အစ်မအန်း
Vol. 2 Ch. 123
ချန်းဖန်သည် အိမ်တံခါးဝတွင် တိတ်ဆိတ်စွာ ရပ်ကာ စောင့်လျက် ရှိသည်။
နာရီဝက်...။
တစ်နာရီ...။
နှစ်နာရီ...။
နောက်ဆုံးတွင် အနက်ရောင် VW ကားတစ်စီးသည် လှမ်းမြင်နေရသော လမ်းအဆုံးမှ မောင်းနှင်လာပြီး တဖြည်းဖြည်း နီးကပ်လာသည်။
VW ကားလေးသည် ချန်းဖန်နှင့် မလှမ်းမကမ်းတွင် ရပ်တန့်သွားပြီး ကားအတွင်းမှ သက်လတ်ပိုင်းအရွယ် ဆွဲဆောင်မှုရှိသော အမျိုးသမီး တစ်ဦးနှင့် အသက် နှစ်ဆယ်စွန်းစွန်း ရှက်ကြောက် တတ်သော ဟန်ပန်နှင့် မိန်းကလေး တစ်ယောက် ထွက်ပေါ်လာသည်။
သက်လတ်ပိုင်းအရွယ် အမျိုးသမီးသည် မိတ်ကပ် ခပ်ပါးပါး လိမ်းထားပြီး အနက်ရောင် ရုံးတက်ဝတ်စုံအား စမတ်ကျကျ ဝတ်ဆင် ထားသည်။ အနက်ရောင် ကိုင်းတပ် မျက်မှန်အား တပ်ထားကာ မျက်နှာ ကြော့ကြော့ မေးမော့မော့ ဟန်ပန်က ထက်မြက်သော စီးပွားရေး လုပ်ငန်းရှင် အမျိုးသမီး တစ်ဦး၏ ယုံကြည်မှုတို့ အပြည့်နှင့် ဖြစ်သည်။
ချန်းဖန်အား မြင်သွားချိန်တွင် သူမ၏ မျက်လုံးများသည် အနည်းငယ် နူးညံ့သွားပြီး အံ့ဩသွားသည့် အရိပ်အယောင် တချို့လည်း ရှိနေသည်။
"ရှောင်ဖန် ဘာလို့ အရှေ့မှာ ထွက်စောင့် နေတာလဲ"
သူမသည်ကား ချန်းဖန်၏ မိခင် 'ဝမ့်ရှောင်ယွင်' ဖြစ်သည်။
"အမေ..."
ချန်းဖန်၏ အသံသည် တုန်ယင်လျက်ရှိပြီး နှစ်ပေါင်းများစွာ မျှော်လင့် စောင့်စားခဲ့ရသော ယခု အခိုက်အတန့်လေးအား အိပ်မက် ဖြစ်နေမည်ကို ကြောက်ရွံ့နေမိကာ သူ့မျက်လုံးများက မယုံမရဲ ရီဝေလျက်။
ရင်းနှီးလှစွာသော မိခင်ဖြစ်သူ၏ မျက်နှာအား မျက်နှာမလွှဲ စိုက်ကြည့် နေမိသည်။ နှစ်ငါးရာ ကျော်အောင် တမ်းတခဲ့ရသော သူမ၏ လှပသော မျက်ဝန်းများက ဟိုးယခင်ကအတိုင်း မပြောင်းမလဲ နွေးထွေးနေဆဲ။
"ဘာဖြစ်နေတာတုံး"
ဝမ့်ရှောင်ယွင်သည် တိတ်ဆိတ်နေသော ချန်းဖန်၏ နဖူးအား လက်ဆစ်ဖြင့် ခပ်ဖွဖွ ခေါက်လိုက်ရင်း မေးသည်။
"ဘာလဲ ချူကျိုးမြို့မှာတုန်းက အတန်းပြေးထားတဲ့ ကိစ္စတွေကို ဆူခံရမှာ ကြောက်နေပြီလား မင်း အန်တီထန်ဆီက အကုန် ပြန်ကြား ထားတယ်နော် ... တခြားသူတွေကိုပဲ အရူးလုပ်လို့ ရမယ် မင်းအမေကိုတော့ မရဘူး"
"ဒါပေါ့ အမေပြောတာ အကုန်မှန်တယ် ကျွန်တော့်အမေက အတော်ဆုံးပဲ ..."
ချန်းဖန်သည် ကလေး တစ်ယောက်ကဲ့သို့ မိခင်ဖြစ်သူအား စနောက် လိုက်သည်။ သူ၏ မျက်လုံးများကတော့ ဝမ့်ရှောင်ယွင်၏ မျက်နှာပေါ်မှ လွှဲဖယ်မသွားခဲ့။
သူမကား သူ့မှတ်ဉာဏ်များထဲက အတိုင်း လှပနေဆဲ။ သို့သော် သူမ မျက်နှာပေါ်ရှိ ပင်ပန်းနေသော အရိပ်အယောင်များက ချန်းဖန်အား ဝမ်းနည်းစေသည်။
အတိတ်ဘဝက ချန်းဖန်သည် ဖခင်ဖြစ်သူနဲ့ အချိန် ကုန်ဆုံးသည်က ပိုများခဲ့သည်။ အသက် သုံးဆယ်အရွယ် သူ့ဆရာ ထန်ချင်နောက်သို့ လိုက်သွားခဲ့စဉ်က သူ့ဖခင်သည် ဘဝ၏ အထုအထောင်းများအား အမျိုးစုံအောင် ခံစားခဲ့ပြီးနောက် ငြိမ်းချမ်းစွာ အနားယူသွားခဲ့ပြီး ဖြစ်သည်။
ချန်းကောရှင်းနှင့် ချန်းဖန် နှစ်ဦးလုံးသည် နှုတ်နည်းသူများ ဖြစ်ကြပြီး သူတို့၏ ခံစားချက်များအား ထုတ်ဖော် ပြသရာ၌ အလွန် ညံ့ဖျင်းကြသည်။
အတိတ်ဘဝက ဝမ့်ရှောင်ယွင် ဆုံးပါး သွားချိန်သည် ချန်းဖန် တက္ကသိုလ် စတုတ္ထနှစ် တက်နေချိန် ဖြစ်သည်။ မိခင်ဖြစ်သူ၏ ကားအက်ဆီးဒင့် အကြောင်း ကြားရချိန်၌ ချန်းဖန်သည် သူ့ကမ္ဘာတစ်ခုလုံး ပြိုကျသွားသလို ခံစားခဲ့ရသော်လည်း ထိုခံစားချက်များအား မည်သို့မည်ပုံ ထုတ်ဖော် ပြသရမည်ကို အမှန်ပင် သူမသိခဲ့။ မျက်နှာသေနှင့် နှလုံးသားထဲတွင် ပြည့်နှက်နေသော ဝမ်းနည်းမှုများအား မျိုသိပ်ခဲ့ရသည့် နေ့ရက်များကား ဆိုးရွားလွန်း လှသည်။
မိခင်ဖြစ်သူ အသက်ရှင်နေစဉ်က သူ့အား အမြဲလိုလို ဆူပူကာ စာကြိုးစားရန် ပြောဆိုမှုများအား အလွန် နားငြီး စိတ်ကုန်ခဲ့သော်လည်း သူမ မရှိတော့သောအခါ ထိုဆူပူ ကြိမ်းမောင်း သံများအား သေလုမတတ် ပြန်တောင့်တ မိသည်။ သို့သော် သွားလေသူက သွားနှင့်ခဲ့ပြီ။
ထို့ကြောင့် ချန်းဖန်သည် နှစ်ငါးရာ ကြာပြီးနောက် မိခင်ဖြစ်သူအား နောက်တစ်ကြိမ် ပြန်တွေ့ရချိန်တွင် ကိုယ့်ကိုယ်ကိုယ် အပြစ်တင်မှုများနှင့် နောင်တများ ပြည့်နှက် နေခဲ့သည်။
"အမေ ... တစ်ယောက်တည်း ကုမ္ပဏီကို ဦးစီးနေရတာ အရမ်း ပင်ပန်းမှာပဲ ဘာလို့ ဒီကို ပြန်လာပြီး ကျွန်တော်တို့နဲ့ အတူတူ ပြန်မနေတာလဲ"
ချန်းဖန်သည် စိတ်မရွှင်ပျစွာ မေးလိုက်သည်။
"ပြီးတော့လည်း ကျွန်တော်တို့ တစ်ခါမှ မိသားစုခရီး မထွက်ဖူးသေးဘူး အပူပိုင်း ဒေသက သစ်တောတွေ ဘက်ကို ခရီးထွက်ရရင် အရမ်း ပျော်ဖို့ ကောင်းမှာပဲ"
"ထူးထူးဆန်းဆန်း ဘာတွေ ပြောနေတာလဲ"
ဝမ့်ရှောင်ယွင်က မျက်နှာထား တည်တည်နှင့် ထူးဆန်းနေသော သားဖြစ်သူအား မေးမိသည်။
"ငါသာ ကုမ္ပဏီကို ရပ်ပစ်လိုက်ရင် အိမ်သုံးစရိတ်တွေကို ဘယ်သူက တာဝန်ယူမှာလဲ ဘာတွေနဲ့ စားကြမှာလဲ မင်းအဖေရဲ့ လစာက အိမ်စာချုပ် အတွက် ပေးနေရတာနဲ့တင် မလောက်ဘူး မင်းက အိမ်ခြေရာမဲ့ ဖြစ်သွားချင်လို့လား ပြီးတော့ မင်း ... ကျောင်းက အဆင့်တွေက ဒီလောက် ဆိုးရွားနေတာ ဘယ်လိုလုပ် တက္ကသိုလ် ကောင်းကောင်း တက်နိုင်မှာလဲ တက္ကသိုလ် ကောင်းကောင်း မတက်နိုင်ရင် ဇနီး ကောင်းကောင်းလည်း မရနိုင်ဘူး အဲဒီတော့ ပြောပါဦး ဒီအမေ အခုလို ပင်ပင်ပန်းပန်း ကြိုးစား နေတာက ဘယ်သူ့ အတွက်လဲလို့"
ဝမ့်ရှောင်ယွင်သည် သူမ၏ လက်ညှိုးအား ချန်းဖန်ထံ ညွှန်ပြရင်း တစ်ချက်ချင်း ထောက်ပြ ပြောဆို လိုက်သည်။
"အမေ... ရှောင်ဖန့်ကိုလည်း အထင်သေးလို့ မရဘူး သူက အမေ ကြိုးစားနေရတဲ့ ရည်ရွယ်ချက်ကို ကောင်းကောင်း နားလည်မယ်လို့ သမီးယုံတယ်"
ရှက်ကြောက်တတ်သော ဟန်ပန်နှင့် မိန်းကလေးသည် နူးညံ့သိမ်မွေ့သော လေသံလေးနှင့် ချန်းဖန်ဘက်မှ ကာကွယ် ပြောဆို ပေးလာသည်။
"မင်း အစ်မအန်းကြောင့် ဒီနေ့ သက်သာ သွားတယ်မှတ်..."
ဝမ့်ရှောင်ယွင်က ချန်းဖန်အား စိုက်ကြည့်ရင်း ပြောသည်။ သူမ၏ ဒေါသထွက်နေသည့် လေသံနှင့် ဆန့်ကျင်စွာပဲ ချန်းဖန်အား ကြည့်သော သူမ၏ မျက်လုံးတို့မှာ အလွန် နူးညံ့လှသည်။
ချန်းဖန်သည် အမအန်းအား လှည့်ကြည့် မိသည်။
အစ်မအန်းကလည်း သူ့အား လှမ်းကြည့်လာရာ နှစ်ဦးသား စက္ကန့်ပိုင်းမျှ အကြည့်မလွှဲဘဲ စိုက်ကြည့် နေမိကြသည်။ အစ်မအန်းသည် မတွေ့တာကြာပြီ ဖြစ်သော ချန်းဖန်အား နူးညံ့စွာ ပြုံးပြလာသည်။ သူမ၏ မျက်လုံးများက မောင်ငယ်လေး တစ်ယောက်အပေါ် ချစ်ခင် တွယ်တာမှုတို့ဖြင့် အရောင် လက်လျက် ရှိသည်။
"အစ်မအန်း..."
ချန်းဖန်၏ အသံမှာ အတိတ် မှတ်ဉာဏ်များ ရိုက်ခတ် လာမှုကြောင့် အနည်းငယ် အဖျားခတ် တုန်ယင် သွားသည်။
ချန်းအန်းရာ သို့မဟုတ် အန်းရာသည် ချန်းဖန်၏ သွေးရင်းအစ်မ မဟုတ်ပေ။ ဝမ့်ရှောင်ယွင်နှင့် အန်းရာ၏ မိခင်တို့က ငယ်စဉ်ကပင် အလွန် ရင်းနှီးသော သူငယ်ချင်းများ ဖြစ်ကြသည်။ အန်းမိသားစုသည် ဝမ့်မိသားစုလောက် မချမ်းသာသော်လည်း ကျင်းမြို့တော်ရှိ ဂုဏ်သရေရှိ မိသားစုများထဲမှ တစ်စုဖြစ်သည်။
အစ်မအန်း၏ မိခင်သည် တက္ကသိုလ် တက်နေစဉ် အမျိုးသား တစ်ဦးနှင့် ချစ်ကျွမ်းဝင်ခဲ့ပြီး မထင်မှတ်ဘဲ အမအန်းအား လက်မထပ်ခင် ကိုယ်ဝန် ဆောင်မိခဲ့သည်။
၁၉၈၀ အစောပိုင်း ခုနှစ်များတွင် လက်မထပ်ရသေးဘဲ ကလေးတစ်ယောက် ရလာခြင်းက အလွန် ရှက်ဖွယ် ကောင်းလှရာ ဂုဏ်သရေရှိ အန်းမိသားစုက လက်မခံနိုင်ခဲ့။
ဖိအား များလှသော ခြိမ်းခြောက်မှုများ ကြားတွင် အစ်မအန်း၏ ဖခင်သည် ဆက်လက် သည်းမခံနိုင်တော့ဘဲ ကိုယ်ဝန်သည် ချစ်သူအား တစ်ယောက်တည်း ချန်ရစ်ကာ အဝေးသို့ ထွက်ပြေး သွားခဲ့သည်။ အန်းရာ၏မိခင် အန်းကျင်းရှို့သည် ပတ်ဝန်းကျင်၏ ဖိအားများ အောက်တွင် အန်းရာအား ခက်ခက်ခဲခဲ မွေးဖွားခဲ့ရသည်။ အန်းရာ ငါးနှစ်သမီးခန့် ရှိသောအခါ အန်းကျင်းရှို့သည် စိတ်ထောင်း ကိုယ်ကြေ ဖြစ်ကာ ဆုံးပါး သွားခဲ့သည်။ ထိုအချိန်မှစ၍ အန်းရာ သည်လည်း မိဘမဲ့တစ်ယောက် ဖြစ်သွားခဲ့သည်။
အန်းမိသားစုဝင်များသည် အန်းရာအား သိက္ခာမဲ့စွာ မွေးဖွား လာသော ကလေးအဖြစ် ယူဆကာ ဘယ်သူကမှ တာဝန်ယူလိုစိတ် မရှိကြ။ နောက်ဆုံးတွင် ဝမ့်ရှောင်ယွင်သည် အန်းမိသားစုထံမှ အန်းရာအား တောင်းယူကာ သမီးအဖြစ် မွေးစားခဲ့ရတာ ဖြစ်သည်။
နောက်ပိုင်း ဝမ့်ရှောင်ယွင်က ကိုယ်ပိုင် အိမ်ခြံမြေ ကုမ္ပဏီတခု တည်ထောင်ခဲ့သောအခါ ကုမ္ပဏီနာမည်အား အန်းရာ၏ မိခင် နာမည်ဖြစ်သော 'အန်းကျင်းရှို့'ဟု အမည် တပ်ခဲ့သည်။
ထိုမှစ၍ ချန်းဖန်၏ အရင်းနှီးဆုံး သူများထဲတွင် မိဘနှစ်ပါးနှင့် ရှောင်ချုံးအပြင် အစ်မအန်းပါ ပိုလာခဲ့သည်။
ချန်းဖန်သည် သူ့ရှေ့မှ နူးညံ့ သိမ်မွေ့သော အသွင်နှင့် မိန်းကလေးအား ကြည့်ရင်း တွေးမိ၏။
'ကျွန်တော် ငယ်ငယ်က အရမ်း ပြဿနာ ရှာခဲ့တာ ဒါပေမဲ့ ဘာတွေပဲ ဖြစ်လာလာ အစ်မအန်းက အားလုံးကို ခေါင်းခံပေးခဲ့တယ်။
အဖေရော အဖေရော ကိုယ်စီ အလုပ်ရှုပ်နေကြတဲ့ အချိန်မှာ ကျွန်တော့်ကို ဂရုစိုက်ပေးတဲ့ တစ်ဦးတည်းသော သူက အစ်မအန်းပဲ ညတိုင်းညတိုင်း အစ်မရဲ့ လက်သေးသေးလေးတွေနဲ့ ကျွန်တော့်ခေါင်းကို ခပ်ဖွဖွ သပ်ပေးရင်း အိပ်ရာဝင် ပုံပြင်တွေ ပြောပြပေးခဲ့တယ်။
ကျွန်တော် မုန့်ဖိုး မလောက်တဲ့ အခါတိုင်း အစ်မအန်းက အစ်မရဲ့ မုန့်ဖိုးတွေကို အမြဲပေးသုံးတယ်။
အမေ ဆုံးသွားပြီး နောက်ပိုင်းမှာလည်း အစ်မအန်းက ငယ်ငယ်ရွယ်ရွယ်နဲ့ အိမ်ရဲ့ တာဝန်တွေ အားလုံးကို ယူခဲ့ရတယ်။
ကျွန်တော့်ကြောင့် ကျင်းရှို့လုပ်ငန်းစုကြီး ပျက်စီးမလို ဖြစ်သွားတုန်း ကလည်း ဘာအပြစ်မှ မဆိုခဲ့ဘူး အရှုံးသမား တစ်ယောက် အဖြစ် ပုန်းကွယ်နေတဲ့ ကျွန်တော့်ရှေ့မှာ မားမားမတ်မတ် ရပ်ပြီး တတ်နိုင်သမျှ ကာကွယ်ပေးခဲ့တယ်။
ကျွန်တော့်ရဲ့ အတိတ်ဘဝက အဖေနဲ့ အမေ့အပေါ် အကြွေးတွေ တင်ခဲ့တယ် ရှောင်ချုံး အပေါ်လည်း တာဝန် မကျေခဲ့ဘူး ဒါပေမဲ့ အစ်မအန်းအပေါ် တင်နေတဲ့ အကြွေးတွေကတော့ အများဆုံးပဲ အစ်မအန်းက ကျွန်တော့်အတွက် အများကြီး လုပ်ပေးခဲ့ပေမဲ့ ကျွန်တော်ကတော့ ဒုက္ခတွေ တသီတတန်းကြီး ပေးခဲ့တာအပြင် ဘာမှ ကောင်းကျိုး မပေးခဲ့ဘူး'
အစ်မအန်းသည် အပေါ်ယံ အမြင်တွင် ရှက်ကြောက်တတ်၍ နူးညံ့ သိမ်မွေ့သော မိန်းမငယ်လေး တစ်ယောက် ဖြစ်သော်လည်း တကယ်တမ်း အရေးကြုံလာချိန်၌ စိတ်ဓာတ် ကြံ့ခိုင်၍ သန်မာသော မိန်းကလေး တစ်ယောက် ဖြစ်သည်။
အတိတ်ဘဝက ချန်းဖန် ကျင့်ကြံသူ တစ်ယောက် ဖြစ်လာရန် ကမ္ဘာပေါ်မှ ထွက်သွားခဲ့စဉ်က အစ်မအန်းအတွက် အလွန် စိတ်မချ ဖြစ်ခဲ့ရသည်။ ချန်းဖန်တွင် တွယ်တာစရာ မိသားစုဝင်ဟူ၍ သူမ တစ်ယောက်သာ ရှိသကဲ့သို့ အန်းမိသားစုက ပစ်ပယ်ထားသော သူမအတွက်လည်း တွယ်တာစရာ မိသားစုဝင်က ချန်းဖန် တစ်ယောက်သာ ရှိသည်။
ချန်းဖန်သည် ကျင့်ကြံခြင်း တစ်ခုတည်းတွင်သာ အသေအချာ အာရုံစိုက်ကာ ကျင့်ကြံခဲ့ပြီး ကမ္ဘာပေါ်သို့ နောက်တစ်ကြိမ် ပြန်လာနိုင်ရန် ကြိုးစားခဲ့သော်လည်း တကယ်တမ်း ကမ္ဘာပေါ်သို့ ပြန်လာ နိုင်လောက်အောင် သန်မာခဲ့ချိန်၌ နှစ်ပေါင်းတစ်ရာခန့် ကုန်ဆုံး သွားခဲ့ပြီး ဖြစ်သည်။
သူချစ်ရသော သူများ အားလုံးသည်လည်း ပထဝီ မြေကြီး အောက်၌ နစ်မြုပ် သွားခဲ့လေပြီ။
ချန်းဖန်သည် မည်မျှ အစွမ်းထက် နေစေကာမူ ကုန်လွန်ပြီးသော အချိန်များအား ပြန်လှည့် စေခြင်းငှာ မစွမ်းနိုင်ခဲ့။
"ရှောင်ဖန် ဘာလို့ အမကို အဲဒီလိုကြီး စိုက်ကြည့် နေတာတုံး"
အန်းရာက နူးညံ့စွာ မေးသည်။
"အဆူခံရတော့မယ် ဆိုတာ သိလို့ အကူအညီ တောင်းဖို့ ကြံစည်နေတာ ဖြစ်မှာပေါ့"
ဝမ့်ရှောင်ယွင်က မျက်လုံး လှန်လျက် ပြောသည်။
အန်းရာသည် ဝမ့်ရှောင်ယွင်၏ စကားကြောင့် သူမ ပါးစပ်လေးအား လက်ဝါးဖြင့် အုပ်ကာ တခိခိ ရယ်တော့သည်။ ချန်းဖန်သည်လည်း အတွေးကမ္ဘာထဲမှ ပြန်လည် နိုးထလာပြီး လှိုက်လှဲသော အပြုံးတစ်ခုက သူ့မျက်နှာပေါ်တွင် ဖြစ်ပေါ်လာသည်။
"မဟုတ်ပါဘူး ကျွန်တော် တွေးနေတာက မတွေ့ရတဲ့ ခြောက်လ အတွင်း အစ်မအန်းက အများကြီး ပိုလှလာတယ်လို့လေ ... အမေရောပဲ"
"စကားလုံး လှလှလေးတွေကို အဆူခံရတဲ့ အချိန်ကျမှ ထုတ်သုံးဖို့ သိမ်းထားဦး မင်း ကျောင်းစာမှာ အဆင့် ကောင်းကောင်း ရတယ် ဆိုတာထက် ငါက တစ်လောကလုံးမှာ အလှဆုံး မိန်းကလေး ဖြစ်သွားတယ် ဆိုတဲ့ စကားကမှ ပိုပြီး ယုံချင်စရာ ကောင်းသေးတယ်"
ဝမ့်ရှောင်ယွင်သည် သူ့သားအကြောင်း သူသိစွာဖြင့် ရွဲ့ပြော လိုက်သည်။
သားအမိသုံးယောက် စကား တပြောပြောဖြင့် အိမ်ထဲသို့ ဝင်လာကြစဉ် ဧည့်ခန်းအတွင်း ထိုင်နေသော ချန်းကောရှင်းအား တွေ့လိုက်ရ၍ သုံးယောက်လုံး အံ့အားသင့် သွားကြသည်။ ယခုကဲ့သို့ ရုံးဖွင့်ရက်မျိုး၌ ချန်းကောရှင်း တစ်ယောက် အိမ်စောစော ပြန်လာခြင်းက ထူးခြား ဖြစ်စဉ်ဟု ပြောရမည်။
သို့သော် ခြောက်လလုံးလုံး ကွဲကွာနေသော ဇနီးဖြစ်သူ အိမ်ပြန်လာမည့်နေ့ ဖြစ်ရာ ဇနီးဖြစ်သူအား အလွန် လွမ်းဆွတ် နေသောကြောင့် တွေ့ရရန် မစောင့်နိုင်တော့ခြင်း ကလည်း ဖြစ်သင့်ပေသည်။
ဖခင်အား နှုတ်ဆက် ပြီးနောက် ချန်းဖန်သည် အားလုံး အတွက် လက်ဖက်ရည် ပြင်ဆင်ပေးရန် မီးဖိုချောင်အတွင်း ဝင်သွားလိုက်သည်။
ချန်းကောရှင်းနှင့် ဝမ့်ရှောင်ယွင်တို့ အပါအဝင် အတွင်းရေးမှူး အစ်ကိုစွန်းသည်ပင် ချန်းဖန်၏ အပြုအမူကြောင့် အလွန် အံ့ဩ သွားကြသည်။ ခဏကြာသော် ချန်းကောရှင်းနှင့် ဇနီးဖြစ်သူတို့၏ မျက်နှာပေါ်၌ ပျော်ရွှင်မှု အရိပ်အယောင် တချို့ ထွက်ပေါ် လာကြသည်။
ချန်းဖန်သည် ပုံမှန်အားဖြင့် အလွန် နှုတ်နည်းသူ ဖြစ်ပြီး သူ့အတွက် တစ်စုံ တစ်ယောက်က အဆင်သင့် ပြင်ဆင် ပေးခြင်းမျိုးသာ မရှိပါက ထမင်းစားဖို့တောင် သတိရတတ်သူ မဟုတ်။ အခြား သူများအတွက် လက်ဖက်ရည် ဖျော်ပေးဖို့ ဆိုလျှင် ဝေးသေး။ သို့သော် ချူကျိုးမြို့၌ ခြောက်လခန့် ကျောင်းသွား တက်ပြီးနောက် ချန်းဖန်တစ်ယောက် ၃၆၀° ပြောင်းလဲ သွားဟန် ရသည်။
"ဪ ... လက်စသတ်တော့ မင်းက ဒီအမေကို ဖားဖို့ ကြိုးစား နေတယ်ပေါ့လေ အသုံးမဝင်ဘူး အားကုန်တာပဲ ရှိမယ် မင်းအစ်မကိုသာ သွားဖား ... သူ ကူပြောပေးမှပဲ မင်းကို ငါက လျှော့ပေါ့ပေးမှာ ဟုတ်ပြီလား"
ဝမ့်ရှောင်ယွင်သည် သူမ၏ ညာလက်အား ယမ်းပြရင်း ချန်းဖန်အား ပြောသည်။ သူမသည် ချန်းဖန် ပြောင်းလဲနေမှုအား အဓိပ္ပာယ်ကောက် လွဲသွားပုံရသည်။
"မင်းအစ်မနဲ့ နှစ်ယောက်သား တစ်နေရာကို ခဏသွားနေကြ မင်းအဖေနဲ့ ဆွေးနွေးစရာ တချို့ ရှိနေလို့"
အန်းရာက ပြုံးပြ ခေါင်းညိတ်ရင်း ချန်းဖန်နှင့်အတူ အိမ်ထဲမှ ထွက်ခွာ လာသည်။
ချန်းဖန်သည် သူတို့ အိမ်ရှေ့ရှိ လမ်းမထက် အစ်မအန်းနှင့် ဘေးချင်း ယှဉ်တွဲကာ လျှောက်နေရင်း အတိတ် နေ့ရက်များထံ ပြန်လည် ရောက်ရှိသွားသလို ခံစားရသည်။ ဤအခိုက်အတန့်လေးကား အဖိုးတန်လွန်း လှသည်။
"ရှောင်ဖန် ... တစ်ခုခု ဖြစ်နေတာလား"
အန်းရာသည် ချန်းဖန်၏ မူမမှန်မှုအား ရိပ်မိသွားသောကြောင့် စိုးရိမ်စွာနှင့် နူးနူးညံ့ညံ့လေး မေးလာသည်။
***