← Chapters

တာအိုဘိုးဘေးကြီးနှင့် ဗြဟ္မဗုဒ္ဓ

Vol. 124 Ch. 1609

တာအိုဘိုးဘေးကြီးနှင့် ဗြဟ္မဗုဒ္ဓ

Vol. 124 Ch. 1609

ယွီချိန်ကျစ်၏ လှမ်းခေါ်သံကြောင့် ချင်မူ ရပ်ပြီး ပြန်လှည့်ကြည့်လိုက်သည်။ ယွီချိန်ကျစ်သည် သူ့အနားသို့ သုတ်သီးသုတ်ပျာ ရောက်ချလာကာ နား,အနား ကပ်ပြော၏။

“တကယ်လား” ချင်မူက တအံ့တဩ ပြန်မေးလိုက်သည်။

ယွီချိန်ကျစ်က မဆိုစလောက် ခေါင်းညိတ်ပြသည်။ “သူတို့ ပြန်ရောက်လာကြပြီ”

ချင်မူ့အမူအရာမှာ ဝင်းလက်သွားပြီး သူ့ကိုယ်သူ ချည်နှောင်ထားသော ဆူးကြိုးတို့အကြားမှ လက်နှစ်ဖက်လုံးအား ရုန်းထွက်လိုက်သည်။ “ငါ့ကို သူတို့ဆီ ခေါ်သွားပေး”

ယွီချိန်ကျစ်သည် သူ့ကို ကြည့်၍ မယုံနိုင်စွာ မေးလေသည်။ “ဧကရာဇ်အတိုင်ပင်ခံ၊ ဘာလို့ ဒီလိုကြိုးတုပ်ထားတာလဲ”

ချင်မူက အဝတ်အစားများ ထုတ်ကာ ဝတ်သည်။ “ခိုင်ဧကရာဇ် ကျရှုံးသွားပြီ.. ယိုတုက ရန်သူ့လက်ထဲ ရောက်သွားပြီ... ငါလည်း စိတ်ကျနေတာ... သူတို့သာ ပြန်ရောက်မလာရင် ငါ ကောင်းကင်နတ်ဘုံဆီ သွားပြီး ကောင်းကင်နတ်အရှင်ဟောင်လက်အောက်မှာ အသနားခံတော့မလို့”

ယွီချိန်ကျစ် တုန်လှုပ်သွားသည်။ သူသည် ထာဝရငြိမ်းချမ်းရေးအင်ပါယာ၏ သနင်္ဂဗျူဟာတို့အတွက် တာဝန်ရှိသော ဝန်မင်းတစ်ယောက် ဖြစ်သည့်အတွက် ခိုင်ဧကရာဇ် ကျရှုံးသွားမှုက ထာဝရငြိမ်းချမ်းရေးအင်ပါယာအတွက် မည်မျှထိုးနှက်ချက် ပြင်းမှန်း ကောင်းကောင်းသိလေသည်။ လူသားမျိုးနွယ်တွင် ထိပ်တန်းသိုင်းပညာရှင်ဟူ၍ လက်ချိုးရေ၍ ရသည်။ ခိုင်ဧကရာဇ်သည် ပထမဆုံးသော တာအိုသိုင်းပညာရှင်ဖြစ်သည်သာမက အားအကိုးရဆုံးလည်း မဟုတ်လေလော။

ခိုင်ဧကရာဇ် သေဆုံးသွားသည်နှင့် ကောင်ကင်နတ်အရှင်ဟောင်တို့အပေါင်းအပါတို့အပေါ် ဗျူဟာအရ အသာစီးယူနိုင်မည့်အခွင့်အရေးကား ပျောက်ချင်းမလှ ပျောက်ဆုံးသွားချေပြီ။

ထို့အပြင် ခိုင်ဧကရာဇ်၏ကျရှုံးမှုက ယိုတုအား ရန်သူ့လက်တွင်းသို့ ကျရောက်သွားစေခဲ့သည်။

ယိုတုအပေါ် ထိန်းချုပ်နိုင်စွမ်း မရှိတော့ခြင်းသည် ထာဝရငြိမ်းချမ်းရေးအင်ပါယာ၏ သောင်းပေါင်းများစွာသော အသက်များ၊ အခြားကမ္ဘာလောကများမှ သက်ရှိသတ္တဝါတို့၏ အသက်များ ... ‌ကောင်းကင်နတ်ဘုံ၏ လက်တွင်း ကျရောက်သွားပြီဟု ဆိုလိုပေသည်။

လူသားမျိုးနွယ်ကို ကာကွယ်ရန် အလို့ငှာ ချင်မူ့အနေဖြင့် လက်နက်ချ အညံ့ခံ့ကာ ဒူးထောက် အရှုံးပေးရုံသာ ရှိချေသည်။

ထို့ကြောင့် သူ ယူလာသည့် သတင်းက အညံ့ခံရမည့်လမ်းမှ ရှောင်ဖယ်နိုင်မည့် တစ်ခုတည်းသော ထွက်ပေါက် ဖြစ်လောက်သည်။

ချင်မူက လန်ဝူဘက် လှည့်ပြောသည်။ “ကောင်းကင်နတ်ဘုံကို တစ်ယောက်တည်း မသွားနဲ့... ကျွန်တော် ပြန်လာတာ စောင့်... အတူတူ အစီအစဉ် ဆွဲကြမယ်... ယွီချိန်ကျစ်... ဗုဒ္ဓအိုကြီးနဲ့ တာအိုဘိုးဘေးကြီးဆီ သွားတွေ့ကြစို့”

လန်ဝူ၊ ရွာလူကြီဂ၊ ကောင်းကင်နတ်အရှင်လင်နှင့် ကျန်သူများမှာ ချင်မူ ယွီချိန်ကျစ်နှင့်အတူ ခပ်သုတ်သုတ် ထွက်သွားသည်ကို ကြည့်နေပြီးနောက် တစ်ယောက်ကိုတစ်ယောက် ဇဝေဇဝါဖြင့် ပြန်ကြည့်ကာ သူ့အနောက်သို့ အလျင်အမြန် လိုက်သွားကြတော့သည်။

ချင်မူ လောကပေါင်းကူးသင်္ဘောဘေးမှ ဖြတ်သွားသည့်အခါ ချင်ဖုန်းကျင့်သည် မှောင်ရိပ်ထဲမှ ကပျာကယာ ထွက်လာကာ အကျယ်ကြီး လှမ်းအော်၏။ “ညီလေး၊ သင်္ဘောပေါ်မှာ သရဲ ခြောက်နေတယ်”

“အဲဒီအကြောင်း နောက်မှ ပြောမယ်” ချင်မူက မြေကမ္ဘာကောင်းမှုနန်းတော်ထဲ ရေကြီးသုတ်ပျာ ဝင်သွားလေသည်။

မြေကမ္ဘာကောင်းမှုနန်းတော်ထဲတွင် ချင်မူသည် တာအိုဒဿနတက္ကသိုလ်ဆီသို့ အပြေးအလွှား သွားလိုက်သည့်အခါ ခန်းမထဲတွင် စုတ်တီးစုတ်ပြတ် တာအိုရသေ့ကြီးတစ်ယောက်နှင့် ဘုန်းကြီးအိုကြီးတစ်ပါးအား တွေ့လိုက်ရသည်။ သူတို့မှာ ခရီးပန်းနေကြပုံပေါ်ပြီး ရေနွေးကြမ်း ထိုင်သောက်နေကြသည်။

“တာအိုဘိုးဘေးကြီး၊ ဗုဒ္ဓအိုကြီး” ချင်မူက နှုတ်ဆက်လိုက်သည်။

တာအိုဘိုးဘေးကြီးနှင့် ဗြဟ္မဗုဒ္ဓသည် သူ့အား အလျင်အမြန် ပြန်လည်အရိုအသေပေးကြ၏။ တာအိုဘိုးဘေးကြီးက တအံ့တဩ ပြောလေသည်။ “ကောင်းကင်နတ်အရှင်မူ၊ ကောင်းကင်နတ်အရှင်ကို ကြည့်ရတာ အများကြီး ချောင်ကျသွားသလိုပဲ”

ကျန်သူများလည်း အပြေးအလွှား ရောက်လာကြကာ ခန်းမထဲ တိုးဝင်လာကြသည်။

ချင်မူမှာ စိတ်ပြေလက်ပျောက်ပင် ဝမ်းပန်းတသာ မနှုတ်ဆက်နိုင်ပေ။ “ရသေ့ကြီးတို့ ဖရိုဖရဲဟင်းလင်းပြင်မှာ သွားစူးစမ်းပြီး အဲဒီခရီးကနေ အကျိုးအမြတ် အများကြီး ရခဲ့တယ်လို့ ယွီချိန်ကျစ် ခုလေးတင် လာပြောသွားတယ်... ဘာတွေရခဲ့သလဲ မေးခွင့်ရှိမလား”

ဗြဟ္မဗုဒ္ဓနှင့် တာအိုဘိုးဘေးကြီးက တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ကြပြီး ဗြဟ္မဗုဒ္ဓက ပြောသည်။ “မင်းပဲ ပြောပြလိုက်”

တာအိုဘိုးဘေးကြီးက အသာအယာ ခေါင်းညိတ်ကာ ရှင်းပြသည်။ “ငါက ဗုဒ္ဓအိုကြီးအပြင် ချိဧကရာဇ်၊ မင်ဧကရာဇ်တို့နဲ့ ရင်းနှီးတယ်... မင်ဧကရာဇ် အသက်ပြန်ရှင်လာတော့ သူနဲ့အတူ ချိမင်ရွှမ်းခုံးကမ္ဘာဆီ သွားကြတုန်း လမ်းမှာ ချိဧကရာဇ်နဲ့ တွေ့ခဲ့တယ်... ချိဧကရာဇ်ရဲ့ ဦးနှောက်က အဲဒီမှာ ရှိနေသေးတာ မဟုတ်လား”

ချင်မူက ခေါင်းညိတ်သည်။

ထိုစဉ်တုန်းက သူ၏ တတိယမျက်လုံးထဲတွင် ချိဧကရာဇ်နှင့် ဗြဟ္မဗုဒ္ဓတို့သည် တစ်ယောက်နှင့် တစ်ယောက် ရင်းနှီးခဲ့ကြ၏။ သူတို့အကြားရှိ မိတ်ဆွေဆက်ဆံရေးက ချိမင်ခေတ်ကတည်းကဟူ၍ ဆိုရမည်။

ဗုဒ္ဓဘုံနှင့် တာအိုဂိုဏ်းတွင် ခေါင်းသုံးလုံး၊ လက်ခြောက်ဖက် ရှိသည့် အစောင့်အရှောက်နတ်ဘုရားများစွာ ရှိသည် မဟုတ်ပါလော။ သူတို့သည် ချိမင်ခေတ်မှ ကျင့်စဉ်အနှစ်သာရတို့အား ကျင့်သုံးခဲ့ကြောင်း ထင်ရှား၏။

“အဲဒါနဲ့ လမ်းမှာ ချိဧကရာဇ်က ဖရိုဖရဲဟင်းလင်းပြင်ထဲ သူ သွားစူးစမ်းတုန်းက ကြုံတွေ့ခဲ့ရတဲ့ အဖြစ်အပျက်တွေကို ပြောပြတယ်”

တာအိုဘိုးဘေးကြီးက ဆက်ပြောသည်။ “အဲဒီမှာ ပြောပြမတတ်အောင် ဆန်းကြယ်တဲ့ ဖြစ်ရပ်တွေ ဖြစ်ပွားနေတယ်တဲ့... မရေမတွက်နိုင်တဲ့ စကြဝဠာတွေရဲ့ မွေးဖွားခြင်း ၊ ပျက်စီးခြင်း၊ စကြဝဠာတွေရဲ့ အတက်အကျ၊ အောင်မြင်မှု၊ ကျရှုံးမှုတွေ စသဖြင့်ပေါ့... အဲဒီအချိန်တုန်းက သူက ပင်ပန်းနေခဲ့တာဆိုတော့ အဲဒီဟင်းလင်းပြင်ထဲကနေ လွတ်မြောက်ဖို့ ခက်မယ်ဆိုတာ သိခဲ့တယ်... ဒါကြောင့် သူ့ရုပ်ခန္ဓာကို ချိမင်ရွှမ်ခုံးကမ္ဘာအဖြစ် ပြောင်းလဲလိုက်တာတဲ့လေ... ငါတို့လည်း သူ့အတွေ့အကြုံတွေ နားထောင်ပြီး စူးစမ်းလိုစိတ် ဖြစ်လာတော့ ဖရိုဖရဲဟင်းလင်းပြင်ထဲ သွားလေ့လာချင်ခဲ့ကြတယ်... လေ့လာရေးက သေးသေးမွှားမွှား မဟုတ်ခဲ့ဘူး”

တာအိုဘိုးဘေးကြီးက ပြောသည်။ “အဲဒီဖရိုဖရဲဟင်းလင်းပြင်ထဲမှာ စိတ်ကူးနဲ့ မှန်းဆကြည့်လို့တောင် မရတဲ့ အရာတွေကို မရေမတွက်နိုင်အောင် ကြုံတွေခဲ့ရတယ်... ငါတို့အရှေ့မှာ စကြဝဠာကြီးဟာ သက်ရှိသတ္တဝါတွေ နေထိုင်ရာ နေရာတစ်ခု ဖြစ်လာတယ်... အဲဒီထူးဆန်းတဲ့ စကြဝဠာငယ်တွေထဲက တာအိုရရှိသူတွေဟာ မဟာခြုံလွှမ်းကောင်းကင်ဘုံတွေ အများကြီး ဖန်ဆင်းနေကြတယ်... ဒါပေမဲ့ စကြဝဠာကြီး ပျက်စီးပြိုကွဲတဲ့အခါ သူတို့လည်းပဲ အသက်ရှင်သန်ဖို့ အားကုန်ရုန်းကန်ကြရတယ်.... ဒါပေမဲ့ အကုန်လုံး သေကုန်ကြပြီး တာအိုတွေလည်း ပျောက်ကွယ်ကုန်တယ်... တာအိုသိုင်းပညာရှင်တွေရဲ့ တာအိုသစ်ပင်တွေဟာလည်း သေဆုံးသွားတဲ့ ‌တောအုပ်လို ခြောက်သွေ့ညှိုးနွမ်းကုန်တာပေါ့”

“တောအုပ်ထဲမှာ တာအိုသံတွေဟာ သရဲတွေလို ခြောက်လှန့်နေခဲ့တာ”

သူ ပြောပြနေသည့် အကြောင်းအရာများက ပိုပို၍ ဆန်းပြားလာသည်။

သူတို့သည် အန္တရာယ်များကို ရင်ဆိုင်၍ ဖရိုဖရဲဟင်းလင်းပြင်၏ မူလဇစ်မြစ်ကို ရှာတွေ့ရန် ကြိုးစားခဲ့ကြ၏။ စကြဝဠာ၏ ပေါ်ထွန်းမှု၊ ကျရှုံးမှုတို့က သူတို့အတွက် ရှုမှတ်စရာတစ်မျိုး ဖြစ်လာခဲ့သည်။

သို့သ်ော အန္တရာယ်များကလည်း မှန်းဆကြည့်၍ပင် မရနိုင်ပေ။

ကောင်းကင်နတ်အရှင်ရှောင် ဤနေရာသို့ နယ်နှင်ဒဏ် ပေးခံခဲ့ရစဉ်တုန်းက ကမ္ဘာဦးသစ်ပင်ကြောင့် သေဘေးမှ လက်မတင်လေး လွတ်မြောက်ခဲ့သည်။

တာအိုဘိုးဘေးကြီးနှင့် ဗြဟ္မဗုဒ္ဓတို့၏ သိုင်းအဆင့်သည် ကောင်းကင်နတ်အရှင်ရှောင်အောက် များစွာနိမ့်ကျသည့်အလျောက် သူတို့တွေ့ကြုံရသည့် အန္တရာယ်များက ပို၍ပင် ကြီးမား၏။

“ငါတို့ အသက်ရှင်ခဲ့တာ ထူးဆန်းတယ်လို့ ပြောရမယ် …. ဖရိုဖရဲနေရာဟင်းလင်းပြင်ထဲက အန္တရာယ်တွေက ငါတို့ကို ရှောင်ဖယ်နေသလိုပဲ… ငါတို့ကို အားတစ်ရပ်က ကာကွယ်ပေးထားသလိုမျိုး”

တာအိုဘိုးဘေးကြီးသည် တခဏ တွေးတောနေပြီးနောက် ပြောလိုက်သည်။ “စကြ၀ဠာရဲ့ သေခြင်းနဲ့ ရှင်ခြင်းက အရမ်းထူးဆန်းတယ်လို့ ဗြဟ္ဗဗုဒ္ဓက ပြောခဲ့တယ်… အဲ့သဘောက သူ့ရဲ့ အနန္တကပ်ဘေးကျမ်းစာနဲ့ ဆင်တူနေတယ်တဲ့…. ဒါပေမဲ့ သူ့ရဲ့ ကပ်ဘေးကျမ်းစာက အိပ်မက်ကမ္ဘာ ဖြစ်ပြီးတော့ ဖရိုဖရဲဟင်းလင်းပြင်ထဲမှာ စကြ၀ဠာရဲ့ သေခြင်းရှင်ခြင်းက အစစ်အမှန်ပဲ… ငါတို့ တစ်လမ်းလုံး လေ့လာရင်း မရေမတွက်နိုင်တဲ့ အခက်အခဲတွေကို ကျော်ဖြတ်ပြီးတဲ့အခါမှာတော့ ဖရိုဖရဲနေရာဟင်းလင်းပြင်ရဲ့ အဆုံးသတ်ကို တွေ့ခဲ့ရတယ်”

ဗြဟ္မဗုဒ္ဓက တင်ပျဉ်ခွေထိုင်နေရာမှ ‌လက်ခြောက်ဖက်ကို ဆန့်ထုတ်၍ လေထဲတွင် စက်၀န်းတစ်ခု ရေးဆွဲလိုက်ရာ ချက်ချင်းဆိုသလို စက်ဝန်းထဲမှ ကမ္ဘာလောကများ၏ ပုံရိပ်ယောင်များ ဖြာထွက်လာကာ တာအိုဒဿနတက္ကသိုလ်ထဲတွင် ထွက်ပေါ်လာ၏။

“အဲ့ဒီနေရာမှာ မဟာခြုံလွှမ်းကောင်းကင်ဘုံအပိုင်းအစတွေ မရမတွက်နိုင်အောင် ရှိနေတယ်…. အထွတ်အမြတ် သိုင်းပညာရှင်တစ်ယောက်က သူ့မဟာတာအိုကို သုံးလို့ ဒီစကြ၀ဠာငယ်လေးတွေကို တိုးတက်စေခဲ့ပြီး မူလစကြ၀ဠာ ကပ်ဘေးကို ကျော်လွှားနိုင်မယ့် နည်းလမ်းကို ရှာဖွေခဲ့တာ”

ဗြဟ္မဗုဒ္ဓက လက်ချောင်းတစ်ချောင်း မြှောက်လိုက်ပြီး တာအိုဒဿနတက္ကသိုလ်ထဲရှိ ကမ္ဘာလောကပုံရိပ်ယောင်များကို ရွှေ့လိုက်သည်။ “ဒီဖရိုဖရဲနေရာဟင်းလင်းပြင်ဆိုတာ အစစ်အမှန် ဖြစ်လာတဲ့ သူ့ရဲ့အိပ်မက်ကမ္ဘာပဲ … ငါတို့ မြင်ခဲ့ရတဲ့ မဟာခြုံလွှမ်းကောင်းကင်ဘုံအပိုင်းအစ၊ ညှိုးခြောက်နေတဲ့ တာအိုသစ်ပင်၊ တာအိုပန်းပွင့်နဲ့ တာအိုသစ်သီးတွေက သူ့အိပ်မက်ကမ္ဘာထဲမှာ အလိုလို ဖွဲ့တည်လာခဲ့တဲ့ တာအိုတွေပဲ… အဲ့ဒါတွေက သူ့အိပ်မက်ကမ္ဘာရဲ့ မဟာပျက်စီးခြင်းကပ်ဘေးကြီးထဲမှာ ခဏခဏ ဖျက်ဆီးခံနေရတယ်”

ချင်မူက လှည့်ပတ်နေသည့် ကမ္ဘာလောကပုံရိပ်ယောင်များကို နားမလည်နိုင်စွာ ကြည့်နေသည်။ ထို့နောက် လက်မြှောက်ကာ ပူဖောင်းတစ်ခုကို အသာအယာ ထိတွေ့ကြည့်လိုက်လေသည်။

ပူဖောင်း ပေါက်သွားသည့်အခါ ပူဖောင်းအသစ်များက ဖွဲ့တည်လာသည်။

တာအိုဘိုးဘေးကြီးက ဆက်ပြောသည်။ “အစက အဲ့ဒီအထွတ်အမြတ်သိုင်းပညာရှင် သေသွားပြီ ထင်ခဲ့ပေမယ့် ဖရိုဖရဲနေရာဟင်းလင်းပြင်အတွင်းပိုင်းထဲအထိ ရောက်လာတဲ့အခါ‌မှာတော့ သေးငယ်တဲ့ စကြ၀ဠာအသစ်တွေ ‌ထွက်ပေါ်လာနေသေးတာကို တွေ့ခဲ့ရတယ်…”

ချင်မူမှာ ဇဝေဇဝါ မေးလိုက်သည်။ “အဲ့ဒါ ဘာအဓိပ္ပာယ်လဲ”

“အဲဒီ အထွတ်အမြတ်သိုင်းပညာရှင်က အသက်ရှိနေသေးတယ်”

တာအိုဘိုးဘေးကြီးနှင့် ဗြဟ္မဗုဒ္ဓသည် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး ဗြဟ္ဗဗုဒ္ဓက ပြောသည်။ “သူ့ရဲ့ လူသားလမ်းစဉ်၊ ကျင့်စဉ်တွေနဲ့ ကောင်းကင်နတ်သိုင်းတွေက သိပ်ကို ထူးကဲတယ်…. ငါ့ရဲ့ ကပ်ဘေးကျမ်းစာထက်တောင် အဆပေါင်းများစွာ သာလွန်တယ်…. သူက အိပ်မက်ထဲမှာ အစစ်အမှန်ပြောင်းနိုင်တဲ့ အဆင့်တောင် ရောက်နေပြီ ... ငါတောင် အဲ့အထိ မရောက်သေးဘူး … ဒီလိုပုဂ္ဂိုလ်မျိုး ကမ္ဘာဦးခေတ်မှာ ရှိခဲ့တာ ငါ့ကို အတော်လေး အံ့အားသင့်မိစေတယ်”

“ဒါပေမဲ့ ငါတို့ဖရိုဖရဲနေရာဟင်းလင်းပြင်ရဲ့ မူလဇစ်မြစ်အထိ ရောက်သွားတဲ့အခါမှာတော့ အဲ့ဒီအထွတ်အမြတ်သိုင်းပညာရှင်ကို မတွေ့ခဲ့ရဘူး”

တာအိုဘိုးဘေးကြီးက ပြောသည်။ “ငါတို့က အဲ့နေရာမှာ လောကကြီးနဲ့ သီးသန့် ကွဲထွက်နေခဲ့တာ… ယိုတု၊ ရွှမ်တုရော ဘိုးဘေးနန်းတော်ကိုပါ မမြင်ခဲ့ရဘူး…. ချိမင်ရွှမ်ခုံးကမ္ဘာကတောင်မှ အဲ့ဒီနေရာရဲ့ အစွန်းဘက်မှာပဲ ရှိတာ… ကောင်းကင်နတ်ဘုံအနေနဲ့ ရှာတွေ့ဖို့ မဖြစ်နိုင်ဘူး”

ချင်မူ့မျက်လုံးများက ဖြည်းဖြည်းချင်း တောက်ပလာတော့သည်။

“ငါတို့ ထာ၀ရငြိမ်းချမ်းရေးအင်ပါယာနဲ့ ရွှင်ပျော်ပျော်ကျေးရွာကို အဲ့ဒီနေရာဆီ ရွှေ့ပြောင်းနိုင်ရင် ကောင်းကင်နတ်ဘုံကို ရှောင်တိမ်းနိုင်ပြီ… ယိုတုရော ရွှမ်တုရော ရောက်လာနိုင်မှာ မဟုတ်တဲ့အတွက် ငါတို့မျိုးနွယ်စုတစ်စုလုံး မျိုးသုဉ်းမှာ မဟုတ်တော့ဘူး”

တာအိုဘိုးဘေးကြီးက ပြောသည်။ “ဗြဟ္မဗုဒ္ဓနဲ့ ငါ အဲ့ဒီနေရာဆီ လမ်းကြောင်းဆွဲပြီး မြန်မြန်ပြန်လာခဲ့ကြတာပဲ…. ရောက်ရောက်ချင်း ယိုတုတိုက်ပွဲ ဖြစ်နေလိမ့်မယ်လို့ ထင်မထားခဲ့ဘူး… ကောင်းကင်နတ်အရှင်မူ ကောင်းကင်နတ်ဘုံဆီ မသွားရသေးတာပဲ ကံကောင်းတယ် ဆိုရမယ်”

“မျှော်လင့်ချက်… ဒါက မျှော်လင့်ချက်ပဲ”

All Chapters