မြင်းစီးကလပ်
Vol. 2 Ch. 128
လူအများ၏ လှောင်ပြောင်လိုသော အကြည့်များနှင့် စိတ်ပျက်သလို ခေါင်းယမ်း နေမှုများအား ချန်းဖန်က တည်တည်ငြိမ်ငြိမ်သာ ရင်ဆိုင်နေသော်လည်း စိတ်ထဲတွင်တော့ ရယ်နေမိသည်။
ထိုသို့သော ဦးနှောက်မရှိ၊ ဘာကောင်းကျိုးမှ မပေးသည့် ဆွေမျိုးများအား သူ့အနေနှင့် လျစ်လျူရှု ထားလိုက်ရုံသာ။
အတိတ်ဘဝက ချန်းလုပ်ငန်းစုသည် ဒေဝါလီ ခံရလုနီးနီး အခြေအနေ တစ်ခုသို့ ရောက်ရှိ ဖူးခဲ့သည်။ ထိုအချိန်က ဝမ့်ရှောင်ယွင်သည် ကျင်းရှို့လုပ်ငန်းစုမှ ဘဏ္ဍာငွေများကို သုံး၍ ကယ်တင်ပေးခဲ့သည်။ သို့သော် ကျင်းရှို့လုပ်ငန်းစု အခက်အခဲ ဖြစ်လာသော အချိန်တွင် ချန်းလုပ်ငန်းစု ထံမှ မကောင်းတတ်၍ ကူညီလာသော ငွေ တစ်ပြားတစ်ချပ်မှပင် မရရှိခဲ့။
ချန်းမိသားစုတွင် ချန်းဖန်တို့အား အမှန်တကယ် ဂရုစိုက်သူဟူ၍ အဘိုးချန်း တစ်ယောက်သာ ရှိသည်။
'ဒီတွေ့ဆုံပွဲပြီးလို့ နှစ်နှစ်လောက်နေရင် အဘိုးက ကင်ဆာ နောက်ဆုံးအဆင့်နဲ့ ဆုံးသွားလိမ့်မယ် အဘိုးသာ အသက်ရှည်ရှည် နေခဲ့ရရင် ငါ့မိသားစုလည်း ဆိုးဆိုးရွားရွား အဆုံးသတ်ခဲ့ရမှာ မဟုတ်ဘူး'
သက်ပြင်းချရင်း ချန်းဖန် အဘိုးချန်းထံသို့ လှမ်းကြည့် လိုက်သည်။ အဘိုးချန်းသည် မနှစ်ကထက် စာလျှင် အများကြီး ပိန်ကျသွားသည်။
အဘိုးချန်း အသက် ရှိနေသေးချိန်တွင် ချန်းလုပ်ငန်းစု ဦးမော့နိုင်ခဲ့သော်လည်း အဘိုးချန်း တိမ်းပါး သွားသည်နှင့် ချန်းချန်ရှင်း၏ ပရမ်းပတာ လုပ်ဆောင်မှုများ အောက်တွင် ဖရိုဖရဲ ဖြစ်လာခဲ့သည်။ နောက်ဆုံး ချန်းကျန်းရှင်းပင် မကယ်တင် နိုင်တော့သည့် အထိ။
ချန်းဖန်က အခိုင်အမာ တွေးလိုက်၏။
'ဒီတကြိမ်မှာတော့ အဘိုးကို လောကကြီးထဲက အစောကြီး ထွက်သွားခွင့် မပြုတော့ဘူး'
ကျင့်ကြံသူ တစ်ယောက်အတွက် ကင်ဆာရောဂါသည် မကုသနိုင်သော ရောဂါမျိုးတော့ မဟုတ်။ စွမ်းအင်တိုးမြှင့် ဆေးလုံး တလုံးတည်းနှင့် အမြစ်ပြတ် ပျောက်ကင်းနိုင်သည်။
'ပြဿနာက ဆေးဖော်ဖို့ ပါဝင်ပစ္စည်း အစုံအလင် မရှာရသေးတာပဲ ဒီအတောအတွင်း အဘိုးကို ကောင်းကင်ရေစင်နဲ့ လျှို့ဝှက် ဆန်းကြယ်ဆေးလုံး နှစ်မျိုးပေါင်းပြီး ကျွေးရမယ် သက်တမ်းကို သုံး၊လေး နှစ်လောက်တော့ ဆွဲဆန့်နိုင်မှာပါ ဒီလိုဆို ကြားထဲမှာ ဆေးဖော်ဖို့ အချိန်လောက်တယ်'
ချန်းဖန်သည် သူ့အတွေးနှင့်သူ ငြိမ်သက်နေခဲ့ပြီး အဘိုးချန်း၏ မျက်နှာပေါ်ရှိ အံ့ဩနေသည့် အရိပ်အယောင်အား သတိမပြုမိပေ။
အဘိုးချန်းမှလွဲ၍ ကျန်လူများက ချန်းဖန်တစ်ယောက် ကြောက်လန့်ကာ စကား မပြောရဲတော့ခြင်း ဖြစ်သည်ဟု တွေးနေကြသော်လည်း အဘိုးချန်းကမူ ချန်းဖန်သည် ဤနေရာရှိ မည်သူ့ကိုမှ အဖက်လုပ်၊ အရေးစိုက်ခြင်း မရှိကြောင်း ခံစားမိနေသည်။ ထို့ကြောင့်လည်း သူက အလွန် အံ့ဩရသည်။
"ဒီလို ယုံကြည်မှု ပြင်းထန်ပြီး တသီးတခြား ဆန်တဲ့ အရှိန်အဝါမျိုး ရှောင်ဖန်က ဘယ်တုန်းက ရသွားတာတုန်း"
အဘိုးချန်းက နက်နက်နဲနဲ ရေရွတ်မိ၏။
အဘိုးချန်း၏ မိန့်ခွန်း ပြောကြားမှုလည်း ပြီးဆုံးသွားသောကြောင့် ညစာစားပွဲက အဆုံးသတ် သွားသည်။
ချန်းကောရှင်းသည် ချန်းဖန်အား တစ်ချက် လှမ်းကြည့် လိုက်သေးသော်လည်း အဆုံးတွင် ကြိတ်မှိတ် သည်းခံလိုက်သည့် ဟန်ဖြင့် သက်ပြင်းချရင်း ထွက်ခွာသွားတော့သည်။
အမှန်ကို ပြောရလျှင် ချန်းကောရှင်းသည် သားဖြစ်သူအား အနည်းငယ် စိတ်ပျက်မိသည်။ ချူကျိုးမြို့တွင် နှစ်ဝက်ခန့် ပညာသင်လာခဲ့ပြီးနောက် အနည်းငယ် ရင့်ကျက် လာလေမလားဟု မျှော်လင့်ခဲ့သော်လည်း ချန်းဖန်သည် ယခင်ကအတိုင်း မသိတတ်သော ဆယ်ကျော်သက် ကောင်လေးသာ ဖြစ်နေဆဲ။
ထိုအချိန်တွင် ဝမ့်ရှောင်ယွင်သည် ချန်းဖန်အနားသို့ လှမ်းလာပြီး ပခုံးအား ဖွဖွပုတ်ကာ ဆိုသည်။
"မင်းအဖေ ပြောတာကို နားထောင်မနေနဲ့ သူက ရိုးစင်းလွန်းပြီး စာအုပ်ကြီးဆန်တယ် ခုနတုန်းက အမေလည်း သားပြောလိုက်တာနဲ့ တထပ်တည်း တူတဲ့စကားကို ပြောချင်နေခဲ့တာ သူတို့လို ဘာမှ ဖြစ်ဖြစ်မြောက်မြောက် မလုပ်နိုင်တဲ့ အရှုံးသမား တစုကများ မင်းအဖေလို အလုပ်ကြိုးစားတဲ့ သူကို လှောင်ပြောင် ချင်နေတယ် တကယ်ကို ဟာသပဲ"
ချန်းဖန်သည် မိခင်ဖြစ်သူ၏ ပွင့်ပွင့်လင်းလင်း မှတ်ချက်ကြောင့် ပြုံးမိသွားရ၏။
ဒါက သူ့အမေ၏ တကယ့် ပုံစံအမှန်ပင်။ သူမသည် ဟိုးယခင်တည်းက ကြိုက်တာနှင့် မကြိုက်တာကို ရှင်းရှင်းလင်းလင်း ကွဲပြားကာ စိတ်ရှိသည့် အတိုင်း ပြောရဲ၊ လုပ်ရဲသူလည်း ဖြစ်သည်။
အချစ်အတွက် သူမ မိသားစုကိုပင် စွန့်ခွာကာ မရေမတွက်နိုင်သော လူများ၏ ကဲ့ရဲ့ ပြစ်တင်ခြင်းများကိုလည်း မမှုဘဲ ရင်ဆိုင်ခဲ့သည်။
လူကြီးများ အားလုံး ခန်းမအတွင်းမှ ထွက်ခွာသွားကြသည်နှင့် တတိယမျိုးဆက် လူငယ်များသည် ပါတီပွဲအကြောင်း ဆက်လက် ဆွေးနွေးကြသည်။
"အားလုံးပဲ တင်းဟူလမ်းမှာ မြင်းစီး ကလပ်တစ်ခု အသစ်ဖွင့်တာ သိကြလား။ အဲဒီကလပ်ရဲ့ ပိုင်ရှင်က အရမ်းကိုဟော့တဲ့ အလှလေး တစ်ယောက်တဲ့ သူက တိုင်းပြည်Yကနေ ဒီကို ပြောင်းလာပြီး မြေကွက်ကျယ်ကြီး တစ်ခုမှာ မြင်းစီးကလပ်ကို စဖွင့်ခဲ့တာပဲ ကျွန်တော်ကြားတာတော့ ကလပ်အတွက် ရင်းနှီးထားတဲ့ငွေက အနည်းဆုံး ယွမ်သန်းတရာ ကျော်တယ်တဲ့ "
အထက်ပါ အကြံပြုချက်အား ပေးလာသူမှာ ချန်းဖန်၏ စတုတ္ထဦးလေးမှ မွေးသောသား ဖြစ်သည်။ အနှီကောင်လေးသည် ငယ်ရွယ်သော်လည်း ခေါင်းထဲတွင် ထူးထူးဆန်းဆန်း ပေါက်ကရ အကြံဉာဏ်များ အမြဲ ရှိနေတတ်သည်။
"ငါလည်းကြားတယ် ကလပ်ပိုင်ရှင်က အရင်တုန်းက တိုင်းပြည်Yရဲ့ နာမည်ကြီး မြင်းစီး သင်တန်းကျောင်း ထွက်တဲ့ သူ့ရဲ့ နည်းပြက အိုလံပစ် မြင်းစီးပြိုင်ပွဲက ရွှေတံဆိပ် ဆုရှင်ဟောင်း တဲ့လေ"
အကြီးဆုံး ဦးလေး၏ သမီးက ပြောသည်။
"ဒါပေမဲ့ အဲ့ကို ဝင်ဖို့ဆိုရင် အဖွဲ့ဝင်ဖြစ်နေဖို့ လိုတယ်။ အဖွဲ့ဝင် ဖြစ်ဖို့ကလည်း မလွယ်ဘူး။ အဖွဲ့ဝင်ဟောင်း သုံးယောက်ဆီက ထောက်ခံချက် ရှိဖို့ လိုတယ်။ ဒါတောင် ပိုင်ရှင်ကိုယ်တိုင်က ခွင့်ပြုပေးဦးမှ"
"အဆင်ပြေပါတယ် အစ်ကိုကြီး ချန်းအန်းနဲ့ ရှောင်နဉ် နှစ်ယောက်လုံးက မြင်းစီး ဝါသနာ ပါကြတာပဲ သူတို့မှာ ကျိန်းသေပေါက် အဖွဲ့ဝင်ကတ် ရှိမှာပါ"
ချန်းရှုက ပြောသည်။
အားလုံးက ချန်းအန်းအား မျှော်လင့်တကြီး လှမ်းကြည့်ကြသည်။ ချန်းအန်းတို့ မောင်နှမတွင်သာ အဖွဲ့ဝင်ကတ် မရှိပါက သူတို့အနေနှင့် ကလပ်အတွင်း ဝင်ခွင့်ရမည် မဟုတ်ပါ။
ချန်းအန်းက ခေါင်းညိတ်ရင်း ပြောလာသည်။
"ကလပ်ပိုင်ရှင်ကို ငါသိတယ် မင်းတို့ကို ခေါ်သွားပေးနိုင်မှာပါ"
"ဟေး … "
ဆယ်ကျော်သက် ကောင်လေးများနှင့် ကောင်မလေးများက ဝမ်းသာပျော်ရွှင်စွာ အော်ဟစ် လိုက်ကြသည်။
မြင်းစီးကလပ်သည် အန်းရာ၏ အာရုံကိုပင် ဆွဲဆောင် သွားသည်။ သူမသည် တစ်ချိန်လုံး စာလေ့လာခြင်းနှင့် အလုပ်အပေါ်တွင်သာ အာရုံစိုက် ခဲ့သောကြောင့် အပန်းဖြေ ကစားနည်းများနှင့် ဝေးကွာ နေခဲ့သည်။ ချန်းဖန်သည် ထိုကလေးတသိုက်နှင့် လိုက်မသွားတော့ရန် တွေးထားသော်လည်း အန်းရာ၏ မျက်လုံးထဲရှိ စိတ်ဝင်စားနေသည့် အရိပ်အယောင်ကို မြင်ရသောအခါ စိတ်ပြောင်း သွားသည်။
"အချိန်ကောင်းလေး တစ်ခုကို ခဏတစ်ဖြုတ် အတူတူ ကုန်ဆုံးကြတာပေါ့"
ချန်းဖန်က တီးတိုး ရေရွတ်လိုက်သည်။
ကျင်းမြို့တော်၊ တင်းဟူလမ်း၊ ဇီယွင်မြင်းစီးကလပ်။
ဝင်ပေါက်သို့ ရောက်သည့်အခါ ချန်းအန်းက အဖွဲ့ဝင်ကဒ်အား ထုတ်ပြလိုက်သည်။ မိနစ်ပိုင်း အတွင်း ဆွဲဆောင်မှုရှိသော မန်နေဂျာမလေး တစ်ယောက် ရောက်လာပြီး အားလုံးအား နှုတ်ဆက်သည်။
"ကျွန်မတို့ ကလပ်မှာက မြင်းစီးတဲ့အခါ ကြာချိန်အပေါ် မူတည်ပြီး တနာရီကို ယွမ်ငါးထောင် ကျသင့်ပါတယ် ပိုကောင်းတဲ့ မြင်းကို ရွေးချယ်ရင်တော့ ဈေးက ပိုမြင့်သွားမှာပါ။ ဒါပေမဲ့ ဝန်ဆောင်ခထဲမှာ နည်းပြကြေးပါ ထည့်ယူထားပြီးသား ဖြစ်တဲ့အတွက် အခုမှ စပြီး မြင်းစီးလေ့ကျင့်မဲ့ သူတွေအတွက် အဆင်ပြေပါတယ်ရှင့်။ ပြီးတော့ အဖွဲ့ဝင် အသစ်တွေ အနေနဲ့ မြင်းစီးဖို့ အသုံးအဆောင် ပစ္စည်း အသစ်တွေ ဝယ်ဖို့လည်း လိုပါသေးတယ်"
မြင့်မားလှသည့် ဈေးနှုန်းကြောင့် လူတိုင်း ပင့်သက် ရှိုက်မိကြသည်။ တနာရီလျှင် ယွမ်ငါးထောင်။ သူတို့အားလုံးသည် ပြည့်ပြည့်စုံစုံ မိသားစုတွင် ကြီးပြင်း လာကြသူများ ဖြစ်သော်လည်း ယွမ်ငါးထောင် ဆိုသည်ကတော့ များနေသေးတာ ဖြစ်သည်။
"ပြဿနာ မရှိဘူး တစ်ယောက်ချင်းစ်ီအတွက် ဝန်ဆောင်ခ ယွမ်ငါးထောင်ကို ငါပေးမယ် "
ချန်းရှုက ကြေညာလိုက်သည်။
သူ့ဖခင်သည် ချန်းလုပ်ငန်းစု၏ လက်ရှိ ကိုယ်စားလှယ်ဖြစ်ရာ သူ့အနေနှင့် ထိုပမာဏက တတ်နိုင်သော အတိုင်းအတာ အတွင်း ရှိနေသေးသည်။
"ရှောင်ဖန်.. ဒီနေရာက အရမ်းလှတာပဲ"
အန်းရာသည် မျက်စိတဆုံး ရှိနေသော စိမ်းစိုလှသည့် မြက်ခင်းပြင်ကြီးအား ကြည့်ရင်း ပြောသည်။
ကျင်းမြို့တော်ကဲ့သို့ မြို့ကြီးပြကြီးမျိုးတွင် ဤမျှကျယ်သော နေရာကောင်းတစ်ခု ဝယ်နိုင်ရန်ကား မလွယ်ပေ။ ချန်းဖန်ကတော့ ထိုအရာများအား ဂရုစိုက်လှသည် မဟုတ်။ သူတွေးနေသည်မှာ အမအန်းသာ ယခုနေရာအား သဘောကျပါက သူ့အနေနှင့် ဤမြေကွက် တစ်ခုလုံးကို ဝယ်လိုက်သင့်၊ မဝယ်လိုက်သင့်ကို ဆုံးဖြတ်နေခြင်း ဖြစ်သည်။
ထို့နောက်တွင် အသီးသီး နည်းပြများနောက်သို့ လိုက်ကာ မြင်းရွေးချယ် ကြသည်။ ချန်းဖန်နှင့် အန်းရာတို့သည် ခပ်ငယ်ငယ် အမျိုးသာတဦးအား နည်းပြအဖြစ် ရလိုက်သည်။ ထိုအမျိုးသားသည် ကြည့်ကောင်းသော မျက်နှာရှိပြီး အရပ်ရှည်ရှည် နှာတံပေါ်ပေါ်နှင့် ဥရောပ သွေးနှော ဖြစ်ပုံရသည်။
ထိုအမျိုးသားက သူ့အမည်မှာ ပေါလ်ဖြစ်ကြောင်း မိတ်ဆက်သည်။
ပေါလ်၏ မျက်လုံးများသည် အန်းရာထံသို့ ရောက်သွားတိုင်း အရောင်လက် သွားတတ်သည်။ ပေါလ်သည် ဇီယွင် ကလပ်တွင် နည်းပြအဖြစ် အလုပ် စဝင်ကတည်းက လှပသော အမျိုးသမီး များစွာအား မြင်ဖူးခဲ့သည်။ သို့သော် အန်းရာကဲ့သို့ နူးညံ့သိမ်မွေ့လှသော အသွင်ရှိကာ ယဉ်ယဉ်လေးနှင့် လှသော မိန်းကလေးမျိုး မတွေ့ဖူးခဲ့ပေ။
'ဒီမိန်းကလေးက ဟူတုန်းပြည်နယ် တစ်ခုလုံးမှာတောင် ထိပ်တန်း အလှပဂေးလေးပဲ'
ထိုသို့အတွေးနှင့် ပေါလ်၏ မျက်နှာပေါ်ရှိ အပြုံးကြီးမှာ ပိုအသက်ဝင် လာသည်။
"ဒီမြင်းမလေးရဲ့ နာမည်က အန်ဒရီယာတဲ့ သူက ဒီမြင်းဇောင်း တစ်ခုလုံးမှာ အလိမ္မာဆုံး မြင်းလေးပဲ ညီမက အခုမှ မြင်းစစီးမှာ ဆိုတော့ အန်ဒရီယာကို ရွေးတာ အကောင်းဆုံး ဖြစ်လိမ့်မယ်။ နောက်ပိုင်း ညီမ ကျွမ်းကျင်သွားတဲ့ အခါကျမှ တခြားမြင်းတွေကို စမ်းကြည့်ပေါ့"
ပေါလ်က ရှင်းပြသည်။ တချိန်လုံးတွင် သူ့မျက်လုံးများသည် အန်းရာထံမှ တစ်စက္ကန့်တောင် မခွာပေ။
ထို့နောက်တွင် အန်းရာသည် မြင်းစီးဝတ်စုံကို လဲလှယ် ဝတ်ဆင်လိုက်ရာ ပိုလို့ပင် ဆွဲဆောင်မှု ရှိသွားသည်။
သူမသည် အန်ဒရီယာဟု အမည်ရသော အုန်းခွံရောင် မြင်းမလေးအား စိတ်လှုပ်ရှားစွာ ကြည့်၍ လည်ဆံမွေးများအား မဝံ့မရဲ သပ်ပေးလိုက်သည်။
အန်ဒရီယာကား အမှန်ပင် မြင်းလိမ္မာလေး ဖြစ်သည်။ အန်းရာ၏ အပြုအမူအား စိတ်ရှိဟန် မရဘဲ အန်းရာ၏ လည်ပင်နားသို့ သူမ ခေါင်းလေးဖြင့် ပွတ်သပ် တိုးဝှေ့နေတော့သည်။
"ဒီက ညီလေးကရော ဘယ်လို မြင်းအမျိုးအစားမျိုး ရွေးချင်လဲ မသိဘူး။ ကျွန်တော်တို့ဆီမှာ မွန်ဂိုလီးယား မြင်းသန့်တွေ ရှိတယ် အခုမှ မြင်းစစီးမဲ့ သူတွေအတွက် အဆင်ပြေလောက်တယ်"
ပေါလ်က ပြောသည်။
"မလိုဘူး"
ချန်းဖန်က လက်ကာပြ၍ ငြင်းလိုက်သည်။
သူက အစ်မအန်းနှင့် အချိန်တချို့ အတူကုန်ဆုံးရန်သာ လိုက်လာခဲ့ခြင်း ဖြစ်သည်။ ဤနေရာရှိ မြင်းများက သူစီးဖို့ရာအတွက် အရည်အချင်း မပြည့်မှီပေ။ ဂြိုလ်တစ်ခုကိုပင် ဖျက်ဆီးပစ်နိုင်စွမ်း ရှိသည့် ကောင်ကင်ဘုံ သားရဲကြီးများအား စီးနင်းလာသူ အဖို့ ကမ္ဘာပေါ်ရှိ မြင်းများကို စီးရန် ဆန္ဒမရှိပေ။
ပေါလ်သည် ချန်းဖန်၏ လျင်လျင်မြန်မြန် ငြင်းဆန်မှုကြောင့် အံ့အားသင့် သွားသည်။
ဘယ်လို ဆယ်ကျော်သက် လူငယ်လေးကများ ပထမဆုံး အကြိမ် မြင်းစီးရမည့် အခွင့်အရေးကို ငြင်းဆန်မည်တဲ့လဲ။
ပေါလ်က နောက်တစ်ကြိမ် ဆွဲဆောင်လိုက်သည်။
"အကိုတို့ကလပ်က မြင်းတွေက အရမ်း ယဉ်ပါးပါတယ်ကွ အဆင်ပြေမှာပါ"
"ကျွန်တော် မလိုဘူးလို့ ပြောပြီးပြီ"
ချန်းဖန်က ဖြည်းညင်းစွာ ထပ်ပြောလိုက်သည်။
ဒီတကြိမ်တွင်တော့ ပေါလ်က ဆက်မပြောတော့။ သူ့မျက်လုံးများထဲတွင် အထင်သေးသည့် အရိပ်အယောင်များ ဖြတ်ပြေးသွားသည်။ တိုင်းပြည်Yကဲ့သို့ မြင်းစီးခြင်း အလွန် ခေတ်စားသော နေရာမျိုးတွင် ကြီးပြင်းခဲ့သော ပေါလ်အတွက်မူ မြင်းစစီးရန် ကြောက်ရွံ့နေသော လူတစ်ယောက်က အထင်သေးဖွယ်ပင်။ ပေါလ်သည် ချန်းဖန်က မြင်းမစီးဖူးသောကြောင့် မြင်းစီးရန် ကြောက်ရွံ့နေခြင်း ဖြစ်ရမည်ဟု ထင်မှတ် သွားတာ ဖြစ်သည်။
ပေါလ်၏ အကူအညီဖြင့် အန်းရာသည် မြင်းကုန်းနှီးပေါ်သို့ ရောက်ရှိသွားသည်။ သူမသည် အန်ဒရီယာ၏ ကိုယ်ထည်အား ခြေထောက် နှစ်ဖက်ဖြင့် ကုပ်ကပ်ထားကာ လက်နှစ်ဖက်ကလည်း လည်ဆံမွေးများအား ဖက်တွယ်ထားသည်။ ကြောက်ရွံ့မှုနှင့် စိတ်လှုပ်ရှားမှုတို့အား အန်းရာက တပြိုင်နက်တည်း ခံစားနေရသည်။
"ရှောင်ဖန်.. ငါကြောက်တယ်"
အန်းရာက တိုးတိုးလေး လှမ်းပြောသည်။
"စိတ်မပူနဲ့ ကျွန်တော် ဒီမှာ ရှိတယ်"
ချန်းဖန်က အားပေးလိုက်သည်။
ပေါလ်သည် မြင်းဇက်ကြိုးအား ခပ်ဖြည်းဖြည်း ဆွဲရင်း ရှင်းလင်းနေသော မြက်ခင်းပြင် ကွင်းတစ်ခုသို့ ဦးဆောင် သွားသည်။
ရုတ်တရက် ကြီးမားလှသော မြင်းကြီးများအား စီးထားသော လူတစု အန်းရာတို့ ဘက်သို့ လာနေကြသည်။
"အန်းရာ"
ထိုထဲမှ နှစ်ယောက်က အန်းရာအား လှမ်းခေါ် လိုက်ကြသည်။ ထိုနှစ်ယောက်ကား ချန်းအန်းနှင့် ချန်းနဉ်တို့ ဖြစ်ကြသည်။
ချန်းအန်းတို့ မောင်နှမ နှစ်ယောက်သည် အတန်အသင့် ကျွမ်းကျင်သော မြင်းစီး ဝါသနာရှင်များ ဖြစ်ကြရာ ကိုယ်ပိုင်မြင်းများ သတ်သတ်မှတ်မှတ် ရှိကြသည်။ ထိုနှစ်ယောက်၏ နောက်တွင်တော့ ချန်းရှု ဖြစ်သည်။ ချန်းရှုသည် နည်းပြ၏ အကူအညီ မလိုဘဲ မြင်းဇက်ကြိုးအား ကိုယ်တိုင် ထိန်းကျောင်းလာခြင်း ဖြစ်ရာ သူသည်လည်း မြင်း ကောင်းကောင်း စီးတတ်ပုံ ရသည်။ ချန်းရှုသည် ချန်းဖန်အား မြင်သောအခါ အံ့ဩ သွားပုံနှင့် မေးသည်။
"ချန်းဖန်.. မင်းရဲ့မြင်းရော။ မြင်းစီးရမှာ ကြောက်လို့ လို့တော့ မပြောနဲ့နော် မိန်းကလေးဖြစ်တဲ့ မင်းအမတောင် စီးနေတာကို မင်းက ဘာတွေ ကြောက်နေတာလဲ"
"ရှောင်ဖန်က ငယ်သေးတယ်"
အန်းရာသည် သူမ၏ မောင်ဖြစ်သူအား အပြောမခံဘဲ ကာကွယ် ပြောဆိုလိုက်သည်။
"ဆယ့်ရှစ်နှစ်တောင် ပြည့်တော့မဲ့သူက ငယ်သေးတာလား..."
ချန်းရှုသည် မကျေမနပ် ရေရွတ် လိုက်ပြီးနောက် ဆက်မပြောတော့။ သို့သော် အထင်သေးမှုတို့က သူ့မျက်နှာပေါ်တွင် အထင်းသား ပေါ်လွင်နေသည်။
ချန်းဖန်သည် အစပိုင်းတွင် မျက်မှောင် ကြုတ်မိသွားသော်လည်း ခဏကြာပြီးနောက် နှုတ်ခမ်းတို့က မရှိးရှင်းစွာ တွန့်ကွေး သွားသည်။
"ကောင်းပြီလေ ဒီလိုဆိုမှတော့.. ငါတို့ ပြိုင်ပွဲ တစ်ခုလောက် လုပ်ကြရင် မကောင်းဘူးလား"
***