ထူးကဲယင်မိန်းမပျိုများ
Vol. 23 Ch. 323
အခန်း (၃၂၃) ထူးကဲယင်မိန်းမပျိုများ
ပဉ္စမအကြိမ် ထူးကဲယင်ပြိုင်ပွဲ ကျင်းပတော့မည် ဖြစ်သည်။
လွန်ခဲ့သည့် (၄)နှစ်တာကာလအတွင်း ဘေးထိုင်နေခဲ့ရသော ဝါဒတောင်သည် ယခုတော့ “ထူးကဲယင်ပြိုင်ပွဲ” တွင် ပါဝင်ရန် ထူးကဲယင်မိန်းမပျိုကို စေလွှတ်နိုင်ပြီ ဖြစ်သည်။
ဤသည်က လူအများ၏ စိတ်အာရုံကို ဆွဲဆောင်နိုင်ခဲ့သည်ပင်။
မကြာမီက ကောင်းကင်းနယ်မြေ ၊ အလယ်ပိုင်းကောင်းကင်ဒေသတွင် ဖြစ်ပွားခဲ့သော ဝါဒတောင်တိုက်ပွဲကြီးတွင် ဝါဒတောင်က ချောက်နက်ဖျက်ဆီးရေးအဖွဲ့အစည်းကို အမြစ်ပြတ်သုတ်သင်နိုင်ခဲ့ပြီး နေသူတော်စင်ဂိုဏ်းနှင့် ကောင်းကင်မိုးကြိုးခန်းမ မဟာမိတ်တပ်များနှင့် ဟွမ်ကွမ်လီကိုပါ အနိုင်ယူခဲ့သည်။ တိုးလျှိုးစွာနေထိုင်သော ဝါဒတောင်က ရုတ်တရက် အရှိန်အဟုန်ဖြင့် ထွက်ပေါ်လာပြီး နေသူတော်စင်ဂိုဏ်းကို အနိုင်ယူခဲ့သည်။ နေသူတော်စင်ဂိုဏ်း၏ “မဟာနေမင်းတိုင်းတာခြင်းပေတံ” ဆုံးရှုံးရကာ အစွန်းရောက်ရှစ်ပါးကမ္ဘာ၏ အခြေအနေက အကြီးအကျယ် ပြောင်းလဲသွား၏။
“လောကပထမ” ဆိုသည့် နေသူတော်စင်ဂိုဏ်း၏ ရပ်တည်ချက် လုံးဝယိမ်းယိုင်သွားခဲ့ပြီး တစ်ချိန်က အစွန်းရောက်ရှစ်ပါးကမ္ဘာကို အုပ်စိုးခဲ့သော ဝါဒတောင်က တစ်ဖန်ပြန်လည် မြင့်တက်လာခဲ့သည်။
ထိုသို့သောအခြေအနေမျိုးတွင် ယခင်က အမြဲတမ်းဘေးမှသာကြည့်နေခဲ့ရသော ထူးကဲယင်ပြိုင်ပွဲကို ဝါဒတောင်က စတင်ဝင်ရောက်ယှဉ်ပြိုင်ခြင်းမှာ သူတို့၏အရှိန်အဟုန်ကြီးမားခြင်းကို အဆက်မပြတ်တွန်းအားပေးနေသလို အားလုံး၏ အာရုံစိုက်မှုကိုလည်း ခံစားရသည်။
ဤသည်မှာ လင်ကျိုးကြောင့်လည်း ဖြစ်လေ၏။ သူက ဖန်းယွင်ရှန်းအခြေအနေကို သတင်းလွှင့်ခဲ့လေရာ နေသူတော်စင်ဂိုဏ်းအပါအဝင် အခြားသောထိပ်သီးသိုင်းဂိုဏ်းကြီးများက သူမ၏ ယေဘူယျအခြေအနေကို သိရှိထားခဲ့ကြသည်။
နေသူတော်စင်ဂိုဏ်းအပါအဝင် အခြားသောထိပ်သီးသိုင်းဂိုဏ်းကြီးများမှ ထိပ်တန်းအဆင့်အကြီးအကဲများအားလုံးက ယခု ‘ပဉ္စမအကြိမ် ထူးကဲယင်ပြိုင်ပွဲ’ ကို အထူးအာရုံစိုက်ထားကြသည်။
‘ထူးကဲယင်ပြိုင်ပွဲ’ ပြုလုပ်မည့် လှိုင်းနက်ဂေဟာရှိရာ ရေကန်နယ်မြေသို့ ခရီးထွက်လာရင်း ရန်ကျောက်ကဲက ဖန်းယွင်ရှန်းကို မေးလိုက်သည်။
“ဖိအားတွေအရမ်းများနေလား...”
နေသူတော်စင်ဂိုဏ်း ၊ ကောင်းကင်မိုးကြိုးခန်းမနှင့် ဝါဒတောင် ၊ အဆုံးမဲ့တောင်တန်း ၊ ကျောက်စိမ်းပင်လယ်မြို့တော် သုံးပွင့်ဆိုင်မဟာမိတ်တို့က အခြေအနေတင်းမာနေကြဆဲ ဖြစ်သည်။
ထို့ကြောင့် ထူးကဲယင်ပြိုင်ပွဲကျင်းပမည့်နေရာမှာ လှိုင်းနက်ဂေဟာတွင်ဖြစ်နေခြင်းက တော်သေးသည် ဆိုရမည်။
ရန်ကျောက်ကဲ အမေးစကားကိုကြားတော့ ဖန်းယွင်ရှန်းက...
“ဖိအားတွေ ရှိရှိ မရှိရှိ ကျွန်မ အစွမ်းကုန်ကြိုးစားရမှာပဲ”
သူမျက်နှာကိုကြည့်လိုက်တော့ တည်ငြိမ်ပြီး ဆုံးဖြတ်ချက်ခိုင်မာကြောင်း ရန်ကျောက်ကဲ တွေ့မြင်ရသည်။
ဖန်းယွင်ရှန်းက အင်မတန် နှုတ်သွက်လျှာ်သွက်ဖြင့် အလွန်စကားပြောသူဖြစ်သည်။ ရန်ကျောက်ကဲနှင့်လည်း အမြဲတမ်း စကားပြောဆိုနေတတ်ပြီး သူမ၏ ရိုးစင်းသည့်စိတ်ရင်းကြောင့် သူတို့နှစ်ယောက်၏ လိင်ကွဲပြားမှုကိုပင် မေ့လျော့သွားသည်အထိပင် ခင်မင်ခဲ့ကြသည်။
သို့သော် “ထူးကဲယင်ပြိုင်ပွဲ” နှင့်ပတ်သက်လျှင်တော့ ဖန်းယွင်ရှန်းက အမြဲတမ်းအလေးအနက်ထားပြီး တိတ်ဆိတ်ငြိမ်သက်စွာ ဆုံးဖြတ်တတ်သည်။
အသက်အန္တရယ်များစွာနှင့် ရင်ဆိုင်ခဲ့ရသော ဤမိန်းကလေးက “ထူးကဲယင်ပြိုင်ပွဲ” တွင် အနိုင်ယူရန် အလွန်ကြိုးစားခဲ့သည်ပင်။
ရန်ကျောက်ကဲက...
“ပြင်ပလောက ဘယ်လိုမြင်မလဲဆိုတာကို မင်း လျစ်လျူရှုထားလိုက်ပါ ၊ ဂိုဏ်းထဲက ဝေဖန်သံတွေကိုလည်း အရေးစိုက်မနေနဲ့”
ထိုစကားကိုကြားတော့ ဖန်းယွင်ရှန်းက ပြုံးလိုက်ရင်း...
“အဲဒါတွေက လုံးဝ အခြေအမြစ်မရှိဘူးဆိုတာ ကျွန်မ နားလည်ပါတယ်”
ရန်ကျောက်ကဲ မျက်တောင်တဖျတ်ဖျတ်ခတ်ရင်း သူမကိုကြည့်လိုက်သည်။
ဝါဒတောင်တွင် အချို့သူများက ဖန်းယွင်ရှန်းကို ခွဲခြားဆက်ဆံကြသည်။
ဖန်းယွင်ရှန်းက ထူးကဲယင်မိန်းမပျိုတစ်ယောက်ဖြစ်သဖြင့် ဂိုဏ်း၏ရင်းမြစ်များစွာကို ခံစားခွင့်ရှိသည်။
ထူးကဲယင်မိန်းမပျိုများ မည်မျှအရေးပါသည်ကို လူတိုင်းသိရှိကြသလို ထူးကဲယင်သရဖူကိုရယူပြီး ထူးကဲယင်ပြိုင်ပွဲတွင် အောင်ပွဲခံခြင်းမှာလည်း လွယ်ကူသည့်အရာမဟုတ်ကြောင်း အားလုံး သိရှိကြ၏။
သို့သော် ဖန်းယွင်ရှန်းက နေသူတော်စင်ဂိုဏ်းမှ တပည့်ဟောင်းဖြစ်နေသဖြင့် အချို့သူများက အမြင်မကြည်လင်ကြပေ။
လက်ရှိတွင် အဆင်ပြေနေဆဲဖြစ်သော်လည်း ရေရှည်တွင် ဖန်းယွင်ရှန်းအနေဖြင့် ထူးကဲယင်ပြိုင်ပွဲတွင် မြင်သာထင်သာ အစွမ်းမပြနိုင်ပါက သူမအပေါ် ဂိုဏ်းတွင်းဖိအားများ ပိုမိုများပြားလာမည် ဖြစ်သည်။
“ဖန်းယွင်ရှန်းထက် ငါတို့ကိုယ်ပိုင်ထူးကဲယင်မိန်းမပျိုကို ပိုပြီး ပျိုးထောင်ပေးသင့်တာ မဟုတ်ဘူးလား”
ထိုသို့သော စကားများက နောက်ပိုင်းတွင် ပျံ့နှံ့လာသည်။
ထိုစကားများ ပျံ့နှံ့လာရသည့်အကြောင်းရင်းမှာ အရှေ့ပင်လယ်အကြီးအကဲ’ချန်ကျန်း’ ထံမှ သတင်းတစ်ခုကြောင့် ဖြစ်သည်။
မကြာမီကပင် ချန်ကျန်းသည် အရှေ့ပင်လယ်တွင် ထူးကဲယင်မိန်းမပျိုတစ်ယောက် ရှာတွေ့ခဲ့သည်။
ထိုမိန်းကလေး၏ ဆရာဖြစ်သူ ရှိသော်လည်း မီးတောက်မိစ္ဆာများသတ်ဖြတ်ခြင်းခံခဲ့ရသည်။ ဝါဒတောင်က သွားရောက်ကယ်တင်ခဲ့သော်လည်း အချိန်မမီခဲ့တော့ပေ။ မိန်းမပျိုလေးသာလျှင် အသက်ရှင်ကျန်ရစ်ခဲ့သည်။
ထို ဆရာတပည့် (၂)ယောက်ကို သွားရောက်ကယ်တင်စဉ်က ချန်ကျန်းစိတ်ထဲ ဘာမှမစဉ်းစားခဲ့သော်လည်း နောက်ပိုင်းမှာတော့ ထိုမိန်းကလေးက ထူးကဲယင်မိန်းမပျိုတစ်ယောက်ဖြစ်ကြောင်း သိခဲ့ရသည်။
ထိုသတင်းကိုရရှိသည်နှင့် ဝါဒတောင်တစ်ခုလုံး အံ့အားသင့်သွားကြသည်။ ပြင်းထန်သောတိုက်ပွဲကြီး ရင်ဆိုင်ခဲ့ရသော်လည်း ယွမ်ကျန်းဖုန်းက သိုင်းသူတော်စင်တစ်ယောက်ဖြစ်လာသည့်အပြင် နောက်ထပ် ထူးကဲယင်မိန်းမပျိုတစ်ယောက်အားလည်း ထပ်မံရရှိခဲ့လေရာ ဂိုဏ်းအတွင်းပိုမိုပျော်ရွှင်ကြရသည်။
ချန်ကျန်းနေရာသို့ အစားထိုးစေလွှတ်ခံရသော အရှေ့ပင်လယ်အကြီးအကဲ’ဖူအန်းစု’ က ထိုမိန်းမပျိုလေးကို သူမ၏တပည့်အဖြစ် တန်းပြီးလက်ခံခဲ့သည်။
သာမန်အားဖြင့်ဆိုလျှင် ထိုသို့သောမိန်းကလေးမျိုးက ဂိုဏ်း၏ သာမန်တပည့်တစ်ယောက်သာ ဖြစ်လာနိုင်သည်။ ပင်မတိုက်ရိုက်တပည့်ဖြစ်လာရန်အတွက် စစ်ဆေးမှုများစွာ ခံယူရမည်ဖြစ်သည်။ သို့သော် ယခု မိန်းမပျိုလေးကတော့ ထူးကဲယင်မိန်းမပျို ဖြစ်နေသည်ကတစ်ကြောင်း ၊ ဖူအန်းစုက တန်းပြီးတပည့်အဖြစ်လက်ခံလိုက်သည်ကတစ်ကြောင်းကြောင့် သံသယမရှိ ပင်မတိုက်ရိုက်တပည့်တစ်ယောက် ဖြစ်လာခဲ့သည်။
ထိုမိန်းမပျိုလေးကို ဝမ်းမြောက်ဝမ်းသာ ဂုဏ်ပြုကြိုဆိုကြရင်း ဖန်းယွင်ရှန်းအပေါ် မလိုလားသည့်စကားသံများ ကျယ်ကျယ်လောင်လောင် ထွက်ပေါ်လာကြခြင်းပင်။
မည်သို့ပင်ဖြစ်စေ ထူးကဲယင်မိန်းမပျိုတစ်ယောက်ကို ထပ်မံပျိုးထောင်ခြင်းက ရေရှည်ကိစ္စ ဖြစ်သည်။
အကြီးအကဲများက ကြိုးစားအားထုတ်မှုများစွာဖြင့် လေ့ကျင့်ပေးထားသော ဖန်းယွင်ရှန်းသည်ပင် ယခုမှ အစရှိသေးသည်။
ထို့ကြောင့် ဝေဖန်သံများထွက်ပေါ်လာသည့်တိုင် အစွန်းရောက်သဘောထားရှိသူများကတော့ အနည်းငယ်မျှသာ ရှိသည်။
သို့သော် ဖန်းယွင်ရှန်းက နောက်တစ်ကြိမ် ထူးကဲယင်ပြိုင်ပွဲတွင် ကောင်းစွာအစွမ်းမပြနိုင်ပါက တခြားသူ၏ အရည်အချင်းနှင့်အလားအလာက ပိုမိုမြင့်တက်သွားမည်ဖြစ်သလို ဖန်းယွင်ရှန်းကိုလည်း မလိုလားသူ ပိုမိုများပြားလာနိုင်၏။
ဝါဒတောင်တိုက်ပွဲကြီးတွင် ဖန်းယွင်ရှန်းက အလွန်အန္တရယ်များသော မိစ္ဆာနယ်မြေမဟာအစီအရင်အတွင်းသို့ မကြောက်မရွံ့ ဝင်ရောက်သွားခဲ့သည်။ ဤသည်က ဝါဒတောင်နှင့်ပတ်သက်ပြီး သူမ၏ခံစားချက်နှင့် ခံယူချက်ကို သက်သေပြနေသည်။
သို့သော် ဖန်းယွင်ရှန်းအနေဖြင့် နောက်ထပ်သက်သေပြရန် လိုအပ်နေသေးသည်။
နေသူတော်စင်ဂိုဏ်းမှ တပည့်ဟောင်းက ဝါဒတောင်သို့ ရောက်ရှိနေခြင်းဖြစ်ရာ သူမကို ပိုမိုတင်းကျပ်သောစံနှုန်းများဖြင့် အကဲဖြတ်ကြမည်မှာတော့ မလွဲဧကန်ပင်။
ဖန်းယွင်ရှန်းက ရန်ကျောက်ကဲကိုကြည့်ကာ ပြုံးလိုက်ရင်း...
“ဂိုဏ်းက ရှင့်ကိုတာဝန်တစ်ခု ပေးလိုက်ပြန်ပြီလား ၊ ဒီတစ်ခေါက် ထူးကဲယင်ပြိုင်ပွဲပြီးရင် ရှင်လည်း ဆရာရှိတဲ့အရှေ့ပင်လယ်ကိုသွားပြီး အသစ်ရောက်လာတဲ့ ဂိုဏ်းတူညီမလေးရဲ့ အခြေအနေကို စစ်ဆေးရမယ်မဟုတ်လား ၊ သူမရဲ့ အလားအလာနဲ့ အရည်အချင်းတွေကို လေ့လာပြီးရင်း ကျွန်မလိုပဲ သူ့ကိုလည်း ပိုပြီးတိုးတက်လာအောင် လေ့ကျင့်ပေးရမှာပေါ့”
ရန်ကျောက်ကဲက...
“ထူးကဲယင်မိန်းမပျို (၂)ယောက်ရှိတော့ အာမခံ (၂)ခု ရှိတာပေါ့ကွာ ၊ အရင်က နေသူတော်စင်ဂိုဏ်းက မင်းနဲ့ မန်ဝမ်ကို တစ်ပြိုင်တည်း လေ့ကျင့်ပေးခဲ့သလိုပေါ့ ၊ ဒါတောင် မင်း နှစ်နှစ်လောက် ထူးကဲယင်ခန္ဓာဆုံးရှုံးသွားတဲ့အချိန်မှာ မန်ဝမ်ကို အမီလိုက်နိုင်ဖို့ အတော်လေးခက်ခဲခဲ့တယ်မဟုတ်လား ၊ အခု ဒီမိန်းကလေးက မင်းနဲ့ မန်ဝမ်ထက် မသာနိုင်ဘူးဆိုရင် အောင်ပွဲမျှော်လင့်ချက် ကြီးကြီးမားမားရှိမှာ မဟုတ်ပါဘူး”
သူက ဆက်ပြောသည်။
“မင်းတို့နှစ်ယောက်လုံးကို ငါက ညီတူညီမျှ ဆက်ဆံမှာပါ ၊ ဒါပေမဲ့ ဂိုဏ်းထဲကဝေဖန်သံတွေကတော့ တကယ့်ကို ခပ်တုံးတုံးတွေပဲ”
ဖန်းယွင်ရှန်းက ပြုံးလိုက်ရင်း...
“ထူးကဲယင်ပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်တာက လေ့ကျင့်တာလောက် ၊ အပြန်အလှန်အတွေ့အကြုံယူတာလောက် မဟုတ်ပါဘူး ၊ ထူးကဲယင်သရဖူကို ဆွတ်ခူးနိုင်ဖို့ပဲ ၊ အဲဒီ ဂိုဏ်းတူညီမလေးက ငါ့ထက်စွမ်းအားမြင့်မားတယ်ဆိုရင် ဂိုဏ်းကရင်းမြစ်တွေကို သူ့အပေါ်များများပေးအပ်တာ သင့်တော်ပါတယ်”
ထို့နောက် သူမက မျက်ခုံးတစ်ချက်ပင့်ရင်း...
“ဒါပေမဲ့ ကျွန်မကလည်း ဒီလောက်အားမနည်းပါဘူးနော်”
သူမ မျက်ခုံးပင့်လိုက်သည့်အခါ သူမ၏မျက်ဝန်းများတွင် ဓားတစ်လက်ပမာ ထက်ရှပြီး လွှမ်းမိုးနိုင်စွမ်းရှိသည်ကို တွေ့မြင်ရသည်။
ရန်ကျောက်ကဲက ရည်ရွယ်ချက်ရှိရှိဖြင့် ပြုံးလိုက်ရင်း...
“အခု ထူးကဲယင်ပြိုင်ပွဲမှာ မင်း အောက်ခြေမှာရှိမနေရင် ငါ ကျေနပ်ပါပြီ”
ဖန်းယွင်ရှန်းက ထိုစကားကို မငြင်းဆန်ဘဲ ရယ်မောလိုက်၏။
“ရှင်ပြောသလိုပဲ ဒီတစ်ခေါက်ကတော့ အနိုင်မရလည်း ဖြစ်တယ်မလား”
ရန်ကျောက်ကဲက ပေါ့ပေါ့ပါးပါးပင် ခေါင်းညိတ်ရင်း...
“အမှန်ပဲ ၊ အဲဒါကြောင့် မင်း စိတ်လျှော့ထားလို့ရတယ်”
ထိုအချိန်...
“ငါတို့ရောက်ခါနီးပြီ ၊ ... ကျောက်ကဲ မင်းက တခြားဂိုဏ်းတွေက ထူးကဲယင်မိန်းမပျိုတွေကို အာရုံစိုက်အကဲခတ်ဖို့ မမေ့ပါနဲ့”
စကားဆိုလာသူက အကြီးအကဲ’မုန့်’ ဖြစ်သည်။
အကြီးအကဲ’မုန့်’ က ရန်ကျောက်ကဲနှင့် ဖန်းယွင်ရှန်းတို့ကို ထူးကဲယင်ပြိုင်ပွဲသို့ ဦးဆောင်ခေါ်လာသည့် ဝါဒတောင်အကြီးအကဲ ဖြစ်သည်။ သူက ယခင် မြေကမ္ဘာနယ်မြေအကြီးအကဲဖြစ်ပြီး ယခု ဝါဒတောင်တွင် တာဝန်ထမ်းဆောင်ရန် ပြန်လည်ခေါ်ယူထားသူပင်။
ရန်ကျောက်ကဲက...
“အကြီးအကဲ’မုန့်’ စိတ်မပူပါနဲ့ ၊ ကျွန်တော်နားလည်ပါတယ်”
အကြီးအကဲ’မုန့်၏ ၏ ဦးဆောင်ခြင်းဖြင့် ရေကန်နယ်မြေသို့ ရောက်ရှိလာကြသည်။
ကြည်လင်လျှို့ဝှက်ရေကန်တွင်သာ ကြီးမားသောကပ်ဘေးကြီး ကျရောက်ခဲ့ခြင်းမရှိလျှင် ‘ကောင်းကင်ချိတ်ဆက်တွေ့ဆုံပွဲ’ ကဲ့သို့ပင် ‘ထူးကဲယင်ပြိုင်ပွဲ’ ကိုလည်း ထိုနေရာတွင်ပင် ကျင်းပမည် ဖြစ်သည်။
ယခုတော့ ကြည်လင်လျှို့ဝှက်ရေကန်က အဆင်မပြေသဖြင့် လှိုင်းနက်ဂေဟာတည်ရှိရာနေရတွင် “ထူးကဲယင်ပြိုင်ပွဲ” ပြုလုပ်ရန် စီစဉ်ခဲ့သည်။
အဝေးဆီသို့ လှမ်းမျှော်ကြည့်လျှင် ကြီးမားကျယ်ပြန့်သော ရေကန်ကြီးတစ်ခုကို တွေ့မြင်ရမည်ပင်။ ထိုရေကန်ကြီးက ပင်လယ်ပြင်ကြီးအလား ကမ်းအဆုံးကို တွေ့မြင်ရခြင်းမရှိဘဲ ကြည်လင်လျှို့ဝှက်ရေကန်ထက်ပင် ပိုမိုကြီးမားသည်။ ကောင်းကင်နယ်မြေ ၊ အလယ်ပိုင်းကောင်းကင်ဒေသရှိ လျန်ဟူစီရင်စုသည်လည်း ရေကန်နယ်မြေအလား ရေကန်များစွာ ရှိသော်လည်း အလွန်သေးငယ်သည်။ ယခု ရေကန်နယ်မြေကတော့ အဆပေါင်းများစွာ ကြီးမားသည်ဟု ဆိုရမည်။
လှိုင်းနက်ဂေဟာတည်ရှိရာ ရေကန်နယ်မြေအနီး ရောက်ရှိလာသည်နှင့် လှိုင်းနက်ဂေဟာမှ တပည့်များက လာရောက်ကြိုဆိုကြသည်။
လာရောက်ကြိုဆိုသူက ရန်ကျောက်ကဲနှင့် ခင်မင်ရင်းစွဲရှိသည့် ‘ရှဲ့ယိုချန်’ ဖြစ်သည်။ သူမနောက်တွင် တပည့်အငယ်များလည်း ပါလာကြသည်။
အပြန်အလှန်နှုတ်ဆက်စကားဆိုကြပြီးနောက် ရန်ကျောက်ကဲနှင့်အခြားသူများက လာရောက်ကြိုဆိုသူများနော်သို့ လိုက်ပါခဲ့ကြ၏။
လမ်းလျှောက်လာကြရင်း လျှို့ဝှက်အသပို့စနစ်ဖြင့် ရှဲ့ယိုချန် စကားဆိုလာသည်ကို ရန်ကျောက်ကဲ ကြားလိုက်ရသည်။
“ဒီတစ်ခေါက် ထူးကဲယင်ပြိုင်ပွဲမှာပါဝင်ဖို့ နေသူတော်စင်ဂိုဏ်းက ထူးကဲယင်မိန်းမပျို (၂)ယောက် စေလွှတ်လိုက်တယ်”