← Chapters

အကာအကွယ် အဆောင်

Vol. 2 Ch. 124

အကာအကွယ် အဆောင်

Vol. 2 Ch. 124

"စိတ်မပူပါနဲ့ ကျွန်တော် ဘာမှမဖြစ်ပါဘူး တစ်ခုခု ဖြစ်ခဲ့ရင်တောင် ကျွန်တော့်ဘာသာ ကိုင်တွယ် နိုင်ပါတယ်"

အန်းရာသည် လမ်းလျှောက် နေရာမှ ချန်းဖန်ဘက်သို့ အံ့ဩတကြီး စောင်းငဲ့ကြည့် လာသည်။

သူမ၏ မောင်ငယ်လေးသည် မတွေ့ရသည့် ခြောက်လအတွင်း အကြီးအကျယ် ပြောင်းလဲ သွားသည်ကို သူမ ခံစားမိနေ၏။ သူမ မောင်ငယ်လေး၏ မျက်လုံးတို့သည် ယုံကြည်မှုတို့ဖြင့် တလက်လက် တောက်ပနေပြီး ရှိရင်းစွဲ ချောမောသော မျက်နှာက ပိုမို ဆွဲဆောင်မှု ရှိလာသလိုပင်။

"ကျွန်တော့်အကြောင်းက ထားပါဦး အစ်မအန်းနဲ့ အမေတို့ ကျုံးဟိုင်မြို့မှာ အဆင်ပြေကြရဲ့လား ကျင်းရှို့ လုပ်ငန်းစုရော အဆင်ပြေလား"

ချန်းဖန်က မေးသည်။

"အင်း အဆင်ပြေပါတယ် အစ်မက တက္ကသိုလ် နောက်ဆုံးနှစ် ရောက်နေပြီ ဆိုတော့ အလုပ်သင် အနေနဲ့ အမေ့ရဲ့ ကုမ္ပဏီမှာ ကူညီပေး နေတာလေ"

အန်းရာက သူမ၏ ဆံပင်တစ်စအား လက်ဖြင့် ရစ်ပတ် လိမ်ယှက်ရင်း ပြန်ဖြေသည်။ သူမသည် မီးခိုးရောင် ကုတ်အကျပ်နှင့် ဂျင်းပင်န်အား ရိုးရှင်းစွာ ဝတ်ဆင် ထားသော်ငြား ပင်ကိုဟန်လေးဖြင့် တစ်မျိုး လှပနေသည်။

အန်းရာသည် မိခင်ဖြစ်သူ အန်းကျင်းရှို့၏ လှပမှုများအား အမွေဆက်ခံထားပြီး ယဉ်ယဉ်လေးဖြင့် အလွန် ဆွဲဆောင်မှု ရှိသည်။

ချန်းဖန်၏မိခင် ဝမ့်ရှောင်ယွင်က မကြာခဏ ပြောသည်။ အန်းကျင်းရှို့သည် ကျင်းမြို့တော်၏ အလှဆုံး မိန်းကလေးများထဲမှ တစ်ယောက် ဖြစ်ကာ အန်းမိသားစုအတွက် ဂုဏ်ယူဖွယ်ရာ သမီးပျိုလေး ဖြစ်ခဲ့သည်။ အန်းမိသားစုက အန်းကျင်းရှို့အား ဂုဏ်သရေရှိ မိသားစုမှ သခင်လေး တစ်ယောက်နှင့် ရည်ငံ ထားခဲ့သော်လည်း ကိစ္စတွေက မျှော်လင့်ထားသလို ဖြစ်မလာခဲ့။ အန်းကျင်းရှို့၏ အချစ် ဇာတ်လမ်းက အစမကောင်းသော ဝမ်းနည်းဖွယ် ပြဇာတ်တစ်ပုဒ်နှယ် ဖြစ်ခဲ့တာပင်။

"ကျင်းရှို့ လုပ်ငန်းစုက ပိုပြီး လျင်လျင်မြန်မြန် တိုးတက် လာနေပါတယ် ဒါပေမဲ့ စီးပွားရေး အဆောက်အအုံက သိပ်မကောင်းတော့ဘူး ငွေကြေး ဈေးကွက်က မတည်ငြိမ်တဲ့အပြင် အိမ်ခြံမြေဈေးတွေက ကျုံ့သွားတယ် ကျုံးဟိုင်မြို့မှာရှိတဲ့ အိမ်ခြံမြေ လုပ်ငန်းတွေ အကုန်လုံး ဒီတစ်ခေါက် ငွေလည်ပတ်မှု ပြတ်တောက် သွားတာကို ရင်ဆိုင်နိုင်ဖို့ အရင်းအနှီးတွေ လိုနေကြတယ်"

လုပ်ငန်းကိစ္စများ အကြောင်း စပြောသည်နှင့် စော‌စောက ရှက်ကြောက် တတ်သော မိန်းကလေး တစ်ယောက်၏ အသွင် ရှိနေသည့် အန်းရာသည် လိမ္မာပါးနပ်၍ ထက်မြက်သော မိန်းကလေး တစ်ယောက်အဖြစ် ပြောင်းလဲ သွားသည်။

"ကျုံးဟိုင် မြို့တော်ဝန်က ပြည်သူပိုင် မြေတွေထဲက လွတ်နေတဲ့ မြေကွက်တချို့ကို လေလံတင်ဖို့ ပြင်ဆင်နေတယ် လေလံပြိုင်မဲ့ လုပ်ငန်းစုတွေထဲမှာ အစ်မတို့ လုပ်ငန်းက အသေးဆုံး ဖြစ်တဲ့အတွက် အကျိုးအမြတ် အနည်းဆုံး မြေကွက်ကိုပဲ လေလံဆွဲခွင့် ရမယ် မကြာသေးခင်ကမှ ဖြစ်သွားတဲ့ စီးပွားရေး အကျပ်အတည်းကြောင့် ဘယ်သူကမှ ငွေအပုံလိုက်ကြီး ထုတ်သုံးနိုင်ကြမှာ မဟုတ်ဘူး ဒါပေမဲ့ တစ်ချိန်လုံး လျှိုထားတဲ့ လူတစ်ယောက်က ငွေအလုံးလိုက် အရင်းလိုက် ထုတ်လာပြီး အိမ်ခြံမြေ ဈေးကွက် တစ်ခုလုံးကို လွှမ်းမိုးသွားမှာကို လူတိုင်း စိုးရိမ်နေကြတယ် အမေ အပါအဝင်ပေါ့"

စကားပြောရင်း အန်းရာက မျက်မှောင်ကြုတ် မိသည်။

ချန်းဖန်သည် အန်းရာ၏ စိုးရိမ် ပူပန်နေသော ပုံစံကြောင့် ၂၀၀၈ခုနှစ်၏ စီးပွားရေး အခြေအနေနှင့် ပတ်သက်သော မှတ်ဉာဏ်များအား ပြန်လည် တူးဆွ ကြည့်လိုက်သည်။

ထိုနှစ်က တရုတ်ပြည်တွင် အိမ်ခြံမြေ ဈေးများမှာ အလွန် ထိုးကျ သွားခဲ့သောကြောင့် အစိုးရက ထိုပြဿနာအား ‌ဖြေရှင်းရန် စီးပွားရေး အကြံပေးများနှင့် တိုင်ပင်ကာ အစီအစဉ်တစ်ခု ပြုလုပ်ခဲ့သည်။ နောက်ပိုင်းတွင် အိမ်ခြံမြေ ဈေးများမှာ မိုးထိအောင် မြင့်မားသွားပြီး လူတိုင်းအား 'ဒီတစ်သက် အိမ်နဲ့ရာနဲ့ နေနိုင်ပါတော့မလား' ဟူသော အတွေးမျိုးပင် ဝင်စေသည်။

ကျုံးဟိုင် မြို့တော်ဝန် လေလံတင်မည့် မြေကွက်များမှာ မြို့လယ်ကောင်ရှိ အချက်အချာ နေရာများ ဖြစ်ပြီး ရင်းနှီးမြှုပ်နှံ၍ အကျိုး မယုတ်ပေ။

ချန်းဖန်၏ အတိတ်ဘဝတွင် ဝမ့်ရှောင်ယွင်သည် အတန်ငယ် ချီတုံချတုံ ဖြစ်ခဲ့သော်လည်း စိတ်ဆုံးဖြတ်၍ မြေကွက်တချို့ ဝယ်ခဲ့‌သည်။ ထို့ကြောင့်လည်း အချိန်တန်၍ မြေဈေးများ ထိုးတက် သွားချိန်၌ သူမသည် အိမ်ခြံမြေ လုပ်ငန်း၌ များစွာ အောင်မြင်ခဲ့သည်။

"စိတ်ပူဖို့ မလိုပါဘူး အစ်မအန်း နောက်နှစ် အနည်းငယ်အတွင်း အိမ်ခြံ‌မြေဈေးတွေ ပြန်တက် လာလိမ့်မယ် အိမ်ခြံမြေ လုပ်ငန်းကလည်း အကျိုးအမြတ်များတဲ့ နယ်ပယ်တခု ဖြစ်လာလိမ့်မယ် "

ချန်းဖန်က ပေါ့ပါးစွာ ပြောလိုက်သည်။

"တကယ်လို့ ကျွန်တော်သာ ကုမ္ပဏီတစ်ခု ပိုင်တယ်ဆိုရင် ရှိသမျှ ပိုက်ဆံတွေ အကုန်လုံးနဲ့ မြေကွက်တွေကို လေလံဆွဲရုံတင် မကဘူး လိုအပ်ရင် အကြွေးတောင် ယူလိုက်ဦးမယ် ဘာလို့ဆို နောင်နှစ်တွေကျရင် မြေကွက်တွေရဲ့ ဈေးက လက်ရှိ ဈေးထက် ‌ဆယ်ဆ မြင့်သွားလိမ့်မှာ မလို့ပဲ"

"ရှောင်ဖန်က အဲဒါတွေကို ဘယ်လိုသိလဲ"

အန်းရာက သိလိုစွာ မေးသည်။

"ဘာလို့လဲဆိုတော့ ကျွန်တော်က ဆရာချန်းလေ"

ချန်းဖန်သည် အနည်းငယ် ရယ်ရွှင်ဖွယ် အပြုံးမျိုးဖြင့် ရွှတ်နောက်နောက် ဆက်ပြောသည်။

"လာမဲ့ နှစ်ငါးရာအတွင်း ဖြစ်လာမဲ့ အရာတွေကို ကျွန်တော် သိထားတယ် အနာဂတ်ကို ကြိုမြင်နိုင်တယ်"

"ဆရာချန်းတဲ့ ... မသိရင် လမ်းမပေါ်တွေမှာ ကံကြမ္မာ ဟောစာတမ်း ဖတ်တဲ့ ဗေဒင်ဆရာ အတု ကျနေတာပဲ"

အန်းရာသည် ချန်းဖန်၏ ပခုံးအား ခပ်ဖွဖွ ရိုက်ရင်း ရယ်သံစွက်လျက် ပြောသည်။

"တော်ပြီ တော်ပြီ မနောက်တော့ဘူး အတည်ပြောမယ် တရုတ်ရဲ့ စီးပွားရေး အခြေအနေ အလားအလာနဲ့ ဆိုရင် နောက်ဆယ်နှစ် အတွင်း အများကြီး ပိုတိုးတက်လာမှာ သေချာသလောက်ပဲ အခု လက်ရှိ အိမ်ခြံမြေ ဈေးတွေက အရမ်း ကျနေပေမဲ့ အစိုးရက ဒီတိုင်း ကြည့်နေမှာ မဟုတ်ဘူး ပြန်ပြီး မြှင့်တင်ပေးလိမ့်မယ်"

"တကယ်လား"

အန်းရာက မယုံမရဲ မေးသည်။

အန်းရာသည် ချန်းဖန်အား နောက်တစ်ကြိမ် စူးစမ်းစွာ ကြည့်သည်။ ချန်းဖန်၏ စီးပွားရေးဘက်ပိုင်းတွင် အသိအမြင် ကြွယ်ဝနေပုံက သူမအား အံ့ဩစေတာတော့ အမှန်။

ချန်းဖန်သည် ပြုံးရုံ ပြုံးလိုက်‌ပြီး ထပ်မပြောတော့ပေ။

အစ်မအန်းနှင့် သူ့အမေတို့က သူ၏ အကြံပေးချက်အား လက်မခံလျှင်လည်း သိပ်တော့ ကိစ္စမရှိပါ။ အဆုံးစွန် ပြောရလျှင် 'ကျင်းရှို့' လုပ်ငန်းစု တစ်ခုလုံး ဒေဝါလီ ခံသွားရလျှင်ပင် လုံးလုံး ကိစ္စမရှိ။ သူ့အနေနှင့် မိသားစု တစ်ခုလုံးအား ထောက်ပံ့ ပေးနိုင်သည်။

'အတိတ်ဘဝက ရှန်းမိသားစုလို ပြိုင်ဘက်မျိုးနဲ့ တွေ့တဲ့အခါ ဘာမှ မတတ်နိုင်ခဲ့ပေမဲ့ ဒီတစ်ခေါက်တော့ မတူတော့ဘူး အရာအားလုံး ပြောင်းလဲသွားခဲ့ပြီ'

ရှန်းမိသားစု အကြောင်း တွေးတောမိခြင်းက ချန်းဖန်၏ မျက်လုံးများထဲ၌ ရွှေရောင် အလင်းတစ်ချက် လက်သွားစေသည်။ ချန်းဖန်သည် နှစ်သစ်ကူးပွဲတော် ပြီးသည့်နောက် ရှန်းမိသားစုအား ကိုင်တွယ်ရန် ဆုံးဖြတ် ထားသည်။

အစ်မအန်းသည် ချန်းဖန်၏ အကြံပြုချက်အား လက်ခံပုံရကာ အလေးအနက် စဉ်းစားနေသည်။

"အစ်မအန်း လုပ်ငန်း ကိစ္စတွေကို မတွေးပါနဲ့ဦး"

ချန်းဖန်က ပြောသည်။

"ကျွန်တော့်မှာ အစ်မအန်းအ‌တွက် လက်ဆောင် ပါလာတယ်"

"ဘာလက်ဆောင်လဲ"

အန်းရာ၏ မျက်လုံးများက အရောင် တောက်သွားပြီး စိတ်ဝင်တစား မေးလိုက်သည်။

သူမ၏ မောင်ငယ်လေးကား နောက်ဆုံးတော့ အရွယ်ရောက်ခဲ့ပြီ ဖြစ်ကာ အခြား လူတစ်ယောက် အပေါ် မည်သို့မည်ပုံ ဂရုစိုက်ရမည် ကိုလည်း သင်ယူခဲ့ပုံ ပေါ်သည်။

ချန်းဖန်က ကျောက်စိမ်းအဆောင် တစ်ခုအား ထုတ်ယူ လိုက်သည်။ အဆောင်ကား အလွန် အရည်အသွေး ‌ကောင်းသော ကျောက်စိမ်းဖြင့် ပြုလုပ်ထားပြီး ချောမွေ့ သန့်စင်နေသည်။

ကျောက်စိမ်း မျက်နှာပြင်၌ ရှေးကျသော သင်္ကေတများ ရေးထွင်းထားပြီး ကျောက်စိမ်းအား တစ်မျိုးလေး ဆန်းကြယ် သွားစေသည်။

"ဒါက အစ်မအတွက်လား"

အန်းရာသည် ပင့်သက် ရှိုက်လိုက်မိပြီး မယုံနိုင်စွာ မေးသည်။

သူမသည် ကျောက်စိမ်း လက်မှုပညာနှင့် ပတ်သက်၍ ဗဟုသုတ အများကြီး မရှိသော်လည်း ဤပစ္စည်း၏ လှပ သေသပ်ပုံကြောင့် ယွမ်တသန်းခန့် အနည်းဆုံး တန်‌မည်ကို ခံစားမိနေပါ၏။

"ရှောင်ဖန် ဒါဝယ်ဖို့ ဘယ်က ပိုက်ဆံရလဲ"

အန်းရာ၏ မျက်နှာက အနည်းငယ် တည်သွားကာ မေးသည်။

"အိမ်နဲ့ အဝေးမှာ နေနေရတုန်း မဟုတ်တာတွေ လျှောက်မလုပ် ရဘူးနော် မဟုတ်ရင် အစ်မ မင်းကို လုံးဝ ခွင့်လွှတ်မှာ မဟုတ်ဘူး"

"လုံးဝ မလုပ်ပါဘူးဗျာ ဒီကျောက်စိမ်းကိုကြည့် အရည်အသွေးက လုံးဝထိပ်တန်းပဲ ဒါကို ကျွန်တော့်ရဲ့ ကျောင်းက သူငယ်ချင်းဆီကနေ တစ်ဆင့် ပြန်ဝယ်ခဲ့တာ"

ချန်းဖန်က မုသား သုံးလိုက်သည်။

အန်းရာက သိပ်မယုံသေးသော်လည်း သူမလည်ပင်းတွင် ကျောက်စိမ်း လည်ဆွဲအား ဆွဲပေးနေသော ချန်းဖန်အား မတားတော့။

ချန်းဖန်သည် အန်းရာ၏ နောက်တွင် မတ်တတ်ရပ်လျက် သူမ လည်ပင်း၌ ကျောက်စိမ်း လည်ဆွဲ‌အား ဆွဲပေးနေသည်။ ချန်းဖန်၏ အသက်ရှူငွေ့ နွေးနွေးက သူမလည်ကုပ်ပေါ် ကျရောက် လာသောအခါ အကြောင်း တချို့ကြောင့် အန်းရာ၏ မျက်နှာလေးမှာ နီရဲသွားတော့သည်။

ကျောက်စိမ်း လည်ဆွဲအား ဝတ်ဆင် ပြီးသောအခါ အန်းရာသည် သူမလည်ပင်းမှ နွေး‌ထွေးမှုအား ခံစားရသည်။ ဆောင်းတွင်းလယ်၏ လေအေးများက တိုက်ခတ် နေသော်လည်း သူမက လုံးဝ မအေးတော့သလို ခံစားရသည်။

အန်းရာသည် သူမ၏ ရုတ်တရက် ပြောင်းလဲသွားသော ခံစားချက်အား အာရုံလွှဲလိုက်ပြီး ကိုယ့်ကိုကိုယ်သာ အပြစ်တင် လိုက်မိ၏။

'ရှောင်ဖန်က ကလေးပဲ ရှိသေးတယ် ငါက ဘာတွေ ဖြစ်‌နေရတာတုံး...'

"အစ်မအန်း..."

ချန်းဖန်သည် အန်းရာ၏ မျက်နှာရှေ့၌ လက်တစ်ဖက် ဝှေ့ယမ်းလျက် အတွေးများ ပြန့်ကျဲနေသော အန်းရာအား ခေါ်လိုက်သည်။

အန်းရာ၏ မျက်နှာမှာ ပန်းသီးတစ်လုံးကဲ့သို့ ရဲရဲနီသွားသည်။ ချန်းဖန်သည် အန်းရာ၏ ရုတ်တရက် ရှက်ရွံ့သွားမှုအား သတိ မထားမိဘဲ အလေးအနက် ပြောလိုက်သည်။

"အစ်မအန်း ဒီလည်ဆွဲကို အချိန်တိုင်း ဆွဲထားရမယ် ဘယ်တော့မှ မချွတ်ရဘူးနော် ဒီလည်ဆွဲက ဘုန်းတော်ကြီး တစ်ပါးဆီက ကောင်းချီးပေးမှုကို ရထားတယ် မကောင်းတဲ့ ဘေးအန္တရာယ်တွေရဲ့ ရန်ကနေ ကာကွယ် ပေးနိုင်တယ်"

အန်းရာသည် အံ့အားသင့် သွားပြီး ပြန်မေး လိုက်သည်။

"တကယ်လား ဒါဆို ရေချိုးတဲ့ အချိန်တောင် ချွတ်လို့ မရဘူးပေါ့"

"မရဘူး..."

ချန်းမာက အခိုင်အမာ ပြောသည်။

"ကျွန်တော့်ကို ကတိပေးပါ"

ချန်းဖန်၏ အလွန် လေးနက်လှသော မျက်လုံးများနှင့် ရင်ဆိုင်ရသည်တွင် အန်းရာသည် သူမ နှလုံးသား တစ်ခုလုံး အပြင်သို့ ခုန်ထွက် လာတော့မတတ် ခံစားလိုက်ရပြီး ခေါင်းငုံ့ကာ အလျင်အမြန် ‌ပြန်ဖြေ လိုက်မိသည်။

"အင်း"

ထိုအခါမှ ချန်းဖန်က သက်ပြင်းချသည်။

ထိုကျောက်စိမ်း အဆောင်သည် တတိယသခင်ကြီးဝေ့ စုဆောင်း ပေးထားသော ထိပ်တန်း ကျောက်စိမ်းများဖြင့် ပြုလုပ်ထားကာ ဝတ်ဆင်သူအား အန္တရာယ်မှ သုံးကြိမ် ဆက်တိုက် ကာကွယ် ပေးနိုင်ပြီး အချိန် အကန့်အသတ် မရှိ အသုံးပြုနိုင်သည်။

ချန်းဖန်၏ လက်ရှိ အဆင့်ဖြင့် ထိုသို့သော ကျောက်စိမ်း အဆောင်မျိုး လေးခုသာ ပြုလုပ်နိုင်သေးရာ ချန်းဖန်က ထိုလေးခုအား သူ၏ မိဘများ၊ ရှောင်ချုံးနှင့် အစ်မအန်းတို့ကို ပေးရန် ကြံစည် ထားသည်။

ချန်းဖန်သည် နောက်ထပ် ကျောက်စိမ်း အဆောင် နှစ်ခုအား ထုတ်ယူလိုက်ကာ အဖေနှင့် အမေတို့အား ကိုယ်စား ပေးပေးရန် ပြောလိုက်သည်။ ထိုအဆောင်များမှာ သူပေးခြင်း ဖြစ်ကြောင်း အသိမပေးရန်လည်း မှာရသေးသည်။ သူပေးခြင်း ဖြစ်ကြောင်းသာ သိပါလျှင် သူ၏ မိဘနှစ်ပါးက လုံးဝ အလေးထားမည် မဟုတ်သည်ကို သူ ကြိုသိနေသည်။

အန်းရာ၏ အတွေးထဲ၌ မေးခွန်း ပေါင်းများစွာ ထွက်ပေါ် လာသော‌လည်း ချန်းဖန်၏ ကောင်းမွန်သော ရည်ရွယ်ချက်ကြောင့် သူမက ဘာမှ မေးမနေတော့ဘဲ ပြောသည့်အတိုင်း လုပ်ပေးရန်သာ ဆုံးဖြတ် လိုက်သည်။

နှစ်ယောက်သား အိမ်ပြန် ရောက်တော့ ညစာအတွက် ပြင်ဆင် ထားပြီးသည်နှင့် အသင့်ကြုံသည်။ ညစာ စားပြီးနောက် မိသားစု လေးယောက် ညဉ့်နက်သည်အထိ ရောက်တတ်ရာရာများ ပြောဆို ဖြစ်ခဲ့ကြသည်။

နောက်တစ်နေ့တွင် ချန်းဖန်တို့ မိသားစုသည် တရုတ် နှစ်သစ်ကူး ပွဲတော်အား ဆင်နွှဲရန် ကျင်းမြို့တော်သို့ သွားကြသည်။ ချန်းဖန်တို့သည် ဝမ့်မိသားစုနှင့် အဆက်အဆံ သိပ်မရှိကြသော်လည်း ချန်းကောရှင်း ဘက်မှ ချန်းမိသားစုနှင့်တော့ တစ်နှစ်တစ်ကြိမ် သွားတွေ့ ဖြစ်ကြသည်။

"ကျင်းမြို့တော်... ငါလာပြီ..."

ချန်းဖန်သည် ကားပြတင်းပေါက်မှ တစ်ဆင့် အပြင်ဘက်သို့ ငေးကြည့်ရင်း တီးတိုး ရေရွတ်မိ၏။

"မိတ်ဆွေ ဟောင်းတွေရော အရင်က အတိုင်း မပြောင်းမလဲ ရှိနေကြတုန်းလား ဆိုတာကို သိချင်မိတယ်"

***

All Chapters