ချန်းမိသားစု၌ ညစာစားခြင်း
Vol. 2 Ch. 127
'ဟိုနေရာ' ဆိုသည်မှာ မည်သည့်နေရာ ဖြစ်ကြောင်း ထိုလူငယ် ပြောပင်မပြောရသေးခင် အပေါ်ထပ်မှ လူကြီးများအားလုံး အောက်ထပ်သို့ ပြန်ဆင်းလာကြသည်။ ညစာစားကြရန် ဖြစ်သည်။
ဒုတိယ ဦးလေးသည် နာမည်ကြီး စားသောက်ဆိုင် တစ်ခု၌ ကြိုတင် စာရင်း ပေးထားသော်လည်း အဘိုးချန်းက အပြင်သို့ မသွားချင်ဟု ဆိုသောကြောင့် ဖျက်သိမ်း လိုက်ရသည်။
သို့နှင့် ချန်းမိသားစု၏ ညစာစားခြင်း အမှုမှာ ချန်းမိသားစု ဂေဟာ၏ ခန်းမကျယ်ကြီး အတွင်းတွင်သာ ပြုလုပ် ဖြစ်သွားသည်။ အဘိုးချန်းသည် ညစာအတွက် ကြယ်ငါးပွင့် ဟိုတယ် တစ်ခုမှ စားဖိုမှူးများအား ငှားရမ်းထားသည်။
ညစာစားပွဲအတွက် ဟင်းပွဲများမှာ အဘိုးချန်းအကြိုက် ရိုးရှင်းသော ဟင်းပွဲများ ဖြစ်ကြသည်။ ငါးဥဆားနယ်၊ ပြည်ကြီးငါးသုပ်၊ ကြက်ဥမွှေကြော်၊ ဆန်ကိတ်၊ ခေါက်ဆွဲအေးနှင့် တို့ဟူးနွေး ကဲ့သို့သော ရိုးရာ အစားအစာများလည်း ပါဝင်သည်။ သို့သော် ရိုးရှင်းသော ဟင်းပွဲများက ကျွမ်းကျင်အဆင့် စာဖိုမှူးများ၏ လက်ထဲတွင် စားချင့်စဖွယ် အသွင်သဏ္ဌာန်နှင့် အနံ့အရသာ ပြည့်စုံလျက်ရှိသည်။
ထို့နောက်တွင် အနောက်တိုင်း ဆန်ဆန် ရောစပ် ပြင်ဆင် ပေးထားသော ကော့တေးဝိုင်းလည်း ရှိနေသေးသည်။
မိသားစုဝင်များ အားလုံး ညစာ စားပြီးကြချိန်အထိ စောင့်ပြီးမှ အဘိုးချန်းက လက်ထဲရှိ တူတစုံအား ဖြည်းညင်းစွာ ချလိုက်သည်။ အဘိုးချန်းတွင် ပြောစရာ တစုံတရာ ရှိနေသည်မှာ သိသာလှသည်။ ခန်းမတစ်ခုလုံး အလိုက်တသိ တိတ်ဆိတ် သွားကြသည်။
"ချန်းမိသားစုရွာကို မပြန်ခင်မှာ ဒီလိုမျိုး မိသားစု တွေ့ဆုံပွဲ အသေးလေး ကျင်းပရတဲ့ ရည်ရွယ်ချက်ကတော့ ဒီနှစ်တွေအတွင်း ချန်းမိသားစုအနေနဲ့ ဘယ်လို အောင်မြင်မှုတွေ၊ ဆုံးရှုံးမှုတွေ ကြုံတွေ့ခဲ့ရတယ် ဆိုတာကို ကြေညာဖို့ရယ်၊ လာမဲ့နှစ်တွေမှာ ပိုကောင်းအောင် ဘယ်လို ကြိုးစားကြမယ် ဆိုတာကို ဆွေးနွေးချင်တာကြောင့်ပဲ"
အဘိုးချန်းက မှိုင်းညှို့ရီဝေစွာ ပြောသည်။
လူတိုင်း၏ မျက်နှာ အမူအရာများက လေးနက် သွားကြသည်။ လွန်ခဲ့သည့်နှစ်က ကောင်းကောင်း အလုပ်မလုပ်ခဲ့သည့် လူများက အနေခက်စွာ ခေါင်းငုံ့ လိုက်မိကြသည်။
ချန်းမိသားစုသည် ကြီးမားသော ကလန်ကြီး တစ်ခုဖြစ်ပြီး အဘိုးချန်း (ချန်းဟွိုက်အန်း) ဦးဆောင်သော ချန်းမိသားစုသည် ပင်မ ချန်းမိသားစုကြီး၏ အကိုင်းအခက် အခွဲတစ်ခုမျှသာ ရှိသည်။ အဘိုးချန်း၏ ဝမ်းကွဲ ညီအကို မောင်နှမများသည် ကျင်းမြို့တော် အနှံ့တွင် ပျံ့နှံ့နေကြပြီး ကိုယ်ပိုင် ပိုင်ဆိုင်မှု လုပ်ပိုင်ခွင့်များဖြင့် အသီးသီး အောင်မြင်နေကြသည်။ ဆွေမျိုးများထဲမှ အချို့ကလည်း ယခုထက်ထိ ချန်းမိသားစုရွာတွင် နေနေကြဆဲ ဖြစ်သည်။
နှစ်စဉ်နှစ်တိုင်း ချန်းမိသားစုဝင် များသည် အိမ်တော်တစ်ခု၌ စုဝေးကြပြီး စီးပွားရေးနှင့် ပတ်သက်၍ ဖြစ်စေ၊ လူမှုရေးနှင့် ပတ်သက်၍ ဖြစ်စေ တနှစ်အတွင်း ရရှိခဲ့သော အောင်မြင်မှုများအား မိသားစုဝင်တိုင်း၏ ရှေ့တွင် ကြေညာရသည်။ ဤနှစ်များအတွင်း ချန်းမိသားစုမှ ဒိတ်ဒိတ်ကြဲ အောင်မြင်သော သူဌေးကြီးများ မွေးထုတ် မပေးနိုင် သေးသော်လည်း တစ်နှစ်ထက် တစ်နှစ် တိုးတက်မှုများ ရှိလာသည်ကတော့ အမှန်ပင်။
"မင်းတို့ရဲ့ အကြီးဆုံး အစ်ကိုကြီးကနေ စကြတာပေါ့"
အဘိုးချန်းက ဖြည်းညင်းစွာ ပြောသည်။
"ပြီးခဲ့တဲ့နှစ်မှာ သူနဲ့ပတ်သက်ပြီး ကောင်းသတင်းတွေပဲ ပြန်ကြားရတယ် နှစ်အနည်းငယ် လောက် အတွေ့အကြုံ ထပ်ယူပြီးရင် အခုထက် ပိုမြင့်တဲ့ ရာထူးတစ်ခုကို တာဝန် ယူနိုင်လာလိမ့်မယ်"
ချန်းဖန်၏ အကြီးဆုံး ဦးလေးအမည်မှာ ချန်းကျန်းရှင်း ဖြစ်သည်။ နှစ်ပေါင်းများစွာ မိသားစု ကလန်အတွက် အလုပ် လုပ်ပေးခဲ့ပြီးနောက် ချန်းကျန်းရှင်းသည် ချန်းမိသားစုအတွင်း လွှမ်းမိုး နိုင်စွမ်းရှိသူ တစ်ယောက် ဖြစ်လာခဲ့သည်။
အဘိုးချန်း၏ ချီးကျူးမှုကို ကြားသော် ချန်းကျန်းရှင်း၏ မျက်နှာမှာ မပြောင်းမလဲ ရှိနေသေးသော်လည်း သူ့ဇနီး၏ မျက်နှာတွင်တော့ အပြုံးကြီးကြီး တစ်ခု ဖြစ်ပေါ်လာသည်။
"အစ်ကိုကြီးက အလုပ်လုပ်တဲ့အခါမှာ အမြဲတမ်း တည်တည်ကြည်ကြည်နဲ့ သတိကြီးကြီး ထားပြီး လုပ်တတ်တယ်။ အချိန်တွေ အကြာကြီး မိသားစုအတွက် အကျိုးဆောင်ပေးခဲ့တာ... အခုက အောင်မြင်မှုရဲ့ အသီးအပွင့်ကို ခံစားရမဲ့ အချိန်ပဲ"
ချန်းဖန်၏ ဒုတိယဦးလေး ချန်းချန်ရှင်းကလည်း သူ့အစ်ကိုကြီးအား ဝင်ရောက် ချီးကျူး လိုက်သည်။
"အမှန်ပဲ အစ်ကိုကြီး ရှိနေတာက ကျုပ်တို့ မိသားစုအတွက်တော့ ထောက်တိုင်ကြီး တစ်ခုလိုပါပဲ"
ချန်းဖန်၏ နောက်ထပ် ဦးလေး တစ်ယောက်ကလည်း အားကျစွာ ပြောလာ၏။
"အစ်ကိုကြီးသာ ဒီထက်မြင့်တဲ့ ရာထူးတစ်ခုကို ရခဲ့ရင် ကျွန်မတို့ အားလုံးလည်း မျက်နှာပွင့်မှာ သေချာတယ်။ အဲအခါကျရင် တခြား မိသားစု အခွဲတွေက လူတွေရဲ့ ဖြစ်ပျက်သွားမဲ့ မျက်နှာတွေကို မြင်ချင်သေးတယ်။ ကုမ္ပဏီမှာ ကျွန်မအမျိုးသားရဲ့ ရာထူးကို မေးခွန်း ထုတ်ရဲတဲ့သူလည်း ရှိမှာ မဟုတ်တော့ဘူး"
ဒုတိယဦးလေး၏ ဇနီးက ခါးသီးနေသော မျက်နှာထားဖြင့် ပြောသည်။
ချန်းမိသားစုပိုင် 'ချန်းလုပ်ငန်းစု'တွင် အဘိုးချန်းသည် အဓိကျသော ရှယ်ယာများ ပိုင်ဆိုင် ထားသော်လည်း တစ်ခါတရံ အခြား မိသားစုခွဲများမှ လူများက အဘိုးချန်း၏ ဒုတိယသား ချန်းချန်ရှင်း အပေါ် အထင်အမြင်သေးစွာ မေးခွန်းထုတ်ခြင်းများ ရှိတတ်သည်။ ထိုအခါတိုင်း အဘိုးချန်းက သားဖြစ်သူအား ကာကွယ် ပေးရမြဲ ဖြစ်သည်။
ထို့ကြောင့် မည်သို့ပင်ဆိုစေ အစ်ကိုကြီးဖြစ်သူ ချန်းကျန်းရှင်း၏ အောင်မြင်မှုက ညီငယ် ချန်းချန်ရှင်း၏ အရည်အချင်း မပြည့်ဝမှုအား ဖုံးကွယ်ပြီးသား ဖြစ်စေသည်။
"အားလုံးက သူ့အမှားပဲ ဝေဖန်တဲ့ လူတွေကို အပြစ်တင်လို့ မရဘူး"
အဘိုးချန်းက သူ၏ ဒုတိယသားအား အေးစက်စွာ အပြစ်တင် လိုက်သည်။
"မင်းက သန်းရာချီတဲ့ ငွေတွေနဲ့ လုပ်ငန်းကို စီမံခန့်ခွဲနေပေမဲ့ အမြတ်ငွေတွေက ဘယ်မှာလဲ ချန်းလုပ်ငန်းစုနဲ့ အပြိုင် တခြား ကုမ္ပဏီတွေ အကုန်လုံး မြို့ကြီးပြကြီးတွေမှာ ကုမ္ပဏီခွဲတွေ ဖွင့်နိုင်နေပြီ ငါတို့ကတော့ ကျင်းမြို့တော်မှာပဲ လည်ပတ်နေရတုန်း... တခြားလူတွေနေရာမှာ ငါဆိုရင်လည်း မင်းကို ဝေဖန်မိမှာပဲ...
မင်းက ရှောင်ယွင်နဲ့တောင် မယှဉ်နိုင်ဘူး ရှောင်ယွင်ဆိုရင် ကျုံးဟိုင်မြို့ကို တစ်ယောက်တည်း တက်သွားပြီး ဘယ်သူ့ အကူအညီမှ မပါဘဲ ကျင်းရှို့ လုပ်ငန်းစုကို တည်ထောင်နိုင်ခဲ့တယ် အခုဆိုရင် ကျင်းရှို့ လုပ်ငန်းစုက ချန်းလုပ်ငန်းစုနဲ့ တောင် ယှဉ်နိုင်တော့မယ် မင်း အခုလို ဆက်ပြီး အသုံးမကျ ဖြစ်နေဦးမယ် ဆိုရင် မင်းရဲ့နေရာကို ရှောင်ယွင်နဲ့ အစားထိုး လိုက်တော့မယ်..."
ချန်းချန်ရှင်း၏ နဖူးပြင်၌ ချွေးအေးများပင် စို့လာသည်။ သူက ဖခင်ဖြစ်သူ၏ ဆူပူမှုအား မည်သို့ တုံ့ပြန် ရမည် မသိတော့။
"တော်လောက်ပြီ ချန်ရှင်းမှာလည်း ရွေးချယ်စရာ မရှိဘူးလေ ရှင့်ရဲ့ တခြားမိသားစုခွဲက လက်ပေါက် ကပ်တဲ့ လူတွေအကုန်လုံးနဲ့ အဆင်ပြေအောင် ညှိနှိုင်းဖို့က လွယ်တဲ့ ကိစ္စလား ဒီအလုပ်က လုံးဝ မလွယ်ဘူး..."
ချန်းဖန်၏ အဘွားက သူမသားဘက်မှ ကာကွယ် ပြောဆိုပေးသည်။ ထို့နောက် သူမက ဝမ့်ရှောင်ယွင်အား အေးစက်စက် တစ်ချက် လှမ်းကြည့် လိုက်သည်။
ချန်းဖန်၏ အဘွားဖြစ်သူသည် ဆံပင်ဖြူများနှင့် ဖော်ရွေသော မျက်နှာထားရှိပြီး သဘောကောင်းမည်ဟု ထင်ရသော်လည်း ချန်းဖန် အတွက်တော့ ဘယ်တုန်းကမှ မဟုတ်ခဲ့။
သူမသည် အခြားသော မြေး၊ မြေးမများအား အလွန် ရင်းနှီး ချစ်ခင်စွာ ဆက်ဆံ တတ်သော်လည်း ချန်းဖန်ကိုတော့ လေလို၊ ဖုန်မှုန့်လို အမြဲတမ်း လျစ်လျူရှု ထားတတ်သည်။
သူမသည် ချန်းဖန်၏မိခင် ဝမ့်ရှောင်ယွင်အား ဘယ်တုန်းကမှ မနှစ်သက်ခဲ့။ အကြောင်းမှာ သူမ၏ ပါရမီရှင် သားရတနာလေး ချန်းကောရှင်း တစ်ယောက် သာမန် အစိုးရဝန်ထမ်းအဖြစ် နယ်မြို့လေး တမြို့၌ နေနေရခြင်းမှာ ဝမ့်ရှောင်ယွင်နှင့် လက်ထပ်ခဲ့ခြင်းကြောင့် ဖြစ်သည်ဟု သူမက တထစ်ချ ယူဆထားသောကြောင့် ဖြစ်သည်။
"ဘာပဲဖြစ်ဖြစ် ... မင်း အခုထက် ပိုကြိုးစားပြီး ပိုဂရုစိုက်ရမယ်"
အဘိုးချန်းသည် ဇနီးဖြစ်သူ ပါဝင်လာမှုကြောင့် ဆက်မပြော လိုတော့ဟန်ဖြင့် လက်တစ်ဖက်အား ဝှေ့ယမ်း လိုက်သည်။
သူ့ဇနီးက သူ၏ ဒုတိယသားအား ဖျက်ဆီး နေခဲ့ခြင်း ဖြစ်သည်။ သူ့ဇနီးကြောင့်သာ မဟုတ်ပါက ချန်းချန်ရှင်းသည် ချန်းလုပ်ငန်းစု၏ ကိုယ်စားလှယ် ရာထူးအား ဘယ်တော့မှ ရခဲ့လိမ့်မည် မဟုတ်ပေ။
"ကောရှင်း... ဒီအတောအတွင်း အလုပ်က အဆင်ပြေရဲ့လား"
တတိယသား၊ ချန်းကောရှင်းအား စကားပြောသည့် အခါ အဘိုးချန်း၏ လေသံမှာ သိသိသာသာ ပျော့ပျောင်း သွားသည်။
"စီကျွေးမြို့နယ်မှာ စိုက်ပျိုးရေးကွင်းတွေ တိုးချဲ့နေတယ်လေ အစိုးရက ငါးနှစ်ပရောဂျက် အနေနဲ့ အစီအစဉ် ချပေးထားတာ ဆိုတော့ အခုတလောတော့ အဲဒါနဲ့ပဲ အလုပ်ရှုပ်နေတယ်"
ချန်းကောရှင်းက သူ၏ လုပ်ငန်းစဉ်များ အကြောင်း အသေးစိတ် ရှင်းပြသည်။ အဘိုးချန်းကလည်း သေချာ အာရုံစိုက် နားထောင်ပြီး တစ်ခါတရံ လက်ခံသည့် အနေဖြင့် ခေါင်းတဆတ်ဆတ် ညိတ်လျက် ရှိသည်။
ချန်းကောရှင်း၏ ရှင်းလင်းတင်ပြမှု အဆုံးတွင် အဘိုးချန်းက သားဖြစ်သူအား ချီးကျူး လိုက်သည်။
အဘိုးချန်း၏ ချန်းကောရှင်းအပေါ် သိသိသာသာ အရေးပေးမှုက အခြား မိသားစုဝင်များအား ဖင်မထိုင်နိုင် ဖြစ်စေသည်။ ဒုတိယသား၏ ဇနီးက တီးတိုး ရေရွတ်လိုက်သည်။
"မတရားဘူး အဖေက အမြဲတမ်း ချန်းကောရှင်းကို တခြားသားတွေထက် ပိုအရေးပေးတယ်"
သူမက လေသံမျှဖြင့်သာ ပြောလိုက်ခြင်း ဖြစ်သော်လည်း သူမအနီးတွင် ထိုင်နေသော လူများကတော့ ကြားလိုက်ရသည်။
ချန်းဖန်နှင့် အန်းရာသည်လည်း ထိုအမျိုးသမီးနှင့် မလှမ်းမကမ်းတွင် ထိုင်နေခြင်းဖြစ်ရာ ကြားလိုက်ကြရသည်။ ချန်းဖန်၏ အမူအရာမှာ မပြောင်းမလဲ ရှိနေသေးသော်လည်း အန်းရာကတော့ မျက်မှောင်ကြုတ်မိ သွားသည်။
"ငါသာ မင်းနေရာမှာဆိုရင် ကျင်းမြို့တော်ကို ပြောင်းလာပြီးနေပြီ စီကျွေးလို မြို့သေးသေးလေးက ဘာများ ကောင်းနေလို့လဲ ကျင်းမြို့တော်ကိုလာပြီး ငါနဲ့ မင်းအစ်ကိုကြီးကို ကူညီပါလား နေရာကောင်း တစ်ခု ရစေရမယ်လို့ ငါကတိပေးတယ်..."
ချန်းချန်ရှင်းက ချန်းကောရှင်းအား ပြောသည်။
"ကျွန်တော့်အဖေ ပြောတာ မှန်တယ် တတိယ ဦးလေး၊ ဦးလေး အဲဒီ့မှာ အလုပ် လုပ်နေတာ နှစ်နှစ်ဆယ်လောက် ရှိနေပြီ အခုထိ အောက်ခြေကနေ တက်သေးလို့လား"
ချန်းရှုကလည်း ဝင်ပြောလာသည်။
ချန်းကောရှင်းသည် တည်တည်ငြိမ်ငြိမ် ဆက်၍ ထိုင်နေသော်လည်း သူ့မျက်နှာတွင်မူ စိတ်ရှုပ်ခြင်းတို့က အတိုင်းသား ပေါ်နေသည်။
အဘိုးချန်းသည်ပင် ချန်းကောရှင်းအား မျှော်လင့်တကြီး ကြည့်လာသည်။ သူသည်လည်း သူ၏ ချစ်လှစွာသော သားအား ကျင်းမြို့တော်သို့ ပြန်လာပြီး သူ့နံဘေးတွင် နေစေလိုသည်။
မနှစ်မြို့ခြင်းတို့က ဝမ့်ရှောင်ယွင်၏ မျက်လုံးများထဲ ဖြတ်ပြေး သွားသည်။ အခြားသူများက သူမ၏ အမျိုးသားအား ဖိအားပေးနေခြင်းကို သူမ လက်ပိုက် ကြည့်မနေနိုင်တော့။ သူမ တစ်စုံတစ်ရာ ဝင်ပြောမည့် ဆဲဆဲတွင် လူငယ်လေး တစ်ယောက်၏ တည်ငြိမ် ဩရှသော အသံအား ကြားလိုက်ရသည်။
"ကျွန်တော့်အဖေရဲ့ ရာထူးက လောလောဆယ်မှာ မပြောပလောက်အောင် နိမ့်နေသေးပေမဲ့ ဒီအတောအတွင်း အဖေက တန်ဖိုးရှိတဲ့ အတွေ့အကြုံတွေ အများကြီး ရထားပြီးပြီ နောက်နှစ် အနည်းငယ်အတွင်း မြို့ကြီးပြကြီးတွေက ပိုအရေးပါတဲ့ ရာထူးကို တာဝန်ယူရလိမ့်မယ်"
ချန်းဖန်၏ စကားများက အားလုံးကို ရှောခ့်ရသွားစေသည်။
"ရှောင်ဖန်... စီကျွေးလိုမျိုး မြို့သေးသေးလေးတွေမှာ တာဝန်ကျပြီးရင် တခြားမြို့ကို ပြောင်းဖို့ဆိုတာက အဲ့လောက် မလွယ်တော့ဘူး စီကျွေးမြို့က အာဏာအရှိဆုံးနဲ့ အချမ်းသာဆုံး လူတောင် မလုပ်ပေးနိုင်ဘူး"
ချန်းချန်ရှင်းက မဲ့ပြုံးတစ်ခုနှင့် ပြောသည်။
"ဟုတ်ပါတယ်လေ မင်းက အရမ်း ငယ်သေးတယ် ရှောင်ဖန် တကယ့် လက်တွေ့ လောကကြီးမှာ ရှင်သန်ရတာက ဘယ်လောက် ခက်ခဲလဲဆိုတာ မင်းမသိပါဘူး"
"လူကြီးတွေရဲ့ စကားဝိုင်းကို ဝင်မနှောင့်ယှက်နဲ့"
ချန်းကျန်းရှင်းကလည်း ချန်းဖန်အား မျက်နှာထား တည်တည်ဖြင့် ဆူပူလိုက်သည်။
ချန်းဖန်၏ ပထမဦးလေး ချန်းကျန်းရှင်းသည် စကားနည်းပြီး စာအုပ်ကြီးအတိုင်း လုပ်တတ်သူ ဖြစ်ရာ အရေးမပါသော စကားများနှင့် အပြောသက်သက် လေကြီးမိုးကြီး ပြောတတ် သူများအား အလွန် မုန်းသည်။
အခြား မိသားစုဝင် များသည်လည်း စိတ်ပျက်စွာ ခေါင်းယမ်း မိကြသည်။ ချန်းဖန်၏ အဘွားကပင် ချန်းဖန်အား အထင်သေးစွာ ကြည့်သည်။
ချန်းကောရှင်းနှင့် ဝမ့်ရှောင်ယွင်တို့သည် မီးစပေါ် တက်ထိုင် မိသကဲ့သို့ မျက်နှာများ နီရဲသွားကြသည်။ သားဖြစ်သူ၏ မဖြစ်နိုင်သော စကားများကြောင့် နှစ်ယောက်လုံး အနည်းနှင့် အများတော့ စိတ်ရှုပ်မိကြသည်။
ထိုအချိန်တွင် ချန်းရှုသည် မီးလောင်ရာ လေထပ်ပင့် လိုက်သည်။
"အဖေ ခုနတုန်းက မကြားလိုက်လို့၊ ရှောင်ဖန်က ပြောတယ် ကျင်းမြို့တော် တက္ကသိုလ်ရဲ့ ဝင်ခွင့်ကို အောင်အောင် ဖြေမှာတဲ့လေ ရှောင်ဖန်သာ တကယ် အောင်မြင်သွားရင် တတိယ ဦးလေးတော့ မျက်နှာပွင့်မှာ အမှန်ပဲ"
"ကျင်းမြို့တော် တက္ကသိုလ်"
ချန်းမိသားစုဝင် အားလုံးတို့သည် ချန်းဖန်၏ အဆင့်များ အကြောင်း သိထားကြရာ ချန်းရှု၏ စကားအား ကြားပြီးနောက် ချန်းဖန်အား ပါးစပ် အဟောင်းသားဖြင့် လှမ်းကြည့် မိကြသည်။
"ကောရှင်း... မင့်သားကို ပညာရေးမှာသာ အာရုံစိုက်ဖို့ သင်ကြားထားဦး အခုလို မိသားစု တွေ့ဆုံပွဲမှာ ဘယ်လို ပါးစပ်ပိတ်ထားရမလဲ ဆိုတာ မသိရင် သူများ အလှောင်ပြောင်ခံပဲ ဖြစ်ရလိမ့်မယ်"
ချန်းဖန်၏ အဘွားက ချန်းဖန်အပေါ် မနှစ်မြို့မှုများအား လုံးဝ ဖုံးကွယ် မထားဘဲ ပြောလာ၏။
"ဟုတ်ကဲ့ပါ အမေ"
ချန်းကောရှင်းသည် အနည်းငယ် မျက်နှာ ပျက်သွားသော်လည်း ကြိုးစားပြုံး၍ ပြန်ဖြေ လိုက်ရသည်။
ချန်းဖန်တစ်ယောက် မိသားစု တွေ့ဆုံပွဲအတွင်း အားလုံး၏ အထင်အမြင် သေးခြင်း ခံနေရသည်ကို မြင်သောအခါ ချန်းနဉ်သည် မပြုံးဘဲ မနေနိုင်ပေ။
'အခုတော့ နင့်ရဲ့ မောက်မာနေတဲ့ ပါးစပ်ကို ဘယ်လို ပိတ်ထားရမလဲ ဆိုတာ သိပြီပေါ့'
***