← Chapters

တာအိုဂိုဏ်း၏ ဂိုဏ်းသားများ

Vol. 124 Ch. 1610

တာအိုဂိုဏ်း၏ ဂိုဏ်းသားများ

Vol. 124 Ch. 1610

“မျှော်လင့်ချက်လေး ရတာနဲ့ အဲ့ကောင်လေးက သူ့ကိုယ်သူ ပြန်တည်ဆောက်နိုင်တယ်… ဘယ်လောက်ပဲ သေးငယ်တဲ့ မျှော်လင့်ချက် ဖြစ်ပါစေပေါ့”

ဗြဟ္မဗုဒ္ဓက ပြောသည်။ “သူက မျှော်လင့်ချက်ဆိုရင် လုံးဝ လက်လွှတ်မခံတဲ့ လူမျိုးပဲ…. ကောင်းကင်နတ်အရှင်လင်၊ စောစောက ဘာဖြစ်သွားခဲ့တာလဲ”

ကောင်းကင်နတ်အရှင်လင်သည် ပြော၏။ “သူ အပြစ်ဒဏ်တွေ ခံယူပြီး ကောင်းကင်နတ်ဘုံမှာ ဒူးထောက်အညံ့ခံမလို့ လုပ်နေခဲ့တာ… လူသားမျိုးနွယ်ကို အသက်ချမ်းသာပေးဖို့ ကောင်းကင်နတ်အရှင်ဟောင်ဆီမှာ တောင်းပန်မလို့တဲ့လေ”

တာအိုဘိုးဘေးကြီးနှင့် ဗြဟ္မဗုဒ္ဓမှာ တိတ်ဆိတ်ငြိမ်သက်သွားကြသည်။

မည်သည့်နည်းနှင့်မှ လွတ်မြောက်ရာ လမ်းမရှိသော အခြေအနေသို့ မရောက်သရွေ့ ချင်မူသည် ထိုသို့လုပ်လိမ့်မည် မဟုတ်ချေ။

ချင်မူမှာ ခံစားနေရသော ဖိအားများလွန်းသဖြင့် စိတ်ထောင်း၍ ကိုယ်ကြေသွားခဲ့ခြင်းပင်။

အရေးကြီးဆုံးအချက်သည် ခိုင်ဧကရာဇ်၏ သေဆုံးခြင်း မဟုတ်ပေ။ ခိုင်ဧကရာဇ်၏ သေဆုံးခြင်းက ကြားခံသာ ဖြစ်ခဲ့ပြီး အရေးကြီးဆုံးအရာမှာ ယိုတုကို လက်လွှတ်လိုက်ရခြင်း ဖြစ်သည်။

ယိုတုကို လက်လွှတ်လိုက်ရခြင်းက သူ့ကို အကြီးအကျယ် စိတ်ဓာတ်ကျစေခဲ့သည်။

“ကောင်းကင်နတ်အရှင်မူ၊ ကောင်းကင်နတ်ဘုံရဲ့ စစ်တပ်ကို ဆယ်စုနှစ် တစ်စုလောက်အထိ နောက်ကျအောင် လုပ်နိုင်ပေမယ့် ကောင်းကင်နတ်အရှင်ဟောင်၊ ကောင်းကင်နတ်အရှင်ဟွေ့နဲ့ တခြားသူတွေကရော…”

တာအိုဘိုးဘေးကြီးက မေးလိုက်သည်။ “သူတို့ကို ဘယ်လိုခုခံကြမလဲ”

ချင်မူမှာ နောက်တစ်ကြိမ် အတွေးနက်သွားပြန်သည်။ အဘွားစစ်က တာအိုဘိုးဘေးကြီးကို မျက်စောင်းထိုးလိုက်ရာ သူ့ခမျာ ရှက်ကိုးရှက်ကန်းဖြင့် ဗြဟ္မဗုဒ္ဓကို မေးလိုက်၏။ “ကျုပ် မမေးလိုက်သင့်ဘူးလား”

ဗြဟ္မ့ာဗုဒ္ဓက ဖြေသည်။ “မေးသင့်တယ်…. ဒါပေမယ့် အခုတော့ မဟုတ်ဘူး… မေးလိုက်ပြီဆိုမှတော့ စိတ်ထဲထား မနေပါနဲ့တော့… အဘွားစစ်က သက်သက် သူ့ကို အလိုလိုက်နေတာ”

တာအိုဘိုးဘေးကြီးက ချီးကျူးလိုက်သည်။ “ဒီဘုန်းကြီးက လူတွေနဲ့ဆက်ဆံတဲ့နေရာမှာ တော်တော်ကျွမ်းကျင်တာပဲ”

တာအိုဒဿနတက္ကသိုလ်တွင် ချင်မူသည် ခေါက်တုံ့ခေါက်ပြန်လျှောက်နေပြန်၏။ ခုနစ်ရက်မှ ရှစ်ရက်အထိ ဆက်တိုက် ဤအတိုင်း မနားမနေ လျှောက်နေခဲ့ပြီး တန်ပြန်တိုက်ကွက်များကို စဉ်းစားနေခဲ့သည်။

“ယွီချိန်ကျစ် ပြန်လာပြီလား”

သူက ရုတ်တရက် အော်မေးလိုက်၏။ “ယွီချိန်ကျစ်”

ယွီချိန်ကျစ်မှာ တာအိုဒဿနတက္ကသိုလ်သို့ ရောက်လာပြီး အမောတကောဖြင့် ပြေးလာသည်။ “ဧကရာဇ်အတိုင်ပင်ခံက ဘာအမိန့်ပေးချင်လို့လဲဗျ”

“ကောင်းကင်နတ်အရှင်ဟောင်ဆီ ငါ့ ရဲ့အညံ့ခံစာကို ပို့ပြီး ငါက အညံ့ခံဖို့ ဆန္ဒရှိတယ်လို့ လျှောက်တင်လိုက်”

ချင်မူက လျင်မြန်စွာ ပြောနေသည်။ “ငါ့ အညံ့စာကို ကောင်းကင်နတ်အရှင်ဟောင်လက်ထဲ သွားထည့်ပေးပါ… မင်း သွားရင် မင်း သေကောင်းသေနိုင်တယ်”

ယွီချိန်ကျစ်က တည်ကြည်လေးနက်စွာ ပြော၏။ “တိုင်းပြည်အတွက် အသက်ပေးရတာ ဂုဏ်ရှိပါတယ်… ထာ၀ရငြိမ်းချမ်းရေးအင်ပါယာအတွက် ကျွန်တော့်ရဲ့ ခေါင်းကို အဖြတ်ခံဖို့ အသင့်ပါပဲ”

ချင်မူက စုတ်တံကို မြှောက်လိုက်ပြီး ယွီချိန်ကျစ်က မင်သွေးပေးသည်။

ချင်မူမှာ စာရေးရန် ပြင်လိုက်သော်လည်း ရပ်လိုက်၏။

ယွီချိန်ကျစ်မှာ ဇဝေဇဝါဖြင့် ကြည့်နေစဉ် ချင်မူ ဖြည်းဖြည်းချင်း စိတ်ကို ပြင်ဆင်နေကြောင်း သတိထားမိလိုက်သည်။ ချင်မူသည် စုတ်တံကို ကိုင်ထားလျက်ဖြင့် စိတ်ဓာတ်ကျကာ စိတ်မကောင်းဖြစ်လာ၏။ ထို့နောက် သူ၏မျက်လုံးအိမ်မှ မျက်ရည်နှစ်စက် ကျလာပြီး စာရေးသည့် အချိန်တွင်မူ ရှိုက်ငင်နေသည့်အလား သူ၏စုတ်တံမှာ တုန်ရီနေလေသည်။

သူ၏စုတ်တံက လှုပ်ရှားနေပြီး ကောင်းကင်နတ်အရှင်‌ဟောင်ထံ ပေးပို့မည့် အညံ့ခံစာကို ရေးသားနေသည်။ သူ၏စကားလုံးများက စိတ်ရင်းမှ လာသော်လည်း အညံ့မခံလိုစိတ်လည်း ပေါ်လွင်နေသေးသည်။ သူသည် လူသားမျိုးနွယ် ဘေးကင်းရန်အတွက် သူ၏ဘဝကို စတေးရန် ဆန္ဒရှိပြီး သေသည်အထိ တိုက်ခိုက်လို၏။

သို့သော် သူက ခေါင်းငိုက်စိုက်ကျသွားပြီး ပြောလိုက်ပြန်၏။ “အရှင်မင်းကြီးက ကောင်းကင်နတ်ဧကရာဇ် ဖြစ်သလို ကျွန်တော်ကလည်း ကောင်းကင်နတ်အရှင်တစ်ပါးပါ…. ကျွန်တော် လင်၊ ယွဲ့၊ ရုံနဲ့ ထိုက်ရှီတို့ကို အညံ့ခံဖို့ ခေါ်လာခဲ့ပါ့မယ်…. အလျင်လိုလို့တော့ မဖြစ်ပါဘူး”

အခြားနည်းဖြင့် ပြောရလျှင် သူသည် ကောင်းကင်နတ်အရှင်ဟောင်အား အာဏာလွှဲပြောင်းရေးကိစ္စနှင့် လက်နက်ချအညံ့ခံမည့် အရေးအတွက် အသေးစိတ်ဆွေးနွေးနိုင်ရန် သံတမန်တစ်ဦး ပို့လွှတ်ပေးဖို့ တောင်းဆိုနေခြင်းဖြစ်၏။ သူ၏စကားများထဲတွင် အာဏာကို အပြီးအပိုင် လက်လွှတ်မပေးလိုသေသည့် သူ၏စိတ်ဆန္ဒကို ဖော်ပြထားသည်။ “ကျွန်တော် သီးသန့်နေထိုင်ဖို့ မြေထုတစ်ခု လိုချင်တယ်… အဲဒီမြေထုမှာ လူတချို့ကို ဦးဆောင်ပြီးတော့ အရှင်မင်းကြီးအတွက် ရွှေရုပ်တုတစ်ခု တည်ဆောက်ပြီး နေ့နေ့ညည ပူဇော်ကိုးကွယ်ပ့ါမယ်”

ထို့နောက် သူက ထာဝရငြိမ်းချမ်းရေးအင်ပါယာ၏ စက်ရုံများအကြောင်းကို မိသားစုပိုင်ဆိုင်မှုများအလား ဆက်လက်ပြောဆိုသည်။ မည်သည့်စက်ရုံသည် မည်သည်ကို ထုတ်လုပ်ပေးနိုင်ကြောင်းနှင့် မည်သည့်စက်ရုံများကို ကောင်းကင်နတ်ဘုံထံ လွဲပြောင်းပေးနိုင်ပြီး မည်သည့်စက်ရုံများကိုတော့ သူတို့ဘာသာ ထိန်းသိမ်းထားလိုသည့်အကြောင်း ဆွေးနွေးထားသည်။ ထာဝရငြိမ်းချမ်းရေးအင်ပါယာ၏ စီရင်စုများနှင့် ၎င်းတို့အုပ်ချုပ်မှုအောက်ရှိ ကောင်းကင်ဘုံများအပြင် ၎င်းကောင်းကင်ဘုံများမှ ထုတ်လုပ်နိုင်သော ရတနာများ၊ ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဘဏ္ဍာတိုက်အတွင်း၌ ရှိသော ကောင်းကင်ဒင်္ဂါးအရေအတွက်၊ စီရင်စုတစ်ခုချင်းစီ၌ ရှိသော ကောင်းကင်ဒင်္ဂါးအရေအတွက် အစရှိသဖြင့် ရှင်းပြထားသည်။

ယွီချိန်ကျစ်မှာ ဖတ်နေရင်း ခေါင်းခါရမ်း‌လိုက်သည်။

ချင်မူ့စိတ်ဓာတ်ကျနေပုံသည် အ‌တော်လေးပင် အံ့အားသင့်ဖွယ်ကောင်း၏။

“ဒါပေမဲ့ အညံ့ခံစာကို သွားပို့ရင် သေမယ်လို့ ဘာကြောင့် ပြောရတာလဲ”

သို့သော် ချင်မူ စာဆက်ရေးနေသည်ကို တွေ့လိုက်ရသည်။ “ဖန်ဆင်းရှင်မျိုးနွယ်ရဲ့ ချောမောလှပပြီး ပါရမီရှိတဲ့ လန်ဝူနဲ့ ကျွန်တော်က အိပ်ပြီးသွားပါပြီ…. အရှင်မင်းကြီး သူ့ကို သဘောကျတယ်ဆိုရင် မိဖုရား တင်မြှောက်လိုက်ပါ… ကျွန်တော် သူ့ကို အရှင်မင်းကြီးဆီ လွှတ်လိုက်ပါ့မယ်”

ယွီချိန်ကျစ်မှာ ကြက်သီးထသွားပြီး မျက်နှာကြီးလည်း မည်းမှောင်သွားသည်။ သူက စိတ်ထဲမှ ညည်းညူလိုက်မိသည်။ ‘ငါတော့ သေပြီပဲ… ဧကရာဇ်အတိုင်ပင်ခံက တော်တော် ကောက်ကျစ်တာပဲ… လန်ဝူနဲ့ အိပ်ပြီးပြီလို့တောင် ပြောထားတယ်… ‌ဆိုတော့ ကောင်းကင်နတ်အရှင်ဟောင်က သူနဲ့ အိပ်ပြီးသား မိန်းမကို လိုချင်တော့မှာ မဟုတ်ဘူး….‌ မိဖုရား လုပ်ဖို့ဆို ဝေးလာ ဝေးသွားပြီ…. ကောင်းနတ်အရှင်ဟောင်က အညံ့ခံစာကို မြင်ရင် ၀မ်းသာသွားလောက်ပေမယ့် ဖတ်ပြီးရင်တော့ ငါ့ကို သတ်လောက်တယ်”

ချင်မူက အညံ့ခံစာကို ချိပ်ပိတ်လိုက်ပြီးနောက် ယွီချိန်ကျစ်အား ပေးလိုက်သည်။ “လုပ်နိုင်ပါ့မလား”

ယွီချိန်ကျစ်မှာ တခဏတုံ့‌ဆိုင်းနေပြီးနောက် သက်ပြင်းချသည်။ “ထာ၀ရငြိမ်းချမ်းရေးအင်ပါယာအတွက်ဆို သေရဲပါတယ်”

ချင်မူက လေးနက်စွာ စိုက်ကြည့်သည်။ “မင်း သေစရာမလိုပါဘူး… မင်းရဲ့ ဉာဏ်ပညာနဲ့ဆို ဒါတွေကို ကောင်းကောင်းလုပ်နိုင်တယ်…. ဒါပေမဲ့ တစ်ယောက်ကိုတော့ သတိထားရမယ်”

ယွီချိန်ကျစ်၏ မျက်ဝန်းများက ရိပ်ခနဲ ဖြတ်ပြေးသွားပြီး ပြုံးလိုက်သည်။ “ဧကရာဇ်အတိုင်ပင်ခံက ကျွန်တော့်ကို ကောင်းကောင်းသိတာပဲ…. ဘယ်သူ့ကိုများ သတိထားရမှာလဲ”

“အဲ့ဒီလူရဲ့ နာမည်က မုန့်ယွင်ကွေ့ပဲ… သူက ကောင်းကင်နတ်ဘုံရဲ့ ကောင်းကင်ဆရာသခင်လေးပါးထဲက ကောင်းကင်ဆရာသခင်မုန့်ပဲ”

ချင်မူက အမိန့်ပေးလိုက်သည်။ “မုန့်ယွင်ကွေ့က ငါ တိုင်းပြည်ထောင်မယ့် အကြံအစည်ကို ကြိုသိနေခဲ့ဖူးတယ်… ဆိုတော့ ငါ အညံ့ခံတဲ့ ရည်ရွယ်ချက်ကိုလည်း သိလောက်တယ်”

“ဧကရာဇ်အတိုင်ပင်ခံရဲ့ ရည်ရွယ်ချက်က အညံ့ခံဖို့ ညှိနှိုင်းတာမှာ အချိန်ဆွဲပြီး ကောင်းကင်နတ်ဘုံစစ်တပ်တွေ ချီတက်လာတာ နောက်ကျစေဖို့ပဲ”

ယွီချိန်ကျစ်က ပြောသည်။ “ဧကရာဇ်အတိုင်ပင်ခံ ထာဝရငြိမ်းချမ်းရေးအင်ပါယာမှာ ရှိတဲ့ စက်ရုံအရေအတွက်ကို ပြောပြခဲ့တာက ဓားပြတွေ စိတ်ဝင်စားအောင် လုပ်ဖို့ပဲ… ‌ဓားပြတစ်ယောက်တည်းဆိုရင် ကိစ္စမရှိဘူး… ဒါပေမဲ့ ကောင်းကင်နတ်ဘုံမှာ ဟောင်၊ ဟွေ့၊ ရှု၊ ရှေးဟောင်းနတ်ဘုရားဘုရင်၊ ထိုက်ချူနဲ့ ထိုက်ကျိတို့ ရှိနေတာဆိုတော့ ထာဝရငြိမ်းချမ်းရေးအင်ပါယာရဲ့ အကျိုးအမြတ်တွေကို ခွဲယူရလိမ့်မယ်…. ဘယ်လိုခွဲယူရမလဲဆိုတာတော့ သူတို့အတွက် အချိန်ပေးစဉ်းစားရမယ့်အပြင် တစ်ယောက်နဲ့ တစ်ယောက် ယှဉ်ပြိုင်ရဦးမှာ”

ချင်မူက ခေါင်းညိတ်ကာ မေးလိုက်သည်။ “အဲဒီနောက်တော့ရော…”

ယွီချိန်ကျစ်က အညံ့ခံစာကို ချ၍ ဆက်ပြော၏။ “သူတို့ဆွေးနွေးပြီးပြီဆိုရင်တောင် ဧကရာဇ်အတိုင်ပင်ခံက ပေးချင်မှ ပေးမှာ… ဧကရာဇ်အတိုင်ပင်ခံက အညံ့ခံလိုက်ပြီဆိုပေမယ့် ကောင်းကင်နတ်ဘုံရဲ့ ကောင်းကင်နတ်အရှင်ဆယ်ပါးထဲက တစ်ပါးဖြစ်လာမှာပဲလေ… ဧကရာဇ်အတိုင်ပင်ခံလည်း အကျိုးအမြတ် ‌ဝေစုတစ်ခုကို ယူမှာပဲ… ပြီးတော့ ထာဝရငြိမ်းချမ်းရေးအင်ပါယာအတွက် ဝေစုတစ်ခုလည်း လိုတယ်… ထာဝရငြိမ်းချမ်းအင်ပါယာ ဆက်လက်လည်ပတ်နေနိုင်မှ ကောင်းကင်နတ်ဘုံအတွက် ပိုပြီးအကျိုးအမြတ်ရမှာ… ဒါကြောင့် ကောင်းကင်နတ်ဘုံကို ထာဝရငြိမ်းချမ်းရေးအင်ပါယာကို တစ်ချက်တည်းနဲ့ ဝါးမြိုပစ်မှာ မဟုတ်ဘူး… ဆိုတော့ ဆက်ပြီး ဆွေးနွေးညှိနှိုင်းဖို့ အချိန်တွေအများကြီး ကျန်လိမ့်မယ်”

ချင်မူက ‌ခေါင်းညိတ်ကာ ထပ်မေးလိုက်သည်။ “အဲ့ဒီနောက်တော့ရော…”

“ကောင်းကင်နတ်ဘုံရဲ့ သံတမန်တွေ ထာ၀ရငြိမ်းချမ်းရေးအင်ပါယာဆီ ရောက်ဖို့ အချိန်လိုသေးတယ်…. ‌ကောင်းကင်နတ်အရှင်တွေဆီ ပြန်သတင်းပို့ဖို့လည်း အချိန်ယူရလိမ့်မယ်…. ထာ၀ရငြိမ်းချမ်းရေးအင်ပါယာရဲ့ သံတမန်က ကောင်းကင်နတ်ဘုံဆီ သွားပြီး ဆွေးနွေးကြလိမ့်မယ်…. သူတို့တွေ ထာ၀ရငြိမ်းချမ်းရေးအင်ပါယာဆီ ပြန်လာပြီး ဧကရာဇ်အတိုင်ပင်ခံဆီ ပြန်အစီရင်ခံဖို့လည်း အချိန်ကြာလိမ့်မယ်”

ယွီချိန်ကျစ်က ပြော၏။ “သူတို့ ခဏခဏ သွားလိုက်လာလိုက် လုပ်နေတာနဲ့တင် အချိန်တွေကုန်လိမ့်မယ်…. ဧကရာဇ်အတိုင်ပင်ခံ ရွေးချယ်ထားတဲ့ သံတမန်တွေက အရှက်မရှိဘဲ မျက်နှာပြောင်ရင် အချိန်က ပိုလို့တောင် ကြာလိမ့်ဦးမယ်…. ဒါကြောင့် ဧကရာဇ်အတိုင်ပံက ကျွန်တော့်ကို လွှတ်လိုက်တာပဲ… ဒါ့အပြင် ဧကရာဇ်အတိုင်ပင်ခံက ‌ကောင်းကင်နတ်အရှင်တစ်ပါးပါးကို အကျိုးအမြတ် ပိုပေးလိုက်ရင် သူတို့တွေပိုပြီး ငြင်းခုန်ကြလိမ့်မယ်…. ဆွေးနွေးပြီးတဲ့ ရလဒ်တွေ ထွက်လာခဲ့ရင် သုံး၊ လေးနှစ်တော့ ကုန်သွားမှာပဲ”

ချင်မူက ပြုံးလိုက်သည်။

ဗြဟ္မဗုဒ္ဓသည် တာအိုဘိုးဘေးကြီးဆီသို့ လှည့်ကြည့်ကာ‌‌ ပြော၏။ “မင်းတို့ တာအိုဂိုဏ်းရဲ့ တပည့်တွေက ဘယ်ဆိုးလို့လဲ”

တာအိုဘိုးဘေးကြီးက ကျေနပ်နေပြီး ပြုံးဖီးနေသည်။ “ကျုပ်တို့ တာအိုဂိုဏ်းက တွက်ချက်‌တဲ့နေရာမှာ သိပ်တော်တာ… ယွီချိန်ကျစ်က ထာ၀ရငြိမ်းချမ်းရေးအင်ပါယာ ပြုပြင်ပြောင်းလဲမှုမှာ အဏုမြူသင်္ချာပညာကို လေ့လာခဲ့ပြီး သိမြင်နားလည်ခဲ့တာလေ… သိပ်ကို အထင်ကြီးစရာကောင်းတယ်…. သူ့သင်္ချာကလည်း ဇဝေ‌ဝါဖြစ်စရာ တွက်ချက်မှုတွေမှာ တော်တယ်”

ယွီချိန်ကျစ်က စကားလမ်းကြောင်းလွှဲ၍ ဦးညွှတ်အရိုအသေပေးလိုက်သည်။ “ကောင်းကင်နတ်ဘုံရဲ့ ဒုတိယကောင်းကင်ဆရာသခင် မုန်ယွင်ကွေ့က ကြိုသိနေမှာဆိုတော့ ဧကရာဇ်အတိုင်ပင်ခံအနေနဲ့ လွတ်လမ်းရှာပေးဖို့ ‌တောင်းဆိုချင်ပါတယ်…”

ချင်မူက တစ်ယောက်တည်း ရေရွတ်လိုက်၏။ “မုန်ယွင်ကွေ့က လူသားတစ်ယောက်ပဲ…”

ယွီချန်ကျစ်သည် တုံ့ပြန်၏။ “မျိုးနွယ်တူတဲ့ ခံစားချက်‌နဲ့က အလုပ်ဖြစ်မှာ မဟုတ်ဘူး… ဧကရာဇ်အတိုင်ပင်ခံ၊ လမ်းကြောင်းပြောင်းလိုက်ပါတော့…”

ချင်မူက ပြော၏။ “မုန်ယွင်ကွေ့က လောဘကြီးတယ်…”

ယွီချိန်ကျစ်မှာ ခေါင်းခါရမ်းလိုက်သည်။ “ဒါက သူ ဟန်ဆောင်ထားတဲ့ အသွင်ပဲ …. သူက လူသားဖြစ်ပြီး ဉာဏ်ကောင်းလွန်းနေတဲ့အတွက် သတိထားနေရတာ…. တခြားသူတွေ သူ့ကို အန္တရာယ်ပေးမှာစိုးလို့ သူ့လောဘကို တမင်ဖော်ထားတာပဲ….ဧကရာဇ်အတိုင်ပင်ခံ၊ အခြားနည်းလမ်း စဉ်းစားပါဦး”

ချင်မူက ပြောလိုက်၏။ “တတိယမြောက် ကောင်းကင်ဆရာသခင် ပိုင်ယွီကျင့်ကလည်း လူသားဖြစ်တဲ့အပြင် တောင်နတ်မင်းလူ၀င်စားပဲ… မင်း ကောင်းကင်နတ်ဘုံကို ရောက်ရင် သူ့ကို အရင်သွားတွေ့လိုက်…. ပိုင်ယွီကျင့်က မုန့်ယွင်ကွေ့အကြောင်း ရင်းရင်းနှီးနှီး သိတော့ သူ့အားနည်းချက်အကြောင်း ပြောနိုင်လိမ့်မယ်…”

ယွီချိန်ကျစ်က မေးသည်။ “ဒါဆိုရင် ကျွန်တော် ပိုင်ယွီကျင့် အမြင်ကြည်အောင် လုပ်ရမလဲ”

ချင်မူက သူ၏မှော်စွမ်းအင်ကို လှည့်ပတ်လိုက်ပြီး ဘ၀ပြန်၀င်စားခြင်းလမ်းစဉ်ဖြင့် ကျောက်စိမ်းလည်ဆွဲတစ်ခုကို ဖန်ဆင်းပေးလိုက်သည်။ “သူ့ကို တွေ့ရင် ဒီကျောက်စိမ်းလည်ဆွဲကို ကိုင်ထားလိုက်ပါ…. သူ ငါ့အပေါ် အကြွေးတင်နေတာကို ပြန်ပေးလိမ့်မယ်… မုန်ယွင်ကွေ့သာ ပါးစပ်ပေါက် ပိတ်မထားရင် လူသားမျိုးနွယ် မျိုးသုဉ်းလိမ့်မယ်လို့ ပြောလိုက်ပါ…”

ယွီချိန်ကျစ်က ကျောက်စိမ်းလည်ဆွဲကို မယူချေ။ “ပိုင်ယွီကျင့်ရဲ့ နှလုံးသားက လူသားမျိုးနွယ်နဲ့ တူညီမှန်း ဧကရာဇ်အတိုင်ပင်ခံ သေချာလို့လား…”

“သူက ဘ၀ပေါင်း ၁၉၇ ခုတောင် သံသရာလည်ခဲ့တယ်….. တစ်ကြိမ်တစ်ခါတောင် တခြားမျိုးနွယ်စုမှာ ပြန်မ၀င်စားခဲ့ဘူး…”

“ဘ၀ပေါင်း ၁၉၇ ခုမှာ အကုန်လုံးက လူသားတွေချည်းပဲ”

ယွီချိန်ကျစ်သည် ဘ၀ပြန်၀င်စားခြင်း ကျောက်စိမ်းလည်ဆွဲကို သိမ်းကာ ဦးညွှတ်အရိုအသေပေးလိုက်၏။ “ဧကရာဇ်အတိုင်ပင်ခံ စိတ်မပျက်စေရပါဘူး…” သူက ထိုသို့ပြောပြီးနောက် ထွက်ခွာတော့သည်။

ချင်မူက သူ ထွက်ခွာသွားသည်ကို ကြည့်၍ နှမြောတသ သက်ပြင်းချလိုက်၏။ “လူသားမျိုးနွယ်မှာ ဒီလိုဉာဏ်ကြီးရှင်မျိုး ရှိနေတာ ကံကောင်းတာပဲ…”

သူက ဤကိစ္စကို စီစဉ်ပြီးနောက် ရုတ်တရက် ပတ်ဝန်းကျင်အား ကြည့်ကာ မေးသည်။ “နတ်ဧကရာဇ်လန်ရွှမ်က ‌သေသွားပြီဆိုတော့ ထာ၀ရငြိမ်းချမ်းရေးအင်ပါယာမှာရှိတဲ့ သူ့လူ၀င်စားက ဘယ်မှာလဲ… သူ့ကို သတ်ဖို့ ဧကရာဇ်က လူလွှတ်ပြီးပြီလား…”

ဤအခိုက်အတန့်တွင် လင်ယွိရှို့က အပြင်မှ လျှောက်လာ၍ ဖြေ၏။ “လန်ရွှန်ရဲ့ လူဝင်စား ယွီခန်းချီကို သတ်ပေးဖို့ ဝမ့်မူရန်ကို လွှတ်ထားတယ် …. ရက်အနည်းငယ်အတွင်း သတင်းကြားရလိမ့်မယ်”

“ဧကရာဇ်၊ ကျေးဇူးပြုပြီး ဝမ့်မူရန်ကို လန်ရွှမ်ရဲ့ လူ၀င်စားကို ချက်ချင်း မသတ်ဖို့ အသိပေးလိုက်ပါ…. ယွီခန်းချီကို လွတ်လမ်းပေးလိုက်ပါ….. တောင်ကောင်းကင်ဆီ လွှတ်ပြီး ကောင်းကင်နတ်အရှင်ဟွေ့နဲ့ တွေ့ခိုင်းလိုက်”

ချင်မူက ဦးညွှတ်အရိုအသေပေး၍ ပြောလိုက်သည်။ “ဧကရာဇ်၊ ကျေးဇူးပြုပြီး အမိန့်ပေးလိုက်ပါတော့…”

အားလုံးမှာ သူ ပြောသည့် အဓိပ္ပာယ်မှာ နားမလည်ချေ။ လင်ယွိရှို့က သူ့ကို ကြည့်နေပြီးနောက် တခဏကြာသော် ပြောသည်။ “လန်ရွှမ်ရဲ့ လူ၀င်စားကို တောင်ကောင်းကင်ဆီ ပို့ပြီး ဧကရာဇ်အတိုင်ပင်ခံက ဘာလုပ်ချင်တာလဲ….ကောင်းကင်နတ်အရှင်ဟွေ့ကို အဆင့်တက်ခွင့်ပေးမလို့လား”

“လန်ရွှမ် တောင်ကောင်းကင်ကို သွားတာက ကောင်းကင်နတ်အရှင်ဟွေ့ အဆင့်တက်ဖို့ အခွင့်အရေး မဟုတ်ဘူး”

ချင်မူက ပြောသည်။ “ကောင်းကင်နတ်အရှ‌င်ဟွေ့ သေရမယ့်အစပဲ”

“ဘာပြောချင်တာလဲ” လင်ယွိရှို့က မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။

“လန်ရွှမ်က ထိုက်ချူရဲ့သားပဲ… ကောင်းကင်နတ်အရှင်ဟောင်ကလည်း ထိုက်ချူရဲ့သားပဲ… ကောင်းကင်နတ်အရှင်ဟောင်က လန်ရွှမ်ကို သတ်နိုင်ပေမယ့် ကောင်းကင်နတ်အရှင်ဟွေ့ကတော့ ကျွန်တစ်ယောက်ပဲဆိုတော့ လန်ရွှမ်ကို သတ်လို့မရဘူး… မဟုတ်ရင် သူ သေသွားလိမ့်မယ်…. ကောင်းကင်နတ်အရှင်ဟောင်က သူ့ကို သည်းခံပေမယ့် ထိုက်ချူကတော့ ငြိမ်နေမှာမဟုတ်ဘူးလေ”

ချင်မူက အေးဆေးတည်ငြိမ်စွာ ရှင်းပြသည်။ “လန်ရွှမ် တောင်ကောင်းကင်ကို ရောက်တဲ့အခါမှာ ကောင်းကင်နတ်အရှင်ဟွေ့က လန်ရွှမ်ကို ကောင်းကင်နတ်အရှင်ဟောင်ဆီ အပ်လိမ့်မယ်… ထိုက်ချူက သူ့သားကို ကလဲ့စားချေဖို့အတွက် သူ့ကို သေချာပေါက်သတ်မှာပဲ… ကောင်းကင်နတ်အရှင်ဟောင်ဆီ မအပ်ပြန်ရင်လည်း ကောင်းကင်နတ်အရှင်ဟောင်က သူ့ကို သတ်လိုက်မယ်”

သူက မှင်သေသေ ပြောသည်။ “အခု ကောင်းကင်နတ်အရှင်ဟွေ့က ကောင်းကင်နတ်အရှင်ဟောင်အတွက် ဝန်ထုတ်ဝန်ပိုးတစ်ခု ဖြစ်လာပြီးပြီ… ကောင်းကင်နတ်အရှင်ဟွေ့ ဝေစုတစ်စု ရမယ့်အတွေးက ကောင်းကင်နတ်အရှင်ဟောင်ကို နာကျင်စေတယ်… ကောင်းကင်နတ်အရှင်ဟောင်က အမြဲတမ်း ကောင်းကင်နတ်အရှင်ဟွေ့ကို သံသယဝင်နေခဲ့တာလေ… ပြောရရင် ကောင်းကင်နတ်အရှင်‌ဟွေ့က လူသားတစ်ယောက်ဆိုတော့ စိတ်အေးအေး လွှတ်ထားလို့မရဘူး…. ကောင်းကင်နတ်အရှင်ဟွေ့ လူသားမျိုးနွယ်ဆီမှာ ခိုလှုံသွားမှာကို အမြဲတမ်း ကြောက်ရွံ့နေခဲ့တာ… ကောင်းကင်နတ်အရှင်ဟွေ့ လူသားမျိုးနွယ်နောက် ပါမသွားရင်တောင်မှ ထိုက်ချူဆီမှာ ခိုလှုံသွားနိုင်သေးတယ်… သူ့ရဲ့အခြေအနေကို ချိုးဖျက်နိုင်တဲ့ ဆူးညှောင့် ဖြစ်လာနိုင်တယ်… ဒီအခိုက်အတန့်မှာ ကောင်းကင်နတ်အရှင်ဟွေ့ သေသွားတာက အကောင်းဆုံးပဲ”

လင်ယွိရှို့က ပြောသည်။ “ဉာဏ်ကောင်းတဲ့ယုန် သေသွားတဲ့အခါ အမဲလိုက်ခွေး အသတ်ခံရတယ်”

ချင်မူက ပြော၏။ “လန်ရွှမ်ရဲ့ လူဝင်စားက အရေးမပါဘူး… သူ တောင်ကောင်းကင်ကို သွားတာက သေဖို့သွားတာသက်သက်ပဲ”

လင်ယွိရှို့၏ မူလဝိညာဉ်က သူမ၏ရုပ်ခန္ဓာမှ ထွက်ခွာသွားပြီး ချက်ချင်း ပျောက်ကွယ်သွားသည်။ သူမက မူလဝိညာဉ်လမ်းညွှန်ကို သုံး၍ ဝမ့်မူရန်အား ကိုယ်တိုင်အသိပေးလိုက်၏။

ချင်မူက မျက်လုံးများမှိတ်လိုက်ပြီး တခဏကြာသော် ဖြည်းဖြည်းချင်း ပြန်ဖွင့်လိုက်သည်။ သူက ဗြဟ္မဗုဒ္ဓနှင့် တာအိုဘိုးဘေးကြီးအရှေ့သို့ သွားကာ ထိုင်ချလိုက်၏။

တာအိုဘိုးဘေးကြီးက လက်ဖက်ရည်ကြမ်း နှပ်နေရင်း မေးလေသည်။ “ကောင်းကင်နတ်အရှင် စိတ်အေးသွားတာပါလား… တခြား ဘာမှမလုပ်တော့ဘူးလား”

“မလုပ်တော့ဘူး”

ချင်မူက လက်ဖက်ရည်ကြမ်းကို သောက်၍ တည်ငြိမ်အေးဆေးသော မျက်နှာအမူအရာဖြင့် ပြောသည်။ “ကောင်းကင်နတ်ဘုံနဲ့ ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဆွေးနွေးညှိနှိုင်းနေတာတွေနဲ့ ကောင်းကင်နတ်အရှင်ဟွေ့ သေတာကို စောင့်ဖို့ပဲ လိုတော့တယ်”

ထိုအခိုက်အတန့်တွင် ဟူလင်းအာနှင့် စစ်ယွင်ရှန်းသည် တာအိုဂိုဏ်းမှ ပညာရှင်ရာပေါင်းများစွာကို ခေါ်လာခဲ့၏။ ဟူလင်းအာက ကြည်လင်ပြတ်သားသောအသံဖြင့် လှမ်းပြောသည်။ “သခင်လေး၊ သခင်လေးတောင်းတဲ့ ကမ္ဘာလောကတစ်သောင်းရဲ့ ကုန်သွယ်ရေးဆိုင်ရာ အချက်အလက်တွေ ရလာခဲ့ပြီးပြီ”

ချင်မူက လက်ဖက်ရည်ကြမ်းကို တစ်ကြိုက်တည်း အမြန်သောက်ချလိုက်ပြီးနောက် အလုပ်ရှုပ်သွားပြန်သည်။

တာအိုဘိုးဘေးကြီးမှာ ခေါင်းရမ်းလိုက်မိ၏။ “တစ်စက်ကလေးမှ အငြိမ်မနေရပါလားကွာ”

All Chapters