← Chapters

ပန်းကလေးများဆုံဆည်းရာ

Vol. 23 Ch. 324

ပန်းကလေးများဆုံဆည်းရာ

Vol. 23 Ch. 324

အခန်း (၃၂၄) ပန်းကလေးများဆုံဆည်းရာ

ရှဲ့ယိုချန်၏ အသံပို့လွှတ်စကားကို ကြားရသည့်အခါ ရန်ကျောက်ကဲ၏မျက်နှာအမူအရာ ပြောင်းလဲမသွားသော်လည်း သူ့မျက်ဝန်းများ အနည်းငယ် တုန်ခါသွားသည်။

အချိန်ကြာလာသည်နှင့်အမျှ ထိပ်သီးသိုင်းဂိုဏ်းကြီးများသည်လည်း ထူးကဲယင်မိန်းမပျိုများကို ပိုင်ဆိုင်လာကြသည်။

သို့သော် ထူးကဲယင်မိန်းမပျိုတစ်ယောက် ပိုင်ဆိုင်ထားသည့်တိုင် နောက်ထပ် ထူးကဲယင်မိန်းမပျိုများကိုလည်း ဇွဲမလျှော့တမ်း ထပ်မံရှာဖွေရှာကြဆဲ ဖြစ်သည်။

ထူးကဲယင်မိန်းမပျိုများစွာပိုင်ဆိုင်ထားလေ အာမခံချက်ရှိလေဆိုခြင်းကို လူတိုင်းနားလည်ကြသည်။

ထူးကဲယင်မိန်းမပျို အဟောင်းနှင့်အသစ်တွင် ကျင့်ကြံခြင်းဆင့် ကွာခြားမည်ကတော့ အမှန်ပင်။ အရည်အချင်းတူညီလျှင်တောင်မှ အရင်ဆုံး ပျိုးထောင်ပေးထားသော ထူးကဲယင်မိန်းမပျိုက အားသာချက်များမည် ဖြစ်သည်။

ထို့ကြောင့် အသစ်များအတွက် အခွင့်အရေးလုံးဝမရှိသလောက် ဖြစ်ရသည်။

လက်ရည်တူနေသည့် ဝါရင့်ထူးကဲယင်မိန်းမပျို (၂)ယောက် အပြင်းအထန်တိုက်ခိုက်ကြပြီးနောက် နှစ်ယောက်လုံး စွမ်းအားကုန်ခမ်းသွားခြင်း ၊ ဒဏ်ရာအပြင်းအထန်ရသွားခြင်းမျိုးဖြစ်မှသာ အသစ်တစ်ယောက်က အခွင့်အရေးရရှိမည် ဖြစ်သည်။

သို့သော် အသစ်များက အစွမ်းကုန်ကြိုးစားတိုက်ခိုက်ပြီး အခြားထိပ်သီးသိုင်းဂိုဏ်းမှ ထူးကဲယင်မိန်းမပျိုများ၏စွမ်းအားကို လျော့ပါးစေပြီး မိမိဂိုဏ်းမှ ဝါရင့်ထူးကဲယင်မိန်းမပျိုအတွက် အခွင့်အရေးတစ်ခု ဖန်တီးပေးရာတွင် ကူညီနိုင်သည်။

အသစ်များက ကနဦးပျိုးထောင်ပေးခြင်း အလွန်နောက်ကျသည့်အတွက် ‘ထူးကဲယင်သရဖူ’ ဆွတ်ယူနိုင်ရန်ကတော့ လွယ်ကူမည် မဟုတ်ပေ။

အစွန်းရောက်ရှစ်ပါးကမ္ဘာတွင် လူဦးရေများပြားသော်လည်း ထူးကဲယင်မိန်းမပျိုများကတော့ အလွန်ရှားပါးသည်။ အချို့က သေဆုံးသွားကြပြီး အချို့ကတော့ အသက်အရွယ်ကြီးရင့်သွားကြသဖြင့် ချီစွမ်းအား ၊ သွေးစွမ်းအားများဆုံးရှုံးကာ ကျင့်ကြံခြင်း မပြုလုပ်နိုင်ကြတော့ပေ။ သူတို့ကို ရှာဖွေတွေ့ရှိချိန်တွင် ယိုယွင်းစပြုနေပြီ ဖြစ်သည်။

ထူးကဲယင်မိန်းမပျိုများ၏ အလားအလာနှင့် အရည်အချင်းများသည်လည်း တစ်ယောက်နှင့်တစ်ယောက် မတူညီကြပေ။

ရှဲ့ယိုချန်၏စကားအရ နေသူတောာ်စင်ဂိုဏ်းမှ ထူးကဲယင်မိန်းမပျိုအသစ်လေးက တစ်စုံတစ်ခု ထူးခြားသည်ဟု ဆိုသည်။

ရန်ကျောက်ကဲ နှုတ်ခမ်းထောင့်များ တွန့်ကွေးသွားသည်။

“ကြည့်ရတာ မြေကမ္ဘာနယ်မြေပြီးရင် ငါတို့ ကောင်းကင်နယ်မြေက ကျိန်စာသင့်နေတာများလား”

ဟုတ်ပေ၏။ လက်ရှိ ဝါဒတောင်တွင် ထူးကဲယင်မိန်းမပျို (၂)ယောက်ရှိသည့်တိုင် (၂)ယောက်လုံးက ကောင်းကင်နယ်မြေမှ မဟုတ်ကြပေ။

ရန်ကျောက်ကဲ တွေးလိုက်သည်။

“နေသူတော်စင်ဂိုဏ်းက သူ့ကို ထူးကဲယင်ပြိုင်ပွဲ ပါဝင်ခွင့်ပြုတယ်ဆိုတော့... ကြည့်ရတာ သူက မန်ဝမ်ကိုပံ့ပိုးပေးနိုင်မှာတော့ အသေအချာပဲ”

စတုတ္ထအကြိမ် ထူးကဲယင်ပြိုင်ပွဲတွင် ဝါဒတောင်က ဖန်းယွင်ရှန်းကို ပါဝင်ခွင့် မပြုခဲ့ပေ။ ထို့အတူ အခြားသောသိုင်းဂိုဏ်းကြီးမားသည်လည်း မတူညီသောအကြောင်းပြချက်များစွာဖြင့် ထိုသို့သောအစီအစဉ်များစွာ ပြုလုပ်ထားကြသည်။

ဂန္ထဝင်တွင်သည့် ဥပမာတစ်ခုကိုပေးရလျှင် လှိုင်းနက်ဂေဟာမှ ထူးကဲယင်မိန်းမပျို ‘ဖန်ချိုး’ ဖြစ်သည်။

သူမက စတုတ္ထအကြိမ်ထူးကဲယင်ပြိုင်ပွဲတွင် ရုတ်တရက်ထွက်ပေါ်လာခဲ့ပြီး ပထမဆုံးယှဉ်ပြိုင်သည့်ပွဲမှာပင် အောငနိုင်သူအဖြစ် ‘ထူးကဲယင်သရဖူ’ ကို ရယူနိုင်ခဲ့သည်။

သို့သော် သူမ၏ အကြီးမားဆုံးပြိုင်ဘက် မန်ဝမ်က ရေရှည်တွင် စွမ်းအားပိုမိုမြင့်မားစေရန်အတွက် “ယင်ယန်တည်ရှိမှုကျင့်စဉ်” ကို ကျင့်ကြံနေသောကြောင့် အကောင်းဆုံးစွမ်းရည်များ မပြသနိုင်ခဲ့သောကြောင့်လည်း ဖြစ်၏။

သို့ရာတွင် ကောင်းကင်မိုးကြိုးခန်းမ၊ အကန့်အသတ်မဲ့တောင်တန်းနှင့် ကျောက်စိမ်းပင်လယ်မြို့တော်မှ ထူးကဲယင်မိန်းမပျိုများသည် ယခင် ထူးကဲယင်ပြိုင်ပွဲ (၃)ခုလုံးတွင် ပါဝင်ခဲ့ဖူးသော ဝါရင့်ထူးကဲယင်မိန်းမပျိုများ ဖြစ်ကြသည်။ ဖန်ချိုးက ထိုမိန်းမပျိုများအားလုံးကို ဖြတ်ကျော်အနိုင်ယူနိုင်ခဲ့၏။

ကျောက်စိမ်းပင်လယ်မြို့တော်မှ ထူးကဲယင်မိန်းမပျို ချန်စုထင်က ဒုတိယအကြိမ်ထူးကဲယင်ပြိုင်ပွဲတွင် အနိုင်ရခဲ့ပြီး ထူးကဲယင်သရဖူကို တစ်နှစ်ကြာရယူထားခဲ့သူ ဖြစ်သည်။ ထို့ကြောင့် သူမက သာမန်ထက်သာလွန်သူတစ်ယောက်ဖြစ်သလို မန်ဝမ်ကိုလည်း ရန်သူပမာ သ‌ဘောထားသူ ဖြစ်သည်။

သို့ပေသိ အဆုံးသတ်တွင် ဖန်ချိုးက အားလုံးကိုကျော်ဖြတ်ကာ မန်ဝမ်ကိုအနိုင်ယူပြီး အောင်ပွဲရယူသွားခဲ့သည်။

ရန်ကျောက်ကဲသည် ထူးကဲယင်ပြိုင်ပွဲသို့တက်ရောက်သော ဝါဒတောင်မှ အကြီးအကဲများပေးပို့သော တိုက်ပွဲမှတ်တမ်းများကို ကြည့်ရှုခဲ့ရသည်။ ဖန်ချိုးက လှိုင်းနက်ဂေဟာ၏ ပင်မတိုက်ရိုက်တပည့်တစ်ယောက် ဖြစ်လာသည်မှာ အချိန် (၁)နှစ် ၊ သို့မဟုတ် (၂)နှစ်ခန့် ရှိပေပြီ။

ပထမအကြိမ်ထူးကဲယင်ပြိုင်ပွဲမတိုင်မီကပင် လှိုင်းနက်ဂေဟာက သူမကို သေသေချာချာ စတင်ပျိုးထောင်ပေးခဲ့သည်။ တတိယအကြိမ်ထူးကဲယင်ပြိုင်ပွဲအထိ သူမကို ထိန်းသိမ်းထားခဲ့ပြီး သူမ၏အရည်အချင်းများ ပိုမိုစိတ်ချယုံကြည်လာရတော့မှ သူမကို ပြိုင်ပွဲဝင်စေခဲ့ခြင်းဖြစ်သည်။ ပထမဆုံးပြိုင်ပွဲမှာပင် သူမက ထိတ်လန့်ဖွယ်ရာအောင်ပွဲတစ်ခု ရရှိခဲ့၏။

ရန်ကျောက်ကဲ လမ်းလျှောက်ရင်း အတွေးထဲနစ်မျောလျှက် ရှိသည်။

“အချိန်‌စောတာ တကယ့်ကိုအားသာချက်များတယ် ၊ နေသူတော်စင်ဂိုဏ်းက ထူးကဲယင်သရဖူရဲ့ လျှို့ဝှက်ချက်ကို ပထမဆုံးရှာဖွေတွေ့ရှိခဲ့ပြီး အရင်ဆုံး သုတေသနလုပ်တယ် ၊ ထူးကဲယင်မိန်းမပျိုကို ပျိုးထောင်ပေးတာလည်း သူတို့အစောဆုံးပဲ ၊ သူတို့က ဒီနယ်ပယ်မှာ အမှန်တကယ်ဦးဆောင်သူလို့ ပြောလို့ရတယ်”

နေသူတော်စင်ဂိုဏ်းမှ အစောဆုံးလေ့ကျင့်ပေးထားသော ဖန်းယွင်ရှန်းကို ထည့်တွင်မည်ဆိုလျှင် နေသူတော်စင်ဂိုဏ်းသည် ထူးကဲယင်မိန်းမပျို (၃)ယောက်ကို မွေးထုတ်ပေးပြီး ဖြစ်လေသည်။

လှိုင်းနက်ဂေဟာသည် ကျယ်ပြန့်သောရေကန်ထက်ရှိ ကျွန်းတစ်ကျွန်းပေါ်တွင် တည်ရှိသည်။

ကျွန်းပေါ်မှ ရှုမျှော်ခင်းများက အလွန်တရာလှပပြီး အေးချမ်း ၊ တိတ်ဆိတ် ၊ ကျက်သရေရှိလွန်းသော ရေပေါ်ရွာလေးတစ်ရွာနှင့် ဆင်တူသည်။ သို့သော် ထိပ်သီးသိုင်းဂိုဏ်းကြီးတစ်ဂိုဏ်း တည်ရှိရာနယ်မြေ၏ အရှိန်အဝါသည်လည်း ထင်ဟပ်လျှက် ရှိသည်။

ကျွန်းပေါ်တွင် သေးငယ်ပြီးအနုစိတ်သော ဂေဟာတစ်ခု ရှိနေသည်။ ထိုဂေဟာသည် ရေကန်နယ်မြေကို စိုးမိုးအုပ်ချုပ်သော “လှိုင်းနက်ဂေဟာ” ပင် ဖြစ်သည်။

ရန်ကျောက်ကဲက ပတ်ဝန်းကျင်ကို စူးစမ်းလေ့လာလိုက်သည်။ ဤပင်မကျွန်းကြီးသည် လှိုင်းနက်ဂေဟာအတွက် အဓိကအကျဆုံး နေရာတစ်ခု ဖြစ်၏။

ရေကန်ပတ်ဝန်းကျင်တွင် အဆောက်အဦများ ဆောက်လုပ်ထားသော အခြားကျွန်းငယ်များ များစွာရှိသေးသည်။

လှိုင်းနက်ဂေဟာမှ တပည့်များနေထိုင်ရာနေရာများနှင့် ဂိုဏ်း၏အဆောက်အကိများသည် ထိုကျွန်းငယ်များထက်တွင် ပြန့်ကျဲစွာတည်ရှိနေသည်။

အပြင်ပန်းကြည့်ရသည်မှာပင် တိတ်ဆိတ်ငြိမ်သက်ပြီး လှပလွန်းသောကြောင့် ဤနေရာမှအငွေ့အသက်များကိုဖျက်ဆီးရန် မည်သူမှ လက်ခံကြနိုင်မည်မဟုတ်ပေ။

သို့ရာတွင် ဤနေရာကို အလွန်တရာနုနယ်သည်ဟု ထင်မှတ်လျှင် မဟာအမှားကြီး ဖြစ်ပေလိမ့်မည်။ ဤနေရာပတ်ဝန်းကျင်တစ်ခုလုံးကို လှိုင်းနက်ဂေဟာ၏ပင်မအစီအရင်ကြီးက လွှမ်းခြုံစောင့်ရှောက်ထားသည်။

လက်ရှိအချိန်တွင် ပင်မအစီအရင်ကြီးက ငြိမ်သက်နေသော်လည်း စတင်လှည့်ပတ်လိုက်သည်နှင့် မိုးမြေစွမ်းအားများထည့်သွင်းထားသဖြင့် ကောင်းကင်ကိုတုန်လှုပ်စေကာ မြေပြင်ကိုမှောက်လှန်နိုင်သော တုန်လှုပ်ဖွယ်ရာစွမ်းအားကို ပြသမည်ဖြစ်သည်။

ရှဲ့ယိုချန်တို့အုပ်စု၏ဦးဆောင်မှုဖြင့် ရန်ကျောက်ကဲတို့အဖွဲ့ ပင်မကျွန်းကြီးထက်သို့ ရောက်လာပြီး ထိုဂေဟာရှေ့သို့ ရောက်ရှိလာသည်။

အပြင်ဘက်မှကြည့်လျှင် သေးငယ်ပြီး အနုစိတ်ပုံရသော ဂေဟာသည် အတွင်းပိုင်းရောက်သည့်အခါမှာတော့ပြင်ပအသွင်အပြင်နှင့် လုံးဝမတူညီတော့ပေ။ အတွင်းပိုင်းတွင် နေရာက ဆန့်ထုတ်လိုက်သည့်ပမာအလွန်ကျယ်ပြန့်ပြီး လူများမည်မျှများပြားပါစေ ကျဉ်းကြပ်သလို မခံစားရပေ။

ရန်ကျောက်ကဲ တစ်ချက်ဝေ့ကြည့်လိုက်တော့ နေသူတော်စင်ဂိုဏ်း ၊ ကောင်းကင်မိုးကြိုးခန်းမ ၊ အဆုံးမဲ့တောင်တန်းနှင့် ကျောက်စိမ်းပင်လယ်မြို့တော်မှ ထူးကဲယင်မိန်းမပျိုများ ရောက်ရှိနေပြီဖြစ်ကြောင်း တွေ့ရသည်။

"ကောင်းကင်မိုးကြိုးခန်းမက နျန်လေ့ ၊ အဆုံးမဲ့တောင်တန်းက လင်ဟွေ့ ၊ ကျောက်စိမ်းပင်လယ်မြို့တော်က ချန်စုထင် ၊ ပြီးတော့ နေသူတော်စင်ဂိုဏ်း...”

မန်ဝမ်က လွန်ခဲ့သော (၂)နှစ်ကျော်ကပုံစံလေးအတိုင်းပင် ဖြစ်ပြီး များစွာပြောင်းလဲသွားခြင်း မရှိပေ။ သူမက အပြစ်အနာအဆာကင်းမဲ့ကာ ပြီးပြည့်စုံသည့်အလှတရားကို ပိုင်ဆိုင်သူ ဖြစ်သည်။ အလှတရားတွင် လိမ္မာပါးနပ်မှုနှင့် ထက်မြက်မှုအနည်းငယ်ကိုတွေ့မြင်ရပြီး ပျော့ပြောင်းသည့်ဟန်ပန်လေးက လူတိုင်းကို ချစ်ခင်တွယ်တာလာစေရန် ဆွဲဆောင်လျှက် ရှိသည်။

ရန်ကျောက်ကဲက သူမနှင့် ပုဂ္ဂိုလ်‌ရေးအရ စကားပြောဆိုဖူးခြင်းမရှိသည့်တိုင် ဤမိန်းကလေးက လွယ်ကူသူတစ်ယောက် မဟုတ်ကြောင်း ရှင်းရှင်းလင်းလင်း သိရှိထားသည်။

ယခင်က ရေခဲနဂါးအရိုးဝိညာဉ် ပုံရိပ်ယောင်မြင်ကွင်းများမှတစ်ဆင့် ရန်ကျောက်ကဲက မန်ဝမ်ကို တွေ့ဆုံဖူးသော်လည်း သူတို့နှစ်ယောက် အမှန်တကယ် စကားပြောဆိုဖူးခြင်း မရှိကြပေ။

ယခုတစ်ကြိမ်က ပထမဆုံးအကြိမ် မျက်နှာချင်းဆိုင် ဆုံတွေ့ဖူးခြင်းပင်။

သူတို့အုပ်စုရောက်လာသည်နှင့် လူတိုင်း၏မျက်ဝန်းများက သူတို့ထံသို့ ကျရောက်လာသည်။ မန်ဝမ်က ရန်ကျောက်ကဲနှင့် ဖန်းယွင်ရှန်းကို လှမ်းကြည့်ရင်း မျက်တောင်လေးများတဖျတ်ဖျတ်ခတ်လိုက်သည်။

ဖန်းယွင်ရှန်းကတော့ အမူအရာပြောင်းလဲခြင်းမရှိဘဲ မန်ဝမ်ကို လှမ်းကြည့်သည်။

“ထူးကဲယင်ပြိုင်ပွဲ” ဖြစ်သော်လည်း လူတိုင်းက ထူးကဲယင်မိန်းမပျို ‘ဖန်းယွင်ရှန်း’ ထက် ရန်ကျောက်ကဲကို ပိုပြီးအာရုံစိုက်နေကြသည်။

လူတိုင်းက သူ့ကိုဝိုင်းကြည့်နေကြသော်လည်း ရန်ကျောက်ကဲက ပေါ့ပေါ့ပါးပါးပင် ရှိနေသည်။

သူ့မျက်ဝန်းများက မန်ဝမ်ကိုဖြတ်ကျော်ပြီး သူမဘေးနားမှ မိန်းမပျိုလေးဆီသို့ ကျရောက်သွားသည်။

ထိုမိန်းမပျိုလေးက စစ်ခုန်ချင်းထက် အနည်းငယ် အသက်ငယ်ဟန်ရှိသည်။ သူမက အဖြူရောင်အဝတ်အစားတွင် ရွှေရောင်အနားသတ်ပါဝင်သောဝတ်စုံကိုဝတ်ဆင်ထားပြီး နေတစ်စင်းပမာတောက်ပလျှက်ရှိသည်။ သို့သော် သူမကိုကြည့်လိုက်သည်နှင့် အေးစိမ့်မှုကို ခံစားမည် အမှန်ပင်။

စစ်ခုန်ချင်းက အေးစက်သည်ဆိုလျှင် ဤမိန်းကလေးကတော့ ရေခဲပမာဟု နှိုင်းယှဉ်ရပေမည်။

သူမက ချောမောလှပသူဖြစ်သော်လည်း ထိုနေရာတွင် သူမ မတ်တတ်ရပ်နေသည့်အခါ ရေခဲတောင်တစ်တောင် မားမားရပ်နေသည့်အလား ထင်မှတ်ရသည်။

“နေသူတော်စင်ဂိုဏ်းရဲ့ တတိယမြောက်ထူးကဲယင်မိန်းမပျို ယွင်ရှိုးချင်”

လမ်းတွင် ရှဲ့ယိုချင်ပြောပြသည့်စကားများအရ ထိုမိန်းမပျို၏နာမည်ကို ရန်ကျောက်ကဲ သိရှိခဲ့သည်။

သူမ၏အသက်အရွယ်နှင့် ကျင့်ကြံခြင်းအဆင့်ကို မခန့်မှန်းနိုင်သော်လည်း သူမက ငယ်ရွယ်သောသိုင်းပညာရှင်တစ်ယောက်ဖြစ်မည်မှာ သေချာသည်။

ရန်ကျောက်ကဲက ယွင်ရှိုးချင်ကိုတစ်ချက်လှမ်းကြည့်အကဲခတ်လိုက်ပြီးနောက် သူမဘေးတွင်ရှိနေသည့် မိန်းမပျိုလေးထံသို့ အကြည့်ကျရောက်သွားသည်။ သူမက မန်ဝမ်နှင့်သက်တူရွယ်တူခန့် ရှိပြီး လှိုင်းနက်ဂေဟာ၏ ထူးကဲယင်မိန်းမပျို ‘ဖန်ချိုး’ ဖြစ်သည်။

ဖန်ချိုးက သာမန်မိန်းမပျိုများထက်ချောမောလှပသူလေးဖြစ်ပြီး သူမတစ်ကိုယ်လုံး ဝိညာဉ်စွမ်းအားများဖြင့် ပြည့်ဝနေသည်။ ရန်ကျောက်ကဲကိုတွေ့တော့ သူမက ပြုံးရယ်ပြလိုက်၏။

ပြုံးရယ်လိုက်သည့်အခါ မိန်းကလေးတွင် ထင်ရှားလွန်းခြင်းမရှိသော ယုန်သွားလေးများရှိသည်ကို ရန်ကျောက်ကဲ သတိပြုလိုက်မိသည်။ သို့သော် ထိုယုန်သွားလေးများက သူမကို ရုပ်ဆိုးသွားစေခြင်းမရှိဘဲ ပိုမိုအသက်ဝင်လှပသွားစေသည်။

“အစ်ကိုကြီး’ရန်’... ကြည်လင်လျှို့ဝှက်ရေကန်မှာ ယောင်ယောင်နဲ့ ဂိုဏ်းတူအစ်ကို’ရွမ်ပင်း’ ကို ကယ်တင်ပေးလို့ ကျေးဇူးတင်ပါတယ်နော်”

ဉာဏ်ရည်ထက်မြက်ဟန်ရှိသော မိန်းပမျိုလေး၏ အသံစူးစူးလေးသည် လေထဲတွင်ပျံ့နှံ့သွားပြီး ရန်ကျောက်ကဲနားထဲသို့ ဝင်ရောက်လာလေ၏။

All Chapters