အမေကို ကယ်မည့် သား
Vol. 124 Ch. 1611
ယွီခန်းချီ သုတ်သီးသုတ်ပျာ ပျံသန်းနေသည်။
သူ့တစ်ကိုယ်လုံးတွင် ဒဏ်ရာများ ပြည့်နှက်နေပြီး သူ၏မူလဝိညာဉ်သည်လည်း ဒဏ်ရာများ ရထားသည်။ သူ၏ မဟာတာအိုမှာလည်း ပြင်းထန်စွာ ဒဏ်ရာရထားသည်။
သူက အသက်ကို လု၍ ရှူနေရင်း သူ့အနောက်သို့ စိုးရိမ်ပူပန်စွာ လှည့်ကြည့်လိုက်၏။
သူ့အနောက်တွင် ပိန်ပါးပါးပုံရိပ်တစ်ခုက ကပ်ပါးကောင်တစ်ခုအလား ထပ်ကြပ်မကွာ လိုက်လာနေသည်။
ဝမ့်မူရန်
ထာ၀ရငြိမ်းချမ်းရေးအင်ပါယာတွင် ခိုင်ဧကရာဇ်ကောင်းကင်နတ်ဘုံ၏ အပိုင်းအစများဖြင့် တည်ဆောက်ထားသော ကျောက်စိမ်းမြို့တော်ငယ်ဟူသည့် အထွတ်အမြတ်နယ်မြေတစ်ခု ရှိသည်။ ထိုနေရာရှိ ပုဂ္ဂိုလ်များသည် သူတို့ကိုယ်သူတို့ နတ်ဝိဇ္ဇာများဟု ခေါ်ဆိုကြပြီး ဝမ့်မူရန်ကား ထိုနတ်ဝိဇ္ဇာတို့၏ ခေါင်းဆောင် နတ်ဝိဇ္ဇာဝမ် ဖြစ်ချေ၏။
ထာ၀ရငြိမ်းချမ်းရေအင်ပါယာ ပြုပြင်ပြောင်းလဲမှုပြီးနောက် တာအိုဂိုဏ်းဖြစ်စေ၊ မဟာမိုးခြိမ်းသံကျောင်းတော်ဖြစ်စေ၊ ကောင်းကင်တန်ခိုးရှင်ဂိုဏ်းဖြစ်စေ၊ သူတို့၏ ကျင့်စဉ်များနှင့် ကောင်းကင်နတ်သိုင်းများက တစ်လောကလုံးကို တုန်လှုပ်စေနိုင်သည့် ပြောင်းလဲမှုများစွာ ပေါ်ထွန်းလာစေခဲ့သည်။
တာအိုဂိုဏ်းသည် ကောင်းကင်နတ်ဘုံနှင့် တာအိုဘိုးဘေးကြီး၏ ထောက်ပံ့မှုကို ရရှိထား၏။ သင်္ချာကျွမ်းကျင်ကြသည့်အပြင် တာအိုရသေ့များ၏ သင်္ချာအရာတွင် အောင်မြင်မှုများက ပိုပို၍ မြင့်မားလာသောကြောင့် ဧကရာဇ်ယွိရှို့က သူတို့အား အတော်လေး တန်ဖိုးထားသည်။
မဟာမိုးခြိမ်းသံကျောင်းတော်ကလည်း ဗုဒ္ဓဘုံနှင့် ဗြဟ္မဗုဒ္ဓ၏ ထောက်ပံ့မှုကို ရရှိထားသည်။ ပြိုင်ဘက်ကင်းသော ဗုဒ္ဓနှလုံးသားနှင့် ဗုဒ္ဓသဘာဝကို ပိုင်ဆိုင်ထားသော တထာဂကကျန်းခုံး၏ ထောက်ပံ့ပေးမှုကိုလည်း ရထားသောကြောင့် အတော်လေး ဖွံ့ဖြိုးတိုးတက်၏။
ကောင်းကင်တန်ခိုးရှင်ဂိုဏ်းကမူ နန်းတွင်းတွင်သာမက ကျေးလက်ဒေသဘက်တွင်လည်း နေရာယူထားသည်။ ထိုမျှသာမက ကောင်းကင်နတ်အရှင်ချင်မူသည် ထာဝရငြိမ်းချမ်းရေးအင်ပါယာ၏ ဧကရာဇ်အတိုင်ပင်ခံဖြစ်၏။ ကောင်းကင်တန်ခိုးရှင်ဂိုဏ်းမှာ နာမည်မကြီးသော်လည်း နောက်ကွယ်တွင် ၎င်း၏ လွှမ်းမိုးနိုင်စွမ်းက ကြီးမားသထက် ကြီးမားလာသည်။
အတိတ်၏ အထွတ်အထိပ်မြေဖြစ်သော ကျောက်စိမ်းမြို့တော်ငယ်သာလျှင် တဖြည်းဖြည်း နောက်ကျကျန်ခဲ့ခြင်း ဖြစ်သည်။ ကျောက်စိမ်းမြို့တော်က ခိုင်ဧကရာဇ်ခေတ်အား အားကိုးခြင်း မပြုခဲ့သည့်အပြင် ခိုင်ဧကရာဇ်ခေတ်မှ သိုင်းပညာရှင်တို့၏ အထောက်အပံ့ကိုလည်း မရခဲ့သောကြောင့်ပင်။
သို့သော် နတ်ဝိဇ္ဇာဝမ်ကား ခေါင်းမာသူတစ်ဦးဖြစ်ပြီး မတူညီသော လမ်းစဉ်ကို လျှောက်လှမ်းခဲ့သည်။ သူ၏မူလရန်သူ ကျန်းပိုင်ကွေ့အား ယှဉ်ပြိုင်အနိုင်ယူခဲ့သည်သာမက ရှုရှန်းဟွာနှင့် ချင်မူတို့ကိုလည်း ယှဉ်ပြိုင်ခဲ့သည်။
သူသည် ကျောက်စိမ်းမြို့တော်ငယ်၏ ထောင်ပေါင်းများစွာသော ကျင့်စဉ်များကို ပေါင်းစည်းကာ သူ၏ကိုယ်ပိုင်လမ်းစဉ်ကို ရှာဖွေနိုင်ခဲ့သည်။ ၎င်းက ခက်ခဲသော်လည်း သူသည် ထာဝရငြိမ်းချမ်းရေးအင်ပါယာ ပြုပြင်ပြောင်းလဲမှု၏ ခေါင်းဆောင်များထဲမှ တစ်ယောက်ဖြစ်သည့်အပြင် အောင်မြင်မှုများစွာ ရရှိခဲ့၏။
နတ်ဧကရာဇ်လန်ရွှမ်၏ လူဝင်စားဖြစ်သော ယွီခန်းချီသည်လည်း ဤနှစ်များအတွင်း ထာဝရငြိမ်းချမ်းရေးအင်ပါယာ ပြုပြင်ပြောင်းလဲမှုများကို သင်ယူနေခဲ့သည်။ ကောင်းကင်နတ်အရှင်ဆယ်ပါးထဲမှ တစ်ပါးဖြစ်သည့်အလျောက် ကောင်းကင်နတ်ဘုံ၏ ကောင်းကင်နန်းဆောင် ၃၅ ဆောင်ကျင့်စဉ်စနစ်ကိုလည်း ယူဆောင်လာခဲ့သည်။ လန်ရွှမ်၏ လူဝင်စားယွီခန်းချီအနေဖြင့် ထိုက်ချူလမ်းစဉ်တွင် ကျွမ်းကျင်သော်လည်း သင်ယူနေသူကတော့ သင်ယူနေသူအဆင့်သာ ရှိသည် မဟုတ်ပါလော။
နတ်ဝိဇ္ဇာ၀မ်ကဲ့သို့ ပုဂ္ဂိုလ်တစ်ဦးနှင့် ထိပ်တိုက်ရင်ဆိုင်ရသည့်အခါတွင်တော့ များစွာ ရှုံးနိမ့်ခဲ့ရ၏။
တိုးတက်လာသော ကောင်းကင်နတ်ဘုံ၏ ကျင့်စဉ်စနစ်ကို အသက်သွင်းသည်ဖြစ်စေ၊ နတ်ဘုရားလက်ချောင်းဖြင့် တိုက်ခိုက်သည်ဖြစ်စေ နတ်ဝိဇ္ဇာ၀မ်အား မည်သို့မှ အန္တရာယ်မပြုနိုင်ပေ။
သူသည် အချိန်တခဏမျှသာ ကျင့်ကြံရသေးသည့်အတွက် ကောင်းကင်နတ်မြစ်အဆင့်သာ ရောက်သေး၏။ သို့သော် ဤနတ်ဝိဇ္ဇာ၀မ်ကတော့ အကျဉ်းထောင်ကိုးထပ်အဆင့်ကို ကျော်ဖြတ်ကာ ကျောက်စိမ်းမြို့တော်အဆင့်နှင့် နီးကပ်နေပြီ ဖြစ်သည်။
သူ၏ ကောင်းကင်နတ်သိုင်းများပင်လျှင် များစွာနိမ့်ကျနေလေသည်။ မှော်စွမ်းအင်၊ တာအို၊ စွမ်းဆောင်ရည်တို့ကတော့ လိုက်မှီနိုင်ရန် များစွာဝေးကွာနေသေးသည်။
ယွီခန်းချီသည် ဒဏ်ရာရနေသော ကျားသစ်တစ်ကောင်ကဲ့သို့ တောင်တန်းများထဲတွင် တိတ်တဆိတ် လှုပ်ရှားကာ နတ်ဝိဇ္ဇာ၀မ်ကို ရှောင်တိမ်းနေ၏။ သူ့မှာ ကြွတ်တစ်ကောင်ဖြစ်နေပြီး နတ်ဝိဇ္ဇာ၀မ်ကတော့ ကြောင်ကြီးတစ်ကောင်အလား ခံစားနေရသည်။ သူ့ကို ဆော့ကစားနေပြီး ပျင်းရိသွားသည့်အချိန်တွင်တော့ ဝါးမြိုစားသောက်ပေလိမ့်မည်။
ယွီခန်းချီမှာ ပြေးရင်းလွှားရင်း မာန်ဟုန်မြစ်ဘေးသို့ ရောက်လာ၍ သူ့ခန္ဓာကိုယ်ရှိ သွေးများကို ဆေးကြောသန့်စင်တော့မည်အချိန်တွင် နတ်ဝိဇ္ဇာ၀မ်အား တွေ့လိုက်ရပြန်သည်။
ဝမ့်မူရန်က မြစ်ကမ်းဘေးတွင် ထိုင်နေပြီး သူ၏ဘေးတွင် တံငါသည်တစ်ဦး ရှိနေသည်။ ပျင်းရိနေသော နတ်ဝိဇ္ဇာ၀မ်က ငါးပိုက်ကွန်ချထားသော မြစ်ရေပြင်ထဲသို့ ကျောက်တုံးများ ပစ်ချနေသည်။ သူ ပစ်လိုက်သော ကျောက်တုံးတိုင်းက ငါးတစ်ကောင်စီအား ကွက်တိ ထိမှန်နေကြ၏။
တံငါသည်မှာ ဒေါသထွက်နေသော်လည်း မည်သည်မှ မပြောရဲပေ။ သူ့မှာ မှုတ်ဆိတ်ကြီးကို တရှူးရှူူး မှုတ်၍သာ နတ်ဝိဇ္ဇာ၀မ်ကို စိုက်ကြည့်နေနိုင်သည်။
ယွီခန်းချီက အံတင်းတင်းကြိတ်၍ ပြန်လှည့်သွားသည်။
ရက်အနည်းငယ်ကြာပြီးနောက် သူသည် ထာဝရငြိမ်းချမ်းရေးအင်ပါယာ၏ ပါ့ကျိုးမြို့သို့ ခိုးဝင်လာနိုင်ခဲ့၏။ သူ စိတ်အေးသက်သာစွာ သက်ပြင်းမချနိုင်ခင်မှာပင် ဝမ့်မူရန်ကို တွေ့လိုက်ရပြန်သည်။
ဝမ့်မူရန်က လမ်းဘေးတွင် တို့ဖူးစွပ်ပြုတ် သောက်နေလေသည်။ သူသည် မောက်မာ၀င့်ကြွားသောသူတစ်ဦး ဖြစ်လေရာ တခြားသူများနှင့် လိုက်လျောညီထွေ ဖြစ်မနေချေ။ သူ၏အရှိန်အဝါက ထူးဆန်းနေပြီး တို့ဖူးစွပ်ပြုတ်ဆိုင်တွင်လည်း အခြားဝယ်ယူသူများ မရှိကြပေ။
ယွီခန်းချီက ကျယ်လောင်စွာ အော်ဟစ်လိုက်ပြီး ပါ့ကျိုးမြို့၏ စွမ်းအင်အကူးအပြောင်းတံတားဆီသို့ ပြေးထွက်သွားသည်။ သူ ပြန်လှည့်ကြည့်လိုက်ရာ ဝမ့်မူရန်သည် စွပ်ပြုတ်ဖိုးပေးပြီးနောက် စွမ်းအင်အကူးအပြောင်းတံတားဆီသို့ ဖြည်းဖြည်းချင်း လျှောက်လာသည်ကို တွေ့လိုက်ရ၏။
“ငါ ထာဝရငြိမ်းချမ်းရေးအင်ပါယာက ထွက်သွားပြီး ကောင်းကင်နတ်ဘုံဆီ ပြန်နိုင်သရွေ့ ဒီခွေးကောင်ကို နည်းလမ်းတစ်သောင်းလောက်နဲ့ သတ်ပစ်လို့ရတယ်”
ယွီခန်းချီက စစ်ဆေးမေးမြန်းနေခြင်းကို ဖြတ်ကျော်ပြီးနောက် တံတားအပေါ် ရောက်သွားသည်။
တံတား၏ အခြားတစ်ဖက်တွင်တော့ တောင်ကောင်းကင်၏ ကောင်းကင်ဘုံများက နေရာယူထားသည်။
ယွီခန်းချီက အလျင်အမြန် ထွက်ပြေးသွားပြီး စွမ်းအင်အကူးအပြောင်းတံတား နောက်တစ်စင်းဆီသို့ ပြေးဝင်သွားသည်။ သူ၏ အနောက်တွင် ဝမ့်မူရန်က လိုက်လာဆဲဖြစ်ပြီး ရုတ်တရက် လက်ဝါးဖြင့် ရိုက်ချလိုက်၏။
ယွီခန်းချီမှာ ခုခံရန် အကောင်းဆုံးကြိုးစားသော်လည်း မခုခံနိုင်ချေ။ သူ့မှာ သွေးများ စိုရွဲသွားသည့်အထိ ရိုက်နှက်ခံလိုက်ရပြီး လိမ့်ထွက်သွားသည်။ ထို့နောက် သူက ထရပ်၍ ဆက်လက် ထွက်ပြေးနေသည်။
သူ့မှာ တောင်ကောင်းကင်ရှိ ကောင်းကင်ဘုံအကြား အသည်းအသန်း ပြေးနေရသည်။ မည်သည့်အကွာအဝေးအထိ ရောက်လာပြီး အချိန်မည်မျှ ကုန်ဆုံးသွားသည်ကိုပါ မသိတော့ချေ။ သူ ဖြတ်သန်းလာခဲ့သည်မှာ ကောင်းကင်ဘုံ ဆယ်ခု ကျော်ချေပြီ။
ရုတ်တရက် သူသည် စွမ်းအင်အကူးအပြောင်းတံတားတစ်စင်းဆီမှ ဒလိမ့်ခေါက်ကွေး လိမ့်ထွက်လာ၏။ သူ၏ အရှေ့တွင်တော့ အလွန်တရာ မြင့်မားသော နတ်ဘုရားရုပ်တုတစ်ခုက နေရာယူထားသည်။
၎င်းက ကောင်းကင်နတ်အရှင်ဟွေ့၏ နတ်ဘုရားရုပ်တု ဖြစ်ပြီး အလွန်တရာ ခမ်းနားတင့်တယ်နေသည်။ နတ်ဘုရားရုပ်တုအနောက်တွင် ကိုက်သောင်းပေါင်းများစွာ မြင့်မားသော မီးတောက်လှည်းဘီးတစ်ခုက နေရာယူထားသည်။ ကောင်းကင်နတ်သိုင်းပညာရှင်များစွာက ၎င်းအပေါ် တက်၍ သန့်ရှင်းနေကြလေသည်။
ယခင်က ဤနတ်ဘုရားရုပ်တုသည် ချင်မူ့ကြောင့် မီးလောင်ကျွမ်းသွားခဲ့ရသည့်အတွက် ပြန်လည်တည်ဆောက်ထားခြင်းဖြစ်သည်။ ၎င်းက ယခင်ကထက် ပို၍ မြင့်မားပြီး ခမ်းနားနေ၏။
ယွီခန်းချီမှာ အံ့သြဝမ်းသာသွားသည်။ သူက သွေးအိုင်ထဲတွင် လဲနေရင်း အော်ဟစ်လိုက်သည်။ “ငါက နတ်ဧကရာဇ်လန်ရွှမ်ပဲ… ထာဝရငြိမ်းချမ်းရေးအင်ပါယာက ခွေးကောင်တစ်ကောင် လိုက်ဖမ်းနေလို့ ရောက်လာတာ…ယန်ယကျစ်... ယန်ယကျစ် ဘယ်မှာလဲ… ကောင်းကင်နတ်အရှင်ဟွေ့ကို ချက်ချင်း အကြောင်းကြားလိုက်”
ကောင်းကင်နတ်အရှင်ဟွေ့၏ မီးတောက်ကောင်းကင်နန်းဆောင်မှာ ပြိုင်ဘက်ကင်းအောင် ခမ်းနားတင့်တယ်သည်။ ကောင်းကင်နတ်အရှင်ဟွေ့၏ အကြီးဆုံးတပည့် ယန်ယကျစ်က ဤကောင်းကင်နန်းဆောင်ကို စောင့်ရှောက်နေပြီး သတင်းကြားလျှင် ချက်ချင်းဆိုသလို ပြေးထွက်လာသည်။ ယွီခန်းချီ၏ စကားကို ကြားလျှင် သူ့မှာ မျက်နှာအကြီးအကျယ် ပျက်သွားတော့၏။ သူက ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။ “အစောင့်တွေ၊ နတ်ဧကရာဇ်ကို ကာကွယ်ပေးလိုက်ကြ… ကောင်းကင်နတ်အရှင်ဟွေ့ကို ချက်ချင်း အကြောင်းကြားလိုက်စမ်း…”
အဆုံးသတ်မြို့ပျက် အသူရာချောက်နက်ပေါ်တွင် ကောင်းကင်နတ်အရှင်နှစ်ပါး ရပ်နေကြသည်။ ကောင်းကင်နတ်အရှင်တစ်ပါး၏ ခန္ဓာကိုယ်မှာ စုတ်ပြတ်သပ်နေ၏။ သူသည် ကောင်းကင်နတ်အရှင်ဟောင်၏ တာအို မရရှိသေးသော ခန္ဓာကိုယ်ပင်။
ယိုတုတိုက်ပွဲတွင် ဤခန္ဓာကိုယ်သည် မဟာအဓိပတိအရှင်လင်းယွီကြောင့် အပြင်းအထန် ဒဏ်ရာရခဲ့၏။ ကောင်းကင်ပေါ်မှ ပြုတ်ကျသွားခဲ့သဖြင့် အဆုံးသတ်မြို့ပျက်ဆီသို့ ရောက်လာခဲ့သည်။ ရောက်လျှင်ချင်း ကောင်းကင်နတ်ဧကရီ၏ အရံနန်းဆောင်ဖြင့် ဝင်တိုက်မိကာ စိစိညက်ညက် ပျော့ပြဲကာ ရွံ့အိုင်လို ဖြစ်သွားခဲ့ရသည်။
ထိုအချိန်တုန်းက သူ၏ဒဏ်ရာများမှာ အလွန်တရာ ပြင်းထန်နေခဲ့သည်။ သွေးအိုင်က လှုပ်ရှားလာပြီး သူ၏ ရုပ်ခန္ဓာကို ပြန်လည်ဖွဲ့တည်ခါနီးအချိန်မှာပင် ပြန်ပြိုကျသွားခဲ့၏။
ကောင်းကင်တစ်သောင်းလှည်းဘီးမှာလည်း မဟာအဓိပတိအရှင်ကြောင့် ထိခိုက်ခဲ့ရသည်။ ၎င်းက သွေးအိုင်ဘေးတွင် ပြင်းထန်စွာ လှည့်ပတ်နေသည်။
ဟောင်သည် နတ်ဘုရားမထိုက်စုကို သန့်စင်၍ သူမ၏ တာအိုအစွမ်းတို့အား ရယူပြီးသည့်နောက် ထိုက်စုတာအိုဖြင့် ကောင်းကင်တစ်သောင်းလှည်းဘီးကို မွမ်းမံကာ တဖြည်းဖြည်း ပြန်လည်ပြည့်စုံလာစေခဲ့၏။
ကောင်းကင်တစ်သောင်းလှည်းဘီးက မဟာအဓိပတိအရှင်၏ တိုက်ကွက်တွင် ကိန်းဝပ်နေသော ထိုက်ချူတာအိုစွမ်းအားကို ဖယ်ရှားပေးနေခဲ့သည်။ အချိန်အတော်ကြာပြီးနောက် သူ့မှာ ဒဏ်ရာများကို ဖိနှိပ်နိုင်ခဲ့သော်လည်း ကြောက်ရွံ့တုန်လှုပ်လာမိသည်။
သူ ယိုတုကို ပြန်၍ တိုက်ပွဲအား ထိန်းချုပ်တော့မည်အချိန်တွင် အသူရာချောက်နက်ထဲမှ ပြင်းထန်လှသော အလင်းတန်းတစ်တန်းက ထိုးတက်လာပြီး လှိုင်းများ ထန်လာသည်။
ထို့နောကင် အနီရောင်ကြိုးထုံးများကို တွေ့မြင်လိုက်ရ၏။
အနီရောင်ကြိုးထုံးငါးခုသည် လှိုင်းများထဲတွင် ထူးဆန်းသော ချိပ်တံဆိပ်တစ်ခုကို ဖော်ဆောင်ထားသည်။ ၎င်း မည်သည်ကို ပိတ်လှောင်ထားသည်လဲ မသိရချေ။ အဆုံးသတ်မြို့ပျက်လှိုင်းများပင်လျှင် ၎င်းကို မဖျက်ဆီးနိုင် ဖြစ်နေ၏။
အမြွှာကြာပန်းပွင့်နှစ်ပွင့်က အသူရာချောက်နက်ထဲမှ ဖြည်းဖြည်းချင်း မြင့်တက်လာသည်။ ထို့နောက် ကြာပန်းပွင့်၏ ပွင့်ချပ်များ ပွင့်အာကျလာသည့်အခါ ကောင်းကင်နတ်ဧကရီ၏ စူးရှသော အော်သံက အတွင်းမှ ထွက်ပေါ်လာ၏။ “ကောင်းကင်နတ်အရှင်မူ….”
သခင်မယွမ်မုကလည်း အော်ဟစ်လိုက်သည်။ “အစ်မတော်၊ နင် လည်ပင်းကွဲတဲ့အထိ အော်နေရင်လည်း အဲဒီကောင်က ရောက်လာမှာ မဟုတ်ဘူး… ကောင်းကင်နတ်အရှင်မူရဲ့ အနီရောင်ကြိုးထုံးက မပြောင်းလဲသွားဘူး.. နင့်ကို ငါ ဝါးမြိုလိုက်သရွေ့ ငါ အဆုံးသတ်မြို့ပျက်နတ်ဘုရား မဖြစ်လာပြီး ဒီကြိုးထုံးထဲကနေ လွတ်မြောက်နိုင်လိမ့်မယ်… အစ်မတော် နင် သေရမယ်”
ထိုအခိုက်အတန့်တွင် ကောင်းကင်နတ်အရှင်ဟောင် ပြုံးလိုက်မိသည်။ သူသည် စကြ၀ဠာတစ်ခုလုံးကို သိမ်းပိုက်ပြီး နောက်ဆုံးအောင်နိုင်သူ ဖြစ်လာရပေမည်။ သူ၏ ခမည်းတော် ထိုက်ချူ မည်မျှပင် စွမ်းအားကြီးပါစေ သူ့ကို တွန်းလှန်နိုင်မည်မဟုတ်ချေ။
ယိုတုတိုက်ပွဲ ပြီးဆုံးခဲ့သည်မှာ ဆယ်ရက်ကျော် ကြာခဲ့ချေပြီ။ သူ၏ တာအိုရရှိပြီးသောခန္ဓာကိုယ်က သူ၏မယ်တော် သခင်ယွမ်မုကို ကယ်တင်ရန် ကိုယ်တိုင်ရောက်လာခဲ့၏။
အဆုံးသတ်မြို့ပျက်လှိုင်းများက နောက်တကြိမ် ထွက်ပေါ်လာပြန်သည်။ အနီရောင်ကြိုးထုံးမှာ လှိုင်းများထဲရှိ အလင်းရောင်တို့ဖြင့် ချည်နှောင်ထားပြီး တစ်စက်ကလေးမျှ မလှုပ်ရှားချေ။ အမြွှာကြာပန်းပွင့်နှစ်ပွင့်သာလျှင် ဖြည်းဖြည်းချင်း မြောက်တတ်လာကြသည်။
“မယ်တော်၊ မယ်တော် ဒုက္ခရောက်နေတယ်ဆိုလို့ ကျွန်တော် လာခဲ့တာပါ”
ကောင်းကင်နတ်အရှင်ဟောင်နှစ်ပါးက တစ်ပါးတည်းအဖြစ် ပေါင်းစည်းသွားကြပြီး အမြွှာကြာပန်းပွင့်နှစ်ပွင့်၏ အရှေ့တွင် ဒုတ်ခနဲ ဒူးထောက်လိုက်သည်။ သူက တရှုံ့ရှုံ့ ငိုလျက် ပြောနေသည်။ “ကျွန်တော် နန်းတက်ပြီး ဧကရာဇ်ဖြစ်လာတော့မယ်…ဒါကြောင့် အမေ့ကို လာခေါ်တာပါ… ဒီနေ့က အမေ့ရဲ့ ဒုက္ခတွေ ချုပ်ငြိမ်းရမယ့်နေ့ပါပဲ”
အမြွှာကြာပန်းပွင့်နှစ်ပွင့်မှာ တိတ်ဆိတ်ငြိမ်သက်နေသည်။
အချိန်အတော်ကြာပြီးနောက် သခင်မယွမ်မု၏ အသံက ထွက်ပေါ်လာသည်။ သူမက တခစ်ခစ် ရယ်နေလေသည်။ “အစ်မတော်၊ ငါ့ ဟောင်အာလေး ရောက်လာပြီ… နင် ဘာအကြံအစည်မှ မထုတ်နိုင်တော့ဘူးမလား…. နင့်မှာ အသက်ရှင်နိုင်မယ့် နည်းလမ်းတစ်ခုပဲ ရှိတော့တယ်… ဘဝပြန်ဝင်စားခြင်းလမ်းစဉ်ကို သုံးပြီး ပုန်းနေဖို့ပဲ… နင် နက်နက်ရှိုင်းရှိုင်း ပုန်းလေလေ၊ ပိုကောင်းလေလေပဲ… နင့်ကို ငါ ရှာမတွေ့စေနဲ့”
ကောင်းကင်နတ်ဧကရီ၏အသံက ပျောက်ကွယ်သွားသည်။ တစ်ခဏကြာသော် သခင်မယွမ်မုက တခစ်ခစ် ရယ်လိုက်၏။ “အဲဒီခွေးမလေးက တကယ်ပုန်းနေတာပါလား…. ဟီးဟီး… ဟောင်အာ၊ အနီရောင်ကြိုးထုံးကို ဖြည်လိုက်တော့… ငါလွတ်လာနိုင်လိမ့်မယ်”
ကောင်းကင်နတ်အရှင်ဟောင်က တခဏ တိတ်ဆိတ်နေပြီးနောက် ပြောသည်။ “ကျေးဇူးပြုပြီး ခွင့်လွှတ်ပေးပါ မယ်တော် … ကျွန်တော် အနီရောင်ကြိုးထုံးကို ဖြည်မရဘူး”
အမွှာကြာပန်းပွင့်ထဲတွင် တိတ်ဆိတ်ငြိမ်သက်သွား၏။
ကောင်းကင်နတ်အရှင်ဟောင်က မေးခွန်းထုတ်လိုက်သည်။ “မယ်တော် အခုလေးတင် အနီရောင်ကြိုးထုံးကို ဖြည်လို့ ရတယ်လို့ ပြောလိုက်တာ မဟုတ်ဘူးလား”
သခင်မယွမ်မုက ဒေါသတကြီး ပြော၏။ “ကောင်းကင်နတ်အရှင်မူရဲ့ အနီရောင်ကြိုးထုံးက မီလော့နန်းတော်အရှင်သခင်ရဲ့ ကြိုးထုံးကို တုပထားတာဟဲ့… အခုလေးတင် င့ါအစ်မကို လိမ်ပြောလိုက်တာ… ငါက ဘယ်လိုလုပ် အနီရောင်ကြိုးထုံးကို ဖြည်လို့ရမှာလဲ”
ကောင်းကင်နတ်အရှင်ဟောင်က မျက်လုံးဝှေ့လိုက်သည်။ “ဒါဆိုရင် မယ်တော်က အနီရောင်ကြိုးထုံးရဲ့ စွမ်းအားကိုရော ခံနိုင်ရည်ရှိလား”
သခင်မယွမ်မုမှာ ချက်ချင်း စိုးရိမ်ပူပန်လာပြီး ခက်ထန်စွာ မေးသည်။ “နင် ဘာလုပ်ဖို့ ကြိုးစားနေတာလဲ… ဟောင်အာ၊ ငါက နင့်အမေနော်”
ကောင်းကင်နတ်အရှင်ဟောင်၏ လက်ဖဝါးက အနီရောင်ကြိုးထုံးပေါ်သို့ ကျရောက်သွားပြီး ကြိုးထုံး၏ စွမ်းအားကို အသက်သွင်းလိုက်ချေပြီ။
မရေမတွက်နိုင်သော တာအိုအမှတ်အသားများက ကြိုးထုံးပေါ်တွင် ပေါ်လွင်လာကြသည်။ ထိုတာအိုအမှတ်အသားများကား မီလော့နန်းတော်မှ ဖြစ်သည်။ ၎င်းတို့သည် အမြွှာကြာပန်းပွင့်အထက်တွင် ပေါင်းစည်းသွားကြပြီး ခရမ်းရောင်ချီများဖြင့် ပြည့်နှက်နေသော ဧရာမလက်ဖဝါးကြီးအသွင် ဖွဲ့တည်သွားကြ၏။
ဤလက်ဖဝါးက အဆုံးသတ်မြို့ပျက်အမှောင်ထုကို အပြည့်အဝ ဖုံးလွှမ်းသွားသည်။ ထိုအခိုက်အတန့်တွင် ကောင်းကင်နတ်အရှင်ဟောင်ပင်လျှင် နှလုံးသား တဒိန်းဒိန်း ခုန်စေ၍ ကြောက်လန့်တုန်လှုပ်ဖွယ်ကောင်းသော အရှိန်အဝါတစ်ခုကို ခံစားလိုက်ရသည်။
အနီရောင်ကြိုးထုံးမှာ ကြိုးထုံးတစ်ခုသာ မဟုတ်ဘဲ ချိပ်တံဆိပ်အမျိုးအစားတစ်ခုဖြစ်လေသည်။
ဤချိပ်တံဆိပ်သည် မီလော့နန်းတော်အရှင်သခင်၏ ချိပ်တံဆိပ်တစ်ခု ဖြစ်၏။ ချင်မူသည် အပြည့်အဝ သိမြင်နားလည်ထားခြင်း မရှိသော်လည်း ဤချိပ်တံဆိပ်ကို အသက်သွင်းလိုက်သည့်အချိန်တွင် လူတစ်ယောက်က အချိန်နှင့် နေရာ၏ အဆုံးသတ်တွင် ရပ်နေပြီး လက်ဖဝါးဖြင့် ဖိချထားသကဲ့သို့ ခံစားရလိမ့်မည်။
ကောင်းကင်နတ်အရှင်ဟောင်မှာ ကြက်သီးမွှေးညှင်းများ ထလာသည်။ သူ ဤတိုက်ကွက်ကို ထိပ်တိုက်မရင်ဆိုင်သော်လည်း ကြီးမားသောအန္တရာယ်ကြီးကို ခံစားနေရသေး၏။ ထိုမျှသာမက သခင်မယွမ်မုမှာ အမြွှာကြာပန်းပွင့်ထဲတွင် ဖြစ်သည်။
“ဒါက ကောင်းကင်နတ်အရှင်မူ အသက်သွင်းနိုင်တဲ့ ကောင်းကင်နတ်သိုင်းတစ်ခု မဟုတ်ဘူး” ကောင်းကင်နတ်အရှင်ဟောင်မှာ အော်ဟစ်လိုက်မိ၏။
“ဒါက ကောင်းကင်နတ်အရှင်မူ အသက်သွင်းနိုင်တဲ့ ကောင်းကင်နတ်သိုင်း လုံးဝမဟုတ်ဘူး… မီလော့နန်းတော်အရှင်သခင် ဖန်တီးထားတဲ့ ကောင်းကင်နတ်သိုင်းပဲ”
သခင်မယွမ်မု၏ အော်သံက အသူရာချောက်နက်ထဲမှ ထွက်ပေါ်လာသည်။ “ကောင်းကင်နတ်အရှင်မူရဲ့ လက်ဖဝါးချိပ်တံဆိပ်က ပြောင်းလဲသွားတာ မရှိဘူး… ဟောင်အာ၊ ငါ့ကို ကူညီ…. အန္တိမကောင်းကင်နတ်သိုင်းကို မသုံးနဲ့… ဒီချိပ်တံဆိပ်က အန္တိမကောင်းကင်နတ်သိုင်းကို ဖိနှိပ်နိုင်စွမ်း ရှိတယ်..”
ကောင်းကင်နတ်အရှင်ဟောင်က လေပေါ်ပြန်တက်သွားပြီး ချက်ချင်းပင် ပြေးဆင်းလာသည်။ သူက လက်ဖဝါးကြီးအား အစွမ်းကုန် တိုက်ခိုက်လိုက်၏။
သူသည် တစ်လောကလုံးတွင် အင်အားအကြီးဆုံးပုဂ္ဂိုလ် မဟုတ်လော။ သူ၏အတိုက်အခိုက်စွမ်းရည် ကြောက်မက်ဖွယ်ကောင်းလွန်းသည်။ သို့သော် သူ မည်မျှပင် တိုက်ခိုက်ပါစေ လက်ဖဝါးပုံစံချိပ်တံဆိပ်မှာ လှုပ်ရှားသွားခြင်းပင် မရှိပေ။
“ဒုက္ခပဲ…”
သူ၏နဖူးမှ ချွေးသီးချွေးပေါက်များ စီးကျလာသည်။ ချိပ်တံဆိပ်မှာ အမြွှာကြာပန်းပွင့်ကို ဖိချနေပြီဖြစ်သည်။ လက်ဖဝါးအောက်ရှိ အမြွှာကြာပန်းပွင့်ထဲတွင် ရှိသော သခင်မယွမ်မုမှာ စူးရှစွာ အော်ဟစ်နေသည်။ အမြွှာကြာပန်းပွင့်သည် ပြားကပ်လုနီးပါးဖြစ်သွား၏။ ကြာပန်းပွင့်ချပ်များက လေထဲသို့ လွင့်ထွက်ကုန်ကြသည်။
အဆုံးသတ်မြို့ပျက်လှိုင်း ပေါက်ကွဲနေသည့်အချိန်ဖြစ်သော်လည်း ဤချိပ်တံဆိပ်သည် အမြွှာကြာပန်းပွင့်အပေါ် ဖိချ၍ အဆုံးမရှိသော အသူရာချောက်နက်ထဲသို့ တွန်းပို့နေလေသည်။
ကောင်းကင်နတ်အရှင်ဟောင်မှာ ရင်ထဲတွင် လှုပ်ရှားသွားသည်။ ’တာအိုအမှတ်အသားတွေနဲ့ ဖွဲ့စည်းထားတဲ့ ချိပ်တံဆိပ်က တကယ်ကို ပြောင်းလဲမှု သိပ်မရှိဘူး… ဒါက ရှင်သန်နိုင်မယ့် တစ်ခုတည်းသောအခွင့်အရေး ဖြစ်နိုင်တယ်’
သူက ခွန်အားအလုံးစုံသုံး၍ လက်ဖဝါး၏ လက်ချောင်းတစ်ချောင်းကို ဆွဲခွာရန် ကြိုးစားနေသည်။
ဤချိပ်တံဆိပ်သာ ပြီးပြည့်စုံသော ကောင်းကင်နတ်သိုင်းဆိုပါက ပြောင်းလဲမှုများစွာ ဖြစ်ပေါ်နိုင်သည်။ ခွန်အားတစ်ခုတည်းကို သုံး၍ ဆွဲခွာနိုင်မည် မဟုတ်သော်လည်း ချင်မူ့အနီရောင်ကြိုးထုံးမှာ ပြောင်းလဲခြင်းမရှိသောကြောင့် အခွင့်အရေးကို အသုံးချလိုက်ခြင်း ဖြစ်၏။
ဝုန်း…
ကောင်းကင်နတ်အရှင်ဟောင်အထက်ရှိ ကောင်းကင်မှာ နှစ်ခြမ်းကွဲသွားပြီး မွေးရာပါချီမဟာခြုံလွှမ်းကောင်းကင်ဘုံ ထွက်ပေါ်လာသည်။ တာအိုသစ်ပင်၏ မရေမတွက်နိုင်သော အမြစ်များက ဆန့်တန်းထွက်လာပြီး ဤလက်ချောင်းတွင် ရစ်ပတ်ကာ ဆွဲခွာနိုင်လိုက်သည်။
“မယ်တော်… အခုက အချိန်ကောင်းပဲ” ကောင်းကင်နတ်အရှင်ဟောင်က ကျယ်လောင်စွာအော် ဟစ်လိုက်သည်။
သခင်မယွမ်မုမှာ လှုပ်ရှားခြင်း မရှိပေ။
ကောင်းကင်နတ်အရှင်ဟောင် ငုံ့ကြည့်လိုက်သည့်အခါ အမြွှာကြာပန်းပွင့်ထဲရှိ သခင်မယွမ်မုသည် စိစိညက်ညက် ကြေသည့်တိုင်အောင် ဖိနှိပ်ခံထားရကြောင်း တွေ့လိုက်ရ၏။ သူမ၏ခန္ဓာကိုယ်တစ်ခြမ်းမှာ ကျိူးကြေ၍ သွေးများ အိုင်ထွန်းနေပြီး မလှုပ်ရှားနိုင်တော့ချေ။
ကောင်းကင်နတ်အရှင်ဟောင်က ဒေါသတကြီး ဟိန်းဟောက်လိုက်သည်။ သူ၏ဦးခေါင်းထက်ရှိ သစ်ကိုင်းများက ပျံတက်၍ သခင်ယွမ်မုအား ရစ်ပတ်ကာ ဆွဲထုတ်လိုက်တော့၏။