အလင်းရောင်ဆိတ်သုဉ််းသော ညအမှောင်ဝယ်
Vol. 124 Ch. 1608
ရွှေသင်္ဘောက ယိုတုထဲမှ ထွက်ကာ ဘိုးဘေးနန်းတော်ဆီသို့ ရောက်လာသည်။ ကောင်းကင်နတ်အရှင်ယွဲ့က ကောင်းကင်နတ်အရှင်လင်ကို မဟာခြုံလွှမ်းကောင်းကင်ဘုံနှစ်ခု ထိတိုက်နေသော နေရာသို့ ခေါ်ဆောင်လာပေးသည်။ သူမက နေရာဟင်းလင်းပြင်ကောင်းကင်နတ်သိုင်းကို အသုံးပြုကာ ကောင်းကင်နတ်အရှင်လင်အား မဟာခြုံလွှမ်းကောင်းကင်ဘုံများထံ ပို့လွှတ်၍ ထိုက်ချူအား ကြောက်အားလန့်အား ထွက်ပြေးသွားစေသည်။
ကောင်းကင်နတ်အရှင်လင်က ကောင်းကင်နတ်အရှင်ယွင်အား စကားသိပ်မပြောပေ။ ခိုင်ဧကရာဇ် ကျဆုံးသွားသည့်အကြောင်းသာ ပြောပြခဲ့၏။
ကောင်းကင်နတ်အရှင်ယွင်က တိတ်ဆိတ်နေသည်။ “မင်း ပြန်သွားရင် ကောင်းကင်နတ်အရှင်မူကို ပြောလိုက်ပါ… နဂါးဟန်ခေတ်ကနေ အခုအထိ ငါတို့တွေ အကြိမ်ကြိမ် လဲကျပြန်ထခဲ့ရပြီးပြီ… သူလည်း ပြန်ထနိုင်မှာပါ”
သူ့မှာ တွေးနေပြီး အနည်းငယ် ထပ်အားပေးချင်သေးသော်လည်း ပြောစရာစကားမရှိပေ။
ကောင်းကင်နတ်အရှင်ယွဲ့က ကောင်းကင်နတ်အရှင်လင်ကို ပြန်ခေါ်လာသည့်အခါ ချင်မူ လဲနေသေးသည်ကိုသာ တွေ့လိုက်ရသည်။ အိပ်ပျော်နေခြင်းလော၊ ထလိုစိတ် မရှိသည်လော မသိပေ။
“ငါတို့ ဘယ်သွားကြမလဲ” ကောင်းကင်နယ်စားမင်းက ငေးငိုင်စွာ မေးလိုက်သည်။
“ထာဝရငြိမ်းချမ်းရေးအင်ပါယာကို” ကောင်းကင်နတ်အရှင်ရုံက ဖြေ၏။
ချင်ဖုန်းကျင့်က ရွှေသင်္ဘော၏ ချောင်ကျသောတစ်နေရာတွင် ဒူးကို လက်ဖြင့် ပိုက်ကာ ပုန်းနေသည်။ သူက ခပ်တိုးတိုး ရေရွတ်နေလေသည်။ “အိမ်ပြန်ချင်တယ်… ရွှင်ပျော်ပျော်ကျေးရွာကို ပြန်ချင်တယ်…. ခိုင်ဧကရာဇ်က အဲဒီမှာ ရှိနေဦးမှာ..”
ရွှေသင်္ဘောကား ထာဝရငြိမ်းချမ်းရေးအင်ပါယာသို့ ရောက်လာခဲ့သည်။
ဧကရာဇ်လင်ယွိရှို့မှာ သတင်းရသည်နှင့် အလျင်အမြန် ရောက်လာသည်။ သူမ သင်္ဘောအပေါ် ရောက်လျှင် ကောင်းကင်နတ်အရှင်ယွဲ့၊ ကောင်းကင်နတ်အရှင်လင်နှင့် ကျန်သူများက ရှောင်ပေးကြ၏။ ချင်မူကား ရွှေသင်္ဘောထိပ်၌ အသက်မဲ့နေသော လူတစ်ယောက်ပမာ ငေးငိုင်စွာ ထိုင်နေလေသည်။
လင်ယွိရှို့က သူ့ဘေးသို့ သွား၍ သင်္ဘောထိပ်စွန်း၌ သူနှင့်အတူ ထိုင်နေလိုက်သည်။
သူမ လှည့်ကြည့်လိုက်ရာ ချင်မူ့နားထင်တွင် ဆံပင်ဖြူများ ပေါက်နေကြောင်း သတိထားမိလိုက်သည်။ ၎င်းတို့က မျက်ရည်တို့ဖြင့် စိုရွှဲနေလေသည်။
ချင်မူမှာ လူငယ်လေး မဟုတ်တော့သည့်အပြင် သက်လတ်ပိုင်းလူတစ်ယောက်၏ တည်ငြိမ်ရင့်ကြက်မှုကို ပိုင်ဆိုင်ထား၏။
မာန်ဟုန်မြစ်ဘေးရှိ နွားကျောင်းသားလေးမှာ အရွယ်ရောက်လာခဲ့သည်နှင့်အမျှ သူ၏နှလုံးသားတွင်လည်း အမာရွတ်များ ပြည့်နှက်လာခဲ့သည်။
“လက်ထပ်ကြစို့”
ချင်မူက ခေါင်းငုံ့ကြည့်နေသည်။ သူ၏အောက်တွင် ထာဝရငြိမ်းချမ်းရေးအင်ပါယာ၏ အောက်မြို့တော် ရှိနေပြီး ကမ္ဘာဦးသစ်ပင်ထိပ်ဖျားနှင့် တိမ်တိုက်များအကြား နစ်မြုပ်နေသည်။ သူက တည်ငြိမ်အေးဆေးသော မျက်နှာအမူအရာဖြင့် ဆက်ပြော၏။ “လက်ထပ်ကြရအောင်… ငါ ထာဝရငြိမ်းချမ်းရေးအင်ပါယာရဲ့ ဧကရာဇ်အတိုင်ပင်ခံ မဖြစ်ချင်တော့ဘူး…. မင်းလည်း ဧကရာဇ် ဆက်လုပ်နေဦးမှာလား”
လင်ယွိရှို့က သူ၏ပခုံးတွင် ခေါင်းမှီလိုက်သည်။ “ငါ ခမည်းတော်ကို ရှာပြီး ဧကရာဇ်ရာထူး လွှဲပေးလိုက်မယ်” သူမက နူးညံ့ညင်သာစွာ ဆက်ပြော၏။ “ခမည်းတော်နဲ့ ကျန်းပိုင်ကွေ့ကို ရှာတွေ့ရင် ငါတို့ရဲ့ ဝန်ထုပ်ဝန်ပိုးတွေကို လွှတ်ချကြတာပေါ့… ရက်အနည်းငယ်လောက် စောင့်ပေးလို့ရမလား… ထာဝရငြိမ်းချမ်းရေးအင်ပါယာ ပြုပြင်ပြောင်းလဲမှုကိုရော ရပ်လိုက်ရတော့မလား”
“လူသားတွေ အသက်ရှင်ချင်တယ်ဆိုရင် ပြုပြင်ပြောင်းလဲမှုကို ငါတို့ ရပ်မှ ရမယ်”
ချင်မူနှင့် လင်ယွိရှို့မှာ တစ်ယောက်ကိုတစ်ယောက် မှီထားကြပြီး သူတို့၏ဝိညာဉ်များမှာ လစ်ဟာကာ ဗလာကျင်းနေကြသည်။ သူတို့သည် လမ်းလျှောက်နေသည့် အလောင်းကောင်များအလားပင်။ “ပြန်တွန်းလှန်နိုင်မယ့် မျှော်လင့်ချက် မရှိတော့ဘူး…. မင်း ဧကရာဇ်နဲ့ ဧကရာဇ်အတိုင်ပင်ခံကို ရှာတွေ့ရင် ငါ ကောင်းကင်နတ်ဘုံဆီ သွားမယ်”
လင်ယွိရှို့က အသာအယာ ခေါင်းညိတ်သည်။ “ငါတို့ အညံ့ခံပြီးသွားရင် နင် မာန်ဟုန်မြစ်ဆီ သွားမှာလား”
“အင်း…. ငါက အစတည်းက မာန်ဟုန်မြစ်ဘေးက နွားကျောင်းသားပဲဟာ… ကိုယ့်ဘဝကိုယ် ပြန်ဖို့ အချိန်တန်ပြီ”
“ငါ နင်နဲ့ လိုက်ခဲ့မယ်နော်”
လင်ယွိရှို့ ထွက်ခွာသွားပြီးနောက် ချင်မူက အပေါ်ဝတ်ရုံများကို ချွတ်လိုက်သည်။ သူ၏ ခန္ဓာကိုယ်အောက်ပိုင်းတွင်သာ အဝတ်အစားများရှိတော့၏။
သူက ကြိုးများ ထုတ်၍ သူ့ကိုယ်သူ တုပ်နှောင်လိုက်သည်။ ချွန်ထက်သော ဆူးချွန်များက ကြိုးများတစ်လျှောက် ပေါက်လာပြီး သူ၏အရေပြားထဲ ထိုးစိုက်သွားကြလေသည်။
ကောင်းကင်နတ်အရှင်ရုံက ဤမြင်ကွင်းကို မြင်နေရသော်လည်း မတားပေ။ သူက တစ္ဆေမျက်နှာဖုံးကိုသာ ဖြည်းဖြည်းချင်း ဝတ်လိုက်သည်။
ကောင်းကင်နတ်အရှင်ယွဲ့မှာ သူ့ကို ဖြောင်းဖျရန် အနားရောက်လာသော်လည်း ချင်မူက ပြုံးပြလိုက်သည်။ “ကောင်းကင်နတ်အရှင်ယွင် တိုက်ပွဲမှာ သေသွားခဲ့တုန်းက မမကြီးလည်း စိတ်ဓာတ်ကျပြီး တစ်ယောက်တည်း နေခဲ့တယ်လေ…. ကျွန်တော့်ကို ဖြောင်းဖျစရာ မလိုပါဘူး”
ကောင်းကင်နတ်အရှင်ယွဲ့မှာ ဆွံအသွားတော့သည်။
ကောင်းကင်နတ်အရှင်လင်က တစ်ယောက်ထဲ အတွေးနက်နေပြီး သူ့ကို မဖြောင်းဖျချေ။
ကောင်းကင်နယ်စားမင်းသည် ချီတုံချတုံ ဖြစ်နေပြီးနောက် အားတင်း၍ ရှေ့တက်သွားလိုက်သည်။ “ကောင်းကင်နတ်အရှင်မူ၊ မြေအောက်ဘုံအရှင်သခင်ကို ဘယ်အချိန် ပြန်အသက်သွင်းမှာလဲဟင်..”
ချင်မူက နူးညံ့ညင်သာစွာ ဖြေသည်။ “မစိုးရိမ်ပါနဲ့ တာအိုနောင်တော်…ကျွန်တော် ကောင်းကင်နတ်ဘုံဆီ သွားပြီး တောင်ကောင်းကင်မုခ်၀အရှေ့မှာ ဒူးထောက်အညံ့ခံပါ့မယ်…. ကောင်းကင်နတ်အရှင်တွေ ခွင့်ပြုရင် ကျွန်တော်လည်း အသက်ရှင်နိုင်ခြေ ရှိတဲ့အပြင် ထာဝရငြိမ်းချမ်းရေးအင်ပါယာနဲ့ ရွှင်ပျော်ပျော်ကျေးရွာလည်း ချမ်းသာရာရပါလိမ့်မယ်… အဲဒီ့အချိန်ကျ ကျွန်တော် ပြန်လာပြီး မြေအောက်ဘုံအရှင်သခင်ကို ပြန်အသက်သွင်းပေးပါမယ်… နောက်ထပ်တစ်ခု ရှိသေးတယ်… အနောက်နတ်မင်း၊ မြောက်နတ်မင်းနဲ့ အရှေ့နတ်မင်းတို့ကိုလည်း မပုန်ကန်ကြဖို့ တာအိုနောင်တော် သွားပြောပေးပါ… သူတို့ကို ကျွန်တော်နဲ့အတူ တောင်ကောင်းကင်မုခ်၀မှာ ဒူးထောက်ကြဖို့ လွှတ်လိုက်ပါ”
ကောင်းကင်နယ်စားမင်းမှာ တောင့်တောင့်ကြီး ရပ်နေမိသည်။
ချင်မူ ရွှေသင်္ဘော၏ ထိပ်စွန်းမှ ဆင်းလာသည့်အခါ သင်္ဘောအရိပ်၌ ချောင်ကပ်နေသော ချင်ဖုန်းကျင့်က အားနည်းစွာ လှမ်းပြောသည်။ “ညီလေး.. ငါ အိမ်ပြန်ချင်တယ်…”
ချင်မူက ပြုံးသည်။ “ပြန်လိုက်ပါ… ကျွန်တော် တောင်းပန်ပါတယ် အစ်ကိုကြီး… အစ်ကိုကြီးကို ဒီလောက်လေးပင်တဲ့ ဝန်ထုပ်၀န်ပိုး မထမ်းခိုင်းခဲ့သင့်ဘူး… မြေအောက်ဘုံအရှင်သခင် ဖြစ်မလာခိုင်းခဲ့သင့်ဘူး… ကျွန်တော် အစ်ကိုကြီးကို ကာကွယ်ပေးနိုင်ပါတယ်… အိမ်ပြန်ပြီး အဖေနဲ့ အမေကို ကျွန်တော် အဆင်ပြေတဲ့အကြောင်း ပြောလိုက်ပါ”
ချင်ဖုန်းကျင့်မှာ သူ့ကို ငေး၍ ကြည့်နေပြီး မလှုပ်ရှားချေ။
ချင်မူသည် ထာဝရငြိမ်းချမ်းရေးအင်ပါယာရှိ စွမ်းအင်အကူးအပြောင်းတံတားဆီ လျှောက်သွား၏။ ကောင်းကင်နတ်အရှင်လင်က သူ့အရှေ့တွင် လမ်းပိတ်ရပ်လိုက််သည်။ “မှောင်မိုက်ပြီး ကြေကွဲရတဲ့ အချိန်တွေမှာတောင် ပြန်ထနိုင်တယ်လို့ ကောင်းကင်နတ်အရှင်ယွင်က ပြောခိုင်းခဲ့တယ်…. နင်လည်း ပြန်ထနိုင်မှာပါတဲ့”
ချင်မူက ပြုံးလိုက်သည်။။ “ဒါပေမဲ့ ကျွန်တော် မထနိုင်တော့ဘူးလေ… အနိုင်ရနိုင်မယ့် အခွင့်အရေး မရှိတော့ဘူး… အနာဂတ်မှာ ပြန်ထကောင်းထနိုင်လောက်ပေမယ့် အခုတော့ ကျွန်တော် အရမ်းပင်ပန်းနေပြီ”
ကောင်းကင်နတ်အရှင်လင်မှာ သူ၏နားထင်ရှိ ဆံပင်ဖြူများကို ကြည့်ရင်း တခဏမျှ တိတ်ဆိတ်သွားသည်။ “ငါ့ကို နှစ်ငါးသောင်းအချိန်ပေး…. မီလော့နန်းတော်အရှင်သခင်ရဲ့ အနီရောင်ကြိုးထုံးထဲက လျှို့ဝှက်ချက်တွေအားလုံး ငါ အဖြေရှာပေးမယ်… အဲဒီအချိန်ကျ ဘယ်သူမှ နင်နဲ့ ယှဉ်နိုင်တော့မှာ မဟုတ်ဘူး”
“နှစ်ငါးသောင်းတဲ့လား…”
ချင်မူက မခို့တရို့ ပြုံးလိုက်ပြီး ခေါင်းရမ်းသည်။ “ကျွန်တော်က စောင့်နိုင်ပေမယ့် လူသားမျိုးနွယ်ကတော့ မစောင့်နိုင်တော့ဘူး.. ဆက်ပြီး တွန်းလှန်နေရင် လူသားမျိုးနွယ် မျိုးသုဉ်းတဲ့အထိ ချေမှုန်းခံရလိမ့်မယ်… မမကြီးလင်၊ ကျွန်တော့်ကို မတားပါနဲ့”
ကောင်းကင်နတ်အရှင်လင်လည်း တိတ်ဆိတ်သွားပြီး လမ်းဖယ်ပေးလိုက်သည်။
ချင်မူ ဆက်လျှောက်လာသည့်အခါ သူ၏အရှေ့တွင် လန်ဝူက တင့်တယ်ကြော့ရှင်းသော ဣန္ဒြေအပြည့်ဖြင့် အေးဆေးစွာ ရပ်နေသည်။ သူမက သူ့ကို တိတ်ဆိတ်စွာ စောင့်နေလေသည်။
ချင်မူက ရပ်၍ မေးလိုက်သည်။ “မမကြီးလန်ဝူ၊ မမကြီးလည်း ကျွန်တော် ကောင်းကင်နတ်ဘုံမှာ ဒူးထောက်အသနားခံတာကို တားဖို့ လာတာလား”
လန်ဝူက ခေါင်းရမ်း၏။ “ငါ နင်နဲ့ အတူသွားမယ်”
ချင်မူ မှင်သက်သွားသည်။
လန်ဝူသည် တည်ငြိမ်အေးဆေးသော အမူအရာဖြင့် ဖြေ၏။ “နင် ခွင့်လွှတ်ပေးဖို့ သွားတောင်းပန်ရင် ထာဝရငြိမ်းချမ်းရေးအင်ပါယာနဲ့ ရွှင်ပျော်ပျော်ကျေးရွာကိုပဲ ကာကွယ်နိုင်လိမ့်မယ်... ကျန်တဲ့ ဖန်ဆင်းရှင်တွေကိုတော့ ကာကွယ်နိုင်မှာမဟုတ်ဘူး... ငါ နင်နဲ့အတူ ကောင်းကင်နတ်ဘုံဆီ လိုက်ခဲ့တယ်... နင် တောင်ကောင်းကင်မုခ်ဝရှေ့မှာ ဒူးထောက်တဲ့အချိန် ငါ ကောင်းကင်နတ်အရှင်ဟောင်ကို သွားတွေ့မယ်... ငါ့အနေနဲ့ သူ့ရဲ့ မိဖုရား ဖြစ်လာရင်တော့ ဖန်ဆင်းရှင်မျိုးနွယ်ကို ကယ်တင်နိုင်မှာပါ”
ချင်မူ့ခံစားချက်များ ရှုပ်ထွေးသွားသည်။ တခဏကြာသော် သူက ပြောလေသည်။ “ကျွန်တော် ဖန်ဆင်းရှင်မျိုးနွယ်ရဲ့ အထွတ်အမြတ်ကလေးငယ်ဖြစ်ပြီး ဘာမှမစွမ်းဆောင်နိုင်ပေးခဲ့တဲ့အတွက် အရှက်ရမိပါတယ်... အထွတ်အမြတ်ကလေးငယ်အနေနဲ့ ဖန်ဆင်းရှင်မျိုးနွယ်ရဲ့ အောင်မြင်မှုကို ပြန်လည်ဆောင်ကြည်းနိုင်ဖို့ ခင်ဗျားတို့တတွေ မျှော်လင့်ထားခဲ့ပေမယ့် အကုန်လုံးက အလိမ်အညာတွေ ဖြစ်နေခဲ့တယ်... ကျွန်တော်က နတ်ဘုရင်နဲ့ ဖန်ဆင်းရှင်တွေကို စိတ်ပျက်စေမိပါတယ်... နတ်ဘုရင် ကျွန်တော့်ကို ယုံပေးနိုင်ရင် ကျွန်တော် ဖန်ဆင်းရှင်မျိုးနွယ် အသက်ချမ်းသာရာရအောင် ဘာမဆို လုပ်ပေးမှာပါ”
လန်ဝူက ခေါင်းရမ်းသည်။ “ကောင်းကင်နတ်အရှင်ဟောင်က ငါ့ကို သူ့ရဲ့ မိဖုရား ဖြစ်စေချင်တာ... အောင်နိုင်သူတစ်ယောက်အနေနဲ့ အဲဒီလိုလိုချင်တာ မထူးဆန်းပါဘူး... ရှုံးနိမ့်သူတစ်ယောက်အနေနဲ့ နင့်မှာ သူနဲ့ အပေးအယူလုပ်နိုင်စွမ်း ဆုံးရှုံးနေပြီ”
ချင်မူ တိတ်ဆိတ်သွားသည်။ သူသည် လန်ဝူကို မည်သို့မှ မတုံ့ပြန်တော့ဘဲ ဆူးချွန်များနှင့်အတူ ရှေ့ဆက်လျှောက်သွားလေသည်။
ထိုစဉ် ကောင်းကင်နတ်အရှင်ယွဲ့က မြေကမ္ဘာကောင်းမှုနန်းတော်မှ ရွာလူကြီးနှင့် ဆေးဆရာကို ခေါ်လာပြီးနောက် သူတို့ကို ထားခဲ့ကာ လှစ်ခနဲ ပြန်ထွက်သွားသည်။
ရွာလူကြီး၏ မျက်နှာအမူအရာက တင်းမာနေသည်။ သူက လေးနက်နေသောအသံကြီးဖြင့် လှမ်းအော်၏။ “မူအာ၊ တစ်ခါလေး ရှုံးနိမ့်သွားတာနဲ့ အညံ့ခံလိုက်ပြီလား… မင်း ငယ်ငယ်ကတည်းက ငါ ဘာသင်ပေးထားသလဲ…. မင်းက လောကသခင်ခန္ဓာလေ ပြိုင်ဘက်ကင်းတဲ့ လောကသခင်ခန္ဓာကွ”
ချင်မူ၏ အက်ကွဲနေသော အသံက တိုးညှင်းစွာ ထွက်လာသည်။ “ဘိုးဘိုးရွာလူကြီး၊ လောကသခင်ခန္ဓာဆိုတာ အလိမ်အညာကြီးလေ…. ကျွန်တော့်ကို တခဏတော့ အားတက်စေနိုင်ပေမယ့် တစ်သက်လုံးအတွက် မလုံလောက်ဘူးဗျ… လောကသခင်ခန္ဓာဆိုတဲ့ အိပ်မက်ထဲကနေ နိုးထလာသင့်တာ ကြာခဲ့ပြီ…. ကျွန်တော်က သာမန်လူတစ်ယောက်… ဘိုးဘိုးတို့ မြစ်ဘေးကနေ ကောက်လာခဲ့တဲ့ သာမန်ကလေးတစ်ယောက်ပဲ… သာမန်လူတစ်ယောက်ထက်တောင် ဆိုးသေးတယ်…. ကိုယ်ပိုင်ဝိညာဉ် မရှိတဲ့အပြင် ကျွန်တော့်ရဲ့ ခန္ဓာကိုယ်ကလည်း ကျွန်တော့်အစ်ကိုကြီး ပိုင်တဲ့ဟာ… ကျွန်တော် ပင်ပန်းနေပါပြီဗျာ”
ရွာလူကြီးမှာ သူ့ကို စိုးရိမ်ပူပန်စွာ ကြည့်နေသည်။ ရုတ်တရက် သူက သက်ပြင်းရှည်ကြီး ချလိုက်၏။ “ဆေးဆရာ၊ ဒီကောင်လေးကို လာဖြောင်းဖျစမ်းပါဦးကွာ”
ဆေးဆရာသည် တခဏမျှ တိတ်ဆိတ်နေ၏။ “မူအာ၊ လောကသခင်ခန္ဓာက အတုဆိုတာ မှန်တယ်…. ဒါပေမဲ့ မင်းက ဒီယုံကြည်မှုကို အားကိုးပြီးတော့ မင်းရဲ့လမ်းကြောင်းမှာ ရှိသမျှ အရာအားလုံးကို ဖျက်ဆီးကျော်လွှားနိုင်ခဲ့တာလေ… ဒီလောကမှာ ဘယ်သူကများ မင်းလို အောင်မြင်မှုတွေ ရှိမှာလဲ… မင်းလို ပါရမီကရော… မင်းက လောကသခင်ခန္ဓာ မဟုတ်ပေမယ့် လောကသခင်ခန္ဓာတောင် မလုပ်နိုင်တဲ့အရာကို လုပ်နိုင်ခဲ့တယ်မလား”
“ဘိုးဘိုးဆေးဆရာ၊ ကျွန်တော့် အောင်မြင်မှုတွေကို မြင်ပြီးပြီဆိုရင် ကျွန်တော် ဘယ်လောက် ကြိုးစားအားထုတ်ခဲ့ရတာကိုရော မြင်ရဲ့လား”
ချင်မူမှာ စိတ်မထိန်းနိုင်တော့ဘဲ အော်ဟစ်လိုက်မိသည်။ “ကျွန်တော်လေ လောကသခင်ခန္ဓာလို့ သိခဲ့ရတဲ့ အခိုက်အတန့်ကစပြီး ကြိုးစားခဲ့တာဗျ … ဦးနှောက်တွေ ထူပူလာတဲ့အထိ အလုပ်ပေးခဲ့တာဗျ… ခင်ဗျားတို့ ကျွန်တော်အပေါ်ထားတဲ့ မျှော်လင့်ချက်တွေကို စိတ်ပျက်စေမိမှာ စိုးခဲ့တာ… ကျွန်တော့် နောက်ကွယ်က ခင်ဗျားတို့အကြည့်တွေကို ကြောက်ရွံခဲ့မိတယ်… အကြိမ်ကြိမ် အသက်ကို စတေးခဲ့ပြီး အကြိမ်ကြိမ် သေလုမျောပါး ဖြစ်ခဲ့ရတယ်… ကျွန်တော်က လောကသခင်ခန္ဓာဆိုတာကို ယုံကြည်လို့ မဟုတ်ပဲ ခင်ဗျားတို့အားလုံး ကျွန်တော့်အပေါ် စိတ်ပျက်မှာကို မလိုလားလို့ပဲဗျ”
သူက အသားကုန် အော်ဟစ်လိုက်သည်။ “အဲဒီ့နောက်တော့ရော ဘာဖြစ်လာခဲ့သလဲ… ထာဝရငြိမ်းချမ်းရေးအင်ပါယာကိုရောက်လာပြီး ကောင်းကင်တန်ခိုးရှင်ဂိုဏ်းသခင် ဖြစ်လာခဲ့တယ်… ပြုပြင်ပြောင်းလဲမှုကို သင်ယူ၊ တော်လှန်ခြင်းကို နားလည်ပြီး တန်ခိုးရှင်တွေရဲ့ လမ်းစဉ်ကို နားထောင်လို့ ထာဝရငြိမ်းချမ်းရေးအင်ပါယာရဲ့ ဧကရာဇ်အတိုင်ပင်ခံ ဖြစ်လာခဲ့တယ်…. ဒါတွေအားလုံးကို ထမ်းပိုးထားရတဲ့အတွက် အသက်ကို စတေးလို့ အစွမ်းကုန် တိုက်ခိုက်ရုံကလွဲပြီး ရွေးချယ်စရာ မရှိခဲ့ဘူး…. လောကသခင်ခန္ဓာတဲ့လား… အစောကြီးတည်းက လောကသခင်ခန္ဓာဆိုတာ မရှိခဲ့ဘူး… ရှိခဲ့တာဆိုလို့ ကျွန်တော့်လို သာမန်လူတစ်ယောက် အသက်ကို စတေးပြီး တိုက်ခိုက်ခဲ့တာပဲ ရှိတယ်”
ဆေးဆရာမှာ ပါးစပ်အဟောင်းသားဖြင့် ဆွံ့အနေမိတော့သည်။
ချင်မူက အသက်ပြင်းပြင်းရှူလိုက်ပြီး တင်းမာနေသော မျက်နှာထားသည် ပြန်လည်ပြေလျော့သွား၏။ သူက ဆေးဆရာနှင့် ရွာလူကြီးဘေးသို့ လျှောက်လာကာ ကူကယ်ရာမဲ့နေသော အသံဖြင့် ပြော၏။ “ဘိုးဘိုးဆေးဆရာ၊ ဘိုးဘိုးရွာလူကြီး…. ကျွန်တော် သိပ်ကို ပင်ပန်းနေပြီ... လောကသခင်ခန္ဓာလိုလည်း ဟန်ဆောင်မနေချင်တော့ဘူး…. ကျွန်တော့်အပေါ်ထားတဲ့ ဘိုးဘိုးတို့ရဲ့ မျှော်လင့်ချက်တွေက မြင့်မားလွန်းတဲ့အတွက် ကျွန်တော် မလုပ်နိုင်တော့ပါဘူး…. ကျွန်တော့်ကို မတားပါနဲ့တော့”
ရွာလူကြီးက ပါးစပ်ဟလိုက်သော်လည်း သက်ပြင်းတစ်ချက်သာ ချလိုက်နိုင်သည်။
ချင်မူက ရှေ့သို့ ဒယိမ်းဒယိုင် ဆက်လျှောက်သွားသည့်အချိန် နေရာဟင်းလင်းပြင်မှာ ရုတ်တရက် လှုပ်ရှားသွားသည်။ ကောင်းကင်နတ်အရှင်ယွဲ့က နတ်ဘုရားတစ်ပါးကဲ့သို့ ပေါ်လာ၍ ပြန်လည်ပျောက်ကွယ်သွားကာ အဘွားစစ်၊ မျက်ကန်းနှင့် ရွှေအတို့ကို သူ့အရှေ့၌ ချထားလိုက်သည်။ သူမက အလျင်အမြန် ပြော၏။ “ငါ ကောင်းကင်ဓားမ၊ ပန်းချီဆရာနဲ့ တထာဂတကိုယ်တော်တို့ကို သွားခေါ်လိုက်ဦးမယ်”
ချင်မူက ခေါင်းရမ်းလိုက်သည်။ “မမကြီးယွဲ့၊ အလုပ်ရှုပ်ခံစရာ မလိုပါဘူး”
ကောင်းကင်နတ်အရှင်ယွဲ့သည် စကားတစ်ခွန်းမှ မပြောဘဲ ဖျတ်ခနဲ ထွက်ခွာသွား၏။
ချင်မူက အဘွားစစ်၊ မျက်ကန်းနှင့် ရွှေအတို့ကို ကြည့်ကာ မျက်ရည်အဝိုင်းသားဖြင့် ပြုံးလိုက်သည်။ “ဘွားဘွားစစ်၊ ဘိုးဘိုးမျက်ကန်း၊ ဘိုးဘိုးရွှေအ…. ကျွန်တော် ပင်ပန်းနေပြီ… ဆက်ပြီး မတိုက်ခိုက်ချင်တော့ဘူး…. အိမ်လည်း ပြန်ချင်နေပါပြီ…. ဒုက္ခိတဘိုးဘွားကျေးရွာကို ပြန်ချင်နေပြီ… ငယ်ဘဝကိုပဲ ပြန်သွားချင်တယ်’’
အဘွားစစ်သည် အစက ချင်မူ့ကို နားချရန် ရည်ရွယ်ထားခဲ့သော်လည်း ထိုစကားကို ကြားလျှင် သူမ၏နှလုံးသားမှာ ပျော့ပြောင်းသွားတော့သည်။ သူမက မျက်ရည်များ သုတ်ရင်း ပြော၏။ “ဒါဆိုလည်း အိမ်ပြန်ကြတာပေါ့ကွယ်… တော်တို့တွေ ပါးစပ်ပေါက် ပိတ်ထားကြ”
သူမက မျက်ကန်းနှင့် ရွှေအကို မျက်စောင်းထိုးကြည့်လိုက်သည်။ “တော်တို့တွေ သူ့ကို နားချဖို့ စိတ်တောင် မကူးကြနဲ့… အိမ်ပြန်ရတာ ဘယ်လောက် ကောင်းလိုက်သလဲ… အစောကြီးတည်းက လောကကြီးက ဒီကလေးရဲ့ တာ၀န် မဖြစ်ခဲ့သင့်တာ… အိမ်ပြန်ကြတာပေါ့ မူအာ… ပြန်ပြီး ဒုက္ခိတကျေးရွာတစ်ရွာ ထပ်တည်ကြတာပေါ့ကွယ်”
ချင်မူက လေးပင်နေသော ခြေလှမ်းများဖြင့် သူတို့ဘေးမှ ဖြတ်လျှောက်သွားသည်။ မျက်ကန်းနှင့် ရွှေအက သူ၏နောက်ကျောကို ငေးကြည့်နေကြ၏။ ရွှေအက ပါးစပ်ဟ၍ တုန်ရီစွာ ပြောသည်။ “မူအာ၊ ငါတို့ ပြန်ကြတာပေါ့… ထော့ကျိုးရော… ထော့ကျိုးရော ပြန်လာမှာလား”
ချင်မူ၏ခန္ဓာကိုယ်မှာ သိမ့်ခနဲ တုန်ယင်သွားသည်။
“ဘိုးဘိုးထော့ကျိုး…. ပြန်မလာနိုင်တော့ဘူး…”
မျက်ကန်းသည် တုန်ရီနေသော အသံဖြင့် ပြောလိုက်၏။ “ဒုက္ခိတဘိုးဘွားကျေးရွာက အရင်တုန်းက ဒုက္ခိတဘိုးဘွားကျေးရွာ မဟုတ်တော့ဘူး…. ငါ ပြန်မသွားနိုင်တော့ဘူး… မူအာ…”
ဘုန်း…
ချင်မူမှာ မြေပေါ်တွင် ဒူးထောက်၍ ခေါင်းငိုက်စိုက်ကျသွားသည်။
မျက်ကန်းက သူ့အနောက်သို့ လျှောက်လာကာ ပခုံးကို လှမ်းဆွဲလိုက်သည်။ “ထော့ကျိုးသာ ဒီနေရာမှာ ရှိနေသေးရင် မင်းကို ဒီလိုပုံစံနဲ့ မြင်ချင်မှာမဟုတ်ဘူး…”
“ကျွန်တော် ဘာမျှော်လင့်ချက်ကိုမှ မတွေ့ရတော့ဘူးဗျ…”
ချင်မူက မြေခွေးတစ်ကောင်အလား သံရှည်ဆွဲရင်း အော်ဟစ်ညည်းညူကာ ခေါင်းငိုက်စိုက်ကျလျက် ကျယ်လောင်စွာ ငိုကြွေးနေတော့သည်။ “ဘာမျှော်လင့်ချက်မှ မတွေ့ရတော့ဘူးလို့….. ဖိအားမပေးကြပါနဲ့တော့… ကျွန်တော်တို့ ရှုံးသွားပြီးပြီ…. အားလုံးရဲ့ အသက်တွေကို လောင်းကြေးမထပ်နိုင်တော့ဘူး”
သူက ကျယ်လောင်စွာ ငိုကြွေးလိုက်ပြီး ရွာလူကြီး၊ အဘွားစစ်၊ မျက်ကန်းနှင့် ကျန်သူမျာအား ကန်တော့၍ အရိုအသေပေးလိုက်သည်။ “ကျွန်တော် ဘိုးဘိုးထော့ကျိုးကို စိတ်ပျက်စေခဲ့မိပါတယ်…. ဘိုးဘိုးတို့၊ ဘွားဘွားတို့ကို စိတ်ပျက်စေခဲ့မိတယါ… ဒါပေမဲ့ ကျွန်တော်…”
သူက ခေါင်းမော့လိုက်သည်။ “ဒါကို လုပ်မှ ဖြစ်မယ်”
ရွာလူကြီးက သက်ပြင်းချ၍ သူ့ကို ဆွဲထူလိုက်သည်။ “မူအာ၊ သွားပါ… ငါတို့တွေ မင်းပြန်လာတာကို စောင့်နေပါ့မယ်”
ချင်မူက လှည့်သွားပြီး စွမ်းအင်အကူးအပြောင်းတံတားဆီသို့ လျှောက်သွားသည်။ လန်ဝူက သူ့အနောက်မှ လိုက်ပါသွား၏။
ထာ၀ရငြိမ်းချမ်းရေးအင်ပါယာ နန်းစိုက်မြို့တော်တွင် လင်ယွိရှို့က ထာ၀ရငြိမ်းချမ်းရေးအင်ပါယာ၏ အရာရှိများနှင့်အတူ ဤမြင်ကွင်းကို တိတ်ဆိတ်စွာ ကြည့်နေသည်။ သူမမှာ နှလုံးသားအား ဓားဖြင့် ထိုးဆွခံနေရသည့်အလား နာကျင်နေသော်လည်း သူမ၏ မျက်နှာအမူအရာကတော့ တည်ငြိမ်နေ၏။
“ဧကရာဇ်၊ ဧကရာဇ်အတိုင်ပင်ခံကို မတားတော့ဘူးလား” အမတ်တစ်ပါးက မေးသည်။
လင်ယွိရှို့က ခေါင်းရမ်း၏။ “တားစရာ မလိုဘူး… သူက ဧကရာဇ်အတိုင်ပင်ခံ မဟုတ်တော့တဲ့အပြင် ကျွန်မလည်း ဧကရာဇ်အနေနဲ့ ဆက်ရှိနေမှာ မဟုတ်ဘူး…. သူ ပြန်လာတာနဲ့ ကျွန်မ နန်းစွန့်မယ်… သူနဲ့အတူ ထာ၀ရငြိမ်းချမ်းရေးအင်ပါယာကနေ ထွက်သွားပြီး တသီးတသန့် နေထိုင်တော့မယ်...”
အရာရှိများမှာ တစ်ယောက်ကို တစ်ယောက် ကြေကွဲစွာ ကြည့်လိုက်သော်လည်း အားလုံး တိတ်ဆိတ်နေကြလေသည်။
ချင်မူက စွမ်းအင်အကူးအပြောင်းတံတားပေါ်သို့ တစ်လှမ်းချင်းတက်ရင်း သူ့အရှေ့ရှိ စွမ်းအင်အလင်းရောင်များကို ကြည့်နေသည်။ သူက အသက်တစ်ရှိုက်ရှူသွင်းလျက် တံတားအပေါ် တက်ရန် ပြင်လိုက်၏။
ထိုစဉ် ယွီချိန်ကျစ်က အဝေးမှ ပြေးလာပြီး အော်ဟစ်လိုက်သည်။ “ဧကရာဇ်အတိုင်ပင်ခံ…. ခဏလေး….ခဏလေးပါဗျ”