← Chapters

မျှော်လင့်ချက်

Vol. 124 Ch. 1609 (2)

မျှော်လင့်ချက်

Vol. 124 Ch. 1609 (2)

ချင်မူက ခေါက်တုံခေါက်ပြန် လျှောက်နေသည်။ ဤသည်က လူသားမျိုးနွယ်အတွက် နောက်ဆုံးလွတ်လမ်း ဖြစ်၏။ တာအိုဘိုးဘေးကြီးနှင့် ဗြဟ္မဗုဒ္ဓတို ယူဆောင်လာသည့် သတင်းက သူ့ကို သတိပြန်ဝင်သွားစေပြီး အတွေးများ ပြန်လည်နိုးကြားလာစေသည်။

သူက အချိန်အတော်ကြာ စဉ်းစားနေပြီးနောက် ရပ်လိုက်သည်။ “ငါ ထာဝရငြိမ်းချမ်းရေးအင်ပါယာတစ်ခုလုံးကို ပြောင်းရွှေ့လိုက်မယ်ဆိုရင် ရွှင်ပျော်ပျော်ကျေးရွာလို၊ ချိမင်ရွှမ်းခုံးကမ္ဘာလို ဖြစ်သွားလိမ့်မယ်… ပြုပြင်ပြောင်းလဲမှု မြေဆီလွှာကို ဆုံးရှုံးလိုက်ရမယ်ဆိုရင် ပျက်စီးသွားလိမ့်မယ် ... မတန်ဘူး”

တာအိုဒဿနတက္ကသိုလ်ထဲတွင် အားလုံးက သူ့ကို ကြည့်၍ သူ၏ ဆုံးဖြတ်ချက်ကို စောင့်ဆိုင်းနေကြသည်။

'ဒါပေမဲ့ မျှော်လင့်ချက်က ဒီတစ်ခုပဲ ရှိတော့တာ’

ချင်မူက စိတ်အားတင်းကာ ပြုံးလိုက်သည်။ ‘နောက်ဆုတ်စရာ လမ်းရှိရင် ပိုမိုကောင်းမွန်တဲ့ အနာဂတ်အတွက် ငါ တိုက်ခိုက်နိုင်တယ်… နောက်ဆုတ်နိုင်မယ့်လမ်းကို ထားထားမှ ဖြစ်မှာ … ထာဝရငြိမ်းချမ်းရေးအင်ပါယာတစ်ခုလုံးကိုတော့ ဖရိုဖရဲနေရာဟင်းလင်းပြင်ဆီ ချက်ချင်း မရွှေ့ပြောင်းဘဲ ကမ္ဘာဦးဘုံမှာ ဆက်နေခိုင်းရမယ် …. ဒါပေမဲ့ ထာဝရငြိမ်းချမ်းရေးအင်ပါယာတစ်စိတ်တစ်ပိုင်းကတော့ ရွှေ့ပြောင်းပြီး လူသားမျိုးနွယ်အတွက် မျိုးဆက်သစ်တွေ ဖြစ်လာစေရမယ်”

သူ၏မျက်ခုံးနှစ်ဖက်ကြားရှိ ဒေါင်လိုင်မျက်လုံးက ပွင့်လာပြီး ယိုတုကို စစ်ဆေးကြည့်လိုက်သည်။

ဤအခိုက်အတန့်တွင် ယိုတု ကွဲထွက်နေသည့်အခြေအနေမှာ သူတို့ ထွက်လာတုန်းကထက်ပင် ပိုမိုပြင်းထန်နေသည်။ ယိုတုမှာ မြေအောက်ဘုံအရှင်သခင်၏ ခန္ဓာကိုယ် ဖြစ်ပြီး မြေအောက်ဘုံအရှင်သခင်မှာ သေဆုံးသွားပြီ ဖြစ်သည်။ သူ၏ရုပ်ခန္ဓာ ပြိုလဲနေသည့်အတွက် ယိုတုသည်လည်း မရေမတွက်နိုင်သော အစိတ်အပိုင်းများအဖြစ် ကွဲထွက်နေကြ၏။

သို့သော် ဤသို့ပြိုလဲနေမှုမှာ တဖြည်းဖြည်း ရပ်တန့်နေသည်။ အဘယ်ကြောင့်ဆိုသော် ကောင်းကင်နတ်အရှင်ရှုသည် ယိုတုတွင် ရှိနေပြီး ယိုတုအား စုပ်ယူနိုင်မည့် နည်းလမ်းကို ရှာဖွေ၍ ဤပြိုလဲမှုအား ကြိုးစားတားဆီးနေသောကြောင့်ပင်။

ယိုတုသာ လုံးဝပျောက်ကွယ်သွားပါက ကောင်းကင်နတ်ဘုံအတွက် ဆုံးရှုံးမှုကြီးတစ်ခု ဖြစ်မည် မဟုတ်လေလော။

ကောင်းကင်နတ်အရှင်ရှု၏ သိုင်းအခြေခံနှင့် စွမ်းဆောင်ရည်ဖြင့် ဆိုလျှင် ယိုတုတစ်ခုလုံးအား ထိန်းချုပ်နိုင်လိမ့်မည်မဟုတ်ပေ။

ထိုအခိုက်အတန့်တွင် ကောင်းကင်နတ်ဘုံ၏ မဟာစစ်တပ်ကြီးသည် ကောင်းကင်ယင်သားတော်၏ အလံအောက်၌ ယိုတုထဲသို့ ဝင်ရောက်နေကြောင်း တွေ့လိုက်ရသည်။

ကောင်းကင်ယင်သားတော်က မြေအောက်ဘုံအရှင်သခင်၏ ဦးချိုဖြင့် တည်ဆောက်ထားသော မင်တုအား အုပ်ချုပ်သူ မဟုတ်လော။ သူသည်လည်း ယိုတုမဟာတာအိုတွင် ကျွမ်းကျင်သော ပုဂ္ဂိုလ်တစ်ဦး ဖြစ်လေသည်။

ကောင်းကင်နတ်အရှင်ရှုသည် ယိုတုအပေါ် အပြည့်အဝ မထိန်းချုပ်နိုင်သောကြောင့် ကောင်းကင်ယင်သားတော်က လာရောက် ဝေစုခွဲခြင်းလော။

တစ်ချိန်တည်းမှာပင် ကောင်းကင်နတ်အရှင်ရှု၏ လက်အောက်ရှိ မိစ္ဆာစစ်တပ်ကလည်း အဆုံးမသတ်နိုင်သော စစ်ကြောင်းတန်းကြီးဖြင့် ယိုတုဆီသို့ ချီတက်လာကြကာ မြေအောက်ဘုံအရှင်သခင်၏ ခန္ဓာကိုယ်မှ ဖွဲ့တည်နေသော မြေထုများကို သိမ်းပိုက်နေကြသည်။

ချင်မူက တစ်ကိုယ်တည်း တတွတ်တွတ် ရွတ်နေပြီးနောက် သူ၏ချီစွမ်းအင်တို့က ပေါက်ကွဲထွက်လာ၏။ သူ၏လက်များက ဆန့်တန်းသွားပြီး အနန္တကမ္ဘာလောကများ၏ ပထဝီအနေအထားက ချက်ချင်း ထွက်ပေါ်လာသည်။

တာအိုဒဿနတက္ကသိုလ်တွင် ချီစွမ်းအင်ဖြင့် ဖွဲ့တည်ထားသော အနန္တကမ္ဘာလောကများက လူတိုင်း၏ ပတ်ပတ်လည်တွင် မြောလွင့်နေပြီး မဟာစကြ၀ဠာ၏ ပုံစံတူတစ်ခုကို ဖွဲ့တည်ထားသည်။

ချင်မူ့အတွေးများက လှုပ်ရှားသွားသည့်အခါ ရွှမ်တုသည် စကြ၀ဠာ၏ ပုံစံတူအထက်တွင် ပေါ်လွင်လာသည်။ ယိုတုတွင် အက်ကွဲနေကြသည့် မြေထုများက ကောင်းကင်ဘုံများနှင့် ကမ္ဘာလောကတစ်သောင်းအပေါ်တွင် ထပ်သွားကြသည်။

သူက ၎င်းတို့ကို နေရာချထား၍ မေးလိုက်သည်။ “မမကြီးယွဲ့၊ ကောင်းကင်ဘုံတွေနဲ့ ကမ္ဘာလောကတစ်သောင်းရဲ့ နေရာက မှန်ရဲ့လား”

ကောင်းကင်နတ်အရှင်ယွဲ့က ရှေ့သို့ တက်လာ၍ စစ်ဆေးကြည့်လိုက်ပြီး ကောင်းကင်ဘုံတချို့ကို နေရာပြန်ချလိုက်သည်။

ချင်မူက သူမကို ကျေးဇူးတင်စကားဆိုပြီးနောက် မဟာစကြ၀ဠာအား လှည့်ပတ်ကာ ကြည့်ရှုနေ၏။ အချိန်အတော်ကြာ စဉ်းစားပြီးနောက် သူက ကမ္ဘာဦးဘုံ၏ ပထဝီအနေအထားထဲရှိ ထာဝရငြိမ်းချမ်းရေးအင်ပါယာကို လက်ညှိုးထိုးပြလိုက်သည်။ “ကျွန်တော့်အစ်ကိုကြီး ချင်ဖုန်းကျင့်က ကမ္ဘာဦးဘုံကို သိမ်းပိုက်ထားပြီး ယိုတုငယ်အဖြစ် ဖန်တီးထားတယ်…. သေခြင်းရှင်ခြင်းစာအုပ်ရဲ့ စွမ်းအားနဲ့ဆို ထာဝရငြိမ်းချမ်းရေးအင်ပါယာကလူတွေ ကောင်းကင်နတ်အရှင်ရှုရဲ့ ယိုတုစက်ကွင်းထဲက လွတ်အောင် ကာကွယ်ပေးနိုင်တယ်”

သူက လက်ညှိုးဖြင့် ထာဝရငြိမ်းချမ်းရေးအင်ပါယာပတ်ပတ်လည်တွင် စက်ဝိုင်းတစ်ခု ရေးဆွဲလိုက်သည်။ သူ၏ ချီစွမ်းအင်က ချင်ဖုန်းကျင့်အသွင် ပြောင်းလဲသွားပြီး ဦးခေါင်းပေါ်တွင် ဦးချိုနှစ်ဖက် ပေါက်နေ၏။ သူက သေခြင်းရှင်ခြင်းစာအုပ်ကို ကိုင်လျက် ထိုနေရာတွင် ရပ်နေသည်။

“ကောင်းကင်နတ်အရှင်ရုံက ရွှင်ပျော်ပျော်ကျေးရွာ ယိုတုအလစ်တိုက်တာ မခံရအောင် ကာကွယ်ပေးနိုင်တယ်… ယမမင်းရဲ့ ဖုန်းတုနဲ့ဆိုရင် သူတို့ကို အဘက်ဘက်ကနေ ထောက်ပံ့နိုင်တယ်… ဒီတိုက်ပွဲကို ရှုံးချင်မှ ရှုံးတော့မှာ”

သူ၏ ချီစွမ်းအင်သည် ကောင်းကင်နတ်အရှင်ရုံ၏ အရိပ်အဖြစ် ဖွဲ့တည်ကာ ရွှင်ပျော်ပျော်ကျေးရွာကို ကာကွယ်ပေးထားလိုက်သည်။ ရွှင်ပျော်ပျော်ကျေးရွာသည် ကမ္ဘာဦးဘုံသို့ ပြောင်းရွှေ့လာပြီဖြစ်ပြီး ထာဝရငြိမ်းချမ်းရေးအင်ပါယာဘေးတွင် နေရာယူထား၏။

ကောင်းကင်နတ်အရှင်ရုံက တစ္ဆေမျက်နှာဖုံးကို ဖြည်းဖြည်းချင်း ချွတ်လိုက်ရင်း ပြောသည်။ “ကောင်းကင်နတ်ဘုံရဲ့စစ်တပ်အနေနဲ့ ယိုတုကနေ ရွှင်ပျော်ပျော်ကျေးရွာနဲ့ ထာဝရငြိမ်းချမ်းရေးအင်ပါယာဆီ ခြေလှမ်းလာဖို့ တွေးရဲမှာ မဟုတ်ဘူး”

ချီစွမ်းအင်တို့က ချင်မူ့လက်ချောင်းထိပ်များမှ စီးဆင်းသွားပြီး ရွှင်ပျော်ပျော်ကျေးရွာနှင့် ထာဝရငြိမ်းချမ်းရေးအင်ပါယာကို အုပ်မိုးလိုက်သည့် ရွှမ်တုအသေးစားလေးအဖြစ် ပြောင်းလဲသွားသည်။ “ကောင်းကင်နတ်ဘုံ ရွှမ်တုကနေ တိုက်ခိုက်လာပြီး ထာဝရငြိမ်းချမ်းရေးအင်ပါယာကို ကပ်ဘေးကျရောက်စေမယ်ဆိုရင် ကောင်းကင်နယ်စားမင်းက ကောင်းကင်တာအိုအထွတ်အမြတ်ရတနာ ၅၀ ကို ယူပြီး ရွှမ်တုအသးစားလေးအဖြစ် ပြောင်းလဲလိုက်လို့ရတယ်… ရှေးဟောင်းနတ်ဘုရားဘုရင်က ကောင်းကင်နယ်စားမင်းရဲ့ ရုပ်ခန္ဓာကို ထိန်းချုပ်ပြီး ရွှမ်တုအသေးစားကို တိုက်ခိုက်လာရင် ကောင်းကင်နယ်စားမင်းက ရှေးဟောင်းနတ်ဘုရားဘုရင်ကို ခုခံကာကွယ်လို့ရတယ်… ပြောရရင် ကောင်းကင်နယ်စားမင်းရဲ့ ရုပ်ခန္ဓာကို သူကိုယ်တိုင်ပဲ ပိုင်တာလေ… ရှေးဟောင်းနတ်ဘုရားဘုရင်ရဲ့ ပြိုင်ဘက် မဟုတ်ပေမယ့် ရှေးဟောင်းနတ်ဘုရားဘုရင်အနေနဲ့ ဖအေကို နောက်တစ်ကြိမ်သတ်ဖို့ လွယ်မှာမဟုတ်ဘူး”

ကောင်းကင်နယ်စားမင်းက ၎င်းကိုကြားလျှင် ပြောသည်။ “စိတ်မပူပါနဲ့… ငါ ရှိနေသရွေ့ ထာဝရငြိမ်းချမ်းရေးအင်ပါယာနဲ့ ရွှင်ပျော်ပျော်ကျေးရွာရဲ့ နေ၊ လနဲ့ ကြယ်တာရာတွေကို ကာကွယ်ပြီး သဘာဝကပ်ဘေးတွေ ဖြစ်မလာအောင် တားဆီးလို့ ရပါတယ်”

ချင်မူက ကောင်းကင်ဘုံရှိ ကမ္ဘာလောကအားလုံးကို ကြည့်ရှုလိုက်သည်။ “ကောင်းကင်နတ်ဘုံ တိုက်ခိုက်လာခဲ့ရင် ကျွန်တော်တို့ရဲ့ စွမ်းအင်အကူးအပြောင်းတံတားကို သုံးမှပဲ ရလိမ့်မယ်… စွမ်းအင်အကူးအပြောင်းတံတားကို ကျွန်တော်နဲ့ ကျားနက်နတ်မင်းတို့ အတူ ဖန်တီးထားတာ… သူတို့က စွမ်းအင်အကူးအပြောင်းတံတားကို သုံးပြီး ထာဝရငြိမ်းချမ်းရေးအင်ပါယာနဲ့ တိုက်ခိုက်ချင်နေတာဆိုတော့ လမ်းဖောက်ပေးခဲ့တဲ့ ကျွန်တော့်ကို အတော်လေး အထင်သေးထားကြတာပဲ…. တံတားကို ဖျက်ပြီး လမ်းဖြတ်တောက်လိုက်သရွေ့ ကောင်းကင်နတ်ဘုံစစ်တပ်ဟာ ကောင်းကင်နတ်ဘုံကနေ လှေနဲ့ လာရလိမ့်မယ်… ထာဝရငြိမ်းချမ်းရေးအင်ပါယာကို ရောက်အောင် နှစ်ပေါင်းဒါဇင်ချီ ချီတက်လာကြရလိမ့်မယ်… အဲဒီနှစ်တွေအတွင်းမှာ ကမ္ဘာလောကအားလုံးမှာ ပြောင်းလဲမှုတွေဖြစ်လာအောင် လုပ်လို့ရတယ်”

သူသည် စိတ်တက်ကြွနေသဖြင့် သူ၏မျက်လုံးများက ကြယ်တာရာများနှင့် လမင်းအလား လင်းလတ်တောက်ပနေကြသည်။ “မမကြီးယွဲ့၊ ရွှင်ပျော်ပျော်ကျေးရွာ သွားပြီး တန်ခိုးရှင်သစ်ခုတ်သမားနဲ့ ကျားနက်နတ်မင်းတို့ကို ခေါ်လာခဲ့ပေးပါ… တာအိုဘိုးဘေးကြီး၊ ကျွန်တော် ထာဝရငြိမ်းချမ်းရေးအင်ပါယာ တာအိုဂိုဏ်းရဲ့ သင်္ချာပညာရှင်တွေကို လိုအပ်တယ်…. ကောင်းကင်နတ်ဘုံ နတ်ဘုရားမိစ္ဆာတပ်ကို စုစည်းလိုက်ပြီဆိုရင် ကောင်းကင်နတ်ဘုံမှာ ရှိသမျှ စွမ်းအင်အကူးအပြောင်းတံတားအားလုံး သုံးမရအောင် လုပ်ပစ်မယ်”

ကောင်းကင်နတ်အရှင်ယွဲ့က ချက်ချင်း ထွက်ခွာသွားသည်။

“ထာဝရငြိမ်းချမ်းရေးအင်ပါယာ တာအိုဂိုဏ်းရဲ့ သင်္ချာက ကောင်းကင်နတ်ဘုံတာအိုဂိုဏ်းထက် အများကြီးသာလွန်နေပြီ” တာအိုဘိုးဘေးကြီးက ပြောသည်။ “ဒါပေမဲ့ တံတားကျိုးသွားမယ်ဆိုရင် ကောင်းကင်ဘုံရဲ့ ကမ္ဘာလောကတစ်သောင်းက စွမ်းအင်အကူးအပြောင်းတံတားတွေရဲ့ ဆက်သွယ်ချက်ကို ရွှေ့ပြောင်းဖို့ လိုတယ်… ကောင်းကင်နတ်ဘုံတာအိုဂိုဏ်းက ကူညီနိုင်လောက်တယ်”

ချင်မူက ကမ္ဘာလောကတစ်သောင်းကို ကြည့်နေရင်း ရုတ်တရက် ပြောလိုက်သည်။ “ယွီချိန်ကျစ်၊ စစ်ယွင်ရှန်းနဲ့ ဟူလင်းအာကို သွားတွေ့လိုက်ပါ… ကောင်းကင်ဘုံတွေနဲ့ ကမ္ဘာလောကတစ်သောင်းရဲ့ ကုန်သွယ်ရေးအချက်အလက်တွေနဲ့ ကောင်းကင်ဒင်္ဂါးစီးဆင်းမှုကို သိချင်တယ်လို့ ပြောလိုက်… ဆယ်ရက်အတွင်း အသေအချာ စာတမ်းပြုစုပြီး ငါ့ဆီ ပို့ခိုင်းလိုက်ပါ”

တာအိုဘိုးဘေးကြီးက ယွီချိန်ကျစ်အား ပြောသည်။ “ချင်းယွင်းကောင်းကင်ဘုံက တာအိုပညာရှင်တွေလည်း ကူညီပေးနိုင်လိမ့်မယ်”

ယွီချိန်ကျစ်သည်လည်း အလောတကြီး ထွက်ခွာသွားတော့၏။

တာအိုဘိုးဘေးကြီးက မေးလိုက်သည်။ “ဘာလို့ ကောင်းကင်ဘုံတွေနဲ့ ကမ္ဘာလောကတစ်သောင်းရဲ့ ကုန်သွယ်ရေးအချက်အလက်တွေကို လိုချင်ရတာလဲ”

“အဲဒီကောင်းကင်ဘုံတွေက ထာဝရငြိမ်းချမ်းရေးအင်ပါယာနဲ့ ကုန်သွယ်မှု ပိုများတာလား … ကောင်းကင်နတ်ဘုံနဲ့ ပိုပြီးကုန်သွယ်တာလား သိချင်လို့ပါ”

ချင်မူက ရှင်းပြသည်။ “ဒါက အနာဂတ်အတွက် သိပ်ကို အရေးကြီးတယ်… ဒီလိုနည်းနဲ့ ဘယ်ကောင်းကင်ဘုံတွေက ကောင်းကင်နတ်ဘုံရဲ့ တောင်ပံ ဖြစ်နေသလဲ သိနိုင်ပြီးတော့ ဘယ်ကောင်းကင်ဘုံတွေကို ကိုယ့်ဘက်တော်သားအဖြစ် သိမ်းသွင်းလို့ရနိုင်မလဲ သိလိမ့်မယ်… ထာဝရငြိမ်းချမ်းရေးအင်ပါယာအနေနဲ့ နှစ်တွေတလျှောက်လုံး စုဆောင်းထားခဲ့တဲ့ ကောင်းကင်ဒင်္ဂါးတွေကို ကောင်းကင်ဘုံတွေအားလုံးဆီက နတ်သတ္တုတွေနဲ့ ကုန်ကြမ်းတွေ ဝယ်ပြီး ရှိသမျှဒင်္ဂါး အကုန်သုံးစေချင်တယ်… စစ်ပွဲဖြစ်လာရင် ကောင်းကင်ဒင်္ဂါးတွေက အသုံးမဝင်တော့ဘူး”

“ထာဝရငြိမ်းချမ်းရေးအင်ပါယာအနေနဲ့ ကောင်းကင်နတ်ဘုံကို ကုန်သွယ်ရေးစနစ်ကနေ ပ, ထုတ်ဖို့အတွက် သိမ်းသွင်းနိုင်မယ့် ကောင်းကင်ဘုံတွေနဲ့ ထာဝရငြိမ်းချမ်းရေးအင်ပါယာအကြားမှာ စွမ်းအင်အကူးအပြောင်းတံတားတစ်စင်း ဆောက်ထားဖို့လည်း လိုတယ်”

“ထာဝရငြိမ်းချမ်းရေးအင်ပါယာအနေနဲ့ ကောင်းကင်လက်နက်တွေလည်း သွန်းလုပ်ထားရမယ်…. ဖန်ဆင်းခြင်းကောင်းကင်လက်နက်ကို ဖန်တီးပြီး ကျွန်တော်တို့ရဲ့ ကိုယ်ပိုင် ကောင်းကင်လက်နက် ကောင်းကင်နတ်အရှင်ယွီကို ဖန်တီးဖို့ ကောင်းကင်နတ်အရှင်လင်ကိုလည်း လိုအပ်တယ်”

ကောင်းကင်နတ်အရှင်လင်၏ မျက်လုံးများ တောက်ပသွားသော်လည်း သူမက ခေါင်းရမ်းလိုက်သည်။ “ဖန်ဆင်းခြင်းကောင်းကင်လက်နက်ကို ဖန်တီးဖို့က သင်္ချာပညာရှင်တွေ အများကြီးနဲ့ ပန်းပဲဆရာတွေအများကြီး လိုအပ်တယ်…. မူ၊ သင်္ချာပညာရှင်တွေအားလုံးကို နင် အသုံးချနေပြီဆိုတော့ ငါ့အတွက် ကျန်သေးလို့လား”

“ထာဝရငြိမ်းချမ်းရေးအင်ပါယာမှာ အများဆုံးက သင်္ချာပညာရှင်တွေနဲ့ ပန်းပဲဆရာတွေပဲလေ”

ချင်မူက တိကျပြတ်သားစွာ ပြောသည်။ “ကျွန်တော်တို့ ကောင်းကင်နတ်ဘုံ လှုပ်ရှားမလာခင် ဖန်ဆင်းခြင်းကောင်းကင်လက်နက်တစ်ခု ဖန်တီးထားရမယ့်အပြင် ကြယ်တာရာကောင်းကင်ကို ဖြတ်သန်းပြီး ကောင်းကင်နတ်ဘုံရဲ့ ကောင်းကင်နတ်မြစ်စစ်တပ်ကို ချေမှုန်းနိုင်ဖို့ ပရတ္တလှေလို စစ်သင်္ဘောတစ်စီးလည်း တည်ဆောက်ရမယ်”

“ပိုပြီး အရေးကြီးတဲ့ အရာတစ်ခု ရှိတယ်”

ချင်မူက လက်မြှောက်လိုက်ရာ ကောင်းကင်ဘုံများနှင့် ကမ္ဘာလောကတစ်သောင်းသည် ကောင်းကင်နတ်ဘုံအား ဝန်းရံလှည့်ပတ်သွားကြ၏။ သူက အေးစက်စွာ ပြောသည်။ “ကောင်းကင်ဘုံတွေနဲ့ ကမ္ဘာလောကတစ်သောင်း ကောင်းကင်နတ်ဘုံကို ပုန်ကန်ဖို့ လိုအပ်တယ်”

တာအိုဒဿနတက္ကသိုလ်ထဲ ရောက်နေကြသူအားလုံး တုန်လှုပ်သွားကြသည်။

ကောင်းကင်နတ်အရှင်လင်က တာအိုဘိုးဘေးကြီးအား ခပ်တိုးတိုး ပြောလိုက်သည်။ “တာအိုဘိုးဘေးကြီး၊ မျှော်လင့်ချက် ယူဆောင်လာပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်”

တာအိုဘိုးဘေးကြီးက ခေါင်းရမ်းလိုက်သည်။ “ကျွန်တော်တို့ ယူဆောင်လာတာက သေးငယ်မှုန်မွှားတဲ့ မျှော်လင့်ချက်လေးပါပဲ… ထာဝရငြိမ်းချမ်းရေးအင်ပါယာ ပြုပြင်ပြောင်းလဲမှုကို ကာကွယ်မပေးနိုင်ဘူး”

“ဒါပေမဲ့ သူကတော့ အသက်ပြန်ဝင်လာခဲ့ပြီလေ” ကောင်းကင်နတ်အရှင်လင်က အလုပ်ရှုပ်နေသော ချင်မူ့ကို ကြည့်ကာ ပြောလိုက်လေသည်။

All Chapters