အတိတ်မှ ပျံ့လွင့်သော ဗျပ်စောင်းတေးသံ
Vol. 124 Ch. 1606
“သူက ဘယ်သူလဲ”
ကောင်းကင်နတ်အရှင်လင်က အူတူတူဖြင့် မေးလိုက်သည်။ “သူက ကောင်းကင်နတ်အရှင်ဟောင်ကိုလည်း တိုက်ခိုက်လိုက်၊ နင့်ကိုလည်း တိုက်ခိုက်လိုက်နဲ့ ဘာလုပ်နေတာလဲ”
“မဟာဓိပတိအရှင်လင်းယွီတဲ့… ကမ္ဘာဦးစကြ၀ဠာမှာ တာအိုရထားပြီးတဲ့ ပုဂ္ဂိုလ်တစ်ယောက်ပါ”
ချင်မူမှာ သူ၏ရုပ်ခန္ဓာကို တည်ဆောက်ရန် ကြိုးစားနေသော်လည်း မဟာဓိပတိအရှင်လင်းယွီ၏ ထိုက်ချူလမ်းစဉ်က သူ့အပေါ် အတော်လေးထိခိုက်နေစေသဖြင့် သူ၏ ရုပ်ခန္ဓာအနေဖြင့် အကောင်းအတိုင်းပြန်ဖြစ်အောင် မတည်ဆောက်နိုင်ပေ။
မဟာဓိပတိအရှင်လင်းယွီသည် ယခင်စကြ၀ဠာ၏ ထိုက်ချူကို ဝင်ပူးခဲ့ကာ ထိုက်ချူလမ်းစဉ်ကို တာအိုအဆင့်၏ ၃၆ ဘုံမြောက် ကောင်းကင်ဘုံအထိ ရောက်အောင် သိမြင်နားလည်နိုင်ခဲ့၏။ ဤစကြ၀ဠာတွင် အန္တိမဟင်းလင်းပြင်၌ တာအိုသစ်သီးအား တံဆိပ်ခတ်နှိပ်ရန် အချိန်မရခဲ့သော်လည်း သူ၏စွမ်းဆောင်ရည်များက သာမန်ထက်ပို၍ မြင့်မားပေသည်။
စောစောက ချင်မူက မပြောင်းလဲသောဒြပ်ထု ကောင်းကင်နတ်သိုင်းကို အသုံးပြုလျက် အချိန်ကို နောက်ပြန်ရစ်ကာ လန်ရွှမ်အား အသက်သွင်းပြန်ပြီး မူလဝိညာဥ်ကို တိုက်ခိုက်၍ သူ၏သိုင်းအခြေခံနှင့် အစွမ်းအစတို့အား နှောက်ယှက်ရန် ကြိုးစားခဲ့သည်။ သို့သော် မပြောင်းလဲသော ဒြပ်ထုကောင်းကင်နတ်သိုင်းအား ဤမျှစွမ်းအားကြီးသော ပုဂ္ဂိုလ်တစ်ယောက်အရှေ့၌ အသုံးပြုရန် အခွင့်အရေး မရချေ။
မဟာဓိပတိအရှင်လင်းယွီသည် ကောင်းကင်နတ်အရှင်လင်၏ ကောင်းကင်နတ်သိုင်းကိုပင် တိုက်ရိုက်ဖိနှိပ်နိုင်သည်။
၎င်းကို ကြည့်ခြင်းဖြင့် သူ၏ လမ်းစဉ်နှင့် စွမ်းဆောင်ရည်တို့က မည်မျှနက်နဲကြောင်း သိရှိနိုင်၏။
ချင်မူသာ ကောင်းကင်နတ်အရှင်ယွဲ့၏ နေရာဟင်းလင်းပြင် ကောင်းကင်နတ်သိုင်းကို အသုံးပြု၍ ကောင်းကင်နတ်အရှင်လင်အား သူ့အနားသို့ မခေါ်ခဲ့ပါက မည်သူမှ ထိုသူ့ကို ထိခိုက်နိုင်စေလိမ့်မည် မဟုတ်ပေ။
ကောင်းကင်နတ်အရှင်လင်က “ဪ” ဟု တစ်ချက်မျှသာ ဆိုပြီးနောက် ဖန်ဆင်းဂိုဏ်းချုပ်နန်းတော်ဆီသို့ လျှောက်သွားသည်။
သူမအနေဖြင့် မဟာဓိပတိအရှင်လင်းယွီသည် အဘယ်ကြောင့် ကောင်းကင်နတ်အရှင်ဟောင်နှင့် ချင်မူတို့ကို သတ်ချင်နေမှန်း နားမလည်ပေ။ သို့သော် ထိုသူ ကိစ္စတုံးသွားပြီ ဖြစ်သည့်အတွက် အကြောင်းအရင်းကို စဉ်းစားရင်း အချိန်ကုန်ခံမည်တော့မဟုတ်။
လင်မှာ အလွန်တရာ ထက်မြက်၍ ဉာဏ်ကောင်းသူဖြစ်သော်လည်း လောကရေးရာကိစ္စများနှင့် ပတ်သက်လာလျှင်မူ နားမလည်တတ်ပေ။
ဖန်ဆင်းဂိုဏ်းချုပ်နန်းတော်၏ ဖန်ဆင်းခြင်းကောင်းကင်လက်နက်သည် အလိုအလျောက် အလုပ်လုပ်နေဆဲ ဖြစ်သည့်အတွက် ကောင်းကင်လက်နက် ကောင်းကင်နတ်အရှင်ယွီ နောက်တစ်ယောက်၏ ရုပ်လုံး ပေါ်လာနေသည်။
လက်ရှိ ဖန်ဆင်းခြင်းကောင်းကင်လက်နက်ကား ထိုက်စု၏ အထွတ်အမြတ်ရတနာဖြင့် အားဖြည့်ခံထားရသည် မဟုတ်ပါလော။
ထိုက်စုတာအိုသည် တောင်းဆိုသမျှ အရာတိုင်းကို လိုက်လျောပေးနိုင်သည်။ ကောင်းကင်နတ်အရှင်ဟောင်က ထိုက်စုကို သတ်ဖြတ်ကာ သူမ၏ တာအိုအစွမ်းအစများနှင့် အထွတ်အမြတ်ရတနာကို သိမ်းပိုက်ခဲ့သည်။ ဤအခိုက်အတန့်တွင် အထွတ်အမြတ်ရတနာက ဖန်ဆင်းခြင်းကောင်းကင်လက်နက်အပေါ် ထိန်းချုပ်ထားရင်း မြေအောက်ဘုံအရှင်သခင်၏ ရုပ်ခန္ဓာကို အဆက်မပြတ် စုပ်ယူ၍ ကောင်းကင်လက်နက် ကောင်းကင်နတ်အရှင်ယွီထံသို့ စီးဆင်းနေသည်။
ဤကောင်းကင်လက်နက် ကောင်းကင်နတ်အရှင်ယွီသည် အသွင်သဏ္ဍာန် ဖြစ်လာလျှင်ချင်း ကောင်းကင်ပေါ်သို့ ချက်ချင်း ပျံတက်ကာ ကောင်းကင်နတ်အရှင်ရှုထံ ဦးတည်သွားတော့၏။
ကောင်းကနတ်အရှင်လင်က ၎င်းကို လိုက်ဖမ်းသော်လည်း လိုက်မမှီသောကြောင့် ရပ်တန့်လိုက်သည်။
သူမက ဖန်ဆင်းခြင်းကောင်းကင်လက်နက်ဘေးသို့ ပြန်သွားလိုက်သည််။ ဤဖန်ဆင်းခြင်းကောင်းကင်လက်နက်ဆိုသည်မှာ သူမ ဖန်တီးခဲ့သော လက်နက်ကြီးတစ်ခု ဖြစ်သည်။
ထိုစဉ်တုန်းက ကျွယ်ဝူချိန်ကို ဖန်တီးခဲ့သော လက်နက်ဟု ဆိုရလိမ့်မည်။ နောက်ပိုင်း ကောင်းကင်ဟန်ကောင်းကင်နတ်ဘုံ ဖျက်ဆီးခံရသည့်အချိန်တွင်တော့ ဖန်ဆင်းခြင်းကောင်းကင်ကင်လက်နက်ကို ကောင်းကင်နတ်ဘုံက ယူဆောင်သွားခဲ့၏။ သို့သော် ဖန်ဆင်းခြင်းကောင်းကင်လက်နက်၏ ခမ်းနားဆန်းကြယ်မှုများကို မည်သူမှ နားမလည်နိုင်ခဲ့ချေ။
သခင်မယွမ်မု ရှစ်ချီလော်အဖြစ် ပြန်လည်ဝင်စားပြီး ဖန်ဆင်းဂိုဏ်းချုပ်နန်းတော်သို့ ရောက်လာခဲ့သည့်အချိန်ကျမှ ဖန်ဆင်းခြင်းကောင်းကင်လက်နက်ကား ကောင်းကင်နတ်ဘုံအတွက် ကောင်းကင်လက်နက် ကောင်းကင်နတ်အရှင်ယွီများ ဖန်တီးပေးရန် အသုံးဝင်ခဲ့သည်။
ကောင်းကင်နတ်အရှင်လင် ဖန်ဆင်းခြင်းကောင်းကင်လက်နက်ကို ဖန်တီးခဲ့သည့်အချိန်မှစ၍ ရှစ်ချီလော် ထိန်းချုပ်ခဲ့သည့်အချိန်အထိ နှင့်ထောင်သောင်းပေါင်းများစွာအတွင်း ဤကောင်းကင်လက်နက်သည် မည်သူမှမဖြေရှင်းနိုင်သော အမြင့်ဆုံး ဖန်ဆင်းခြင်းလမ်းစဉ်ကို ကိုယ်စားပြုခဲ့၏။
ကောင်းကင်နတ်အရှင်လင်က ဖန်ဆင်းခြင်းကောင်းကင်လက်နက်ကို မော့ကြည့်၍ ဖျက်ဆီးရန် ပြင်လိုက်စဉ် ချင်မူ့အသံက ရုတ်တရက် ထွက်ပေါ်လာသည်။ “မမကြီးလင်၊ ရပ်လိုက်”
ကောင်းကင်နတ်အရှင်လင်က ရပ်၍ ပြန်လှည့်ကြည့်လိုက်သည်။
ချင်မူက အမြုတေသုံးသွယ် လောကသခင်ခန္ဓာကို အသက်သွင်းလျက် ထိုက်ငါးပါး၏ ကျင့်စဉ်များ၊ လမ်းစဉ်များနှင့် ကောင်းကင်နတ်သိုင်းများဖြင့် မဟာဓိပတိအရှင်လင်းယွီဆီမှ လက်ကျန်ကောင်းကင်နတ်သိုင်းများကို ဖယ်ရှားရင်း သူ၏ဒဏ်ရာများကို ချုပ်ထားသည်။ သူက တည်ကြည်လေးနက်စွာ ပြော၏။ “မီလော့နန်းတော်ရဲ့ သခင်လေး,လေးနဲ့ သုံးက မမကြီးကို သတ်နိုင်မယ့် ရတနာတစ်ပါး သူ့ကို ပေးခဲ့တယ်လို့ ကောင်းကင်နတ်အရှင်ဟောင် စောစောက ပြောသွားခဲ့တယ်… မမကြီး ဖန်ဆင်းခြင်းကောင်းကင်လက်နက်အနား ရောက်သွားရင် အဲ့ဒါရဲ့ သက်ရောက်တာ ခံရနိုင်တယ်”
ကောင်းကင်နတ်အရှင်လင်မှာ ဖန်ဆင်းခြင်းကောင်းကင်လက်နက်ကို စစ်ဆေးကြည့်လိုက်ရာ နတ်ဘုရားမထိုက်စု၏ အထွတ်အမြတ်ရတနာကိုသာ တွေ့မြင်နေရသည်။ အခြားမည်သည့်ရတနာကိုမှ မတွေ့ရချေ။
ချင်မူက ထိုက်ယီတောင်ဝှေးကို အားပြုရင်း ရှေ့သို့ ခက်ခက်ခဲခဲ လျှောက်လာနေ၏။ သူ၏ မျက်ခုံးနှစ်ဖက်ကြားရှိ ဒေါင်လိုက်မျက်လုံးက ပွင့်လာပြီး ဖန်ဆင်းခြင်းကောင်းကင်လက်နက်ကို စစ်ဆေးကြည့်ရင်း သခင်လေးလေးထံမှ ရတနာကို ရှာဖွေနေ၏။ “မမကြီးက ဒြပ်ထုနဲ့ စွမ်းအင်အရာမှာ ကျွမ်းကျင်တယ်…. ဒီလောကမှာ မမကြီးကို သတ်နိုင်တဲ့သူ ဘယ်သူမှ မရှိဘူး… ဒါပေမဲ့ မီလော့နန်းတော်ရဲ့ ကျင့်စဉ်တွေ၊ လမ်းစဉ်တွေနဲ့ ကောင်းကင်နတ်သိုင်းတွေက တကယ်ကို နားလည်လို့ မရနိုင်တဲ့အရာတွေပဲ… သခင်လေးလေးမှာ မမကြီးကို သတ်နိုင်တဲ့ စွမ်းဆောင်ရည်မျိုး ရှိနေတာ ဖြစ်နိုင်တယ်…. ကျွန်တော်တို့ သတိထားရမယ်…”
သူ၏ မျက်ခုံးနှစ်ဖက်ကြားရှိ ဒေါင်လိုက်မျက်လုံးသည် မည်သည့်အရာကိုမဆို ထွင်းဖောက်မြင်ရနိုင်သော်လည်း ဖန်ဆင်းခြင်းကောင်းကင်လက်နက်ကို ကြည့်လိုက်သည့်အချိန်တွင် ထူးထူးဆန်းဆန်း အရာတစ်ခုမှ မြင်မနေရပေ။ သူက မျက်မှောင်ကြုတ်လိုက်သည်။
ဖန်ဆင်းခြင်းကောင်းကင်လက်နက်သည် ကောင်းကင်လက်နက် ကောင်းကင်နတ်အရှင်ယွီကို ဖန်တီးနေဆဲဖြစ်ပြီး ကောင်းကင်လက်နက်တစ်ခုက ရုပ်လုံးပေါ်လာနေ၏။
ချင်မူက အံတင်းတင်းကြိတ်လိုက်ပြီး အမြုတေသုံးသွယ် လောကသခင်ခန္ဓာကို အသက်သွင်းကာ သူ၏ဒဏ်ရာများအပေါ် ဖိနှိပ်လိုက်သည်။ သူသည် အလွန်တရာကြီးမားသော ဖန်ဆင်းခြင်းကောင်းကင်လက်နက်ကြီးကို ပတ်လျှောက်နေ၏။ “ရတနာတစ်ခု မဟုတ်တာလည်း ဖြစ်နိုင်တယ်…. ကောင်းကင်နတ်သိုင်းတစ်ခု ဒါမှမဟုတ် သင်္ကေတအမှတ်အသားတစ်ခုလည်း ဖြစ်နိုင်တယ်… ကောင်းကင်နတ်အရှင်ဟောင်က သိပ်ကို ယုံကြည်ချက်ရှိနေတာ… အားကိုးစရာတစ်ခုခု ရှိနေရမယ်” သူက ရေရွတ်နေသည်။
ဝှစ်…
ကောင်းကင်လက်နက် ကောင်းကင်နတ်အရှင်ယွီ နောက်တစ်ပါးက ဖန်ဆင်းခြင်းကောင်းကင်လက်နက်ထဲမှ ပျံထွက်သွားသည်။ ဧရာမခန္ဓာကိုယ်ကြီးက ကောင်းကင်ပေါ်သို့ ပျံတက်ကာ ရှေးဟောင်းနတ်ဘုရားဘုရင်ထံ ဦးတည်သွားချေပြီ။
ကောင်းကင်နတ်အရှင်လင်မှာ သူ့ကို အချိန်မီ မတားနိုင်ဘဲ ထွက်ခွာသွားသည်ကိုသာ ကြည့်နေရသည်။
ယခုတွင် အခြေအနေက ပြောင်းပြန်ဖြစ်သွားလေပြီ။ ကောင်းကင်နတ်အရှင်ဟွေ့သည် ကောင်းကင်လက်နက်ကို ရရှိသွားသည့်အတွက် ကောင်းကင်နတ်အရှင်ယွဲ့နှင့် လန်ဝူတို့မှာ သူ့ကို ဖိနှိပ်နိုင်ရန် မလွယ်တော့ပေ။ သူတို့အတွက် အသက်အန္တရာယ် ရှိနေကြ၏။ ကောင်းကင်နယ်စားမင်းနှင့် ချင်ဖုန်းကျင့်တို့က ရွှေသင်္ဘောပေါ်တွင် ရပ်နေကြသည်။ ကောင်းကင်နတ်အရှင်ရှု ထိန်းချုပ်ထားသည့် ကောင်းကင်လက်နက် ကောင်းကင်နတ်အရှင်ယွီက ရွှေသင်္ဘောကို တိုက်ခိုက်နေသဖြင့် သူတို့လည်း ကျဉ်းထဲကြပ်ထဲ ရောက်နေကြသည်။
ကောင်းကင်နတ်အရှင်ရုံ၏ မူလဝိညာဉ်က ကောင်းကင်လက်နက် ကောင်းကင်နတ်အရှင်ယွီကို ထိန်းချုပ်လိုက်သည်။ သို့သော် သူ့အနေဖြင့် ကောင်းကင်နယ်စားမင်း၏ ရုပ်ခန္ဓာအပေါ် ထိန်းချုပ်နေသော ရှေးဟောင်းနတ်ဘုရားဘုရင်နှင့် ယှဉ်နိုင်သည်ဆိုရုံသာ ရှိ၏။
ယခုတွင် ရှေးဟောင်းနတ်ဘုရားဘုရင်သည်လည်း ကောင်းကင်လက်နက်တစ်ခု ရသွားသဖြင့် ဟန်ချက်မညီတော့ပေ။
ဖန်ဆင်းခြင်းကောင်းကင်လက်နက်ထဲမှ ပျံထွက်သွားသော ကောင်းကင်နတ်အရှင်ယွီသည် ယခင်ကောင်းကင်လက်နက် ကောင်းကင်နတ်အရှင်ယွီနှင့် မတူပေ။ ကောင်းကင်လက်နက်အသစ်များသည် ထိုက်စုတာအိုဖြင့် ထိန်းချုပ်ထားသော ဖန်ဆင်းခြင်းကောင်းကင်လက်နက်ထံမှ တည်ဆောက်ထားခြင်း ဖြစ်သည့်အလျောက် ခန္ဓာကိုယ်ထဲတွင် ကောင်းကင်နန်းဆောင် တစ်ဆောင်ထက်ပို၍ ပိုင်ဆိုင်ထား၏။ ၎င်းက ကောင်းကင်နတ်အရှင်ဟွေ့၊ ကောင်းကင်နတ်အရှင်ရှုနှင့် ရှေးဟောင်းနတ်ဘုရားဘုရင်တို့ လိုအပ်နေသော ကောင်းကင်နန်းဆောင်များကို ဖြည့်တင်းပေးကာ ပြီးပြည့်စုံသော ကောင်းကင်နတ်ဘုံတစ်ခု ဖွဲ့တည်နိုင်ရန် လုံလောက်စေသည်။
ကောင်းကင်နတ်အရှင်ဟောင် နတ်ဘုရားမထိုက်စုကို သန့်စင်ပြီး ထိုက်စုတာအို ရရှိခဲ့ခြင်းက တိုက်ပွဲအပေါ် သက်ရောက်မှု ကြီးမားစွာ ဖြစ်စေခဲ့၏။
ချင်မူ့နဖူးတွင် ချွေးများ စို့လာသည်။ မြေအောက်ဘုံအရှင်သခင်၏ ရုပ်ခန္ဓာမှာလည်း လှိုင်းများအဖြစ် ဆက်လက်လွင့်ပျယ်နေ၏။ ၎င်းတို့ထဲမှ တစ်ခုက ချင်ဖုန်းကျင့်ထံ စီးဆင်းနေပြီး တစ်ခုက ကောင်းကင်နတ်အရှင်ရှုထံ စီးဆင်းကာ နောက်တစ်ခုက ဖန်ဆင်းခြင်းကောင်းကင်နန်းဆောင်၏ ဖန်ဆင်းခြင်းကောင်းကင်လက်နက်ထဲသို့ စီးဝင်နေသည်။
ကောင်းကင်လက်နက် ကောင်းကင်နတ်အရှင်ယွီ နောက်တစ်ပါးက ရုပ်လုံးပေါ်လာပြန်၏။
“မီလော့နန်းတော်ရဲ့ သခင်လေးလေးက ကောင်းကင်နတ်အရှင်ဟောင်ကို ဘာများ ပေးလိုက်တာပါလိမ့်… သူ ဘယ်နေရာမှာများ ဖွက်ထားလောက်သလဲ….”
ချင်မူ ပိုပို၍ စိုးရိမ်ပူပန်လာစဉ် ကောင်းကင်နတ်အရှင်လင်က ရုတ်တရက် ပြောသည်။ “မူ၊ ဆက်ရှာမနေနဲ့တော့… ဒီအတိုင်း ဆက်သွားနေရင် ယွဲ့ သေသွားလိမ့်မယ်”
“ကျွန်တော့်ကို အချိန်ခဏလောက်ပေးပါဦး”
ချင်မူ့ အသံက အက်ကွဲနေပြီး ရှိသမျှအားအင် စုစည်းကာ သူ၏မျက်ခုံးနှစ်ဖက်ကြားရှိ ဒေါင်လိုက်မျက်လုံးဆီ ပို့လွှတ်၍ ဖန်ဆင်းခြင်းကောင်းကင်လက်နက်ထဲသို့ စိုက်ကြည့်လိုက်သည်။
နောက်ဆုံးတွင်တော့ ဖန်ဆင်းခြင်းကောင်းကင်လက်နက်ထဲတွင် ကွယ်ဝှက်နေသည့် ကြိုးမျှင်တစ်မျှင်အား တွေ့လိုက်ရလေပြီ။
ကြိုးသည် အလွန်တရာ သေးမျှင်၏။
ကြိုး၏အစွန်းတစ်ဖက်က ဖန်ဆင်းခြင်းကောင်းကင်လက်နက်နှင့် ဆက်သွယ်ထားသော်လည်း ကျန်တစ်ဖက်ကတော့ မည်သည့်နေရာတွင် ရှိမှန်း မသိရချေ။
ကြိုးသည် ဟင်းလင်းပြင်ထဲတွင် ပုန်းကွယ်နေပြီး ချင်မူ ကြိုးတစ်လျှောက် ကြည့်ရှုလိုက်သည့်အခါတွင်တော့ ၎င်း၏အဆုံးကို မတွေ့ရပေ။
ကြိုးမျှင်က အဆုံးမရှိနိုင်အောင် ဆန့်တန်းလျက် ယိုတုကို ဖြတ်သန်းကာ ဘိုးဘေးနန်းတော်ထဲသို့ ရောက်သွားသည်။ သူ ကြိုးမျှင်အတိုင်း ဆက်ကြည့်သည့်အခါ ဖရိုဖရဲများကိုသာ တွေ့မြင်ရ၏။
'ဒီကြိုးက ကမ္ဘာဦးစကြ၀ဠာနဲ့ ဆက်နွယ်နေတာဆိုတော့ သခင်လေးလေးရဲ့ လက်ထဲမှာ ကိုင်ထားတာ ဖြစ်ရမယ်…. သူက အရင်စကြ၀ဠာရဲ့ ကျောက်စိမ်းမြို့တော်ထဲမှာ နေပြီးတော့ သူ့လက်ချောင်းတွေက ဒီကြိုးကို ဆွဲနေတာပဲ”
ချင်မူက ပတ်ဝန်းကျင်အား ဝေ့ဝဲကြည့်ရင်း တန်ပြန်တိုက်ကွက်ကို စဉ်းစားနေသည်။
ကောင်းကင်နတ်အရှင်လင် ဖန်ဆင်းခြင်းကောင်းကင်လက်နက်ကို ထိလိုက်သရွေ့ သခင်လေးလေးက ကြိုးကို လွှတ်ကာ သူ၏ကောင်းကင်နတ်သိုင်းကို ပေါက်ကွဲစေပေလိမ့်မည်။
ချင်မူမှာ သခင်လေးလေးနှင့် တွေ့ဆုံခဲ့ဖူးသည့် အခြေအနေနှစ်ရပ်ကို သတိရသွားသည်။ ထိုနှစ်ကြိမ်လုံးတွင် သခင်လေးလေးသည် တာအိုသစ်ပင်အောက်တွင် ထိုင်ကာ ဗျပ်စောင်းကြိုးအား တီးနေခဲ့သည်။ ထိုတေးသံကို သူ မည်မျှပင် ကြိုးစားသော်လည်း သိမြင်နားလည်နိုင်ခြင်း မရှိခဲ့ပေ။
ဤကြိုးမျှင်သည် ထိုဗျပ်စောင်းထံမှ လာခြင်း ဖြစ်ပေလိမ့်မည်။
ချင်မူက လက်သီးဆုပ်၍ သူ ကြားခဲ့ဖူးသည့် ဗျပ်စောင်းသံအား ပြန်လည်စဉ်းစားလိုက်သည်။
'ငါ ကာမယ် ဆိုရင်တောင် သခင်လေးလေးရဲ့ ကောင်းကင်နတ်သိုင်းကို သေချာပေါက် ကာနိုင်မှာမဟုတ်ဘူး…. သူ့ ကောင်းကင်နတ်သိုင်း ရောက်လာရင် ကောင်းကင်နတ်အရှင်လင် သေချာပေါက် သေလိမ့်မယ်…. ကောင်းကင်နတ်အရှင်လင်က မီလော့နန်းတော်ရဲ့ လမ်းစဉ်တွေ၊ ကျင့်စဉ်တွေနဲ့ ကောင်းကင်နတ်သိုင်းထဲ မြှုပ်နှံထားတာဆိုတော့ သေချာပေါက် အသက်ရှင်မှာ မဟုတ်ဘူး…. ဒါကြောင့် သူ ဗျပ်စောင်းသံကြားအောင်ပဲ လုပ်ရလိမ့်မယ်… သူက သေသွားတဲ့ မိန်းမကို လွမ်းလို့ ဗျပ်စောင်းသံကို နားထောင်နေတာဆိုတော့ အဲ့တာကို အခွင့်အရေးယူနိုင်မယ့် အခြေအနေရှိတယ်”
ချင်မူက လက်သီးဆုပ်လိုက်ပြီးနောက် လက်ချောင်းဆယ်ချောင်းကို ဖြန့်ကားလိုက်သည်။ ထို့နောက် လက်သီးပြန်ဆုပ်၍ နောက်တစ်ကြိမ် ဖြန့််ကားလိုက်ပြန်သည်။ သူ့မှာ ပြောပြ၍မရနိုင်အောင် စိတ်လှုပ်ရှားနေသည့်အပြင် စိုးရိမ်ပူပန်နေမိသည်။
သူသည် တစ်ခါမှ တေးသွားကို မမြင်ဖူးသော်လည်း သခင်လေး,လေး နှစ်ကြိမ်မျှ တီးခတ်သည်ကို ကြားဖူး၏။ သို့သော် ထိုဂီတသံက တီးခတ်ရန် ခက်ခဲလွန်းပေသည်။
ကောင်းကင်နတ်အရှင်လင် လှည့်ကြည့်လိုက်သည့်အခါ ကောင်းကင်နတ်အရှင်ယွဲ့နှင့် လန်ဝူမှာ ကောင်းကင်လက်နက် ကောင်းက်နတ်အရှင်ယွီနှင့် ကောင်းကင်နတ်အရှင်ဟွေ့တို့ကြောင့် လူစုကွဲသွားကြောင်း တွေ့လိုက်ရ၏။ သူတို့နှစ်ယောက်သည် ကောင်းကင်နတ်အရှင်ဟွေ့အား ရင်ဆိုင်တိုက်ခိုက်နေကြသော်လည်း ကောင်းကင်နတ်အရှင်ဟွေ့၏ ကောင်းကင်နတ်သိုင်းများကို လုံးဝမခုခံနိုင်ကြပေ။
“ငါ ထပ် မစောင့်နိုင်တော့ဘူး”
ကောင်းကင်နတ်အရှင်လင်က ရှေ့သို့ ခြေတစ်လှမ်း တက်လိုက်၏။ “ဒီအတိုင်း ဆက်သွားနေရင် ယွဲ့က ကောင်းကင်နတ်အရှင်ဟွေ့ကြောင့် သေတော့မယ်”
သူမက ဖန်ဆင်းခြင်းကောင်းကင်လက်နက်ကို လက်ညှိုးထိုးလိုက်ကာ သူမကိုယ်တိုင် တည်ဆောက်ထားသော ကောင်းကင်လက်နက်ကို ဖျက်ဆီးပေတော့မည်။
ချင်မူသည် အံတင်းတင်းကြိတ်၍ လက်နှစ်ဖက်ကို ဆန့်ချည်စုချည် လုပ်လိုက်၏။ ဗျပ်စောင်းကြိုး ၄၉ ကြိုး ပျံ့ကားထွက်လာပြီး ဖန်ဆင်းခြင်းကောင်းကင်လက်နက်အတွင်းရှိ ဗျပ်စောင်းကြိုးနှင့် ဆက်နွယ်သွားသည်။
ချင်မူက လေလည်တွင် ထိုင်ချလိုက်ပြီး သူ၏ ချိုင်းအောက်မှ လက်များ ဖောက်ထွက်လာသည်။ သူ၏ လက်ခြောက်ဖက်နှင့် လက်ချောင်းသုံးဆယ်တို့က ဗျပ်စောင်းကြိုး ၅၀ အထက်၌ ကခုန်နေကြပြီး ယခင်က ကြားခဲ့ဖူးသည့် တေးသံကို တီးခတ်နေကြသည်။
ဗျပ်စောင်းကြိုးများ တုန်ခါနေစဉ်မှာပဲ ကောင်းကင်နတ်အရှင်လင်၏ လက်ကား ဖန်ဆင်းခြင်းကောင်းကင်လက်နက်အပေါ် ထိသွားချေပြီ။
ဗျပ်စောင်းသံ ထွက်ပေါ်လာသည်။
ညှို့ငင်ဖမ်းစားနိုင်သော ဗျပ်စောင်းသံသည် ယိုတုတွင် တစ်ချိန်တည်း ထွက်ပေါ်၍ ပဲ့တင်ထပ်သွားကာ တိုက်ခိုက်နေကြသည့် ကောင်းကင်နတ်အရှင်အားလုံး ပြတ်သားစွာ ကြားလိုက်ရစေသည်။
ထိုအခိုက်အတန့်တွင် ဗျပ်စောင်းသံ နောက်တစ်သံကလည်း ဘိုးဘေးနန်းတော်ထဲမှ ပျံ့လွင့်လာသည်။ ကောင်းကင်နတ်ဘုံနှစ်ဘုံသည် ဝင်တိုက်သွားသော်လည်း လှပတင့်တယ်သည့် တေးသံကို ဖုံးအုပ်မထားနိုင်ချေ။
ခိုင်ဧကရာဇ်နှင့် ကောင်းကင်နတ်အရှင်ဟောင်တို့အကြားရှိ တိုက်ပွဲက ပြင်းထန်နေသည်။ ခိုင်ဧကရာဇ်က ဘယ်လက်ကို သုံးလျက် ဓားလက်ချောင်းကို ဖော်ဆောင်လိုက်ရာ ဓားတာအို၏ မဟာခြုံလွှမ်းကောင်းကင်နတ်ဘုံဆီမှဗ တာအိုပန်းပွင့်က လှည့်ပတ်ရင်း ဖွဲ့တည်လာ၏။ ထိုအခိုက်အတန့်တွင် ဓားတာအိုသည် ပျံ့ကား၍ ကြယ်တာရာအလင်းတန်းများအပေါ် လွှမ်းခြုံလိုက်သည်။
ခိုင်ဧကရာဇ်မှာ ဗျပ်စောင်းသံကို ကြားလိုက်ရချိန်တွင် အနည်းငယ် ကြောင်အသွားသည်။ သူကား ဓားနှင့်အတူ ကောင်းကင်နတ်အရှင်ဟောင်ကို ထိုးစိုက်မတော့ဘဲ ကောင်းကင်နတ်ဘုံကို နှစ်ခြမ်းခွဲ၍ ဖျတ်ခနဲ ယိုတုထဲ ဝင်ရောက်သွားတော့၏။
ကောင်းကင်နတ်အရှင်ဟောင်က သူ့ကို လိုက်ဖမ်းသည်။ သူတို့နှစ်ယောက်က ယိုတုအမှောင်ထုထဲတွင် ထိပ်တိုက်တွေ့ပြီးနောက် ပြန်လည်လူစုကွဲသွားကြသည်။
မဟာခြုံလွှမ်းကောင်းကင်ဘုံနှစ်ခုသည် တဝှီးဝှီး လှည့်ပတ်နေပြီး ဝာာအိုသစ်ပင်များ ယိမ်းနွဲ့သွား၏။ မရေမတွက်နိုင်သော မန္တန်များနှင့် ကောင်းကင်နတ်သိုင်းတို့က ယိုတုကို တုန်ခါသွားစေသည်။
ခိုင်ဧကရာဇ်က ရှေ့မှ နေ၍ ဖန်ဆင်းဂိုဏ်းချုပ်နန်းတော်သို့ တန်းတန်းမတ်မတ် ဦးတည်သွားနေသည်။ ကောင်းကင်နတ်အရှင်ဟောင်က နောက်မှ ထပ်ကြပ်မကွာ လိုက်နေသည်။
ဘိုးဘေးနန်းတော် ကျောက်စိမ်းမြို့တော်ထဲတွင် ဖရိုဖရဲချီများက အဆုံးမရှိနိုင်အောင် ပျံ့လွင့်နေကြလေသည်။ ဖရိုဖရဲမြစ်အထက်တွင် ဗျပ်စောင်းကြိုးက မဟာပျက်စီးခြင်းကပ်ဘေးကြီးကို ဖြတ်သန်း၍ ဆယ့်ခြောက်စင်းမြောက် စကြ၀ဠာထံ ဝင်ရောက်သွား၏။
မဟာပျက်စီးခြင်းကပ်ဘေးကြီးထဲတွင် တာအိုသစ်ပင်တစ်ပင်က တာအိုသစ်သီးခုနစ်လုံးဖြင့် တည်ရှိနေသည်။ သစ်ပင်သည် ဖရိုဖရဲမြစ်ထဲတွင် လှိုင်းဂယက်များ ဖြန့်ကျက်ထားရင် သန့်စင်သောနယ်မြေတစ်ခုကို ကာကွယ်ပေးထား၏။
သခင်လေးလေးက သစ်ပင်အောက်တွင် ထိုင်နေပြီး ဗျပ်စောင်းတစ်ခုကို ဒူးတွင် တင်ထားသည်။ ဤ ဗျပ်စောင်းက အခြားဗျပ်စောင်းများနှင့် မတူဘဲ ဗျပ်စောင်းကြိုး ၅၀ ရှိနေသည်။
သူသည် ယခင်က ဆယ်စင်းမြောက် စကြ၀ဠာတွင် တည်ရှိနေခဲ့သော်လည်း ယခုတွင်တော့ ဆယ့်ခြောက်စင်းမြောက် စကြ၀ဠာသို့ ရောက်နေလေသည်။
သူ၏လက်သန်းက ကြိုးတစ်ချောင်းတွင် ချိတ်လျက် ရှိနေပြီး ဆတ်ခနဲ ဆွဲလိုက်၏။
ဤအခိုက်အတန့်တွင် ကြိုးများတုန်ခါလာပြီး ရင်းနှီးနေသော တေးသံတစ်သံ ထွက်ပေါ်လာသည်။ သခင်လေးလေးသည် ငေးငိုင်သွားပြီး ဂီတသံကို နားထောင်နေ၏။ သူ၏ မျက်ဝန်းများထဲတွင် လွမ်းဆွတ်တမ်းတမှုမများ ပြည့်နှက်လာသည်။
သူသည် မျက်လုံးများကို မှိတ်၍ သူ ပူဆွေးတောင့်တနေခဲ့သော တေးသံကို နားထောင်နေ၏။ သူ၏ မျက်၀န်းထောင့်များမှ မျက်ရည်များ စီးကျလာသည်။
သူ့မှာ အချစ်ရဆုံး ဇနီးသည်နှင့် အတူရှိခဲ့သော နေ့ရက်များသို့ ပြန်ရောက်သွားသည့်အလားပင်။
ကြိုးများထံမှ ပျံ့လွင့််လာနေသည့် တေးသံက သူ့ကို မိန်းမောယစ်မူးနေစေသည်။ သူ၏ တာအိုနှလုံးသားထဲရှိ အလွမ်းမှာ ပိုပို၍ ပြင်းထန်လာသည်။ ထိုစဉဉ် ဗျပ်စောင်းသံက ပြောင်းလဲသွား၏။
“ညီတော်ခုနစ်၊ မင်းက အံ့ဩဖို့ ကောင်းလိုက်တာ…. အောင်မြင်လုနီးပါးပဲ”
သခင်လေးလေးက ရုတ်တရက် မျက်လုံးများ ပွင့်လာပြီး ယစ်မူးနေရာမှ နိုးထလာသည်။ သူက လက်သန်းမှ ကြိုးအား လွှတ်ချလိုက်သည်။
ဖန်ဆင်းဂိုဏ်းချုပ်နန်းတော်ထဲတွင် ကောင်းကင်နတ်အရှင်လင်၏ လက်ညှိုးက ဆန့်တန်းနေသည်။ ဖန်ဆင်းခြင်းကောင်းကင်လက်နက်သည် ရုတ်တရက် ပုံပျက်လာပြီး ရှေ့သို့ ပြိုကျလာ၏။ မျက်စိတစ်မှိတ်အတွက် ၎င်းက အလိုအလျောက် ပုံပျက်ကာ လုံးဝဖျက်ဆီးခံလိုက်ရသည့် ဧရာမရွှေရောင်အလုံးကြီးတစ်လုံးအသွင် ပြောင်းလဲသွားတော့သည်။
တစ်ချိန်တည်းမှာပင် ချင်မူ့တေးသံမှာ မှားယွင်းသွားသည်။ သေးငယ်သော အမှားလေး ဖြစ်သော်လည်း သူ့ကို ကြက်သီးမွှေးညှင်းများ ထသွားစေသည်။ သူက မည်သည်ကိုမျှ မပြောဘဲ လေပေါ် ပျံတက်၍ ကောင်းကင်နတ်အရှင်လင်အား ခုန်အုပ်လိုက်သည်။
ကောင်းကင်နတ်အရှင်လင်မှာ ချင်မူ့ရင်ခွင်ထဲ ရောက်သွားပြီး သူက သူမကို ပွေ့၍ အသည်းအသန် ပြေးထွက်သွားသည်။
ဖန်ဆင်းခြင်းကောင်းကင်လက်နက်တွင် ရစ်ပတ်နေသည့် ဗျပ်စောင်းကြိုးက တုန်ခါသွားချေပြီ။ ယခင်စကြ၀ဠာမှ အားကောင်းပြင်းထန်လှသော စွမ်းအင်အလုံးကြီးက ပေါက်ကွဲထွက်၍ သူတို့နောက်သို့ လိမ့်ဆင်းလာသည်။ ထိုစွမ်းအားက မည်သည့်အရာကိုမဆို ဖျက်စီးနိုင်သဖြင့် မည်သူမှ ခုခံနိုင်မည်မဟုတ်ပေ။
ထိုအခိုက်အတန့်တွင် ခိုင်ဧကရာဇ်နှင့် ဓားတာအို မဟာခြုံလွှမ်းကောင်းကင်ဘုံက ဆင်းသက်လာပြီး သူတို့နှင့် စွမ်းအင်အလုံးကြီးအကြား ဝင်ခံပေးလိုက်သည်။ ဓားတာအိုသည် မျက်စိကျိန်းမတတ် အလင်းရောင်ဖြင့် ပေါက်ကွဲသွားတော့၏။
“ချင်ယဲ့”
ချင်မူ့မျက်လုံးများက ပေါက်ကွဲထွက်လုမတတ် ပြူးကျယ်သွားပြီး ကောင်းကင်နတ်အရှင်လင်ကို လွှတ်ချလိုက်သည်။ သူ၏ မှော်စွမ်းအင်မှန်သမျှက မပြောင်းလဲသော ကောင်းကင်နတ်သိုင်းကို အသက်သွင်းလိုက်ပြီး ခိုင်ဧကရာဇ်ထံ ပြေး၀င်သွား၏။
သခင်လေးလေး၏ ကောင်းကင်နတ်သိုင်းမှာ ကောင်းကင်နတ်အရှင်လင်ကို အသေသတ်ရန် ရည်ရွယ်သည်။
ကောင်းကင်နတ်အရှင်လင်သည် စွမ်းအင်နှင့် ဒြပ်ထုကို သိမြင်နားလည်ထားသဖြင့် သူမကို ဖျက်ဆီးရန်မှာ မဖြစ်နိုင်သလောက် ရှိ၏။ သခင်လေးလေး၏ ကောင်းကင်နတ်သိုင်းမှာ အလွန်ပြင်းထန်အားကောင်းလွန်းသည့်အတွက် တာအိုသိုင်းပညာရှင်များကိုပင် အလွယ်တကူ သတ်ဖြတ်နိုင်သည့် အဓိပ္ပာယ် ဖြစ်လေသည်။
ခိုင်ဧကရာဇ်က ချင်မူ့ခေါ်သံကို ကြားလိုက်ရသည့်အလား လှည့်ကြည့်လာကာ ပြုံးပြသည်။
သူ့အနောက်တွင် ဓားတာအိုမဟာခြုံလွှမ်းကောင်းကင်ဘုံမှာ သခင်လေးလေး၏ ကောင်းကင်နတ်သိုင်းကြောင့် ပြာကျသွားသည်။
“ဖရိုဖရဲခန်းမမှာ ပြန်တွေ့ကြမယ်”
ခိုင်ဧကရာဇ်က ပြုံးလျက်ပင်။ ချင်မူ၏ မပြောင်းလဲသော ကောင်းကင်နတ်သိုင်းမှာ သူ့အနားသို့ မရောက်ခင် တွန်းဖယ်ခံလိုက်ရသည်။ ခိုင်ဧကရာဇ်မှာ ကြောက်မက်ဖွယ်ရာ ကောင်းကင်နတ်သိုင်းကြောင့် ချေမှုန်းဖျက်ဆီးခံလိုက်ရချေပြီ။
ချင်မူ့ခန္ဓာကိုယ်မှာ တောင့်တင်းသွားပြီး ကျောက်ရုပ်ကြီးပမာ ရပ်ကျန်ခဲ့သည်။
တာအိုပန်းပွင့်တစ်ပွင့် မြောလွင့်လာာပြီး သူ့ကို လှည့်ပတ်၍ ဘေးမှ ဖြတ်ကာ အဝေးရှိ ရွှေသင်္ဘောဆီသို့ ဦးတည်သွားလေသည်။
ရွှေသင်္ဘောပေါ်တွင် ခပ်ဝါးဝါး အရိပ်တစ်ခုက ညှိုးခြောက်နေသော တာအိုပန်းပွင့်ကို ဖမ်းယူကိုင်တွယ်လိုက်သည်။
တာအိုပန်းပွင့်ထဲတွင် ဓားတာအိုမှာ ပြိုလဲနေ၏။ သို့သော် သူ့လက်ထဲသို့ ရောက်သွားသည်နှင့် ပြိုလဲနေခြင်း ရပ်တန့်သွားသည်။
ထိုလူရိပ်က တာအိုပန်းပွင့်ကို ကိုင်ကာ သက်ပြင်းချလိုက်သည်။ ထို့နောက် ချာခနဲ လှည့်၍ သင်္ဘောထဲသို့ ၀င်ရောက်သွားလေသည်။
သူ၏ ပုံရိပ်က ပုံရိပ်ယောင်မှတစ်ဆင့် အစစ်အမှန်အဖြစ် ပြောင်းလဲလာ၏။ ခါးတွင် ဓားချိတ်ထားသော သူ၏အသွင်သဏ္ဍာန်ကား အထီးကျန်နေသော်ငြား ဂုဏ်ယူမှုအပြည့် ရရှိနေသည်။