို ထပ်မံရိုက်နှက်လိုက်ပြန်သည်။ လင်ယဲ့မွှားခမျာ နာကျင်လွန်း၍ ကျယ်လောင်စွာ အော်ဟစ်ငိုကြွေးလိုက်တော့သည်။ စုချန်းကလည်း အနည်းငယ်မျှ မလျှော့။ ထပ်မံ စစ်ဆေးလိုက်ပြန်၏။

"မြူခိုးကြားထဲက မြွေခြေလှမ်းကို မင်းမသိပါဘူးလို့ ပြောချင်တာလား"

လင်ယဲ့မွှားကား ကြောက်ရှာလွန်း၍ ထင်သည်။ တကိုယ်လုံး တဆတ်ဆတ် တုန်နေရှာ၏။

"မ...မဟုတ်ပါဘူးကွာ...အဲဒါက သွေးဗီဇမူလစွမ်းရည်လေ...ငါက သာမာန်မူလစွမ်းရည်တွေပဲ ပြောနေတာ ထင်လို့ပါ"

"သွေးဗီဇစွမ်းရည် ဘယ်နှစ်မျိုးလောက် မင်းသိသလဲ"

"မြူခိုးကြားထဲက မြွေရဲ့ခြေလှမ်းနဲ့ ပျံသန်းခြင်းပန်းပွင့်လက်ချောင်းများ နှစ်မျိုးပါ"

"ကုမျိုးနွယ်စု မူပိုင် နည်းစနစ်သုံးမျိုးထဲက နှစ်မျိုး သင်ယူခဲ့တယ်ဆိုပါတော့ မဆိုးပါဘူး"

အမှန်တော့ စုချန်းက စကားအဖြစ်သာ ပြောလိုက်သည်။ အထူးတလည် အံ့သြခြင်းတော့ မရှိလှ။ သာမာန်အားဖြင့် မူလချီစွမ်းအားနယ်ပယ်မှ သွေးဆူပွက်ခြင်းနယ်ပယ်သို့ ဝင်ရောက်နိုင်ရန် ဆယ်နှစ်ဆယ်မိုးခန့် အချိန်ယူရ၏။ ပုန်းအောင်းနေသော နဂါးကျောင်းတော်သို့ ဝင်ရောက်ရန် အချိန်မှာလည်း နှစ်ဝက်ခန့်သာ လိုတော့သည်။ လင်မျိုးနွယ်စုသည်လည်း လူအလူနုံများ မဟုတ်လေရာ ၎င်းတို့ရွေးချယ်ထားသည့် လူငယ်လေးယောက်အား ကိုယ်ခန္ဓာစွမ်းအားများ အလျင်အမြန် တိုးမြင့်စေပြီး တိုက်ပွဲဝင်စွမ်းအားကို တိုးပွားစေလိမ့်မည်သာ။

ထိုအခါ စုချန်းက ခဲတံနှင့်စာရွက်တချိုကို လင်ယဲ့မွှား၏ ရှေ့တွင်ပစ်ချရင်း အမိန့်ပေးလိုက်သည်။

"မင်းသိထားသမျှ မူလစွမ်းရည်တွေကို ချရေးစမ်း"

လင်ယဲ့မွှား အံ့သြသွား၏။

"ဘာလဲဟ မင်းက ငါ့မူလစွမ်းရည်တွေကို အလွယ်တကူ ခိုးယူနိုင်မယ်လို့ ထင်နေတာလား"

"အဖြေမှားတယ်"

စုချန်း၏ စကားဆုံးသည်နှင့် နောက်ထပ်လက်သီးချက်တချက် လင်ယဲ့မွှား၏ ကိုယ်ခန္ဓာပေါ်သို့ ကျရောက်လာပြန်သည်။ ထို့နောက် စုချန်းက ပြောလိုက်သည်။ သူ့လေသံမှာ အေးစက်မာကျောနေ၏။

"မင်းဆီက ခိုးနေတာ မဟုတ်ဘူး အတင်းအကျပ် တောင်းယူနေတာ သဘောပေါက်ရဲ့လား"

လင်ယဲ့မွှားခမျာ စကားပင်မပြောနိုင်တော့။ စုချန်းကို ပြူးကြောင်ကြောင်နှင့်သာ ငေးကြည့်နေမိရှာတော့သည်။ မကြာခန ရိုက်နှက်ခံနေရခြင်းကြောင့် သူ့ဦးနှောက်သည် တဖြည်းဖြည်း ကြည်လင်လာပြီး သူ၏ လက်ရှိအနေအထားကို သတိပြုမိလာစေ၏။ သူ့တွင် နောက်ထပ်ငြင်းဆန်ရန် အင်အားမရှိတော့။ ခဲတံကိုကောက်ကိုင်ကာ သူသိထားသမျှ မူလစွမ်းရည်များအား ချရေးလိုက်တော့သည်။ အကုန်အစင် ရေးသားပြီးစီးသောအခါ စုချန်းက စာရွက်ကို ခေတ္တမျှ စိုက်ကြည့်ရင်း နောက်ထပ်စာရွက်တချို့ကို ပစ်ချကာ ထပ်မံအမိန့်ပေးလိုက်၏။

"ထပ်ရေးစမ်း ခုနက ရေးထားတာနဲ့ တလုံးတလေ လွဲပြီဆိုတာနဲ့ မင်းရဲ့လက်ချောင်းတွေကို တချောင်းချင်း ဖြတ်ပစ်မယ်"

လင်ယဲ့မွှားကား ဗျာများသွားရှာ၏။ သူက ကမန်းကတန်း တောင်းပန်လိုက်သည်။

"ဟာ..မဟုတ်ဘူး...မဟုတ်ဘူး...ခုနက ငါမှားပြီးရေးမိတာ ဒီတခေါက် မမှားအောင် ရေးပါ့မယ်ကွာ"

ကနဦးရေးသားရာတွင် သူသည် အမှားတချို့ကို ထည့်သွင်းရေးသားခဲ့၏။ စုချန်းက ယခုကဲ့သို့ ပြန်လည်ရေးသားခိုင်းလိမ့်မည်ဟု သူလုံးဝ မျှော်လင့်မထားချေ။ ယခုတဖန် ပြန်လည်ရေးသားသောအခါတွင်ကား သူသည် ထိုကဲ့သို့ အမှားမျိုး မပြုလုပ်ရဲတော့။ လင်ယဲ့မွှားတယောက် ရေးသားပြီးစီးသောအခါ စုချန်းက ထိုစာရွက်ကို ကြည့်ပင်မကြည့်ပဲ ပြောလိုက်သည်။

"မင်းကို နောက်ဆုံးအနေနဲ့ ပြောလိုက်မယ် ခုမင်းရေးထားတဲ့အထဲမှာ အမှားတွေပါနေရင် ခု ပြင်ခွင့်ရှိသေးတယ် ပြင်လိုက် ဘာတွေမှားနေမှန်း မင်းကိုမင်း သိမှာပေါ့ တကယ်လို့ မင်းရေးထားတဲ့ အမှားတွေကို အနှေးနဲ့အမြန် ငါရှာတွေ့သွားရင်တော့ မင်းကိုငါ နောက်ထပ် မငဲ့ညှာတော့ဘူး"

လင်ယဲ့မွှား တုန်လှုပ်သွား၏။ သူက စာရွက်ကိုပြန်လည်စစ်ဆေးကာ အနည်းငယ် ပြောင်းလဲရေးသားပြီး စိတ်ချရမှ စုချန်းကို ကမ်းပေးလိုက်သည်။ စုချန်းက စာရွက်ကို လှမ်းယူရင်း မြွေခြေလှမ်းနဲ့ ပတ်သက်သည့် အကြောင်းအရာများကို ဖတ်ရှုလိုက်၏။ သူ့အနေနှင့် ထိုနည်းစနစ်ကို လေ့လာတတ်ကျွမ်းပြီးသား ဖြစ်လေရာ လင်ယဲ့မွှား ရေးသားထားသည်များ မှန်မမှန် စစ်ဆေးနိုင်စွမ်းရှိ၏။ အထပ်ထပ် အခါခါ လေ့လာစစ်ဆေးပြီးနောက် အမှားမပါတော့မှန်း သေချာမှ သူက အားရကျေနပ်သွား၏။ ထို့နောက် မူလစွမ်းရည်များ ရေးသားထားသည့်စာရွက်ကို စနစ်တကျ သိမ်းဆည်းလိုက်လေသည်။

လင်ယဲ့မွှားထံမှ မူလစွမ်းရည်များအား ခြိမ်းခြောက်တောင်းယူရခြင်းမှာ ထိုစွမ်းရည်များကို လိုချင်ရုံသာမကပဲ နောက်ထပ် အကြောင်းပြချက်တခုကလည်း စုချန်းတွင် ရှိနေ၏။ ၎င်းမှာ ကုချိန်းလွှာသည် မြူခိုးကြားထဲမှ မြွေရဲ့ခြေလှမ်း နည်းစနစ်အား သူ့ကို တရားမဝင် သင်ကြားပေးခဲ့ခြင်း ဖြစ်သည်။ ထိုသတင်းသာ ပျံ့နှံ့သွားပါက သူမအတွက် မကောင်းပေ။ ယခုတော့ ထိုကိစ္စကို စိတ်ပူစရာ မလိုတော့။ စုချန်းတွင် လင်ယဲ့မွှား ရှိနေခဲ့လေပြီ။ ထိုနည်းစနစ်များကို လင်ယဲ့မွှားထံမှ တောင်းယူထားခြင်းဟု စုချန်းအနေနှင့် အကြောင်းပြ၍ရ၏။ အကောင်းဆုံးသော အပိုင်းမှာ ထိုနည်းစနစ်များ ပေါက်ကြားခြင်းသည် သူ့ကြောင့်ပင် ဖြစ်သည်ဟု လင်ယဲ့မွှားက သူ့ကိုယ်သူ ယူဆနေခြင်းပင် ဖြစ်သည်။ စုချန်းသည် မြွေခြေလှမ်းကွက်များကို ယခင်ကတည်းက တတ်ကျွမ်းနေကြောင်း လင်ယဲ့မွှားတယောက် မည်သည့်အခါမျှ သိရှိနိုင်လိမ့်မည် မဟုတ်။

ပထမကိစ္စပြီးသည်နှင့် စုချန်းက လင်ယဲ့မွှားကို ဆက်လက် စစ်ဆေး၏။

"လင်မျိုးနွယ်စုနှင့် ကုမျိုးနွယ်စုကြားက ဆက်ဆံရေးကို သေသေချာချာ ပြောပြစမ်း ဘာကြောင့် ကုချိန်းလွှာက မြောက်ပိုင်းမြို့တော်ကို ရောက်နေရတာလဲ မင်းနဲ့ ကုမျိုးနွယ်စုကြားက ဆက်ဆံရေးကကော ဘာကြောင့် ဒီလောက်ထိ ကောင်းနေရတာလဲ သူတို့က မင်းကို သွေးဗီဇဆေးရည်တွေပေးပြီး ကိုယ်ပိုင်နည်းစနစ်တွေကိုတောင် သင်ပေးတယ်ဆိုတော့ မင်းတို့ကြား ဆက်ဆံရေးက အတော်လေး ကောင်းတာပဲကွ"

ထိုမေးခွန်းမှ အစချီပြီး စုချန်းသည် လင်ယဲ့မွှားအား မေးခွန်းများ ဆက်တိုက်မေးမြန်းတော့သည်။ မေးခွန်းများမှာ သူမူလ သိရှိထားပြီးသည့် အကြောင်းအရာများသာ။ သို့သော် ထိုသို့မေးမြန်းလိုက်ခြင်းအားဖြင့် သူသည် ကုချိန်းလွှာကို ကာကွယ်နိုင်သလို လင်ယဲ့မွှားကိုလည်း ဖိအားပေးနိုင်၏။ လင်ယဲ့မွှား တစုံတခု လိမ်လိုက်သည်နှင့် စုချန်းက ချက်ချင်းသိရှိသွားပြီး သံမဏိကို ပြင်းထန်စွာ ရိုက်နှက်စေပြန်သည်။ မကြာခန ရိုက်နှက်ခံနေရလေရာ လင်ယဲ့မွှား၏ စိတ်ပိုင်းဆိုင်ရာ ခံနိုင်ရည်သည် တဖြည်းဖြည်း ပြိုကျပျက်စီးလာ၏။ သူသည် စုချန်းကို အနည်းငယ်မျှပင် မလိမ်ရဲတော့။

ကြိုတင်မျှော်လင့်ထားသည့်အတိုင်း လင်မျိုးနွယ်စု၏ ရွေးချယ်ခံလူငယ်လေးယောက်တွင် လင်ယဲ့မွှားတယောက်သာ စိန်နားကပ်ရောင်နှင့်ပါးပြောင်သည့် လူစားမျိုးဖြစ်ပြီး ကျန်သုံးယောက်မှာကား သိပ်မညံ့လှ။ အမှန်တော့ လင်ယဲ့မွှားသည်ပင် ခွန်အားအရာတွင် အညံ့စားမဟုတ်။ ရိုးစင်းလှသော စဉ်းစားတွေးခေါ်ပုံကြောင့်သာ ကျန်လူများထက် အားနည်းနေခြင်း ဖြစ်သည်။ တိုက်ပွဲတိုင်းလိုလိုတွင် စုချန်းသည် သူ၏ရင့်ကျက်သော အတွေ့အကြုံနှင့် ဖြတ်ထိုးညဏ်သုံးပြီး ပြိုင်ဘက်များကို အနိုင်ယူခဲ့၏။ ခွန်အားချင်းသက်သက်သာ ယှဉ်လျင် မူလစွမ်းရည်လေးမျိုးသာ ထိန်းချုပ်နိုင်သည့် လင်ယဲ့မွှားသည် မူလစွမ်းရည် ခုနှစ်မျိုး ထိန်းချုပ်နိုင်သည့် စုချန်းအောက် မနိမ့်ပေ။

ထိုစကားသည် လင်ချူးယွဲ့နှင့် ပိုင်လိတို့အတွက်ဆိုလျင် ပို၍ပင် မှန်ကန်ပေလိမ့်မည်။

ဤနေရာတွင် မဖြစ်မနေ ထည့်သွင်းပြောကြားရမည်မှာ သူတို့သည် တူညီသော သွေးဗီဇများကို ရရှိခဲ့ကြသည်မှန်သော်လည်း သွေးဗီဇနိုးထလာပုံမှာကား တယောက်နှင့်တယောက် မတူညီကြ။ ဥပမာအားဖြင့် လင်ယဲ့မွှားကိုကြည့်လျင် ၎င်း၏ ပျံသန်းနေသောမြွေသွေးဗီဇ နိုးထလာချိန်တွင် သွေးဗီဇစွမ်းရည်များ၏ အင်အားမှာလည်း တိုးပွားလာခဲ့၏။ လင်ယဲ့မွှား ကြုံတွေရသည့် အခြေအနေမျိုးသည် အဖြစ်အများဆုံးဖြစ်ပြီး ကုချိန်းလွှာသည်ပင် ထိုအမျိုးအစားထဲတွင် ပါဝင်၏။ သို့သော် လင်ယဲ့မွှားကဲ့သို့ သွေးနှောများနှင့် မတူညီသည်မှာ ကုချိန်းလွှာ၏ သွေးဗီဇသည် မျိုးရိုးစဉ်ဆက် ဆင်းသက်လာခဲ့ခြင်း ဖြစ်လေရာ နောက်ထပ်အကြိမ်ပေါင်းများစွာ ဆက်လက်နိုးထနေအုံးမည်ဖြစ်ပြီး အင်အားမှာလည်း ဆက်လက်တိုးပွားလာအုံးမည်သာ။ သွေးနှောများမှာကား တကြိမ်သာလျင် နိုးထလေ့ရှိပြီး ဆက်လက်နိုးထရန် အလားအလာ မရှိတော့ပေ။

လင်ချူးယွဲ့နှင့် ပိုင်လိတို့သည်ကား လင်ယဲ့မွှားကဲ့သို့ မဟုတ်။ လင်ယဲ့မွှားအနေနှင့် ထိုနှစ်ယောက်၏ အနေအထားကို တိတိကျကျ မသိရသော်လည်း တခြားလူများ ပြောစကားအရ ထိုနှစ်ယောက်သည် သွေးဗီဇနိုးထလာခြင်းမှ တခြားမူလစွမ်းရည်များကိုပါ အလိုအလျောက် ရရှိခဲ့သည် ဟူ၏။ ကုမျိုးနွယ်စုအကြီးအကဲများကိုယ်တိုင် ထိုနှစ်ယောက်ကို ပါရမီရှင်များဟု သတ်မှတ်ပြီး ကုမျိုးနွယ်တတိယနည်းစနစ်ဖြစ်သော ပြဒါးအအေးဓာတ် နည်းစနစ်ကို ချီးမြှင့်ခဲ့လေသည်။ ထို့ကြောင့် လင်ချူးယွဲ့နှင့် ပိုင်လိသည် အနည်ူးဆုံး မူလစွမ်းရည်ခြောက်မျိုးကို ထိန်းချုပ်နိုင်ပြီး ထိုအထဲမှ လေးမျိုးမှာ သွေးဗီဇစွမ်းရည်များ ဖြစ်ဖို့များလေသည်။

လင်ယဲ့မွှား ပြောပြနေသော သတင်းအချက်အလက်များကို စေ့စေ့ငုငု သုံးသပ်ပြီးနောက် စုချန်း အတော်လေး ထိတ်လန့်သွား၏။ လက်ရှိအခြေအနေအရ သူသည် လင်ယဲ့မွှားကိုပင် အနိုင်ရရှိရန် မသေချာလေရာ ထိုနှစ်ယောက်၏ အနေအထားမှာ သူ့ထက် မြင့်မားရန် သေချာနေခဲ့လေပြီ။ သို့သော် ပြိုင်ဘက်၏ အင်အား ကြီးမားလာလေလေ စုချန်း၏ တိုက်ရဲခိုက်ရဲသော စိတ်ဓာတ်ကလည်း ပို၍ နိးကြားလာတော့သည်။ အနီရောင်ပြစ်ဒဏ် ပထမဆုံး ကျခံစဉ်က သူသည် နတ်ဘုရားကိုယ်ထည်အဆင့်မျှသာ ရှိသေးသော်လည်း ယခုတွင်ကား မူလစွမ်းရည်ခုနှစ်မျိုးကို ကျွမ်းကျင်စွာ အသုံးပြုနိုင်သည့်အပြင် ထောင်သောင်းမက မူလကျောက်တုံးများကိုလည်း ပိုင်ဆိုင်နိင်ခဲ့ပေပြီ။ နဂါးကျောင်းတော် ဝင်ခွင့်ပြိုင်ပွဲမှာ နှစ်ဝက်ခန့် လိုသေး၏။ သူ့အနေနှင့် နောက်တဆင့်သို့ မတက်လှမ်းနိုင်ဟု မည်သူ ပြောနိုင်မည်နည်း။

အမှန်တော့ လင်ယဲ့မွှားနှင့် စုချိန်းကဲ့သို့သော ပြိုင်ဘက်များနှင့် တိုက်ခိုက်ရခြင်းကို စုချန်း ငြီးငွေ့နေခဲ့ပြီဖြစ်သည်။ အောရစ်နှင့် လီကဲ့သို့ အလွန် ခက်ခဲသော ပြိုင်ဘက်များနှင့် အသက်လုခဲ့ရသည် တိုက်ပွဲများသာ စုချန်းအတွက် တသက်မမေ့နိုင်စရာ တိုက်ပွဲများ ဖြစ်သည်။ ထိုလူများ၏ လက်ချက်ကြောင့် သူ သေလုမတတ် ဖြစ်ခဲ့ရသည် မဟုတ်ပါလား။

လင်ယဲ့မွှားအား မေးမြန်းစရာ ကုန်သလောက်ရှိသွားပြီးနောက် စုချန်းတယောက် တိတ်ဆိတ်ငြိမ်သက်သွားတော့သည်။ သူ့ကို ကြည့်ရသည်မှာ အရေးကြီးသော ဆုံးဖြတ်ချက်တရပ် ချမှတ်နေဟန်ရှိ၏။ သူ၏ မျက်ခုံးနှစ်ဖက်မှာကား တခုနှင့်တခု ထိလုမတတ် ပူးကပ်နေလေသည်။ စုချန်းကို ကြည့်ရင်း လင်ယဲ့မွှားမှာ ကြောက်လန့်လာ၏။ သူ့စိတ်ထဲတွင်လည်း အသတ်ခံရတော့မည်ဟု ယူဆလာ၏။ ထိုအခါအလွန်တရာ သနားစရာကောင်းသော အသံနှင့် အော်ဟစ်တောင်းပန်တော့သည်။

"ငါ့ကို မသတ်ပါနဲ့ကွာ ငါ့ကို မသတ်ပါနဲ့ ငါသိထားသမျှ အကုန်ပြောခဲ့ပြီးပြီလေကွာ"

လင်ယဲ့မွှား၏ သူရဲဘောကြောင်လှသော အမူအရာကို ကြည့်ရင်း စုချန်း၏ စိတ်ထဲတွင် အတော်လေး အထင်သေးသွားတော့သည်။ အမှန်တော့ သူသည် အလွန်တရာ အန္တရာယ်များသော အကြောင်းအရာတခုကို စဉ်းစားနေခြင်း ဖြစ်သည်။ ထိုကိစ္စကို စွန့်စားရန် သင့်မသင့် သူ ဝေခွဲမရ ဖြစ်နေ၏။ ယခုတော့ လင်ယဲ့မွှားကို ကြည့်ရင်း သူ့နှလုံးသားထဲတွင် ရွံရှာမုန်းတီးစိတ်များ ပေါ်ပေါက်လာ၏။

ထိုအခါ သူက အောက်ပါအတိုင်း တွေးတောလိုက်၏။

....သူရဲကောင်းတယောက်ဟာ အကြောက်တရားတွေကို ဖယ်ထုတ်ပြီး ရှေ့ဆက်သွားသင့်တယ် လာမဲ့ဘေး ပြေးတွေ့လိုက်တာ အကောင်းဆုံးပဲ သူရဲဘောကြောင်တတ်တဲ့ လူတယောက်ဟာ ဘယ်လိုလုပ်ပြီး ကောင်းမွန်တဲ့ အနာဂတ်အလားအလာမျိုးကို ပိုင်ဆိုင်နိုင်ပါ့မလဲ....

အထက်ပါအတိုင်း စဉ်းစားလိုက်သည်နှင့် စုချန်း၏ မာနသည် ပြန်၍ ခေါင်းထောင်လာပြန်သည်။ သူ၏ ဆုံးဖြတ်ချက်မှာလည်း ပြတ်သားသွားခဲ့လေပြီ။ ထို့နောက် သူသည် ပေါင်ကို ဖြန်းခနဲ ရိုက်ရင်း ထိုင်ရာမှ မတ်တပ်ရပ်ကာ သံမဏိကို ခေါ်လိုက်သည်။

"သံမဏိ"

ထို့နောက် သူက လင်ယဲ့မွှားကို လက်ညိုးထိုးရင်း သံမဏိကို အမိန့်ပေးလိုက်တော့သည်။

"ဒီကောင့်ရဲ့ အဝတ်တွေ အကုန်ချွတ်ပစ်စမ်းကွာ"

All Chapters