← Chapters

ချန်းမိသားစု

Vol. 2 Ch. 125

ချန်းမိသားစု

Vol. 2 Ch. 125

မြစ်ရေစီးကြောင်းများက မြေဩဇာ ကောင်းသော စိုက်ပျိုးမြေများအား ဖြတ်သန်း စီးဆင်းနေကြပြီး ဝင်းလက် တောက်ပနေသော မြို့ပြ အလင်းရောင်များနှင့် ကျင်းမြို့တော်ကြီး စိတ်လှုပ်ရှားဖွယ် လှပလို့နေသည်။

ချန်းမိသားစု၏ အိမ်ဂေဟာသည် ဆူညံ ရှုပ်ထွေးသော မြို့လယ်ပိုင်းနှင့် အလှမ်းဝေးသော အရှေ့ဘက် တောင်ခြေ‌တွင် တည်ရှိသည်။ ထိုနေရာကား သက်ကြီးပိုင်းများ စိတ်လက်အေးဆေးစွာ အနားယူနိုင်ရန် သင့်တော်သော နေရာကောင်း တစ်ခု ဖြစ်သည်။

ချန်းကောရှင်း၏ ဖခင်၊ ချန်းဖန်၏ အဘိုးဖြစ်သော ချန်းဟွိုက်အန်းသည် တိတ်ဆိတ် အေးချမ်းသော ခြံဝန်းအတွင်း ဉယျာဉ်ငယ်လေးများ စိုက်ပျိုးရင်း အေးချမ်းသော ဘဝအား ဖြတ်သန်းနေသူ ဖြစ်သည်။ သူ၏ သားသမီးများ အားလုံးက မြို့ကြီးပြကြီး များတွင် အသီးသီး အောင်မြင် နေကြသည်။ မထင်မရှား မြို့တစ်ခုတွင် ဇာတ်မြုပ်နေသော အငယ်ဆုံးသားမှ လွဲ၍ပေါ့။

ချန်းမိသားစုသည် ကျန်းနန်ပြည်နယ်တွင် မထင်မရှား ဖြစ်ကောင်း ဖြစ်နိုင်သော်လည်း ကျင်းမြို့တော်တွင်တော့ နှစ်ပေါင်းများစွာ ခြေကုပ် ယူထားသော မိသားစု ဖြစ်သည်။ ချန်းဟွိုက်အန်းနှင့် သူ၏ ညီအစ်ကို တစ်သိုက်သည် တစ်မြို့လုံးတွင် ဖြန့်ကြက်ထားပြီး ကျင်းမြို့တော်၏ ချန်းမိသားစု ကလန် ဟူသော စည်းလုံး‌သည့် အဖွဲ့အစည်းတစ်ခု တည်ထောင်ထားသည်။

ချန်းဟွိုက်အန်းသည် အိမ်တော်ရှေ့၌ လက်နှစ်ဖက် နောက်ပစ်ကာ မတ်တတ်ရပ်ရင်း အဝေးသို့ လှမ်းမျှော်ကြည့် လိုက်သည်။

သူ၏ ခေါင်းမာလှသော တတိယသားက ယနေ့ လာရောက် လည်ပတ်မည် ဖြစ်သည်။

ချန်းကောရှင်း အကြောင်း တွေးမိခြင်းက ချန်းဟွိုက်အန်းအား သက်ပြင်း တစ်ခု ချမိစေသည်။ ချန်းကောရှင်းကား ငယ်စဉ်ကပင် အရည်အချင်းရှိကာ ထက်မြက်သော သူ၏ အချစ်ရဆုံးသား ဖြစ်သည်။ ၁၉၈၀ခုနစ်များက ချန်းကောရှင်းသည် ချင်းဟွာ တက္ကသိုလ်သို့ ဝင်ခွင့်ရခဲ့ပြီး မိသားစုကလန် တစ်ခုလုံး၏ ဂုဏ်ယူစရာ ဖြစ်ခဲ့ဖူးသည်။ သို့သော် ထိုကောင်လေး၏ ပြစ်ချက် တစ်ခုကား အလွန် ခေါင်းမာခြင်းပင်။ တက္ကသိုလ် တက်နေတုန်း ဝမ့်မိသားစုမှ သမီးကညာနှင့် ချစ်ကျွမ်းဝင်ပြီး ဝမ့်မိသားစုအား သက်သေပြရန် အတွက်နှင့် နယ်မြို့လေး တစ်ခုသို့ ထွက်သွားခဲ့ကာ အောက်ခြေမှ စတင် ကြိုးစားသည်တဲ့။

"အဘိုး... ဦးလေးကောရှင်းက ဘယ်အချိန်မှ လာမလဲဆိုတာ မသိဘူးလေ အိမ်ထဲမှာ ဝင်စောင့်နေပါလား"

ဆွဲဆောင်မှုရှိသော မိန်းကလေး တစ်ယောက်က ပြောသည်။

"ဘာမှ မဖြစ်ဘူး ငါက နေ့တိုင်း ထိုက်ချိပညာကို လေ့ကျင့်တယ် ဒီလောက်လေး မတ်တတ် ရပ်ရတာက ဘာမှ မဟုတ်ဘူး"

အဘိုးချန်းက လက်တစ်ဖက် ယမ်းရင်း ပြောသည်။

"ရှောင်ဖန်နဲ့ ရှောင်ရာကို မတွေ့ရတာ အတော် ကြာခဲ့ပြီ သူတို့တွေ အရပ် အများကြီး ရှည်လာလောက်လား"

အဘိုးချန်းက တီးတိုး ရေရွတ်မိသည်။ သူက အသက် ကြီးလာလေလေ တချို့စကားများအား တစ်ယောက်တည်း ရေရွတ်ရသည်ကို သဘော ကျလာလေလေ ဖြစ်သည်။

ချန်းနဉ်သည် ဘေး၌ တိတ်ဆိတ်စွာ ရပ်ရင်း အဘိုးချန်း၏ တီးတိုး ရေရွတ်နေမှုအား အပြုံးတစ်ခုနှင့် ကြည့်နေသည်။

ချန်းနဉ်နှင့် အန်းရာကား သူငယ်ချင်းများ ဖြစ်ကြသည်။ သူတို့ နှစ်ယောက်က အသက်ချင်း တူသည်သာမက တက်သည့် တက္ကသိုလ်ပါ တူသည့်အပြင် စီးပွားရေး ‌မေဂျာချင်းလည်း တူကြသည်။ အကြိုက်ချင်းလည်း တော်တော်များများ တူကြသောကြောင့် ရင်းနှီးကြသည်ဟု ဆိုရမည်။

သို့သော် ချန်းနဉ်သည် ချန်းဖန် အ‌ပေါ်တွင်တော့ အမြင်ကောင်း သိပ်မရှိပေ။

'ခေါင်းမာ၊ အေးစက်ပြီး နုံအတဲ့ ကောင်စုတ်လေး...'

ချန်းနဉ်သည် အံကြိတ်ရင်း စိတ်အတွင်းမှ ကျိန်ဆဲလိုက်၏။

ချန်းဖန်၏ မိဘများသည် ချန်းဖန်အား ရင်အုပ်မကွာ စောင့်ရှောက် သင်ကြား ပေးခဲ့ခြင်းမျိုး မရှိသောကြောင့် ချန်းဖန်သည် ရိုင်းစိုင်းပြီး ပေါင်းသင်း ဆက်ဆံရေး ညံ့သော ကောင်ငယ်လေး အဖြစ်သာ ကြီးပြင်းခဲ့သည်။ စိတ်ဆတ်သော ပင်ကို စရိုက်ကြောင့်လည်း မိသားစုအတွင်း ဘယ်သူနှင့်မှ မတည့်ခဲ့။

ထို့ကြောင့်လည်း ချန်းနင်သည် ချန်းဖန်နှင့် ပတ်သက်၍ အကောင်းပြောစရာ တနေရာမှ ရှာမရခြင်း ဖြစ်သည်။

"ဦးလေးကောရှင်းက ခြွင်းချက်မရှိ အရည်အချင်းရှိပြီး တော်တယ် အန်တီယွင်က ကျတော့ စီးပွားရေးမှာ အရမ်း ထက်မြက်တယ်။ အန်းရာဆိုလည်း ပေါင်းသင်း ဆက်ဆံရေး ကောင်းပြီး ချစ်စရာကောင်းတဲ့ စိတ်ထားလေး ရှိတယ်။ ဒီလို မိသားစုထဲမှာ အဲ့ကောင်လို သိုးမည်းမျိုး ဘယ်လိုကြောင့် ရှိနေရတာလဲ မသိဘူး..."

ချန်းနဉ်က တီးတိုး ညည်းညူ လိုက်သည်။

သူမ စကား မဆုံးခင်မှာပဲ အနက်ရောင် VW တစီးက ဝင်ပေါက်နားတွင် ဆိုက်ရပ်လာသည်။

ချန်းကောရှင်းတို့ မိသားစု ကားအတွင်းမှ ထွက်ပေါ်လာသည်။

"အဖေ..."

ချန်းကောရှင်းနှင့် ဝမ့်ရှောင်ယွင်တို့က အဘိုးချန်းအား နှုတ်ဆက် လိုက်ကြသည်။

ချန်းဖန်နှင့် အန်းရာတို့ကလည်း နှုတ်ဆက် လိုက်ကြသည်။

"အဘိုး..."

အဘိုးချန်းသည် သူ၏ မွေးစား မြေးမလေး အန်းရာအား ခေါင်းတညိတ်ညိတ်ဖြင့် ကြည့်မိသည်။ သူမလေးကား ချန်းမိသားစု တစ်ခုလုံးတွင် ရုပ်ရည် သွင်ပြင်ရော၊ အရည်အချင်းပါ အထူးချွန်ဆုံး ဖြစ်သည်။ သူက အန်းရာအား သူ၏ အကြီးဆုံးမြေး ချန်းအန်းနှင့် နေရာချထားပေးရန် စီစဉ်ခဲ့ဖူးသော်လည်း အန်းရာ၏ အသည်းအသန် ငြင်းပယ်မှုကြောင့် ယနေ့အထိ အထမမြောက်နိုင် ဖြစ်နေရသည်။

အဘိုးချန်းသည် သူ၏ မျက်လုံးများအား အန်းရာမှတဆင့် ချန်းဖန်ထံသို့ ရွှေ့လိုက်ချိန်တွင် တစ်စုံတစ်ရာ အကြီးအကျယ် ပြောင်းလဲနေသည်ကို သတိပြုမိသွားသည်။

အဘိုးချန်းကဲ့သို့ အသက်ရှစ်ဆယ် ကျော်နေသူ၏ မျက်လုံးထဲတွင် ချန်းကောရှင်းနှင့် ဝမ့်ရှောင်ယွင်တို့ သည်ပင် ကလေးများ ဖြစ်ကြပြီး တစ်ချက် ကြည့်လိုက်ရုံနှင့် အူမချေးခါးမကျန် သိနိုင်သည်။

သို့သော် ယခု သူ့အား ပြုံးပြနေသော မြေးငယ်လေးအား ကြည့်မိချိန်တွင်တော့ ဘာကိုမှ မဖမ်းဆုပ်နိုင်သလို ခံစားရသည်။ သူ့မြေး၏ ကြည်လင် တောက်ပနေသော မျက်လုံး ဝိုင်းဝိုင်းများထဲ စိုက်ကြည့်မိချိန်တွင် ထိုမျက်လုံး နက်များသည် ‌အဆုံးမရှိသော ချောက်နက်ကြီးများ ကဲ့သို့ မရေရာသည့် ခံစားချက်ကို ပေးသည်။

'စိတ်ဝင်စားစရာပဲ မတွေ့ဖြစ်တဲ့ တနှစ်လောက် အတွင်း ဘယ်အရာကများ ငါတို့ရှောင်ဖန်ကို ဒီလောက် ပြောင်းလဲ သွားစေခဲ့တာလဲ'

အဘိုးချန်း စိတ်ထဲ၌ တွေးမိ၏။

အခြားသူများ၏ မျက်လုံးများထဲတွင် ချန်းဖန်သည် ယခင်ကအတိုင်း နှုတ်နည်း၍ ခေါင်းမာသော ကောင်ငယ်လေးသာ ဖြစ်သော်လည်း အဘိုးချန်း၏ အတွေ့အကြုံများသော မျက်လုံးများထဲတွင်တော့ ကွဲပြား၏။ သူ၏ မြေးငယ်လေးသည် ပုံမှန်အတိုင်း မတ်တတ် ရပ်နေခြင်းသာ ဖြစ်သောလည်း အခြားသူများနှင့် မတူညီသည့် အရှိန်အဝါတစ်ခု ထုတ်လွှင့်နေသည်။ မည်သည့် အရာကြောင့်မှ ယိမ်းယိုင် မသွားမည့် မာနတစ်မျိုးကိုလည်း ချန်းဖန်၏ မျက်လုံးများမှ တစ်ဆင့် အဘိုးချန်းက ရေးတေးတေး ခံစားမိ၏။

ထိုသို့သော မာနမျိုးအား လူ့အဖွဲ့အစည်း၏ ထိပ်ဆုံးတွင် ရှိနေသော လူများထံ၌ အဘိုးချန်းက မကြာခဏ တွေ့ခဲ့ဖူးသည်။ သို့သော် ထိုလူများ၏ မောက်မာမှုကပင် သူ့မြေး၏ မျက်လုံးများထဲရှိ မောက်မာမှုအား ယှဉ်နိုင်မည်မထင်။ တစ်ချက် တစ်ချက် လက်သွားသော ချန်းဖန်၏ မျက်လုံးများထဲရှိ အေးစက်စက် အလင်းရောင်သည် တလောကလုံးရှိ လူများအား အဖက်မတန်စွာ လှောင်ပြောင် နေသည့် အလား။ ထိုမျက်လုံးများသည် ချန်းကောရှင်းတို့ လင်မယားနှင့် အန်းရာအား လှမ်းကြည့်ချိန်တွင်တော့ အနည်းငယ် နူးညံ့ သွားသည်။

'ရှောင်ဖန်က ဆယ့်ခြောက်နှစ်ပဲ ရှိသေးတာကို ဘာလို့ ဒီလို ခံစားချက်မျိုး ရနေတာလဲ အသက်ရှစ်ဆယ် ကျော်လာပြီး အမြင်အာရုံတွေပါ ဝေဝါးလာပြီ ထင်ပါရဲ့...'

အဘိုးချန်း တစ်ယောက်တည်း အတွေးများနေချိန်၌ အိမ်အတွင်းမှ အခြားသူများ ထွက်လာကြပြီး အသစ် ရောက်လာသူများအား ကြိုဆိုကြသည်။

ထွက်ကြိုကြသူများကား အဘွားချန်း၊ ပထမဦးလေး၊ ဒုတိယဦးလေး၊ တတိယဦးလေး၊ ပထမအန်တီနှင့် ဒုတိယအန်တီတို့ ဖြစ်ကြသည်။

အဘိုးချန်းတွင် သားလေးယောက် သမီးနှစ်ယောက် ရှိပြီး ချန်းကောရှင်းက တတိယသား ဖြစ်သည်။ တတိယသား ချန်းကောရှင်း၏ မျိုးဆက်များ ဖြစ်သော ချန်းဖန်တို့က အဘိုးချန်း၏ စတုတ္ထသားအား တတိယဦးလေးဟု ခေါ်ကြသည်။ ချန်းနဉ်သည်ကား ပထမဦးလေး၏ သမီး ဖြစ်သည်။

ချန်းဖန်သည် အိမ်ဂေဟာအတွင်း ဝင်လာကာ ဟိုဟိုသည်သည် အကဲခတ် လိုက်သည်။ ပြောစရာ မလိုအောင်ပင် ချန်းမိသားစုဝင် များ၏ စုဝေးခြင်းကား ဝေ့မိသားစုတို့ ထန်မိသားစု တို့နှင့်ပင် မယှဉ်နိုင်ရာ ရန်ကျင်းမြို့ရှိ ဝမ့်မိသားစုနှင့် ယှဉ်လျှင်ကား ဆိုဖွယ်မရှိ။

ချန်းဖန်၏ အာရုံသည် တနေရာတွင် ရှိနေသောကြောင့် သူ့ဦးလေးများထံမှ စူးစမ်းနေသော သို့မဟုတ် မနာလို ဖြစ်နေသော အကြည့်များအား သတိမထားမိ။

ချန်းမိသားစုဝင်များတွင် လက်ရှိ၌ အကြီးဆုံးသား တစ်ယောက်သာ ပေါက်ပေါက် မြောက်မြောက် ရှိသည်ဟု ဆိုရမည်။ သို့သော် ထိုသား ရောက်လာစဉ်ကပင် အဘိုးချန်းသည် ဆိုဖာခုံမှ ထ၍ ခေါင်းညိတ် ပြရုံသာ တုံ့ပြန်ခဲ့သည်။ ချန်းကောရှင်းအား ကြိုသကဲ့သို့ ခြံဝတွင် ထွက်စောင့်ဖို့ဆို ဝေလာဝေး။

ချန်းကောရှင်းသည် ငယ်စဉ်ကပင် အဘိုးချန်း၏ အနှစ်သက်ဆုံး အထက်မြက်ဆုံးသား ဖြစ်ခဲ့သည်။ သူက ဝမ့်မိသားစုမှ မင်းသမီးလေးနှင့် လက်ထပ်ခဲ့တော့ ညီအကိုတွေ အားလုံးက ကြိတ်ကာ အားကျခဲ့ရသည်။

သို့သော် ထိုလက်ထပ်မှုက ချန်းကော‌ရှင်းအတွက် မကောင်းသော အလှည့်အပြောင်း တစ်ခု ဖြစ်ခဲ့မည်ဟု ဘယ်သူက ထင်ပါမည်နည်း။

ဝမ့်မိသားစုသည် လက်ထပ်မှုအား အသိအမှတ် မပြုသည့်အပြင် နည်းမျိုးစုံဖြင့် ဖိနှိပ်ခဲ့သည်။ ထိုအခါ ချန်းကောရှင်းအား မနာလို ဖြစ်နေကြသော ညီအစ်ကို၊ မောင်နှမ တစ်စုမှာ ကျေနပ် သွားရသွားကြပြီး ချန်းကောရှင်းတို့ မောင်နှံအား ဝိုင်းဝန်း ဖယ်ကျဉ် ထားကြတော့သည်။

နှုတ်ဆက်ခြင်းများ ပြီးစီးကြသည့် အခါ အဘိုးချန်းသည် ထိုင်ခုံမှ ထပြီး လှေကားဘက်သို့ ဦးတည် လိုက်သည်။

"အပေါ်ထပ်ကို သွားကြရအောင် ကလေးတွေကို ဒီမှာ ထားခဲ့"

လူကြီးများအားလုံး အဘိုးချန်း၏ နောက်မှ လိုက်ပါသွားကြပြီး ကလေးများအား ခန်းမအတွင်း ချန်ရစ်ခဲ့ကြသည်။

ချန်းမိသားစု၏ တတိယမျိုးဆက်က ဒုတိယ မျိုးဆက်ထက် ပိုမို လူများသည်။ တစ်ဒါဇင်ခန့် ရှိသော ဆယ်ကျော်သက် တစ်စုက ခန်းမအတွင်း ပြည့်နှက်နေသည်။

ဆယ်ကျော်သက်များအတွင်း ချန်းဖန်မှ လွဲ၍ အားလုံးသည် ဈေးကြီးသော အဝတ်အစားများအား အပြိုင်အဆိုင် ဝတ်စားထားကြပြီး မျက်နှာများက ထီမထင်ဟန် ရှိကြသည်။ ချန်းဖန်သည် ထိုလူများအား ဂရုမထားဘဲ တိတ်ဆိတ်စွာသာ ရှိနေသည်။ ရုပ်ခံရှိခြင်း၊ မရှိခြင်းကသာ အဓိကကျသည် မဟုတ်ပါလား။

ဆယ်ကျော်သက်များသည် ဆွဲဆောင်မှု ရှိသော ကောင်လေးနှင့် ကောင်မလေး အနီး၌ ပတ်လည် ဝိုင်းနေကြသည်။

အသက်နှစ်ဆယ် စွန်းစွန်းခန့် ရှိသော လူငယ် တစ်ယောက်သည် စားပွဲအလယ်၌ ထိုင်နေပြီး ရွှေကိုင်းမျက်မှန် တလက်က တည်ကြည် ခန့်ညားသော မျက်နှာနှင့် ပနံသင့်စွာ ရှိနေသည်။ သူ့အနီး၌ ‌လူအများစုက လေးစား အားကျသော မျက်နှာထားများဖြင့် စကား ပြောနေကြသည်။

ကောင်မလေးကား လှပသော်လည်း အဖက်မလုပ်သော ဟန်ပန်နှင့် တသီးတခြား ဆန်သည်။ သူမ၏ အလှက တောအုပ်တစ်ခု အတွင်း၌ တောရိုင်းပန်းများ အလယ်၌ တစ်ပွင့်တည်း ပွင့်နေသော အဖိုးတန် သစ်ခွလေးနှင့် တူသည်။

ထိုနှစ်ယောက်ကား ချန်းဖန်၏ ပထမဦးလေး၏ မျိုးဆက်နှစ်ဦး ဖြစ်သော ချန်းအန်းနှင့် ချန်းနဉ်တို့ ဖြစ်ကြသည်။

ချန်းအန်းသည် တတိယမျိုးဆက်တွင် အသက် အကြီးဆုံး ဖြစ်ပြီး ကျုံးဟိုင် တက္ကသိုလ်မှ သယ်ယူပို့ဆောင်ရေး မေဂျာဖြင့် ဘွဲ့ရထားသည်။ ချန်းမိသားစု တတိယမျိုးဆက် ယောက်ျားလေးများ ထဲတွင် ပါရမီ အရှိဆုံးဟု ပြောရမည်။

ချန်းနဉ်၏ ပါရမီသည်လည်း သူ့အကိုအောက် မလျော့ပါချေ။ သူမသည် ကျင်းမြို့တော် တက္ကသိုလ်၌ စီးပွားရေး မေဂျာ အထူးပြု တက်ရောက်နေပြီး နိုင်ငံတကာ အကောင်းဆုံး စီးပွားရေးကျောင်းများ ထဲမှ တစ်ခုဖြစ်သော HF စီးပွားရေး ကျောင်း၏ ဝင်ခွင့်ကိုပင် အောင်မြင် ထားသည်။

ထိုနှစ်ယောက်နှင့် ယှဉ်သော် အခြားသော ချန်းမိသားစုဝင်တို့မှာ သိပ်ပြီး ထင်ထင်‌ပေါ်ပေါ် မရှိတော့။

ချန်းဖန်မှလွဲ၍ အားလုံးလိုလို ထိုနှစ်ယောက်၏ အနီး၌ ပတ်လည် ဝိုင်းနေကြသည်။ ချန်းဖန်ကတော့ ထောင့်တနေရာတွင် အေးအေးဆေးဆေး ထိုင်ရင်း သူ့အတွက် လက်ဖက်ရည် လာချ‌ပေးမည့် အချိန်ကို စောင့်ဆိုင်း နေသည်။

ချန်းဖန်မှလွဲ၍ အခြား ချန်းမိသားစု ဝင်များသည် တစ်မြို့တည်း၌ အတူတူ ကြီးပြင်းလာကြခြင်း ဖြစ်ရာ ငယ်စဉ်ကတည်းက အချင်းချင်း ရင်းနှီးကြသည်။ ချန်းဖန်ကတော့ ဝေးလံသော နယ်မြို့လေး၌ ကြီးပြင်းခဲ့ရပြီး တစ်နှစ်တစ်ခါမှ မိသားစုချင်း တွေ့ဆုံရခြင်း ဖြစ်ရာ ဝမ်းကွဲ မောင်နှမများကို အစုံအလင်ပင် မသိ။ သူ့ဝမ်းကွဲများကလည်း ချန်းဖန်အား စတင် မိတ်ဆက်ရန် မကြိုးစားကြ။

အစပိုင်းတွင် အန်းရာသည် ချန်းဖန်နှင့် အတူထိုင်ကာ အဖော်ပြု ပေးနေသော်လည်း ချန်းနဉ်က အတင်း ဆွဲခေါ် သွားသောကြောင့် စကားဝိုင်းအတွင်း ရောက်ရှိသွားသည်။

ချန်းဖန်ထက်စာလျှင် အန်းရာက လူသိများသည်။ သူမက ချန်းနဉ်ဘေး၌ ထိုင်လိုက်လျှင် နှစ်ယောက်သားသည် ပန်းချီကား အတွင်းမှ အသက်ဝင်လာသော အလှလေး နှစ်ပါးအလား ထင်မှတ်ရသည်။

ရုတ်တရက် အတန်ငယ် ကျယ်သော အသံတသံ ထွက်ပေါ်လာသည်။

"ချန်းဖန်... ဘာလို့ ငါတို့နဲ့ စကား လာမပြောတာလဲ"

ချန်းဖန်က လှမ်းကြည့်လိုက်သည်တွင် အန်းရာ အပါအဝင် အခြားသူများကလည်း သူ့အား ကြည့်နေသည်ကို တွေ့လိုက်ရသည်။

ချန်းဖန်အား ကြည့်လာသော သူ့ဝမ်းကွဲ မောင်နှမများ၏ မျက်လုံးများ၌ ခံစားချက်မျိုးစုံ ရောပြွန်း နေသည်။ မနာလိုခြင်း၊ လှောင်ပြောင် သရော်လိုခြင်း၊ စူးစမ်းလိုခြင်းနှင့် အဖက် မလုပ်လိုခြင်း...။

ချန်းဖန်နှင့် သူ၏ မိဘနှစ်ဦးသည် အဘိုးချန်း၏ အထူး အရေးပေးခြင်း ခံရသူများ ဖြစ်ကြောင်း တမိသားစုလုံး သိကြရာ အခြားသော ဝမ်းကွဲများက ချန်းဖန်နှင့် စကားစမြည် သိပ်မပြောချင်ကြသလို မည်သို့ ရင်းနှီးအောင် ကြိုးစားရမည်ကိုလည်း မသိကြတာ ဖြစ်သည်။

***

All Chapters