← Chapters

အလောင်းအစားတစ်ခု

Vol. 2 Ch. 126

အလောင်းအစားတစ်ခု

Vol. 2 Ch. 126

"ကောင်းပြီလေ"

ချန်းဖန်သည် သူ၏ ထိုင်ခုံမှ ထပြီး လူစုရှိရာသို့ ခပ်ဖြည်းဖြည်း လျှောက်သွားလိုက်သည်။

အန်းရာက ခပ်မြန်မြန်ပဲ ချန်းဖန်အတွက် နေရာတစ်ခု သူမဘေးတွင် ပြင်ဆင်ပေးသည်။ အန်းရာ၏ အပြုအမူအား မြင်လိုက်ရသော ချန်းနဉ်သည် ဘာမှ မပြောသော်လည်း ခပ်လှမ်းလှမ်းသို့ နေရာ ရွှေ့သွားသည်။ ချန်းအန်း၏ မျက်လုံးများထဲ၌ မနှစ်မြို့ဟန်များ ဖြစ်ပေါ်လာသော်လည်း ချက်ချင်း ပြန်လည် ပျောက်ကွယ် သွားသည်။

ချန်းဖန်သည် အန်း‌ရာဘေးရှိ နေရာတွင် ဝင်ထိုင်လိုက်သောကြောင့် နှစ်ဦးသားက တော်တော်လေး နီးကပ်သွားသည်။ အန်းရာထံမှ ဖျော့တော့တော့ ရေမွှေးနံ့လေးပင် ရနေ၏။

'အစ်မအန်းက အမွှေးအကြိုင်တွေ သုံးရတာ မကြိုက်ဘူးလို့ ထင်နေခဲ့တာ ... ကြည့်ရတာတော့ နည်းနည်း ကြိုက်ပုံပဲ'

ချန်းဖန်သည် အတိတ် မှတ်ဉာဏ်များထဲ ပြန်လည် တူးဆွရင်း အမအန်းက စူးရှ ပြင်းပြသော ရေမွှေးနံ့များကိုသာ အနံ့ မခံနိုင်ခြင်း ဖြစ်ကြောင်း မှတ်မိသွားသည်။

ချန်းဖန် တွေးထားလိုက်၏။

'သဘာဝ ပစ္စည်းတွေနဲ့ အမအန်းအတွက် အနံ့သင်းတဲ့ ရေမွှေးလေး လုပ်ပေးဦးမှပါပဲ'

အမျိုးသမီး ကျင့်ကြံသူများသည် သာမန် အမျိုးသမီးများ ကဲ့သို့ပင် အမွှေးနံ့သာများနှင့် အဝတ်အစား လှလှလေးများအား နှစ်သက် တတ်ကြ၏။ သို့သော် ကျင့်ကြံသူ တစ်ယောက်သည် မူလဝိညာဉ် အဆင့်သို့ ရောက်သည်နှင့် ခန္ဓာကိုယ်မှ မွှေးပျံ့သော သဘာဝ အနံ့‌တမျိုး ထုတ်လွှတ်သည် ဖြစ်ရာ အမွှေးနံ့သာများသည် အဆင့်နိမ့် ကျင့်ကြံသူများ အတွက်သာ အသုံးဝင်သည်။

"ချန်းဖန်... ငါကြားတာတော့ မင်းအမေက ဒီနှစ်မှာ ယွမ်သန်းတရာမက ဝင်ငွေရှိတယ်တဲ့ ဒီလို ဆိုမှတော့ ဘာလို့ မင်းကို Porsche တစ်စီးလောက် ဝယ်မ‌ပေးတာလဲ"

ချန်းဖန်နှင့် မျက်စောင်းထိုးတွင် ထိုင်နေသော လူငယ်က ရန်စလိုစွာ ပြောလာသည်။ သူကား ချန်းဖန်၏ ဒုတိယဦးလေးမှ မွေးသော အကြီးဆုံးသား ဖြစ်ကာ ချန်းရှုဟု ခေါ်သည်။

သူ့ဖခင်သည် ချန်းမိသားစုပိုင် ကုမ္ပဏီဖြစ်သော 'ချန်းလုပ်ငန်းစု'၏ ကိုယ်စားလှယ် ဖြစ်သည်။ 'ချန်းလုပ်ငန်းစု'သည် ယွမ်ဘီလီယမ် အနည်းငယ်ခန့် ပိုင်ဆိုင်မှုရှိပြီး မိသားစုဝင်များကိုသာ အလုပ်ခန့်ထားသည်။

သွေးရင်း မိသားစုဝင်တိုင်းသည် 'ချန်းလုပ်ငန်းစု' အမြတ်ငွေ၏ ဝေစုတစ်ခုအား ရရှိကြသော်လည်း ချန်းဖန်၏ မိဘများကမူ ထိုငွေများကို ဘယ်တုန်းကမှ လက်မခံခဲ့ပါ။

ချန်းဖန်သည် မျက်မှောင်ကြုတ်ကာ တွေးမိ၏။

ဒုတိယဦးလေးသည် သူ့ဖခင်အား ကြည်ဖြူသူ မဟုတ်။ ဒုတိယ ဦးလေး၏ အမြင်တွင် ချန်းကောရှင်းသည် ခေါင်းမာလွန်းပြီး မောက်မာနေသူဟု ‌ယူဆသည်။

ချန်းရှုသည်လည်း သူ့ဖခင်၏ ချန်းကောရှင်းတို့ မိသားစုအပေါ် အမြင် မကြည်မှုအား အမွေယူထားပုံ ရသည်။ ကြုံလျှင် ကြုံသလို ချန်းဖန်အား အနိုင်ကျင့် ရန်စတတ်ပြီး ယခု လူပျိုပေါက်အရွယ် ရောက်လာသည်အထိ ထိုအကျင့်က စွဲနေသည့်ပုံပင်။

"ရှောင်ဖန်က ဘာလို့ ပြိုင်ကားတစီး လိုမှာလဲ သူက အခုမှ ကျောင်းသားပဲ ရှိသေးတာ နင်နဲ့ မတူဘူး"

အန်းရာက ပြန်လည် ချေပလိုက်သည်။

"အန်းရာ... ငါသိရသလောက် ချန်းဖန်ရဲ့ ကျောင်းက အဆင့်တွေက ငါနဲ့ သူမသာ ကိုယ်မသာပါပဲ နောက်ဆုံးမှာ သူ့အမေက သူ့ကို ငွေကုန်ကြေးကျ ခံပြီး ပုဂ္ဂလိက ကောလိပ်ကိုပဲ ပို့ရမှာပဲ သူက ငါ့ထက် ဘာတွေများ ထူးနေလို့လဲ"

ချန်းရှုသည်လည်း အခြားသော သူ‌ဌေးသား လူပေါ်ကြော့များကဲ့သို့ပင် သူ့အား ဖားယားနေသူ တစ်စုနှင့် အပြင်သွား၊ လည်ပတ်၊ ပျော်ပါးလျက်သာ အချိန်ကုန်နေတတ်သူ ဖြစ်သည်။ အထက်တန်း နောက်ဆုံးနှစ် ဖြေဆိုစဉ်ကလည်း အမှတ်၇၀၀ ပေးရာတွင် ၂၀၀‌ကျော်မျှသာ ရခဲ့သည်။ မိသားစု ကောင်းမှုကြောင့် နိုင်ငံခြားရှိ ပုဂ္ဂလိက ကောလိပ်တစ်ခုတွင် တက်နေရသော်လည်း ပျင်းရိခြင်းဒဏ်အား မခံနိုင်၍ မကြာခဏ တရုတ်ပြည်သို့ ပြန်လာနေတော့တာ ဖြစ်သည်။

"ဟား...ဟား..."

"အမှန်ပဲ"

"အေးလေ ဘာကွာလို့လဲ..."

ချန်းရှု၏ စကားကိုကြားသော် အနီးနားတွင် ရှိသော ဆယ်ကျော်သက် များသည်လည်း စောင့်ထိန်းအပ်သော လူ့ကျင့်ဝတ်များကိုပင် ဂရုမစိုက်ဘဲ ချန်းဖန်အား ရိုင်းစိုင်းစွာ လှောင်ပြောင် ကြတော့သည်။

မိသားစုကြီးများ၏ မျိုးဆက်သစ် လူငယ်များအား အကဲဖြတ်ရာတွင် ပညာ အရည်အချင်း သာမက ပေါင်းသင်း ဆက်ဆံရေး စွမ်းရည်နှင့် နောက်ခံ အင်အားကိုပါ ထည့်တွက်ကြ၏။ အကယ်၍ တစုံတစ်ယောက်သည် ထိုသုံးခုသော အရည်အချင်း အားလုံးသာ မရှိပါက လုံးလုံးလျားလျား အရှုံးသမားအဖြစ် သတ်မှတ် နိုင်ပေသည်။

သူဌေးသားသမီး အများစုသည် နောက်ခံအင်အား တောင့်တင်းသည်က လွဲ၍ ကျန်သည့် အရည်အချင်း နှစ်ရပ်လုံး မရှိတတ်ကြသော်လည်း ချန်းအန်းနှင့် ချန်းနဉ်တို့က ကွဲပြားသည်။ နှစ်ယောက်လုံးသည် ပညာရေးတွင် ထူးချွန်ရုံသာမက သူဌေး အသိုင်းအဝိုင်းတွင်လည်း လူဝင်ဆန့်စွာ ပေါင်းသင်း ဆက်ဆံတတ်သူများ ဖြစ်ကြသည်။

အားလုံး၏ အမြင်တော့ ချန်းဖန်က အရှုံးသမား တစ်ယောက်ထက် မပိုပေ။

"နင်ဘာတွေ ပြောနေတာလဲ ရှောင်ဖန်က ကျင်းမြို့တော် တက္ကသိုလ်ရဲ့ ဝင်ခွင့်ကို ကျိန်းသေအောင်မှာ"

အန်းရာသည် ယုံကြည်ချက်ရှိစွာ ပြောလိုက်သော်လည်း ကြောက်ရွံ့စိတ် အနည်းငယ်က သူမ မျက်ဝန်းများထဲတွင် ရှိနေသည်။

ချန်းဖန်၏ ကျောင်းရှိ အဆင့်များအကြောင်း သူမထက် ဘယ်သူကမှ ပိုမသိနိုင်ပေ။ ထို့ကြောင့်လည်း သူမက အလုပ်ကို ပိုပြီး ကြိုးကြိုးစားစား လုပ်ရန် လိုသည်။ ဒါမှသာ ချန်းဖန်တစ်ယောက် ဘွဲ့မရခဲ့လျှင်ပင် သူမက ထောက်ပံ့ပေးနိုင်မှာ ဖြစ်သည်။

"ကျင်းမြို့တော် တက္ကသိုလ် "

ချန်းရှုက ဟားတိုက် ရယ်လိုက်သည်။

"သူသာ ကျင်းမြို့တော် တက္ကသိုလ်ကို ဝင်ခွင့်ရရင် ငါလည်း HFကျောင်းကို ဝင်ခွင့်ရနေပြီ ဟုတ်ပြီလား..."

ကျင်းမြို့တော် တက္ကသိုလ်သည် တရုတ်ပြည်ရှိ အကောင်းဆုံး တက္ကသိုလ် ဆယ်ခုထဲတွင် ပါဝင်ပြီး ချန်းမိသားစု၏ တတိယ မျိုးဆက်များထဲတွင် ချန်းနဉ် တစ်ယောက်သာ တက်ရောက်ခွင့် ရခဲ့တာ ဖြစ်သည်။

လူတိုင်းက မယုံကြည်နိုင်မှုတို့ဖြင့် ခေါင်းယမ်း မိကြသည်။ အကယ်၍ ချန်းဖန်၏ မိခင် ဝမ့်ရှောင်ယွင်က ကျင်းမြို့တော် တက္ကသိုလ်သို့ စာကြည့်တိုက် အသစ်တလုံး လှူဒါန်းခဲ့လျှင်ပင် ချန်းဖန်၏ စုတ်ပြတ်နေသော အဆင့်များကြောင့် ကျင်းမြို့တော် တက္ကသိုလ်၌ တက်ခွင့်ရမည် မဟုတ်။

"အဲဒီ့လိုလား ဒါဖြင့် ငါသာ ကျင်းမြို့တော် တက္ကသိုလ်ကို ဝင်ခွင့်ရအောင် လုပ်နိုင်ခဲ့ရင်ရော"

ချန်းဖန်က ရုတ်တရက် ထမေးလိုက်သည်။

"မင်းက ကျင်းမြို့တော် တက္ကသိုလ်ကို"

ချန်းရှု၏ မျက်ခုံးများက မြင့်တက်သွားသည်။

"တကယ်လို့ မင်းသာ အဲ့လို လုပ်ပြနိုင်ခဲ့ရင် ငါ့ရဲ့ ကျန်တဲ့ တဘဝလုံး မင်းကို အကိုလေးလို့ ခေါ်သွားမယ် ဘယ်လိုလဲ"

ချန်းရှုသည် မိသားစုထဲတွင် ချန်းအန်းပြီးလျှင် ဒုတိယအကြီးဆုံး ဖြစ်ရာ ရင်းနှီးသော သူများက အစ်ကိုလေးဟု နာမည်ပြောင် ပေးထားကြသည်။

"ရှောင်ဖန်... "

အန်းရာသည် ပူပန်စွာဖြင့် ချန်းဖန်၏ အင်္ကျီစအား ဆွဲကာ သတိပေးမိသည်။

"ဘာမှမဖြစ်ဘူး အမအန်း"

ချန်းဖန်က ခပ်တိုးတိုး နှစ်သိမ့် လိုက်သည်။ ထို့နောက် ချန်းရှုဘက်သို့ လှည့်လိုက်ပြီး တည်တံ့‌သော မျက်နှာထားဖြင့် တခွန်းချင်း ပြောလိုက်သည်။

"ဒီအလောင်းအစားကို ငါနိုင်ခဲ့ရင် မင်းငါ့ကို အကိုလေးလို့ ခေါ်စရာ မလိုဘူး အဲ့ဒီ့အစား အစ်မအန်းကို မမလေးလို့ ခေါ်ရမယ်"

"မင်းရှုံးခဲ့ရင်ရော"

ချန်းရှုသည် မျက်လုံးများကို မှေးစင်းရင်း ချန်းဖန် ရှုံးမည်ကို ကြိုသိနေသည့် အလား မေးသည်။

"ငါရှုံးရင်လား"

ချန်းဖန်သည် ချန်းရှု၏ မေးခွန်းကြောင့် အနည်းငယ် ရယ်ချင် သွားပုံ ပေါ်သည်။

"မင်းလိုချင်တာ ဘာမဆို"

"အရမ်းကောင်းတယ် ဒီအလောင်းအစားကို မှတ်ထားပါ"

ချန်းရှုသည် သူ့အရှေ့ရှိ စားပွဲအား ရိုက်လိုက်ရင်း စိတ်လှုပ်ရှားစွာ ပြောသည်။

ချန်းမိသားစု၏ ဆယ်ကျော်သက်လေးများ အားလုံးက ချန်းဖန်တစ်ယောက် ကိုယ်စွမ်း ကိုယ်စဖြင့် ကျင်းမြို့တော် တက္ကသိုလ်သို့ ဝင်ရောက်နိုင်မည်ဟု လုံးဝ မယုံကြည်ကြပေ။

ချန်းဖန် အလောင်းအစားအား သဘောတူ လိုက်သည်ကို ကြည့်ရင်း အန်းရာ သက်ပြင်းသာ ချမိသည်။ အိမ်ပြန်ရောက်လျှင် သူမအမေနှင့် တိုင်ပင်ပြီး အဆက်အသွယ် တချို့နှင့် စကားပြောကြည့်ရန် လိုလာပြီ ဖြစ်သည်။ မောင်နှမ ဝမ်းကွဲများ၏ ရှေ့တွင် ချန်းဖန် မျက်နှာ ပျက်ရမည်ကို သူမ ဒီတိုင်း ထိုင်ကြည့် မနေနိုင်ပါ။

"တော်လောက်ပြီ ငါတို့အားလုံးက ချန်းမိသားစုဝင်တွေပဲ အပျော်တမ်း အလောင်းအစားလေး တစ်ခုကြောင့်နဲ့ ကိုယ်ရေးကိုယ်တာ ခံစားချက်တွေ ပါမလာစေနဲ့"

ချန်းအန်းက စကား ဝင်ပြောလာသည်။ ချန်းရှုသည်လည်း ချန်းအန်းအား မလွန်ဆန်ရဲဘဲ တိတ်ဆိတ်စွာ ထိုင်ခုံ၌ ပြန်ထိုင်လိုက်သည်။

"ဒါပေမဲ့... မင်းကို တစ်ခုတော့ ပြောချင်တယ် ချန်းရှုပြောတာတွေ အားလုံးက အမှန်တွေပဲ မင်းရဲ့ အသက်အရွယ်မှာ စာလေ့လာတာလောက် ဘယ်ဟာကမှ အရေးမကြီးဘူး အဆင့်မြင့် တက္ကသိုလ် တစ်ခုက ဘွဲ့လက်မှတ်နဲ့သာ ဆိုရင် ဘဝရဲ့ အောင်မြင်မှု တံခါးတွေ အများကို ဖွင့်နိုင်တယ် အစိုးရ ဝန်ထမ်းအဖြစ်ပဲ အလုပ်လုပ်မလား ဒါမှမဟုတ် မင်းအမေရဲ့ ကုမ္ပဏီကိုပဲ လက်လွှဲယူမလား ကြိုက်ရာ ရွေးချယ်လို့ရတယ်"

ချန်းအန်းသည် ဖြောင့်မတ်သော အစ်ကိုကြီး တစ်ယောက်၏ ဟန်ပန်ဖြင့် အထက်စီးဆန်စွာ ချန်းဖန်အား ဆုံးမလာသည်။

"ဘွဲ့တစ်ခုက ပညာရေး လမ်းကြောင်းမှာ အောင်မြင်မှု ဘယ်လောက်ရခဲ့လဲ ဆိုတာကို အဆုံးအဖြတ် ပေးနိုင်ရုံတင် မကဘူး လုပ်ငန်းခွင်မှာလည်း အများကြီး အထောက်အကူ ပြုတယ်။ သာမန် တက္ကသိုလ်လေး တစ်ခုက စီးပွားရေးဘွဲ့ ရလာတဲ့သူနဲ့ HFလို နေရာမျိုးက စီးပွားရေးဘွဲ့ ရလာတဲ့သူမျိုး လုပ်ငန်းခွင်မှာ တွေ့တဲ့အခါ ဘယ်သူ့ရဲ့ ဦးဆောင်မှုနောက်ကို ဘယ်သူက လိုက်ရမလဲ ဆိုတာ တွေးကြည့်ရုံနဲ့ သိနိုင်တယ်"

ချန်းဖန်သည် ချန်းအန်း၏ စကားများကြောင့် သဘောတကျ ပြုံးမိပြီး ဘာမှ ပြန်မပြောဖြစ်တော့။

သာမန် လူများအတွက် ဆိုလျှင် ချန်းအန်း၏ စကားများအား မှန်လိမ့်မည် ဖြစ်သော်လည်း ခြွင်းချက် အနေနှင့် ချန်းဖန်အတွက်တော့ မှန်မနေပေ။ အသက်ငါးရာကျော် ရှင်သန်ခဲ့သော မြောက်အရပ်၏ ကောင်းကင်ဘုံ နတ်ဘုရားက အသက်နှစ်ဆယ် ကျော်ကျော်ခန့်သာ ရှိသေးသော လူငယ်လေး တစ်ယောက် ထံမှ ဆုံးမခံနေရခြင်းကား ... နည်းနည်းတော့ ကို့ရိုးကားယား နိုင်ပြီး ရယ်ချင်ဖွယ် ဖြစ်နေသည်။

ချန်းဖန်၏ ပြုံးတုံ့တုံ့ ဖြစ်နေသော အမူအရာကို မြင်သော် ချန်းနဉ်က အထင်သေးစွာ နှာခေါင်း ရှုံ့မိသည်။

ထိုအချိန်တွင် ချန်းရှုက ချန်းအန်းအား အလောတကြီး မေးလာသည်။

"အစ်ကိုကြီး ဒီညအတွက် ဘာအစီအစဉ်တွေ ရှိလဲ ကျွန်တော့် မိတ်ဆွေ တစ်ယောက်က အရက်ဘားတစ်ခု အသစ်ဖွင့်ထားတယ် အဲဒီကိုသွားပြီး ပျော်စရာလေးတွေ မဖန်တီးချင်ဘူးလား"

"တော်ပါတော့ ဒုတိယ အစ်ကိုလေးရယ် အစ်ကိုလေးရဲ့ မိတ်ဆွေ‌တွေ အကုန်လုံးက သောက်စား မူးယစ် ပျော်ပါးဖို့ပဲ သိကြတဲ့သူတွေ... ကျွန်တော်တို့ အစ်ကိုကြီးက အစိုးရအတွက် အလုပ်လုပ်နေတဲ့ သူတစ်ယောက်၊ ဘယ်လိုလုပ် အဲ့လိုနေရာတွေကို ခေါ်သွားလို့ သင့်တော်မှာလဲ"

"ဟုတ်ပါပြီကွာ... မင်းတို့ပဲ ဆုံးဖြတ်ကြတော့"

ချန်းရှုသည်လည်း ချန်းအန်း၏ အလုပ်အကိုင် အကြောင်း ပြန်တွေးမိပြီး အရက်ဘားသို့ သွားမည့် အကြံအား လက်လျှော့လိုက်သည်။

"ဟုတ်သားပဲ... ကျွန်တော်တို့ ဟိုနေရာကို သွားကြရင် မကောင်းဘူးလား"

လူငယ်‌တစ်ယောက်က စိတ်အားထက်သန်မှုကြောင့် တလက်လက် တောက်ပနေသော မျက်လုံးများဖြင့် အကြံပေးလာသည်။

***

All Chapters