← Chapters

စုတ်ပြတ်သွားသော နှလုံးသား

Vol. 124 Ch. 1607

စုတ်ပြတ်သွားသော နှလုံးသား

Vol. 124 Ch. 1607

ချင်မူမှာ တွေဝေရှုပ်ထွေးကာ မူးနောက်လာသည်။ သူ တွေးနိုင်သမျှသာ သေဆုံးတော့မည့် ခိုင်ဧကရာဇ်သာ ဖြစ်နေတော့သည်။

သူ့မှာ အားအင်တို့လည်း မစုစည်းနိုင်သလို၊ ပြန့်ကြဲနေသော ချီစွမ်းအင်ကိုလည်း မလှုံ့ဆော်နိုင်ပေ။ မျက်လုံးများကိုပင် အာရုံစူးစိုက်ရန် ခက်နေသည်။

မိုးကြိုးက သူ၏နှလုံးသားတည့်တည့်သို့ ပစ်ချလိုက်သည့်အလား၊ သူ့တွင် ရှိသမျှ ခွန်အားတို့အား တခဏအတွင်း စုပ်ယူခံလိုက်ရသယောင်ပင်။

လက်ကို မြှောက်၍ ရှေ့သို့ ဖမ်းဆုပ်လိုက်သော်လည်း မည်သည်ကိုမှ မဖမ်းမိလိုက်။

ဓားတာအို၏ မဟာခြုံလွှမ်းကောင်းကင်ဘုံ၊ တာအိုသစ်ပင်နှင့် ... ခိုင်ဧကရာဇ်... အရာအားလုံး ဗလာကျင်းကာ ပျောက်ကွယ်သွားသည်။

မီလော့နန်းတော်မှ သခင်လေး,လေး၏ ရိုက်ချက်သည် ခိုင်ဧကရာဇ်ကို ရည်ရွယ်ခြင်းမဟုတ်။ သတ်ရ အခက်ဆုံးသော ကောင်းကင်နတ်အရှင်လင်ကို ပစ်မှတ်ထားခဲ့သည်။ သို့သော် ခိုင်ဧကရာဇ်က ကောင်းကင်နတ်အရှင်လင်အတွက် အသေခံပေးသွားခဲ့ချေပြီ။ ကောင်းကင်နတ်အရှင်လင်ကို ပစ်မှတ်ထားသော တိုက်ကွက်အား ခိုင်ဧကရာဇ်သည် အဘယ်သို့ပြု၍ တောင့်ခံနိုင်ပါမည်နည်း။

သို့သော်....

ချင်မူ့နှလုံးသားမှာ တစစီ စုတ်ဖြဲခံလိုက်ရသကဲ့သို့ တဆစ်ဆစ် နာကျင်ကာ ‌အောင့်လာသည်။

ဘာ့ကြောင့် ခိုင်ဧကရာဇ် ဖြစ်နေရသနည်း။

ခိုင်ဧကရာဇ်သည် ဘိုးဘေးနန်းတော်ထဲတွင် တာအိုရရှိထားသည့် ကောင်းကင်နတ်အရှင်ဟောင်နှင့် တိုက်ခိုက်နေသင့်သည် မဟုတ်လေလော။ ဘာ့ကြောင့် ရုတ်တရုက် ပေါ်လာပြီး ဤအသေသတ်တိုက်ကွက်အား ခုခံ၍ ကောင်းကင်နတ်အရှင်လင်အတွက် သေပေးခဲ့သနည်း။

ချင်မိသားစုအိမ်ထောင်စုစာရင်း၏ ပထမဆုံးစာမျက်နှာမှ ချင်ယဲ့... ချင်မူ မေ့မရနိုင်ခဲ့သော နာမည်။

ချင်မူ ငယ်ငယ်တုန်းက ချင်မိသားစု၏ အိမ်ထောင်စုစာရင်းစာအုပ်အား ဖွင့်ကြည့်ခဲ့ဖူးသည်။ သူ့နာမည်ကို အိမ်ထောင်စုစာရင်း၌ မြင်ခဲ့ရသည့်အခါ ဂုဏ်ယူမိဖူး၏။ ခိုင်ဧကရာဇ် ချင်ယဲ့ဆိုသော ပုဂ္ဂိုလ်ကိုလည်း အင်မတန်မှ လေးစားအားကျခဲ့ပြီး နှိုင်းယှဉ်မရလောက်အောင် ခမ်းနားကြီးမြတ်၍ ဩဇာကြီးမားသော အရှင်ဘုရင်တစ်ပါးဖြစ်ရမည်ဟု စိတ်ကူးယဉ်ခဲ့ဖူးသည်။

နောက်ပိုင်းတွင် ရွှင်ပျော်ပျော်‌ကျေးရွာ၏ အကြောင်းစုံအား သိရသည့်အခါ သူ့နှလုံးသားထဲတွင် တည်ဆောက်ထားသည့် ခိုင်ဧကရာဇ်သည် အလိုအလျောက် ပြိုကျသွားခဲ့၏။ သူ့နှလုံးသားထဲတွင် ခိုင်ဧကရာဇ် ချင်ယဲ့ဆိုသူက ပျက်စီးသွားသော ခိုင်ဧကရာဇ်ခေတ်အား မျက်ကွယ်ပြုခဲ့သူ၊ သူ့ကို အားကိုးထားသူများအား စွန့်ပစ်ရက်ခဲ့သူ... မင်းကျင့်တရားနှင့် မညီသော ဘုရင်တစ်ပါးဟူ၍ ဖြစ်လာခဲ့သည်။

သူ အတိတ်သို့ ပြန်ရောက်သွားစဉ် နဂါးခေတ်၏ အစောပိုင်း၌ လူငယ်ချင်ယဲ့နှင့် ဆုံတွေ့ခဲ့ရသည်။ သူတို့နှစ်ယောက် မတည့်ခဲ့သော်လည်း ချင်ယဲ့သည် သူ ပုံဖော်ထားသော ချင်ယဲ့နှင့် မတူမှန်း ချင်မူ သဘောပေါက်လာခဲ့၏။

ချင်ယဲ့ကား တည့်မတ်သည်၊ တည်ကြည်သည်။ မာန်အပြည့်ရှိသည်။ မျက်နှာတွင် မပြသသော်လည်း သူ့တွင် အရှိန်အဝါကြီးမားသော အဟန့်အထည် ရှိနေနှင့်၏။ မည်သည့်ကျရှုံးမှုမှ၊ မည်သည့်ရိုက်နှက်ချက်မှ သူ့အား အလဲမထိုးနိုင်မည့်အလား ထင်ရသည်။

သို့သော် ချင်မူ့စိတ်ထဲတွင်တော့ သူ့အပေါ် အဆိုးမြင်စိတ်များသာ နေရာယူထားခဲ့သည်။ မျိုးဆက်သစ်တို့၏ ဆင်းရဲဒုက္ခများအတွင် တာဝန်ရှိသူက ချင်ယဲ့ဟု ယုံကြည်ထားခဲ့၏။ မူလနှလုံးသားကို မေ့လျာ့သွားခဲ့သူ၊ ရွှင်ပျော်ပျော်ကျေးရွာတွင် စည်းစိမ်ချမ်းသာခံစားရင်း ဖို့တစ်ဖို့တည်းသာ ကြည့်တတ်သော ဘုရင်အစုတ်အပြတ်တစ်ပါး၊ မင်းဆိုးမင်းညစ်တစ်ပါး ဟုသာ ထင်မှတ်ထားခဲ့သည်။

နောက်ပိုင်း၌ ချင်မူ ရွှင်ပျော်ပျော်ကျေးရွာကို ရှာတွေ့သွားသဖြင့် ဝင်ကြည့်ခဲ့သည်။ သူ မြင်လိုက်သည်မှာ စိတ်ဓာတ်ကျနေသော မျိုးဆက်ဟောင်းတို့နှင့် စည်းစိမ်ချမ်းသာတို့တွင် ပျော်မွေ့နေသော မျိုးဆက်သစ်တို့ ဖြစ်သည်။

ချင်ယဲ့တစ်ယောက်တည်းသာ မူလနှလုံးသားကို ထိမ်းသိမ်းထားနိုင်ခဲ့၏။ ရွှင်ပျော်ပျော်ကျေးရွာအား မုန်တိုင်းထန်နေသော ပင်လယ်တစ်စင်းနှင့် ပမာနှိုင်းပြရလျှင် ချင်ယဲ့က တည်ငြိမ်သော လှေငယ်တစ်စင်း ဖြစ်နေလိမ့်မည်။ သို့သ်ော သူသည်ပင် ရွှင်ပျော်ပျော်ကျေးရွာ၏ အခြေအနေကို ပြောင်းလဲပေးရန် မစွမ်းသာခဲ့ပေ။

ချင်မူ ရောက်မလာခင်အထိပင်။

ချင်မူသည် သူ့ကို အပြစ်တင်ကာ ခနဲ့ခဲ့၏။ ချင်ယဲ့က ချင်မူနှင့် တိုက်ခိုက်ကာ ရွှင်ပျော်ပျော်ကျေးရွာ၏ စိတ်ဓာတ်အားမာန်တို့ကို ပြန်လည်လှုံ့ဆော်နိုင်ခဲ့သည်။

သူတို့နှစ်ယောက်၏ ရွှင်ပျော်ပျော်ကျေးရွာတိုက်ပွဲတွင် နှစ်ယောက်စလုံးသည် တစ်ဖက်သူ၏အကျင့်စရိုက်ထဲ၌ မိမိကိုယ်မိမိ ပြန်တွေ့လိုက်ရသလို ခံစားခဲ့ကြရ၏။

ထိုတိုက်ပွဲပြီးနောက် ချင်မူက ချင်မိသားစု၏ အိမ်ထောင်စုစာရင်းထဲမှ ဖယ်ရှားခံလိုက်ရပြီး ကောင်းကင်နတ်အရှင်မူ ဟူ၍ ဖြစ်လာခဲ့သည်။

ထို့နောက်ပိုင်း သူတို့နှစ်ယောက်သား မကြာခဏ ဆုံတွေ့တတ်ကာ အကြိမ်ကြိမ် တိုက်ခိုက်ခဲ့ဖူးသေးသည်။ သို့သော် ခိုင်ဧကရာဇ်အပေါ် မကျေမနပ်စိတ်တို့ ချင်မူ့တွင် မရှိတော့ပေ.

အမှန်တွင် ချင်မူမှာ သူ့ကိုယ်သူ ချင်မိသားစုဝင်တစ်ယောက်၊ ချင်ယဲ့၏ မျိုးဆက်တစ်ယောက်အဖြစ် သတ်မှတ်ထားဆဲ ဖြစ်သည်။ သို့သ်ော သူ့တွင် ထာဝရငြိမ်းချမ်းရေးအင်ပါယာအပေါ် ကာကွယ်ပေးရမည့် တာဝန်က ရှိနေသေးသည်။

ထာဝရငြိမ်းချမ်းရေးအင်ပါယာ၏ ကောင်းကင်နတ်အရှင်မူက ခိုင်ဧကရာဇ်၏ မျိုးဆက် ဖြစ်နေ၍ မရပေ။

ထာဝရငြိမ်းချမ်းရေးအင်ပါယာနှင့် ရွှင်ပျော်ပျော်‌ကျေးရွာအကြား တိတိရိရိ စည်းခြားထားရမည်။ မဟုတ်လျှင် ထာဝရငြိမ်းချမ်းရေးအင်ပါယာ၏ တိုးတက်ဖွံ့ဖြိုးရေးအတွက် အတိုင်းထက်အလွန် ဒုက္ခဖြစ်စေလိမ့်မည်။ ထီးနန်းအာဏာသာ သက်ဆိုင်ခြင်းမဟုတ်၊ ပြည်သူပြည်သားတို့၏ ဘဝနေထိုင်ရေး၊ ပြည်သူပြည်သားတို့၏ ထောက်ခံမှုနှင့် ကောင်းကင်နတ်ဘုံ၏ သဘောထားတို့လည်း ပါဝင်ပတ်သက်နေသေးသည်။

ထာဝရငြိမ်းချမ်းရေးအင်ပါယာ အဓွန့်ရှည်တည်တံ့လိုလျှင် ရွှင်ပျော်ပျော်ကျေးရွာနှင့် ပတ်သက်၍ မရပေ။၊

ခိုင်ဧကရာဇ်နှင့် ချင်မူသည် တစ်ယောက်ကိုတစ်ယောက် တာအိုရောင်ရင်းများအဖြစ်သာ ဆက်ဆံခဲ့ကြ၏။ ထိုဆက်ဆံ‌ရေးက ဝါစဉ်ကြီးနှင့် ဝါစဉ်ငယ်အကြား ဆက်ဆံရေးနှင့် မထူးလှပေ။ မိသားစုဆိုသည့် ဆက်ဆံရေးမျိုး မရှိခဲ့။

သို့သ်ော ဤအခိုက်အတန့်တွင်တော့ ချင်မူမှာ တာအိုနှလုံးသားထဲမှာ သည်းထန်စွာ အော်ဟစ်ပူဆွေးနေသံကို ခံစားလိုက်ရသည်။ ချစ်ရသော မိသားစုဝင်တစ်ယောက် ဆုံးပါးသွားသည့် နာကျင်မှုမျိုးက သူ၏တာအိုနှလုံးသားအား နှိပ်စက်နေတော့သည်။

“ခင်ဗျားကြီးဗျာ.. ဘာလို့ ရုတ်တရက် ပေါ်လာရတာလဲ”

ထိုစဉ် ကောင်းကင်နတ်အရှင်ဟောင်က သူ့မြင်ကွင်းထဲတွင် ဖျတ်ခနဲ ပေါ်လာသည်။ ချင်မူက ချာခနဲ လှည့်၍ လက်ငါးချောင်းအား ဗျပ်စောင်းကြိုး တီးခတ်လိုက်သကဲ့သို့ လှုပ်ရှားလိုက်သည်။

ဗျပ်စောင်းသံ ထွက်ပေါ်လာပြီး ကောင်းကင်နတ်အရှင်လင်၏ ပုံရိပ်က ဖျတ်ခနဲ ပျောက်ကွယ်ကာ နောက်တခဏတွင် ကောင်းကင်နတ်အရှင်ဟောင်၏ အရှေ့၌ ပေါ်လာသည်။

ကောင်းကင်နတ်အရှင်ဟောင်မှာ အထိတ်ထိတ်အလန့်လန့်ဖြင့်် အလျင်အမြန် နောက်ဆုတ်သွားတော့သည်။

ချင်မူက ခံစားချက်ကင်းမဲ့နေသော မျက်နှာအမူအရာဖြင့် ရွှေသင်္ဘောဆီ လှည့်ထွက်သွားသည်။

ရွှေသင်္ဘော၏ ကုန်းပတ်အပေါ်တွင် ကောင်းကင်နတ်အရှင်ရှုက ကောင်းကင်လက်နက် ကောင်းကင်နတ်အရှင်ယွီကို ထိန်းချုပ်နေသည်။ ကောင်းကင်နန်းဆောင် ၃၆ ဆောင်က သူမအနောက်တွင် ဖွဲ့တည်လျက် ပြီးပြည့်စုံသော ကောင်းကင်နတ်ဘုံအား တည်ဆောက်ပေးထား၏။

ကောင်းကင်နတ်ဘုံ၏ စွမ်းအားက ပြင််းထန်လွန်းသောကြောင့် ကောင်းကင်လက်နက်သည်ပင် ခံနိုင်ရည်မရှိပေ။ သို့သော် ကောင်းကင်နတ်အရှင်ရှုအတွက် ထိုမျှနှင့် လုံလောက်သည်။

ဤအချိန်အတွင်း သူမသည် ချင်ဖုန်းကျင့်နှင့် အသက်ပြန်ရှင်လာသော ကောင်းကင်နယ်စားမင်းကို သတ်ဖြတ်ကာ ယိုတုအား ထိန်းချုပ်နိုင်၏။

ဤအခိုက်အတန့်တွင် ချင်ဖုန်းကျင့်၏ မှော်စွမ်းအင်က ထောင်တက်လာပြီး ကောင်းကင်နတ်အရှင်ငယ်တစ်ပါးနှင့်ပင် ညီမျှလာသည်။ သူ၏ မှော်စွမ်းအင်သည် ကောင်းကင်နန်းဆောင် ၁၈ ဆောင်အထိ ကျင့်ကြံပြီးကာ ဧကရာဇ်ပလ္လင်အဆင့် ရောက်ရှိနေသော ကောင်းကင်နတ်အရှင်တစ်ပါးအလား အင်အားကြီးမားလှသည်။

သို့သော် ချင်ဖုန်းကျင့်မှာ ကလေးဆန်လွန်းသည်။ သူ၏အတိုက်အခိုက်စွမ်းရည်မှ တိုက်ပွဲအတွေ့အကြုံအထိ ကောင်းကင်နတ်အရှင်ရှုအောက် များစွာနိမ့်ကျလေသည်။

သူမအတွက် တစ်ခုတည်းသော အန္တရာယ်မှာ ကောင်းကင်နယ်စားမင်းပင်။ သို့သော် ကောင်းကင်နယ်စားမင်း၏ အန္တရာယ်က ကောင်းကင်တာ အိုအထွတ်အမြတ်ရတနာ ၅၀ မှ လာသည်။ ထို့ကြောင့် ပြီးပြည့်စုံသော ကောင်းကင်နတ်ဘုံ ပိုင်ဆိုင်ထားသော ကောင်းကင်လက်နက် ကောင်းကင်နတ်အရှင်ယွီကို တိုက်ခိုက်မည်ဆိုပါက သူသည် အနည်းငယ် နိမ့်ကျနေသေး၏။

ကောင်းကင်နတ်အရှင်ရှု သူတို့နှစ်ယောက်ကို သတ်တော့မယ့်အချိန်တွင် ရွှေသင်္ဘောက ရုတ်တရက် ဦးတည်ရာပြောင်းသွားပြီး တဖြည်းဖြည်း အရှိန်မြှင့်လာသည်။ ကောင်းကင်နတ်အရှင်ရှု လှမ်းကြည့်လိုက်သည့်အခါ ရွှေသင်္ဘောသည် ချင်မူ့ထံ ဦးတည်သွားကြောင်း တွေ့လိုက်ရသည်။

တစ်ချိန်တည်းမှာပင် ချင်မူကလည်း ရွှေသင်္ဘောဆီသို့ ပြေးဝင်နေသည်။

ကောင်းကင်နတ်အရှင်ရှုက တွေးမနေတော့ဘဲ ရွှေသင်္ဘောဆီမှ ခုန်ချလိုက်သည်။ ရွှေသင်္ဘောဆီမှ အလင်းရောင်က ဖြာထွက်လာပြီး သူမကို သင်္ဘောပေါ်တွင် ပိတ်ထားရန် ကြိုးစားလိုက်သည်။ ကောင်းကင်နတ်အရှင်ယွီသည် အားဖြင့် ထိုးနှက်၍ အလင်းရောင်ကို လွင့်ပျယ်သွားစေ၏။ ကောင်းကင်နတ်အရှင်ရှုက ကောင်းကင်လက်နက် ကောင်းကင်နတ်အရှင်ယွီ၏ ပခုံးပေါ်တွင် ရပ်ကာ ထွက်ပြေးသွားတော့သည်။

ချင်မူက ရွှေသင်္ဘောပေါ်သို့ ဆင်းသက်လိုက်ပြီး သူ၏ခံစားချက်မဲ့နေသော အကြည့်က ကောင်းကင်နတ်အရှင်ရှု၏ မျက်နှာထက်မှ ဖြတ်ပြေးသွားသည်။

ကောင်းကင်နတ်အရှင်ရှု နှလုံးသားထဲတွင် ကြောက်စိတ်တို့ ပေါက်ဖွားလာပြီး ရှေ့ဆက်မသွားရဲတော့ပေ။

ထိုစဉ် ကောင်းကင်နတ်အရှင်ဟောင်က သူမဘေး၌ ပေါ်လာပြီး ဆွဲခေါ်သွားတော့သည်။

တစ်ချိန်တည်းမှာပင် ကောင်းကင်နတ်အရှင်လင်၏ ပုံရိပ် ထွက်ပေါ်လာပြီး လေထဲသို့ လက်ညှိုးထိုးလိုက်၏။

ချင်မူ့အကြည့်က ကောင်းကင်နတ်အရှင်ဟောင်ကို စိုက်ကြည့်ပြီးနောက် အကြည့်လွှဲသွားသည်။ ရွှေသင်္ဘောက ပြန်လှည့်၍ ကောင်းကင်နတ်အရှင်ဟွေ့ထံသို့ ဦးတည်သွားချေပြီ။

ထိုနေရာတွင် ကောင်းကင်နတ်အရှင်ဟွေ့သည် လန်ဝူနှင့် ကောင်းကင်နတ်အရှင်ယွဲ့ကို တပြိုင်နက်တည်း သတ်ဖြတ်နေ၏။

ရွှေသင်္ဘော ပျံသန်းလာသည့်အခါ ကောင်းကင်နတ်အရှင်ဟွေ့သည် အလျင်အမြန် ရှောင်တိမ်းကာ အပြေးအလွှား ရောက်ရှိလာသော ကောင်းကင်နတ်အရှင်ဟောင်ဆီ ပျံသန်းထွက်ပြေးသွား၏။

သူတို့သုံးယောက်က ဘေးချင်းယှဉ် ရပ်နေပြီး ချင်မူ ကောင်းကင်နတ်အရှင်ယွဲ့နှင့် လန်ဝူအား ရွှေသင်္ဘောပေါ် တင်နေသည်ကို ကြည့်နေကြသည်။

ကောင်းကင်နတ်အရှင်ဟွေ့လည်း မျက်ခုံးပင့်၍ ရွှေသင်္ဘောကို တားဆီးတော့မည်အချိန်တွင် ကောင်းကင်နတ်အရှင်ဟောင်က လက်မြှောက်ကာ တားလိုက်သည်။ “ချောင်ပိတ်မိနေတဲ့ သားရဲတစ်ကောင်က တိုက်ခိုက်နေဦးမှာပဲ… ငါတို့ အခု သူ့ကို ဖိအားပေးလိုက်ရင် သေတဲ့အထိ တိုက်ခိုက်လာလိမ့်မယ်…. ငါတို့ရဲ့ ရည်ရွယ်ချက်က အောင်မြင်ပြီးနေပြီ… သူတို့ကို သွားခွင့်ပေးလိုက်”

ကောင်းကင်နတ်အရှင်ဟွေ့မှာ ကြောင်သွားပြီး သူ ဆိုလိုသည့်အဓိပ္ပာယ်ကို နားမလည်ချေ။

ကောင်းကင်နတ်အရှင်ဟောင်က ရှင်းပြသည်။ “ငါ့ရဲ့ မူလရည်ရွယ်ချက်က ကောင်းကင်နတ်အရှင်လင်ကို သတ်ဖို့ပဲ…. ဒါပေမဲ့ တခြားတစ်ယောက် သေသွားလိမ့်မယ် မထင်ခဲ့ဘူး… ချင်ယဲ့ သေသွားခဲ့ပြီ”

ကောင်းကင်နတ်အရှင်ဟွေ့မှာ တုန်ရီသွားပြီး ဦးညွှတ်အရိုအသေ ပေးလိုက်သည်။ “ဂုဏ်ယူပါတယ် အရှင်မင်းကြီး…”

ကောင်းကင်နတ်အရှင်ဟောင်ုသည် ရယ်မောလိုက်ပြီး ရှေးဟောင်းနတ်ဘုရားဘုရင်ရှိရာသို့ ပျံသန်းသွားသည်။ ကောင်းကင်နတ်အရှင်ရှုနှင့် ကောင်းကင်နတ်အရှင်ဟွေတို့လည်း သူ့အနောက်မှ အလျင်အမြန် လိုက်သွားကြ၏။

ရွှေသင်္ဘောက ရှေးဟောင်းနတ်ဘုရားဘုရင်ဆီသို့ အရှိန်မြှင့်၍ ဦးတည်သွားနေဆဲပင်။ ကောင်းကင်နတ်အရှင်ဟောင်က သူ၏အသိစိတ်အလျဉ်ကို ချက်ချင်း ပို့လွှတ်လျက် ရှေးဟောင်းနတ်ဘုရားဘုရင်အား ရှောင်တိမ်းရန် အသိပေးလိုက်သည်။ ရှေးဟောင်းနတ်ဘုရားဘုရင်မှာ ကောင်းကင်နတ်အရှင်ရုံကို သတ်ဖြတ်တော့မည့်ဆဲဆဲ ဖြစ်သော်လည်း သူ့သတိပေးသံကြားလျှင် အလျင်အမြန် ရှောင်တိမ်းလိုက်၏။ ထို့နောက် သူ ယခုလေးတင် ရှိနေခဲ့သောနေရာတွင် ကောင်းကင်နတ်အရှင်လင် ပေါ်လာသည်ကို မြင်လိုက်ရသဖြင့် ချွေးသီးချွေးပေါက်များ ကျလာသည်။

သူက ကောင်းကင်နတ်အရှင်ဟောင်၏ ဘေးသို့ အလောတကြီး ရောက်လာပြီး ခပ်တိုးတိုး မေးသည်။ “နောင်တော်ဟွေ့… အရှင်မင်းကြီး… ဘာတွေဖြစ်သွားတာလဲဗျ”

“ချင်ယဲ့ သေသွားပြီ”

ကောင်းကင်နတ်အရှင်ဟောင်က ကျယ်လောင်စွာ ရယ်မောလိုက်ရင်း ပတ်ဝန်းကျင်ကို ကြည့်လိုက်သည်။ သူသည် ယုံကြည်ချက်အပြည့် ရှိနေ၏။ “ချင်ယဲ့က ငါ့ရဲ့ အကြီးမားဆုံးရန်သူတော်ပဲ… သူ သေသွားပြီဆိုတော့ အခြေအနေ ကပြောင်းလဲလို့မရတော့ဘူး… နွားကျောင်းသားလည်း တိုက်ခိုက်ချင်စိတ် မရှိတော့ဘူး… သူက သူပုန်တွေရဲ့ ကျောထောက်နောက်ခံ ဖြစ်ခဲ့တာလေ…. ချင်ယဲ့ သေပြီးတဲ့နောက် ဒီတိုက်ပွဲမှာ သေချာပေါက် ရှုံးမှာသိနေလို့ တခြားသူတွေကို အတတ်နိုင်ဆုံး ကြိုးစားကာကွယ်နေတာပဲ… ဆက်လက်လျှောက်လှမ်းဖို့ စိတ်ဆန္ဒ သူ့မှာ မရှိတော့ဘူး….ဒီတိုက်ပွဲမှာ ယိုတုက ငါ့လက်ထဲ ရောက်လာပြီ… ဘယ်သူမှ ကောင်းကင်နတ်ဘုံရဲ့ အုတ်မြစ်ကို မလှုပ်ကိုင်နိုင်တော့ဘူး”

ရှေးဟောင်းနတ်ဘုရားဘုရင်မှာ အံ့အားသင့်နေသည်။သူက ဒူးတစ်ဖက် ထောက်လိုက်ပြီး လက်ယှက်ကာ ခေါင်းမော့ထား၏။ “ယိုတုကို သိမ်းပိုက်နိုင်လိုက်တာက အရှင်မင်းကြီး နန်းတက်ဖို့အတွက် နေ့ကောင်းနေ့မြတ်ပါပဲ… နန်းစွန့်ကောင်းကင်နတ်ဧကရာဇ်အတွက် အောက်မေ့ဖွယ်အခမ်းအနား ကျွန်တော် ကျင်းပပေးနိုင်ပါတယ်… ကျေးဇူးပြုပြီး ပလ္လင်ကို သိမ်းပိုက်လိုက်ပါတော့”

ကောင်းကင်နတ်အရှင်ဟွေ့ကလည်း အလျင်အမြန် ဦးညွှတ်အရိုအသေပေးလိုက်သည်။ “အရှင်မင်းကြီးက မြင့်မြတ်ပြီး ထက်မြက်တဲ့ ပုဂ္ဂိုလ်တစ်ယောက်ပါ… နှစ်တစ်သန်းကြာ ဆူပူသောင်းကျန်းမှုတွေပြီးတဲ့နောက်ဆုံးတော့ တစ်လောကလုံးကို အေးချမ်းသာယာစေခဲ့ပါပြီ… ဒီလိုအရာမျိုးကို စကြ၀ဠာသမိုင်းတစ်လျှောက် တစ်ခါမှ မတွေ့ကြုံခဲ့ရပါဘူး…. အရှင်မင်းကြီး နန်းတက်တာက ကောင်းကင်ဘုံရဲ့ အလိုတော်ပါပဲ”

ကောင်းကင်နတ်အရှင်ရှုက တခဏမျှ တုံ့ဆိုင်းနေပြီးနောက် ဦးညွှတ်အရိုအသေပေးသည်။ “အရှင်မင်းကြီး နန်းတက်တာက နန်းစွန့်ကောင်းကင်နတ်ဧကရာဇ်ကို ပျော်ရွှင်စေပါလိမ့်မယ်… သူကိုယ်တိုင် နန်းစွန့်ပေးပါလိမ့်မယ်”

ထိုက်ကျိရှေးဟောင်းနတ်ဘုရားနှစ်ပါးသည် ရွှေသင်္ဘော သူတို့ထံ ဦးတည်လာနေသည်ကိုမြင်လျှင် ချက်ချင်းပင် ထိုက်ရှီကို ပစ်ထားခဲ့ကာ ကောင်းကင်နတ်အရှင်ဟောင်တို့ ရှိရာသို့ ရောက်လာတော့၏။ ကောင်းကင်နတ်အရှင်သုံးပါး ဦးညွှတ်အရိုအသေပေးနေကြသည်ကို မြင်လျှင် သူတို့နှစ်ယောက်ကလည်း အရိုအသေပေး၍ လျှောက်တင်ကြသည်။ “ငါတို့နဲ့ နောင်တော်ထိုက်ချူက ထိုက်ငါးပါးထဲမှာ ပါပါတယ်… ငါတို့ ဖြောင်းဖျပေးပါမယ်… နောင်တော်ထိုက်ချူက စဉ်းစား‌ဆင်ခြင်တတ်တဲ့သူဆိုတော့ ပျော်ပျော်ကြီး အညံ့ခံပါလိမ့်မယ်”

ကောင်းကင်နတ်အရှင်ဟောင်က ရွှေသင်္ဘောပေါ်ရှိ ချင်မူ့ကို ကြည့်ကာ အေးအေးလူလူ ပြောလိုက်သည်။ “ကောင်းကင်နတ်အရှင်မူ၊ မင်း ဒီအဖြစ်အပျက်ကို မြင်ရဲ့လား…. တစ်လောကလုံးကလူတွေ ငါ့ဆီမှ အညံ့ခံကြလိမ့်မယ် …. မင်းတို့တွေ တွန်းလှန်နေလည်း အလကားပဲ… မင်းတို့လုပ်ရပ်က လူသားမျိုးနွယ်နဲ့ အနာဂတ်မျိုးဆက်တွေကို ပျက်သုဥ်းစေလိမ့်မယ်…. အသိုက်ပြောင်းပြန်လန်သွားတဲ့အချိန်မှာ မကွဲဘဲ ကျန်ခဲ့တဲ့ဥဆိုတာ မရှိဘူးကွ… မင်း တစ်လောကလုံးက သတ္တဝါတွေကို မင်းလက်ချက်ကြောင့် ပျက်စီးစေချင်လို့လား”

ချင်မူက အဝေးရှိ သင်္ဘောထိပ်ဦးပေါ်တွင် သူ့ကို မျက်နှာချင်းဆိုင်ကာ ရပ်နေသည်။

“ယိုတုက ငါ့လက်ထဲ ရောက်သွားပြီးပြီ”

ကောင်းကင်နတ်အရှင်ဟောင်က လက်ချောင်းငါးချောင်းကို ဆန့်တန်း၍ တင်းကြပ်စွာ လက်သီးဆုပ်လိုက်သည်။ “မဟာဧကရာဇ်က ရှုံးနိမ့်သွားခဲ့ပြီ… ထိုက်ချူလည်း အညံ့ခဲ့ရပြီ… ခိုင်ဧကရာဇ်လည်း သေသွားပြီ…. မင်းတို့အနေနဲ့ ဘယ်လိုမှ မနိုင်နိုင်တော့ဘူး”

ရွှေသင်္ဘောပေါ်တွင် ရုတ်ရုတ်သဲသဲ ဖြစ်သွားသည်။

ကောင်းကင်နယ်စားမင်းက အလောတကြီး မေး၏။ “ကောင်းကင်နတ်အရှင်မူ… ခိုင်ဧကရာဇ်က တကယ်ပဲ…”

ကောင်းကင်နတ်အရှင်ရုံ၏ နှုတ်ခမ်းထောင့်မှ သွေးများစီးကျနေပြီး သူ၏မျက်နှာမှာ သွေးဆုတ်ဖြူလျော့နေသည်။ နတ်ဘုရင်လန်ဝူက တိတ်ဆိတ်နေပြီး ကောင်းကင်နတ်အရှင်ယွဲ့ကတော့ ကောင်းကင်နတ်အရှင်လင်အား လှမ်းကြည့်နေသည်။

ကောင်းကင်နတ်အရှင်လင်က အသာအယာ ခေါင်းညိတ်ပြလေသည်

ချင်ဖုန်းကျင့်မှာ တစ်ကိုယ်လုံး အားပြတ်သွားသည့်အလား ဖင်ထိုင်လျက် လဲကျသွားသည်။ သူက ရုတ်တရက် ခေါင်းမော့လိုက်ပြီး အက်ကွဲဆို့နင့်စွာ ပြောလိုက်၏။ “ညီလေး၊ ငါ အိမ်ပြန်ချင်တယ်… အမေကို လွမ်းတယ်…”

ချင်မူက တုပ်တုပ်မှ မလှုပ်ပေ။ သူ၏လက်က ကပ်ဘေးဓားကို ဆုပ်ကိုင်လိုက်၊ ပြေလျော့သွားလိုက် အကြိမ်ကြိမ်ဖြစ်နေသည်။

“ကောင်းကင်နတ်အရှင်မူ၊ အခြေအနေကို ပြောင်းပြန်လှန်နိုင်ဦးမယ် ထင်နေတာလား”

ကောင်းကင်နတ်အရှင်ဟောင်က ပြုံးလိုက်သည်။ “အဆုံးသတ်မြို့ပျက်မှာ ဘာရှိလဲ မင်း တခြားသူတွေထက် ကောင်းကောင်းသိတယ်မလား… ငါ့မယ်တော် ပြန်လာတဲ့အချိန်ကျ မင်းတို့တွေ ရှင်သန်နိုင်မယ့် အခွင့်အရေးမရှိဘူး…မင်းဘက်က အားသာရင် ထောက်ခံကူညီမယ့်သူတွေ အများကြီး ရှိပေမယ့် အားမသာရင်တော့ ကူညီမယ့်သူ ရှိမှာမဟုတ်ဘူး… ဆက်ပြီး တိုက်ခိုက်နေရင်း မင်းတို့အားလုံး ဒီနေရာမှာ မြှုပ်နှံခံရလိမ့်မယ်…. ကောင်းကင်နတ်အရှင်မူ၊ မင်းက အရိပ်အခြေနားလည်တဲ့သူ တစ်ယောက်ပါ… မင်း ယိုတုမှာ သေသွားရင် အကျိုးဆက်အနေနဲ့ အတိတ်စကြ၀ဠာက တာအိုသိုင်းပညာရှင်တွေ ဆင်းသက်လာကြလိမ့်မယ်… အဲ့ဒါကိုလည်း မဖြစ်စေချင်ဘူးမလား… စိတ်မပူပါနဲ့… မင်း အညံ့ခံသရွေ့ အဲဒီ တာအိုသိုင်းပညာရှင်တွေ မဆင်းသက်လာစေရပါဘူး”

သူက ပြုံးလိုက်သည်။ “ငါ မင်းကို ခေါ်ထားပေးပါ့မယ်…မင်း အညံ့ခံလိုက်တာနဲ့ ကောင်းကင်နတ်အရှင်ဆယ်ပါးထဲက တစ်ပါးဖြစ်စေရမယ်… ထာဝရငြိမ်းချမ်းရေးအင်ပါယာ ရှင်သန်နိုင်မယ့်အပြင် ရွှင်‌‌ပျော်ပျော်ကျေးရွာကိုလည်း လက်နဲ့တောင် မထိပါဘူး… မင်း ငြင်းလိုက်ရင်တော့ ထာဝရငြိမ်းချမ်းရေးအင်ပါယာနဲ့ ရွှင်ပျော်ပျော်ကျေးရွာနှစ်ခုစလုံး ပြာကျသွားစေရမယ်”

ကောင်းကင်နတ်အရှင်ဟွေ့က မျက်ခုံးပင့်လိုက်သည်။ “အရှင်မင်းကြီး၊ သူတို့က သစ္စာဖောက်တွေလေ… ဘာလို့ လက်ခံပေးရမှာလဲ”

ကောင်းကင်နတ်အရှင်ဟောင်သည် တဟားဟား ရယ်မောလိုက်၏။ “ဟွေ့၊ ငါက သနားညှာတာမှုမရှိတဲ့ ဧကရာဇ်တစ်ပါးလား”

ကောင်းကင်နတ်အရှင်ဟွေ့မှာ မည်သည့်စကားမှ မပြောရဲတော့ဘဲ တိတ်ဆိတ်သွားသည်။

ထိုစဉ် ရွှေသင်္ဘောသည် အဝေးသို့ ရွက်လွှင့်ပျံသန်း၍ အမှောင်ထုထဲ ဝင်ရောက်ပျောက်ကွယ်သွား၏။

ကောင်းကင်နတ်အရှင်ဟွေ့သည် ၎င်းကို မြင်လျှင် သက်ပြင်းချလိုက်မိသည်။

ကောင်းကင်နတ်အရှင်ဟောင်က ပြုံးနေသည်။ “သူ ကောင်းကင်နတ်ဘုံကို သွားပါလိမ့်မယ်… သူက စဉ်းစားဉာဏ်ရှိတဲ့သူတစ်ယောက်ပဲလေ”

သူက ခေါင်းမော့လိုက်ပြီး စိတ်အေးသက်သာစွာဖြင့် သက်ပြင်းရှည်တစ်ချက် ချလိုက်သည်။ ထို့နောက် လက်နှစ်ဖက်ကို ဖြည်းဖြည်းချင်း ဆန့်ကားလိုက်၏။

“ဒီလောကက နောက်ဆုံးတော့ ငါတစ်ယောက်တည်းရဲ့ အပိုင် ဖြစ်လာခဲ့ပြီ”

ရွှေသင်္ဘောသည် မည်းမှောင်နေသော ယိုတုအား ပိုပို၍လျင်မြန်စွာ ဖြတ်သန်းရွက်လွှင့်နေသည်။ မြေအောက်ဘုံအရှင်သခင်၏ ရုပ်ခန္ဓာက အဆက်မပြတ် ပြိုလဲနေသလို ယိုတု၏ နေရာဟင်းလင်းပြင်ကလည်း ပြိုလဲလာနေ၏။

“ငါ ရပ်နေတဲ့နေရာက ယိုတုပဲ”

မြေအောက်ဘုံအရှင်သခင်၏ ရုပ်ခန္ဓာက ကြီးမားသော မြေထုကြီးများအဖြစ် ကွဲထွက်ကာ ယိုတုထဲတွင် မြောလွင့်နေသည်။ ယိုတုသည်လည်း အစိတ်စိတ်အမွှာမွှာ ကွဲထွက်၍ တစ်ဆက်တည်း မရှိတော့ချေ.

ယိုတုအပိုင်းအစတချို့က ကောင်းကင်ဘုံများနှင့် ထပ်နေပြီး တချို့ကတော့ ကမ္ဘာဦးဘုံနှင့် ထပ်နေကြသည်။ ကျန်တချို့က ဘိုးဘေးနန်းတော်နှင့် ဆက်နွယ်နေကြ၏။

အားလုံးက သင်္ဘောထိပ်တွင် ရပ်နေကြပြီး မည်သည့်စကားမှ မပြောကြပေ။

တိုက်ပွဲမှာ ခိုင်ဧကရာဇ်သေဆုံးမှုဖြင့် လုံးဝရှုံးနိမ့်သွားခဲ့ရပြီး ပြောင်းပြန်လှန်နိုင်မည့် အခွင့်အရေး မရှိတော့ချေ။

ထိုစဉ် ကောင်းကင်နယ်စားမင်းသည် မြေအောက်ဘုံအရှင်သခင်အားချို၏ ရုပ်ခန္ဓာ မြေထုတစ်ခုပေါ်တွင် မြောလွင့်နေကြောင်း တွေ့လိုက်ရ၏။ သူက အလျင်အမြန် လှမ်းဆွဲရန် သင်္ဘောပေါ်တင်လိုက်သည်။

သူသည် မြေအောက်ဘုံအရှင်သခင်၏ ဝိညာဉ်ကို ဆင့်ခေါ်ပေးရန် ချင်မူ့အား ပြောလိုသော်လည်း ပါးစပ်သာ ဟလိုက်မိပြီး မည်သည့်စကားမှ ထွက်မလာပေ။

မြေအောက်ဘုံအရှင်သခင်၏ ဆုံးဖြတ်ချက်က ခိုင်ဧကရာဇ်သေဆုံးမှုနှင့် ဤတစ်ကြိမ် ရှုံးနိမ့်မှုတို့ကို ဖြစ်ပေါ်စေခဲ့သည်။ ချင်မူ့အား မြေအောက်ဘုံအရှင်သခင်ကို ပြန်လည်အသက်သွင်းပေးရန် တောင်းဆိုခြင်းသည် တစ်ကိုယ်ကောင်းဆန်လွန်းသည် မဟုတ်ပါလော။

“ကျွန်တော် မြေအောက်ဘုံအရှင်သခင်ကို အသက်သွင်းပြန်ပေးမယ်”

ချင်မူ့မျက်လုံးများက လှုပ်ရှားသွားပြီး ရုတ်တရက် ထပြောသည်။ “ဒါပေမဲ့ ကောင်းကင်နတ်အရှင်ယွင်က အန္တိမဟင်းလင်းပြင်မှာ ထိုက်ချူနဲ့ တိုက်ခိုက်နေတုန်းပဲ… အဲဒီ့ကို အရင်သွားရမယ်… ကျွန်တော် ခဏလေး စိတ်ငြိမ်နေဖို့ လိုအပ်လို့ပါ… ခဏလေးပါပဲ…”

သူသည် စိတ်ပျက်လက်ပျက် ထိုင်ချလိုက်ပြီးနောက် တစ်လောကလုံး ချာချာလည်သွားသလို မူးဝေသွားကာ လဲကျသွားတော့၏။

“သူ ခဏလောက်အနားယူပါစေ”

ကောင်းကင်နတ်အရှင်ယွဲ့က ခပ်တိုးတိုး ပြောလိုက်သည်။ “ငါ ကောင်းကင်နတ်အရှင်လင်ကို အန္တိမဟင်းလင်းပြင်ဆီ လွှတ်လိုက်မယ်… ထိုက်ချူကို ထွက်သွားအောင် ခြောက်လှန့်ဖို့ မခက်လောက်ပါဘူး”

ကောင်းကင်နတ်အရှင်လင်က ခေါင်းညိတ်သည်။

ချင်မူသည် သူမစကားကို ကြားလျှင် ဖြည်းဖြည်းချင်း မျက်လုံးများ မှိတ်လိုက်၏။ သူ့အရှေ့ရှိ အရာအားလုံးမှာ မှောင်မိုက်နေပြီး သူ၏မျက်လုံးထောင့်မှ မျက်ရည်များက နားထဲ ဝင်ရောက်နေတော့သည်။

အမှန်တကယ်ပင် မျှော်လင့်ချက် မရှိတော့သည်လော…

ဟုတ်ပေသည်။ အမှန်တကယ် မျှော်လင့်ချက် မရှိတော့ပေ…

သူ့စိတ်ထဲတွင် ထိုသို့တွေးနေမိသည်။

ကောင်းကင်နတ်အရှင်ယွဲ့က အားလုံးကို ခပ်လှမ်းလှမ်းသို့ ခေါ်သွားသည်။ ချင်မူမှာ သူ၏အားနည်းသော အသွင်ကို အခြားသူများအား မမြင်စေသလို အခြားသူများကလည်း ကောင်းကင်နတ်အရှင်မူ၏ အားနည်းနေသော အသွင်ကို မမြင်လိုကြချေ။

All Chapters