အရှင်တစ်ပါး၏ ကျဆုံးခန်း
Vol. 124 Ch. 1605
“ကောင်းကင်နတ်အရှင်ဟောင်က ကတိမတည်တော့မယ့် အဓိပ္ပာယ်လား”
တာအိုသစ်သီးထဲမှ မဟာဓိပတိအရှင်လင်းယွီ၏အသံ ဟိန်းထွက်လာသည်။ သူက အေးစက်စွာ ပြော၏။ “အဲဒါများ အခုလေးတင် ကြီးကြီးကျယ်ကျယ်တွေ ပြောနေခဲ့သေးတယ်… နောက်ဆုံးတော့လည်း မင်းနဲ့ သခင်လေးခုနစ်က ဒီပုပ်ထဲက ဒီပဲတွေပါပဲလား…. အဟက်… သခင်လေးသုံးနဲ့ သခင်လေးလေးရဲ့ ကျွန်တွေကလည်း သူတို့ နဲ့တစ်ပုံစံတည်းပဲ…. ဒါကြောင့် မီလော့နန်းတော်အရှင်သခင် ငါ့ကို မီလော့နန်းတော်မှာ လာပူးပေါင်းဖို့ ဖိတ်ခေါ်ခဲ့ကတည်းက ငြင်းခဲ့တာ…”
ကောင်းကင်နတ်အရှင်ဟောင်သည် သူ့ကို မည်သည့်စကားမှ ပြောမနေတော့ဘဲ အနီရောင်ကြိုးထုံးအား သူ၏ လက်ဖဝါးဖြင့် ကာလိုက်သည်။
အနီရောင်ကြိုးထုံးတွင် မည်သည့်စွမ်းအားမှ မရှိချေ။ တာအိုတစ်သောင်း လောကလှည်းဘီးထဲရှိ ချင်မူက ပျင်းရိပျင်းတွဲ ပြော၏။ “နောင်တော်ဟောင်က ကျွန်တော့်လက်နဲ့ တခြားသူကို သတ်ချင်နေတာလား…. ကျွန်တော့်ဆီက ခွင့်လည်း မတောင်းဘဲနဲ့”
ကောင်းကင်နတ်အရှင်ဟောင်က ခပ်ဟဟ ရယ်မောလိုက်ပြီး သူ၏ အဆုံးသတ်မြို့ပျက် ကောင်းကင်နတ်သိုင်းက ပေါက်ကွဲထွက်လာကာ မဟာဓိပတိအရှင်လင်းယွီ၏ တာအိုသစ်သီးကို နတ်ဧကရာဇ်လန်ရွှမ်၏ မူလဝိညာဉ်၊ ကောင်းကင်နန်းဆောင်တို့နှင့်တကွ ဝါးမြိုခံလိုက်ရစေသည်။
တခဏကြာပြီးနောက် သူ၏ မျက်နှာအမူအရာက တည်ကြည်လေးနက်သွား၏။ အဆုံးသတ်မြို့ပျက် ကောင်းကင်နတ်သိုင်းက လွင့်ပျယ်သွားသော်လည်း နတ်ဧကရာဇ်လန်ရွှမ်၏ မူလဝိညာဉ်နှင့် ကောင်းကင်နတ်ဘုံတို့ကတော့ ရှိနေသေးလေသည်။ ချင်မူ့ အနီရောင်ကြိုးထုံးပင်လျှင် အဆုံးသတ်မြို့ပျက် အသူရာချောက်နက်၏ ဝါးမြိုဖျက်စီးခြင်း မခံလိုက်ရပေ။
မဟာဓိပတိအရှင်လင်းယွီက မှင်သေသေ ပြောသည်။ “ငါက မဟာပျက်စီးခြင်းကပ်ဘေးကြီးကိုတောင် ကျော်လွှားနိုင်ခဲ့တာ…. မင်းက ဘာလုပ်နိုင်မှာမလို့လဲ…. မင်းက စကြ၀ဠာရဲ့ မဟာပျက်စီးခြင်းကပ်ဘေးကြီးနဲ့ ယှဉ်နိုင်လို့လား”
ကောင်းကင်နတ်အရှင်ဟောင်၏ မျက်နှာအမူအရာက တည်ကြည်လေးနက်နေဆဲပင်။
မဟာဓိပတိအရှင်လင်းယွီသည် လန်ရွှမ်၏ မူလဝိညာဉ်ကို ပိုင်ဆိုင်ထားသည့်အပြင် တာအိုသစ်သီးထဲရှိ စွမ်းအားက အားကောင်းလွန်းသည့်အတွက် သူ့အနေဖြင့် လန်ရွှမ်၏ မူလဝိညာဉ်ကိုပင် မဖယ်ရှားနိုင်ပေ။
ချင်မူ့အသံက ခပ်တိုးတိုး ပြော၏။ “မဟာဓိပတိအရှင်လင်းယွီ၊ ခင်ဗျား ဖျက်ဆီးမခံရသေးတာက ကျွန်တော့်ကောင်းကင်နတ်သိုင်းတွေကြောင့်ပဲ…. ကျွန်တော် ခင်ဗျားတာအိုသစ်သီးထဲက ကပ်ဘေးခွင်းဓားကိုသာ မဖိနှိပ်ခဲ့ရင် ခင်ဗျား သေသွားလောက်ပြီ”
မဟာဓိပတိအရှင်လင်းယွီက အေးစက်စွာ နှာမှုတ်လိုက်သည်။ “သခင်လေးခုနစ်၊ မင်းက ငါ့ကို သတ်နိုင်မယ် ထင်နေတာလား”
ချင်မူက နှာခေါင်းရှုံ့လိုက်၏။ “ခင်ဗျားမှာ တာအိုသစ်သီးပဲ ကျန်တော့တာလေ…. မသတ်နိုင်ပဲ နေပါ့မလား”
မဟာဓိပတိအရှင်လင်းယွီက ကျယ်လောင်စွာ ရယ်မောလိုက်သည်။ “ငါဆိုတဲ့ကောင်က စကြ၀ဠာပျက်စီးခြင်းကပ်ဘေးကြီးကိုတောင် ရှင်သန်နိုင်ခဲ့တာကွ… မင်းမှာ ငါ့ကို သတ်နိုင်ဖို့ ဘာအစွမ်း ရှိလို့လဲ”
ချင်မူက တဟားဟား ရယ်၏။ “တာအိုသစ်သီးလေး တစ်လုံးတည်းနဲ့ ကျွန်တော့်အရှေ့မှာ ဘ၀င်မြင့်ပြနေတာပေါ့လေ… မီလော့နန်းတော်ရဲ့ သခင်လေးခုနစ်အနေနဲ့ ကျွန်တော့်မှာ နည်းလမ်းတွေ အများကြီး ရှိတာပေါ့ဗျာ…”
“မီလော့နန်းတော်မှာ မီလော့နန်းတော်အရှင်သခင်တစ်ယောက်ပဲ အဆင့်မီတာကွ… ကျန်တာတွေအကုန်လုံးက အမှိုက်သာသာပဲ”
မဟာဓိပတိအရှင်လင်းယွီက ဒေါသတကြီး ပြောသည်။ “ဘာသခင်လေးလဲ… ကပ်ဘေးကို ကျော်လွှားနိုင်ဖို့ မီလော့နန်းတော်ကို အားကိုးနေကြတဲ့ကောင်တွေသက်သက်ပဲ… တကယ် အစွမ်းအစရှိတဲ့သူပဲ ကိုယ့်အားကိုယ် သုံးပြီး ကပ်ဘေးကျော်လွှားနိုင်တယ်..”
ကောင်းကင်နတ်အရှင်ဟောင်သည် မျက်တောင်ပုတ်ခတ်လိုက်ပြီး သူတို့နှစ်ယောက် အသေအကြေ တိုက်ခိုက်မည်ကို တိတ်ဆိတ်စွာ စောင့်ဆိုင်းနေ၏။
သူတို့နှစ်ယောက် ဒေါသမထိန်းနိုင်ကြတော့ဘဲ စကားများလေလေ၊ သူတို့ကိုယ်သူတို့ ထိန်းချုပ်ရန် ခက်ခဲလေလေ ဖြစ်လိမ့်မည်။
ရုတ်တရက် ချင်မူက အေးစက်စွာ ပြုံးလိုက်၏။ “မဟာဓိပတိအရှင်လင်းယွီ၊ ကျွန်တော် အနီရောင်ကြိုးထုံး ဒါမှမဟုတ် တာအိုသစ်သီးထဲက ကပ်ဘေးခွင်းဓားကို ဖယ်ရှားပေးနိုင်တယ်… ကျွန်တော်နဲ့အတူ ပူးပေါင်းချင်လား”
ကောင်းကင်နတ်အရှင်ဟောင်က တဟားဟား ထရယ်လိုက်သည်။
“ကောင်းပြီလေ… ပူးပေါင်းကြတာပေါ့” မဟာဓိပတိအရှင်လင်းယွီက အားရကျေနပ်စွာ သဘောတူသည်။
ကောင်းကင်နတ်အရှင်ဟောင်၏ မျက်နှာထက်ရှိ အပြုံးက ချက်ချင်း တောင့်တင်းသွားတော့သည်။
“မင်း ငါ့ကို သစ္စာဆိုစေချင်သေးလား” မဟာဓိပတိအရှင်လင်းယွီက မေး၏။
“မလိုပါဘူး”
ချင်မူ့အသံက တာအိုတစ်သောင်း ကောင်းကင်လှည်းဘီးထဲမှ ပျံ့လွင့်လာသည်။ “ခင်ဗျား သစ္စာဖောက်သွားရင် ကျွန်တော် ကိုင်တွယ်လို့ရတဲ့ နည်းလမ်းတွေ အများကြီးရှိတယ်”
“ကောင်းပြီလေ”
မဟာဓိပတိအရှင်လင်းယွီက ပြတ်သားစွာ မေးသည်။ “ဘယ်အချိန် လှုပ်ရှားမှာလဲ”
ကောင်းကင်နတ်အရှင်ဟောင်မှာ ချက်ချင်း သတိကပ်ထားပြီး တာအိုတစ်သောင်းကောင်းကင်လှည်းဘီးကို ချက်ချင်း အသက်သွင်းလိုက်လေသည်။ သို့သော် ဤအခိုက်အတန့်တွင် ချင်မူက သူ၏လက်ညှိုးကို ရုတ်တရက် မြှောက်၍ ရှေ့သို့ ထိုးစိုက်လိုက်သည်။
ဝုန်း….
တာအိုတစ်သောင်း ကောင်းကင်လှည်းဘီး၏ အလယ်ဗဟိုက ဝုန်းခနဲ ပေါက်ကွဲသွားပြီး ခရမ်းရောင်အလင်းတန်းတစ်တန်းသည် ပြင်းထန်လှသော အရှိန်အဟုန်ဖြင့် တဟုန်ထိုး ထွက်ပေါ်လာ၏။ ၎င်း ဖြတ်သန်းသည့်နေရာတိုင်းရှိ အရာအားလုံး ပြာကျကုန်သည်။
ကမ္ဘာဦးဖရိုဖရဲလက်ချောင်း။
ကောင်းကင်နတ်အရှင်ဟောင်က ခန္ဓာကိုယ်ကို လှန်ချကာ ရှောင်တိမ်းလိုက်သည်။ သို့သော် ချင်မူ၏ ကမ္ဘာဦးဖရိုဖရဲလက်ချောင်းသည် အတိတ်တုန်းက လက်ချောင်း မဟုတ်တော့ပေ။ အတိတ်တုန်းက ရိုးရိုးတန်းတန်း လက်ချောင်းသိုင်းသာ ဖြစ်ခဲ့ပြီး အပြောင်းအလဲတို့ မရှိခဲ့။
ယခုတွင်တော့ ကောင်းကင်နတ်အရှင်လင်လည် နှစ်လေးသောင်းကြာ သိမြင်နားလည်ခဲ့သည်များကို ချင်မူ့ထံ လွှဲပြောင်းပေးပြီးဖြစ်သည်။ ချင်မူကား မီလော့နန်းတော် တာအိုအမှတ်အသားများ၏ မရေမတွက်နိုင်သော ပြောင်းလဲမှုများကို သိမြင်နားလည်ခဲ့သည့်အလျောက် လက်ချောင်းသိုင်း၏စွမ်းအားသည် ပြင်းထန်လာသလို၊ ခန့်မှန်း၍လည်း မရနိုင်တော့ချေ။
ကောင်းကင်နတ်အရှင်ဟောင် ရှောင်တိမ်းလိုက်သည့်အချိန်တွင် လက်ချောင်းက သူ၏ ခါးကို ခုတ်ပိုင်းလိုက်သည့် ခရမ်းရောင်ဓားတစ်လက်အသွင် ပြောင်းလဲသွားသည်ကို တွေ့လိုက်ရ၏။
သူ့မှာ နောက်ပြန်လဲကျသွားစဉ် ခရမ်းရောင်ဓားက သူ့ခန္ဓာကိုယ်အပေါ်ပိုင်းကို ခုတ်ပိုင်းကာ အ၀တ်များအား ပိုင်းပြတ်သွားစေပြီးနောက် ရပ်တန့်သွားသည်။
ကောင်းကင်နတ်အရှင်ဟောင်၏ နဖူးမှ ချွေးသီးချွေးပေါက်များ စီးကျလာသည်။ သူက မြေပြင်တွင် ကပ်လျက် နောက်သို့ ခုန်ထွက်သည်။ ခရမ်းရောင်ဓားက သူ၏ ခြေထောက်နှစ်ချောင်းကြားသို့ ခုတ်ချလိုက်ပြီး ခရမ်းရောင်အလင်းတန်းတို့က သူ့ခန္ဓာကိုယ်နောက်သို့ လိုက်ဖမ်းတော့သည်။
ထိုအခိုက်အတန့်တွင် ကောင်းကင်လက်နက် ကောင်းကင်နတ်အရှင်ယွီတစ်ပါး ဖန်ဆင်းခံလိုက်ရ၏။ ကောင်းကင်နတ်အရှင်ဟောင်က ၎င်းကို ချက်ချင်း ထိန်းချုပ်လျက် တာအိုတစ်သောင်း ကောင်းကင်လှည်းဘီးဆီသို့ ပြေး၀င်သွားစေသည်။
တာအိုတစ်သောင်း ကောင်းကင်လှည်းဘီးထဲတွင် ချင်မူက သိုင်းအခြေခံအား အဆုံးအစွန်အထိ မြှင့်တင်ကာ လှည်းဘီး၏ သတ်ဖြတ်မှုကို ခုခံကာကွယ်နေသည်။ သူ၏မှော်စွမ်းအင်နှင့် ကောင်းကင်နတ်သိုင်းများအောက်တွင် ကောင်းကင်နတ်အရှင်ဟောင်၏ ကောင်းကင်နန်းဆောင် ၃၅ ဆောင်မှာ အလုပ်လုပ်နေခြင်း လုံးဝ ရပ်တန့်ပေတော့မည်။
သူက အားကုန်ထုတ်လိုက်သော်လည်း ကောင်းကင်လက်နက် ကောင်းကင်နတ်အရှင်ယွီကား ဗြုန်းခနဲ သူ့အရှေ့သို့ ရောက်လာချေပြီ။
ကောင်းကင်လက်နက် ကောင်းကင်နတ်အရှင်ယွီက ဟိန်းဟောက်လိုက်ပြီး ချင်မူ့ဦးခေါင်းသို့ ရိုက်ချလိုက်သည်။
ကောင်းကင်နတ်အရှင်ယွီ သူ့ဦးခေါင်းအား အစိတ်စိတ်အမွှာမွှာ ခြေမွတော့မည့်အချိန် မဟာဓိပတိအရှင်လင်းယွီက နတ်ဧကရာဇ်လန်ရွှမ်၏ မူလဝိညာဉ်ကို ထိန်းချုပ်ကာ ကောင်းကင်လက်နက် ကောင်းကင်နတ်အရှင်ယွီ၏ ခန္ဓာကိုယ်ထံသို့ ပြေးတိုက်သွားသည်။ ကောင်းကင်နတ်အရှင်ယွီမှာ လိမ့်ထွက်သွားပြီး ဟန်ချက်မထိန်းနိုင်တော့ပေ။
ကောင်းကင်နတ်အရှင်ယွီ ထရပ်လိုက်သည့်အချိန်တွင် မဟာဓိပတိအရှင်လင်းယွီ၏ လန်ရွှမ်မူလဝိညာဉ်က သူ့အရှေ့တွင် ရောက်လာပြန်သည်။ မူလဝိညာဉ်က လက်နှစ်ဖက်ယှက်လျက် သူထံ ချိန်ရွယ်ကာ ထိုးစိုက်လိုက်သည်။
ကောင်းကင်နတ်အရှင်ဟောင်က လက်မြှောက်၍ ကာလိုက်သော်လည်း နောက်ကျသွားချေပြီ။ လန်ရွှမ်မူလ၀ိညာဉ်၏ လက်ချောင်းများက ကောင်းကင်လက်နက် ကောင်းကင်နတ်အရှင်ယွီ၏ နဖူးသို့ ထိုးစိုက်သွားတော့သည်။
ကောင်းကင်လက်နက် ကောင်းကင်နတ်အရှင်ယွီ၏ ခန္ဓာကိုယ်ထဲတွင် ကောင်းကင်နတ်အရှင်ဟောင်၏ အသိစိတ်အလျဉ်က ပေါက်ကွဲထွက်လာပြီး လန်ရွှမ်၏ မူလဝိညာဉ်ကို ခုခံကာကွယ်လိုက်သည်။ ကောင်းကင်နတ်အရှင်ယွီသည် လက်ဆန့်တန်း၍ လန်ရွှမ်၏ ခြေထောက်များကို အတင်းအကြပ် လှမ်းဆွဲလိုက်၏။
လန်ရွှမ်၏ မူလဝိညာဥ်ထဲရှိ တာအိုသစ်သီးက လှည့်ပတ်သွားပြီး သူ၏အသိစိတ်အလျဉ် ပေါက်ကွဲထွက်လာသည်။ လန်ရွှမ်၏ အသိစိတ်အလျဉ်မှာ ကောင်းကင်နတ်အရှင်ဟောင်ထက် များစွာသာလွန်ပြီး လန်ဝူပြီးလျှင် ဒုတိယလိုက်သည်။
လန်ရွှမ်မှာ သေဆုံးသွားပြီဖြစ်သော်လည်း မဟာဓိပတိအရှင်လင်းယွီက လန်ရွှမ်ကို ဝင်ပူးထားခြင်း ဖြစ်သည်။ သူ၏အသိစိတ်အလျဉ်က လန်ရွှမ်ထက်ပင် သာလွန်သေးသည်။
ယခင်ဘဝတွင် သူသည် ဆယ့်ခြောက်စင်းမြောက် စကြ၀ဠာ၏ ထိုက်ငါးပါးထဲမှ တစ်ပါးဖြစ်သော ထိုက်ချုကို ဝင်ပူးနိုင်ခဲ့သည့်အတွက် လန်ရွှမ်၏ အသိစိတ်အလျဉ်ကိုမူ အလွယ်တကူ ထိန်းချုပ်နိုင်ပေသည်။ ဤအသိစိတ်အလျဉ် တိုက်ခိုက်မှုကြောင့် ကောင်းကင်လက်နက် ကောင်းကင်နတ်အရှင်ယွီထဲရှိ ကောင်းကင်နတ်အရှင်ဟောင်၏ အသိစိတ်အလျဉ်မှာ လုံးဝပျောက်ကွယ်သွားတော့သည်။
မဟာဓိပတိအရှင်လင်းယွီက ကောင်းကင်လက်နက် ကောင်းကင်နတ်အရှင်ယွီ၏ ခန္ဓာကိုယ်ကို ချက်ချင်း ထိန်းချုပ်ကာ သက်ပြင်းတစ်ရှိုက် ရှူထုတ်လိုက်မိသည်။ သူ့မှာ အတော်လေး ပျော်ရွှင်နေမိ၏။
သူသည် နောက်ဆုံးတွင်တော့ မဟာပျက်စီးခြင်းကပ်ဘေးကြီးကို ကျော်လွှားနိုင်ခဲ့ပြီး အနာဂတ်စကြ၀ဠာတွင် ခြေကုပ်ယူနိုင်ခဲ့ချေပြီ။
တခြားတစ်ဖက်တွင် ကောင်းကင်နတ်အရှင်ဟောင်၏ ခန္ဓာကိုယ်က ချင်မူ့လက်ချောင်း၏ စွမ်းအားကို ရှောင်တိမ်းနိုင်ရန် အပေါ် အောက် ပျံသန်းနေသည်။ ကောင်းကင်နတ်သိုင်းမျိုးစုံက အဆက်မပြတ် ထွက်ပေါ်လာကာ ကမ္ဘာဦးဖရိုဖရဲလက်ချောင်း၏ စွမ်းအားကို တစ်လွှာပြီးတစ်လွှာ လျော့ကျနေစေ၏။
“ကောင်းကင်နတ်အရှင်ဟောင်” ချင်မူက ခက်ထန်စွာ အော်ဟစ်လိုက်သည်။ “ကောင်းကင်နတ်အရှင်ဟောင်၊ ခင်ဗျားက ကမ္ဘာဦးတာအိုသိုင်းပညာရှင်တစ်ယောက် ဒီစကြ၀ဠာအပေါ် ၀င်လာနိုင်အောင် လုပ်ခဲ့တဲ့အတွက် မိုးကောင်းကင်ရဲ့ အပြစ်ဒဏ်ကို ခံယူသင့်တယ်”
ချင်မူက ကျယ်လောင်စွာ ရယ်မောလိုက်ပြီး တာအိုတစ်သောင်းကောင်းကင်လှည်းဘီးထဲမှ လျင်မြန်စွာ ထွက်လာသည်။
သူ ထွက်လာသည်နှင့် တာအိုတစ်သောင်းကောင်းကင်လှည်းဘီးက တဝေါဝေါ လှည့်ပတ်၍ ရွှစ်ခနဲ ဖြတ်သန်းကာ ကောင်းကင်နတ်အရှင်ဟောင် အနောက်သို့ ရောက်သွား၏။ ကောင်းကင်နတ်အရှင်ဟောင်က လက်မြှောက်ကာ ရှေ့သို့ ပြင်းပြင်းထန်ထန် ရိုက်ချလိုက်သည်။
ဝုန်း… ဝုန်း… ဝုန်း…
မှောင်နက်နေသော တာအိုတစ်သောင်းကောင်းကင်လှည်းဘီးများက အလွှာလိုက် ပျံ့ထွက်လာကြ၏။
ချင်မူ့ကမ္ဘာဦးဖရိုဖရဲလက်ချောင်း ရောက်လာသည့်အခါ ကောင်းကင်လှည်းဘီးအလွှာများအား ဖြတ်သန်းသွားသည်။ ကောင်းကင်လှည်းဘီးအလွှာ ၂၈ လွှာကို ဖြတ်သန်းပြီးနောက်တွင်ပင် စွမ်းအားမှာ လုံးဝပျောက်ကွယ်မသွားသေးပေ။
ကောင်းကင်နတ်အရှင်ဟောင်သည် ဟိန်းဟောက်လိုက်ပြီးလက်သီးဆုပ်၍ အသည်းအသန် ထိုးနှက်လိုက်၏။ တခဏအတွင်း လက်သီးချက် မည်မျှ ထိုးသွင်းခဲ့မိသည်လဲပင် မသိတော့ချေ။
ချင်မူ့လက်ချောင်းအား လုံးဝချေမှုန်းပြီးသည့်အချိန်၌ သူ၏လက်သီးများမှာ သွေးစက်လက်ဖြင့် နာကျင်မှုကြောင့် တုန်ရီနေကြပြီဖြစ်သည်။
ချင်မူက လက်မြှောက်၍ ကပ်ဘေးဓားကို ဆင့်ခေါ်ကာ သူနှင့် မနီးမဝေးတွင် ရပ်နေသည်။
အခြားတစ်ဖက်မှ ကောင်းကင်လက်နက် ကောင်းကင်နတ်အရှင်ယွီနှင့် နေသားကျနေပြီဖြစ်သော မဟာဓိပတိအရှင်လင်းယွီကလည်း လျှောက်လာသည်။
ကောင်းကင်နတ်အရှင်ဟောင်အနောက်ရှိ ကောင်းကင်လှည်းဘီးက ဖြေးညှင်းစွာ လည်ပတ်နေသည်။ သူ၏မျက်လုံးများက ဖြတ်ခနဲ တောက်ပသွားသည်။ “မဟာဓိပတိအရှင်လင်းယွီ၊ ကျုပ် သေသွားရင် ခင်ဗျားလည်း ယိုတုရဲ့ သွေးယဇ်ပူဇော်၀င်္ကပါ ဝါးမြိုတာ ခံရလိမ့်မယ်… မီလော့နန်းတော်ရဲ့ သခင်လေးသုံးနဲ့ လေးက စွမ်းအားလုံလုံလောက်လောက် စုဆောင်းပြီးနေကြပြီ… သူတို့ ဝင်ရောက်လာနိုင်ဖို့ မလုံလောက်သေးပေမယ့် တာအိုသိုင်းပညာရှင်တစ်ယောက် ဆင်းသက်လာဖို့ကတော့ မခက်ခဲဘူး”
မဟာဓိပတိအရှင်လင်းယွီက ရပ်လိုက််သည်။ ကောင်းကင်နတ်အရှင်ဟောင်သည် တစ်လှမ်းချင်း နောက်ဆုတ်သွားရင်း ပြုံးနေ၏။ “မဟာဓိပတိအရှင်လင်းယွီ၊ ခင်ဗျားက ကျုပ်တို့ကောင်းကင်နတ်အရှင်ဆယ်ပါးလို ပုဂ္ဂိုလ်တစ်ယောက်ပဲ… ခင်ဗျားမှာ ကြီးမားတဲ့ ရည်မှန်းချက်တွေ ရှိတယ်… မီလော့နန်းတော်သခင်လေးတွေကို မယုံလို့ မီလော့နန်းတော်ဆီမှာ မခိုလှုံခဲ့တာ မဟုတ်ဘူး… သူတို့ရဲ့ကျွန် ဖြစ်မလာချင်လို့ပဲ… ခင်ဗျားရဲ့ ရည်ရွယ်ချက်က မီလော့နန်းတော်ရဲ့သခင်လေးတွေကို ကျော်တက်ပြီး ဒီစကြ၀ဠာရဲ့ အုပ်ချုပ်သူ ဖြစ်လာဖို့မလား”
ချင်မူမှာ ရင်ထဲတွင် လှုပ်ခတ်သွားကာ မဟာဓိပတိအရှင်လင်းယွီကို လှမ်းကြည့်လိုက်သည်။ “မဟာဓိပတိအရှင်လင်းယွီ၊ မဟုတ်မှလွဲရော ခင်ဗျားကလည်း ကောက်ကျစ်စဥ်းလဲတဲ့သူတစ်ယောက်ပဲလား”
မဟာဓိပတိအရှင်လင်းယွီက သက်ပြင်းချသည်။ “ငါ ငြင်းချင်ပေမယ့် ငါ့မှာလည်း ရည်မှန်းချက်တွေ ရှိနေတယ်…. ဒီအတိုင်း ရှင်သန်နေလို့ ဘာအဓိပ္ပာယ် ရှိမှာလဲ…. တာအိုသိုင်းပညာရှင်တစ်ယောက်အနေနဲ့ အနာဂတ်မှာ စိတ်ဝင်စားစရာကောင်းတဲ့ ဘဝကို ဖြတ်သန်းကုန်ဆုံးနိုင်ဖို့အတွက် ရည်မှန်းချက်တွေ ရှိဖို့လိုတယ်”
ချင်မူက စိတ်ပျက်စွာ ပြောလိုက်သည်။ “ဆိုတော့ ခင်ဗျားကလည်း ယုံကြည်လို့ မရဘူးပေါ့လေ”
ကောင်းကင်နတ်အရှင်ဟောင် ရပ်တန့်လိုက်သည့်အချိန် သူ၏အနောက်မှ ခြေသံ ထွက်ပေါ်လာသည်။ ၎င်းက ကောင်းကင်နတ်အရှင်လင်၏ ခြေသံပင်။
ကောင်းကင်နတ်အရှင်လင်သည် ဖန်ဆင်းဂိုဏ်းချုပ်နန်းတော်သို့ ရောက်လာလေပြီ။
မဟာဓိပတိအရှင်လင်းယွီ၏ အကြည့်က ကောင်းကင်နတ်အရှင်လင်ပေါ်သို့ ကျရောက်သွားသည်။ သူမ၏ သိုင်းအဆင့် မမြင့်မားသည်ကို တွေ့လိုက်ရသောကြောင့် စိတ်ထဲ မထားဘဲ ပြုံးလိုက်သည်။ “ဒီခန္ဓာကိုယ်က ငါ့အတွက် မသင့်တော်ဘူး… သုံးလို့တော့ ရတယ်…. ဒါပေမဲ့ ငါ အန္တိမဟင်းလင်းပြင်ဆီ သွားပြီး တာအိုသစ်သီး တံဆိပ်ခတ်နှိပ်နိုင်ဖို့တော့ အာမခံချက် မရှိဘူး…”
သူက ယိုတုရှိ ရှစ်ထောင့်ထောက်တိုင်များကို ကြည့်လိုက်သည်။။
“မီလော့နန်းတော်ရဲ့ သခင်လေးလေးက သိပ်ကိုပါရမီရှိတာပဲ…. ဒီလိုထူးကဲတဲ့ သွေးယဇ်ပူဇော်နည်းလမ်းတစ်ခုကို ပြင်ဆင်ရေးဆွဲနိုင်ခဲ့တယ်… နည်းနည်းလောက် ပြင်ဆင်လိုက်ရင် ဒီသွေးယဇ်ပူဇော်မှုကို ငါ့အတွက် အလုပ်လုပ်အောင် လုပ်လို့ရပြီ”
သူက လက်များဆန့်တန်းကာ ရယ်မောေနသည်။ “ထိုက်ချူခန္ဓာကိုယ် ရောက်လာတာနဲ့ ငါ ဒီစကြ၀ဠာကို ထာဝရသိမ်းပိုက်လို့ရပြီ… ဘယ်သူမှ ငါ့ကို မယှဉ်နိုင်တော့ဘူး… မင်း…”
သူ၏အကြည့်က ကောင်းကင်နတ်အရှင်ဟောင်ပေါ် ကျရောက်သွားသည်။ “မင်းနဲ့ ကောင်းကင်နတ်ဘုံအင်အားစုတွေ ငါ့ဆီမှာ အညံ့ခံရမယ်”
ကောင်းကင်နတ်အရှင်ဟောင်၏ နဖူးတွင် ချွေးစို့လာ၏။ သူသည် မဟာဓိပတိအရှင်လင်းယွီ၏ အာရုံစိုက်ခြင်းခံနေရမှန်း ချက်ချင်း သတိထားမိသွားသည်။ အကြောင်းရင်းက ထိုက်ချူတာအို၏ သန့်စင်သောအရှိန်အဝါပင်။ ထိုက်ချူတာအို၏ ၃၆ ဆင့်မြောက် တာအိုအဆင့်သည် သူ၏ခမည်းတော် ထိုက်ချူ အိပ်မက်မက်ခဲ့ရသည့် အရာမဟုတ်လော။
ဤစွမ်းအားသည် အားကောင်းလွန်းသည့်အတွက် သူ၏ခန္ဓာကိုယ်အား ခြိမ်းခြောက်နေသည်သာမက တာအိုရရှိထားသော သူ၏ခန္ဓာကိုယ် ရောက်လာလျှင်တောင် မဟာဓိပတိအရှင်လင်းယွီကို ယှဉ်နိုင်လိမ့်မည်မဟုတ်ပေ။
ထိုမျှသာမက ကောင်းကင်နတ်အရှင်လင်၏ ခြေသံများ နီးကပ်လာနေသည်ကိုလည်း ကြားနေရသေးသည်။
မဟာဓိပတိအရှင်လင်းယွီက ချင်မူ့ကို လှည့်ကြည့်ကာ ပြုံးလိုက်၏။ “မီလော့နန်းတော်ရဲ့ သခင်လေးခုနစ်… သခင်လေးခုနှစ်အနေနဲ့ မီလော့နန်းတော်အရှင်သခင် ဒါမှမဟုတ် ငါ့အပေါ် သစ္စာခံလို့ရတယ်… ငါက မီလော့နန်းတော်အရှင်သခင်အောက် ဘယ်နေရာမှာမှ နိမ့်ကျမနေဘူး”
ချင်မူက ပြုံးလိုက်သည်။ “အဲဒီလို ပြောခဲ့ဖူးတဲ့ သခင်လေးငါးလည်း မီလော့နန်းတော်အရှင်သခင်ကြောင့် လေးခုမြောက် စကြ၀ဠာဆီ ရိုက်ချခံခဲ့ရပြီးပြီ”
မဟာဓိပတိအရှင်လင်းယွီက မမှုပေ။ “သူက သာမန်မလို့လေ”
ကောင်းကင်နတ်အရှင်ဟောင်အပေါ်ရှိ ဖိအားက ပိုပို၍ကြီးမားလာပြီး သူ၏နဖူးတွင် ချွေးများစို့လာသည်။ သူက ရုတ်ပြေး၏။
မဟာဓိပတိအရှင်လင်းယွီက သူ၏လက်ဖဝါးဖြင့် ရိုက်ချလိုက်သည်။ ကောင်းကင်နတ်အရှင်ဟောင်မှာ ရုတ်တရက် ယိုတုကောင်းကင်ကို နှစ်ခြမ်းကွဲသွားစေလိုက်သဖြင့် အဆုံးသတ်မြို့ပျက်အသူရာချောက်နက်က သူ့အရှေ့၌ ပေါ်လာသည်။ သူက ၎င်းထဲသို့ ဖျတ်ခနဲ ခုန်ဝင်သွားတော့သည်။
မဟာဓိပတိအရှင်လင်းယွီ၏ လက်ဖဝါးရိုက်ချက်က အနောက်မှ လိုက်ပါသွားပြီး အသူရောက်ချောက်နက်နှင့် ဝင်တိုက်သွား၏။ ဟင်းလင်းပြင်မှာ ပြင်းထန်စွာ တုန်ခါသွားပြီး သွေးများ ပန်းထွက်လာသည်။ ဟင်းလင်းပြင်မှ စီးကျလာသည့် သွေးများက မိုင်တစ်သောင်းအထိ ရှည်လျားနေသည်။ ယိုတုမှ သွေးများစီးကျနေသည့်အလားပင်။
“ဟင်… မင်းက ယိုတုအောက်က အသူရာချောက်နက်ထဲ ထွက်ပြေးသွားတာလား… ဘယ်ဆိုးလို့လဲ မသေအောင် နေတတ်တဲ့ အစွမ်းတော့ ရှိသားပဲ”
မဟာဓိပတိအရှင်လင်းယွီ၏ အကြည့်က လမ်းလျှောက်လာနေသော ကောင်းကင်နတ်အရှင်လင်ဆီ ကျရောက်သွားပြီး သူ့နှုတ်ခမ်းထက်တွင် အပြုံးတစ်ခု ဖြစ်ထွန်းလာသည်။ “မင်းက ငါ့ဆီမှာ အသနားခံဖို့ ရောက်လာတာလား”
“မဟုတ်ဘူး”
ချင်မူက ခေါင်းရမ်းသည်။ “မဟာဓိပတိအရှင်လင်းယွီ၊ သူက ခင်ဗျားကို အဆုံးသတ်ပေးဖို့ ရောက်လာတာ... ခင်ဗျား သစ္ဏာဖောက်ရင် ခင်ဗျားကို ကိုင်တွယ်နိူင်တဲ့ နည်းလမ်းတွေ ကျွန်တော့်မှာ ရှိပါတယ် မပြောခဲ့ဘူးလား... မှတ်မိသေးရဲ့လား”
မဟာဓိပတိအရှင်လင်းယွီ မှုန်ကုပ်သွားသည့်အချိန် ချင်မူ၏ ကောင်းကင်နတ်သိုင်းက ရုတ်တရက် ပေါက်ကွဲထွက်လာသည်။ သူကား မပြောင်းလဲသော ဒြပ်ထုကောင်းကင်နတ်သိုင်းဖြင့် မဟာဓိပတိအရှင်လင်းယွီကို တိုက်ခိုက်လိုက်လေသည်။
မဟာဓိပတိအရှင်လင်းယွီက လက်မြှောက်၍ ကာလိုက်ရင်း ထိုက်ချူကောင်းကင်နတ်သိုင်းအား ထုတ်လွှတ်သည်။ ကြီးမားပြင်းထန်သော အားလှိုင်းက ချင်မူ့ကို တိုက်ခိုက်လိုက်ပြီး မဟာဓိပတိအရှင်လင်းယွီ၏ အသံက အေးစက်စွာ ထွက်လာ၏။ “သခင်လေးခုနစ်၊ မင်းက ငါ့ကို စိတ်မပျက်စေဘူးပဲ”
သူ၏မှော်စွမ်းအင်သည် ကောင်းကင်ထက်သို့ ပြန့်ကားဖြာထွက်သွားကာ ချင်မူ၏ မပြောင်းလဲသော ဒြပ်ထုကောင်းကင်နတ်သိုင်း စွမ်းအားထုတ်မလွှတ်နိုင်အောင် ဖိနှိပ်လိုက်သည်။ ကြီးမားပြင်းထန်လှသော အားလှိုင်းသည် ချင်မူ့ကိုပင် မှုန့်မှုန့်ညက်ညက် ကြေသွားစေနိုင်သည့်အတွက် သူ၏ မပြောင်းလဲသောဒြပ်ထု ကောင်းကင်နတ်သိုင်းအား အချည်းနှီးဖြစ်သွားစေတော့သည်။
ထိုက်ချူတာအို၏ ကောင်းကင်ဘုံ ၃၆ ဘုံကား ကြောက်မက်ဖွယ်ရာ ကောင်းလွန်း၏။
မဟာဓိပတိအရှင်လင်းယွီ၏ ၃၆ ခုသော ကောင်းကင်ဘုံများနှင့်အတူ ထိုက်ချူကောင်းကင်နတ်သိုင်းက တရှိန်ထိုး ဝင်ရောက်လာကာ ချင်မူ၏ ကောင်းကင်ရတနာများအား ဖျက်စီးသွားသည်။ လောကသစ်ပင်တစ်ပင်တည်းသာ ထီးထီးတည်း ကျန်ရှိတော့ပြီး ချင်မူ၏ ရုပ်ခန္ဓာမှာလည်း ရုပ်ပျက်ဆင်းပျက် ဖြစ်နေချေပြီ။ ထိုက်ယီတောင်ဝှေးအား ကိုင်စွဲထားသော လက်ဝါးသာလျှင် ပုံဆင်းမပျက်ဘဲ ကျန်သေး၏။
ကောင်းကင်နတ်အရှင်လင်၏ ပုံရိပ်က မဟာဓိပတိအရှင်လင်းယွီ၏ အရှေ့၌ ဖျတ်ခနဲ ပေါ်လာကာ သူ၏ မျက်ခုံးနှစ်ဖက်ကြားသို့ လက်ညှိုးထိုးလိုက်သည်။
“မင်း ဘာလုပ်တာလဲ”
မဟာဓိပတိအရှင်လင်းယွီက မျက်မှောင်ကြုတ်၍ အားနည်းသည်ထင်ရသော အမျိုးသမီးကို ငုံ့ကြည့်သညည်။ သူသည် ရုတ်တရက် သဘောပေါက်သွားကာ လေးနက်တည်ကြည်နေသည့် အမူအရာဖြင့် မေးလိုက်၏။ “ဒါ ဘာကောင်းကင်နတ်သိုင်းလဲ”
ကောင်းကင်နတ်အရှင်လင်က ဖြေသည်။ “ဒါက မီလော့နန်းတော်သခင်ရဲ့ တာအိုအမှတ်အသားတွေကနေ ပြုပြင်ထားတဲ့ မပြောင်းလဲသော ဒြပ်ထု ကောင်းကင်နတ်သိုင်းပဲ”
မဟာဓိပတိအရှင်လင်းယွီသည် မျက်မှောင်ကြုတ်သွားပြီး ပတ်ဝန်းကျင်အား မျက်လုံးဝေ့ကြည့်ရင်း နောက်သို့ နှစ်လှမ်းဆုတ်သွား၏။ ရုတ်တရက် သူ့ဒူးများ ခွေကျသွားကာ သူ့ခန္ဓာကိုယ် ပြိုလဲသွားသည်။ သူ၏ခန္ဓာကိုယ်မှာ ပြိုကွဲသွားပြီဖြစ်ပြီး တာအိုသစ်သီးလည်း လွင့်ပျယ်ပျောက်ကွယ်သွားတော့သည်။
“ဆိုတော့... ငါဟာ သူနဲ့ မယှဉ်နိုင်ပါလား...” သူက တိုးညှင်းစွာ ရေရွတ်သွားခဲ့လေ၏။