← Chapters

ယွမ်သန်းချီ တန်သော ပြိုင်ပွဲ

Vol. 2 Ch. 129

ယွမ်သန်းချီ တန်သော ပြိုင်ပွဲ

Vol. 2 Ch. 129

"ဘာပြောလိုက်တာ"

ချန်းရှုက မယုံနိုင်စွာ ‌မေးလိုက်သည်။

"မင်းက ငါနဲ့ မြင်းစီးပြိုင်ချင်တယ်... မင်းကိုယ်မင်း လုပ်နိုင်လိမ့်မယ်လို့ ထင်တယ်ပေါ့"

"ဘာလို့ မလုပ်နိုင်ရမှာလဲ..."

ချန်းဖန်က ပေါ့ပေါ့ပါးပါး ပြန်မေးသည်။

"ဟားဟား.. ကောင်းပြီလေ ပြီးတော့မှ ငါ့ကို သတိမပေးဘူးလို့ အပြစ်မတင်နဲ့ ငါက တခြားအရာတွေမှာ မထူးချွန်ပေမဲ့ ကျင်းမြို့တော်ရဲ့ မြင်းစီးပြိုင်ပွဲတွေမှာ အမြဲ ဝင်ပြိုင်လေ့ရှိတယ်။ ဝင်ပြိုင်တိုင်းလည်း အနည်းဆုံး ကွာတားဖိုင်နယ်အထိ ရောက်တယ်။ ပြီးတော့ ငါ့မြင်းကိုလည်း ကြည့်လိုက်ဦး သူ့နာမည်က ဆီဇာလို့ ခေါ်တယ်။ ဒီမြင်းဇောင်းက ဈေးအကြီးဆုံး မြင်းတွေထဲက တစ်ကောင်ပဲ မင်းမှာ အရည်အချင်းလည်းမရှိ မြင်းကောင်းလည်း မရှိဘဲနဲ့ ငါနဲ့ပြိုင်ဖို့ တွေးရဲတယ်ပေါ့"

ချန်းရှုသည် လှောင်ပြောင် သရော်သံစွက်စွာ ရယ်ရင်း ခေါင်းယမ်းသည်။ အနီးနားရှိ ချန်းမိသားစုဝင် လူငယ်များကလည်း ချန်းဖန်အား လှောင်ပြောင် လိုက်ကြသည်။

ပေါလ်ပင် ချန်းရှု၏ စကားအား လက်ခံဟန်ရသည်။

"ဆီဇာက အမေရိကန်ဒေါလာ ငါးသောင်းတန်တဲ့ မျိုးကောင်းမျိုးသန့် မြင်းဗျ။ သူ့မိဘတွေဆို ပြိုင်ပွဲဝင်မြင်း စစ်စစ်တွေ ဆီဇာကလည်း မွေးလာကတည်းက အရမ်းတော်ပြီး လူယဉ်တဲ့ မြင်းကြီးပဲ ထပ်ပြောရရင် သခင်လေးချန်းရှုက စနစ်တကျ လေ့ကျင့်ထားတဲ့ ပြိုင်ပွဲဝင် တစ်ယောက်လည်း ဖြစ်တယ် ဆိုတော့ သူ့ကို အနိုင်ရဖို့က မလွယ်ဘူး"

ပေါလ်ကဲ့သို့ နည်းပြတစ်ယောက်၏ မှတ်ချက်ကို ကြားသော် အခြားသူများကလည်း ချန်းဖန် ရှုံးလိမ့်မည်ဟုသာ ထင်မှတ် သွားကြတော့သည်။

အန်းရာသည် ချန်းဖန်၏ လက်မောင်းအား ဆွဲရင်း စိုးရိမ်စွာ ပြောသည်။

"ရှောင်ဖန် .. ဒီကိစ္စကို မေ့လိုက်တော့ သူများ အရူးလုပ်မှာကို အလွယ်တကူ မခံနဲ့"

အန်းရာအား အံ့ဩ သွားစေသည်မှာ ချန်းဖန်က သူမစကားအား ငြင်းဆိုလိုက်ခြင်း ဖြစ်သည်။

"ဒီတော့ ဘာဖြစ်လို့လဲ... သူက အိုလံပစ် ချန်ပီယံ ဆိုရင်တောင် ကျွန်တော် မကြောက်ပါဘူး"

"မင်းက မောက်မာလွန်းနေတာပဲ"

ချန်းရှုက နှာခေါင်းရှုံ့ကာ ပြောသည်။

"ပြိုင်ပွဲတစ်ခုမှာ လောင်းကြေးတော့ ရှိသင့်တယ်"

‌ထိုသို့ပြောပြီးနောက် ချန်းရှုသည် ကားသော့ တစ်ချောင်းအား ထုတ်ယူလိုက်သည်။

"ဒါက ငါ့ကို ငါ့အဖေ ဝယ်ပေးထားတဲ့ Lamborghini Gallardo မော်ဒယ်အသစ်ပဲ။ ငါရှုံးရင် မင်းဒါကို ရမယ် ငါနိုင်ခဲ့ရင် မင်းငါ့ကို Porsche 911မော်ဒယ် တစ်စီး ဝယ်ပေးရမယ် ဘယ်လိုလဲ..."

လောင်ကြေးများ အကြောင်း ကြားသော် ဘေးတွင် ရပ်ကြည့်နေသူ အားလုံး ရှောခ့်ရသွားကြပြီး ပင့်သက် ရှိုက်မိကြသည်။

ဇီယွင်ကလပ်တွင် ရံဖန်ရံခါ မြင်းစီးပြိုင်ပွဲများ လုပ်လေ့ရှိသော်လည်း ဘယ်သူကမှ ယွမ်သန်းသုံးရာကျော် တန်သော ကားများဖြင့် လောင်းကြေး မထပ်ကြဖူးပါ။ ဒီသတင်းသာ ပျံ့သွားပါက ကလပ် အဖွဲ့ဝင်များသာမက ကျင်းမြို့တော်ရှိ မြင်းပြိုင်ပွဲ ဝါသနာရှင်များ ကြားတွင်ပင် လှုပ်ခတ် သွားပေလိမ့်မည်။

"အာ.. ဟုတ်သားပဲ။ ငါမေ့သွားတယ် မင်းမှာ ကားမောင်း လိုင်စင်တောင် မရှိလောက်သေးဘူး ကားနဲ့ လောင်းကြေးထပ်လို့ ဘယ်ဖြစ်ပါ့မလဲ..."

လှောင်‌ပြုံးတစ်ခုနှင့်အတူ ချန်းရှုသည် ကားသော့အား အင်္ကျီအိတ်ကပ်အတွင်း ပြန်ထည့်လိုက်၏။ သူ့မျက်နှာပေါ်ရှိ ကျေနပ်နေသော အပြုံးကြီးအား ကြည့်လျှင် ချန်းရှု တမင်တကာ လုပ်နေခြင်း ဖြစ်ကြောင်း ဘယ်သူမဆို ပြောနိုင်သည်။

ချန်းရှုသည် ထိုကားအား ချန်းဖန်နှင့် ပြိုင်ပွဲ၌ လောင်းကြေးထပ်ရန် လုံးဝ စိတ်ကူးမရှိ။ သူက ကားအသစ်လေးအား လူအများရှေ့တွင် ထုတ်ကြွားလိုခြင်းသာ ဖြစ်သည်။

ထိုအချိန်တွင်ပဲ ချန်းဖန်သည် အားလုံးအား အံ့ဩ သွားစေသော စကားအား ပြောလိုက်လေ၏။

"ကောင်းပြီလေ လောင်းကြေးကို သဘောတူတယ်"

"ဘာ..."

ချန်းရှုသည် အလွန် အံ့အားသင့်သွားပြီး နောက်တကြိမ် ပြန်မေးလိုက်သည်။

"ငါ့မှာ ကားမရှိပေမဲ့ ငါ့အမေက ငါ့အစား မင်းကို Porsche 911တစီး ဝယ်ပေးလိမ့်မယ် ငါရှုံးသွားခဲ့ရင် ပြောပါတယ်"

ချန်းဖန်က ရှင်းရှင်းလင်းလင်း ပီပီသသ ထပ်ပြော၏။

ချန်းမိသားစုရှိ လူငယ်လေးများ အားလုံးတို့သည် ချန်းဖန်အား ဦးနှောက်မရှိသူ တစ်ယောက်ကို ကြည့်သကဲ့သို့ ဝိုင်းကြည့်လာကြသည်။

ပေါလ်ကဲ့သို့ ပရော်ဖက်ရှင်နယ် နည်းပြ ‌တစ်ယောက်ကပင် ချန်းဖန် မနိုင်လောက်ကြောင်း မှတ်ချက်ပေးထားရာ ဘယ်သူကမှ ချန်းဖန်ဘက်တွင် လောင်းကြေး မထပ်ကြ။

"ရှောင်ဖန်..."

အန်းရာသည် တစုံတရာ ပြောမည် ပြင်လိုက်သော်လည်း ချန်းဖန်၏ မျက်လုံးထဲရှိ ယုံကြည်မှုများကို မြင်ရသည့်အခါ သူမ တုံ့ဆိုင်း သွားသည်။

သူမတို့ ကလေးဘဝတည်းက အန်းရာသည် ချန်းဖန်အား အလွန် အလိုလိုက်ခဲ့သည်။ ချန်းဖန် ဘာလုပ်လုပ် ကောင်းသည်ဖြစ်စေ၊ ဆိုးသည်ဖြစ်စေ မတားပေ။ သို့သော် ချန်းဖန် အခက်အခဲ ကြုံလာချိန်တိုင်း ချန်းဖန်‌ရှေ့မှ ‌မားမားမတ်မတ် ရပ်တည် ပေးသူမှာလည်း အန်းရာသာ ဖြစ်သည်။

'ဘာမှမဖြစ်ဘူး တကယ်လို့ ရှောင်ဖန် ရှုံးသွားလည်း အလွန်ဆုံးမှ Porsche တစ်စီး ဝယ်ပေးရရုံပဲ'

အန်းရာက သူမဘာသာ တွေးလိုက်ကာ ချန်းဖန်အား မတားတော့ပေ။

"အရမ်းကောင်းတယ် ငါတို့ပြိုင်ကြမယ်"

ချန်းရှုမှာ Porsche တစ်စီး အလကား ရလာတော့မည်ကို တွေးကာ အလွန် အူမြူးနေ၏။

ဝမ့်ရှောင်ယွင်၏ သူများအပေါ် အကြွေးမတင်လိုသော စိတ်ဓာတ်အရ ချန်းဖန်သာ ပြိုင်ပွဲတွင် ရှုံးနိမ့်သွားပါက Porsche 911အား ချက်ချင်း ဝယ်ပေးပေလိမ့်မည်။

ချန်းရှုက အရှက်မရှိစွာ တွေးလိုက်သည်။

' Porsche 911သာ ရလာခဲ့ရင် ဟိုကောင်မလေးကို လက်ဆောင် ပေးရမယ် Porsche တစီးက သူ့ခန္ဓာကိုယ်ကို ရဖို့ လုံလောက်ပါပြီ'

ချန်းရှုသည် ယခုရက်ပိုင်းတွင် မင်းသမီး တစ်ယောက်အား စွဲလမ်းနေသော်လည်း ထိုမင်းသမီးက သူပေးသမျှသော လက်ဆောင်တို့ကို ငြင်းပယ်နေခဲ့၍ စိတ်ရှုပ်နေတာ ဖြစ်သည်။ ယွမ်သန်းသုံးရာ တန်သော ကားတစီးက ‌မိန်းကလေး တစ်ယောက်၏ နှလုံးသားတံခါးကို ဖွင့်ဖို့ရာ ‌လုံလောက်တာထက် ပိုနေသေးသည်ဟု ချန်းရှု ယူဆထားသည်။

နှစ်ဖက်လုံးက သဘောတူလိုက်ပြီ ဖြစ်ရာ ယှဉ်ပြိုင်ရန်အတွက် စတင် ပြင်ဆင်ကြသည်။

သတင်းက ကလပ်အတွင်း အလျင်အမြန်ပဲ ပျံ့သွားပြီး ဧည့်သည်များ အားလုံး လောင်းကြေး မြင့်လှသော ပြိုင်ပွဲအား ကြည့်ရန် စုဝေး လာကြသည်။

"ချန်းရှုဆိုတဲ့ ကောင်လေးကို ငါသိတယ် သူက ပရော်ဖက်ရှင်နယ် အဆင့်တော့ မဟုတ်ပေမဲ့ မြို့တွင်းပြိုင်ပွဲတွေမှာ ပြိုင်ဖူးတယ် သူတို့တွေက ပျက်စီးနေတဲ့ သူဌေးသားသမီးတွေ ဆိုပေမဲ့လည်း အရည်အချင်း မရှိတာတော့ မဟုတ်ဘူး"

"ဟုတ်တယ် သူ့မြင်းက ဆီဇာလေ အရမ်း အပြေးသန်တဲ့ကောင်"

"အရည်အချင်းရော မြင်းရော နှစ်ခုလုံးမှာ ချန်းရှုဘက်က သာတယ်။ သူ့ပြိုင်ဘက်က နိုင်ဖို့ အခွင့်အရေး မရှိဘူး"

ပြိုင်ပွဲအား လာရောက် ကြည့်ရှုသူများသည် အခြေအနေ အရပ်ရပ်အား သုံးသပ် နေကြသည်။

"ကိုကို .. ဘယ်သူနိုင်မယ်လို့ ထင်လဲ..."

ချန်းနဉ်က သူမ အစ်ကိုအား စိတ်ဝင်တစား မေးလိုက်သည်။

"ချန်းရှုက ငါတို့လို ပရော်ဖက်ရှင်နယ် အဆင့် မဟုတ်ပေမဲ့ သူ့ဟာနဲ့သူတော့ အရည်အချင်း ရှိတယ် ချန်းဖန်ကကျတော့.."

ချန်းအန်သည် ဆက်မပြောသေးဘဲ မျက်မှောင် ကြုတ်လိုက်မိသည်။ တစ်နှစ်ကြာပြီးနောက် ပြန်တွေ့ချိန်တွင် ချန်းဖန်ဆိုသော ကောင်လေးက အလွန် ပဟေဠိ ဆန်လာကာ သူ့ကိုပင် ဇဝေဇဝါ ဖြစ်စေသည်ကို ဝန်ခံရမည်။

"အဲ့ကောင်က အလကားပါ သက်သက် လူအထင်ကြီးအောင် လုပ်နေတာ"

ချန်းနဉ်က အထင်သေးစွာ ပြောသည်။

"ကောင်စုတ်လေး… ယွမ်သန်းရာကျော်ကို နောက်စရာ မှတ်နေတယ် မရှုမလှ ရှုံးမှာကို မြင်ချင်လွန်းလို့ မစောင့်နိုင်တော့ဘူး"

ချန်းနဉ်သည် ချန်းဖန်နှင့် ပြဿနာ ကြီးကြီးမားမား မရှိသော်လည်း ထိုကောင်စုတ်လေး ဒုက္ခ ရောက်နေသည်ကို ကြည့်ရသည်အား အလွန် ကျေနပ် ပျော်ရွှင်သည်။ ထိုခံစားချက်ကား အနည်းငယ်တော့ ထူးဆန်းသည်။

"သခင်လေးချန်းရှုက ပြိုင်ပွဲအတွက် အဆင်သင့် ဖြစ်နေပြီ ဒီက သခင်လေးချန်းဖန်ကရော ဘယ်မြင်းနဲ့ ပြိုင်ဖို့ စဉ်းစားထားလဲ..."

ပေါလ်သည် ပြိုင်ပွဲအတွက် ဒိုင်လုပ်ပေးမည် ဖြစ်ရာ ယခုထက်ထိ မတ်တတ် ရပ်နေဆဲ ဖြစ်သော ချန်းဖန်အား မေးလိုက်သည်။

ချန်းရှုသည် နိုင်ငံအဆင့် ပြိုင်ပွဲဝင်အလား အနက်ရောင် မြင်းစီး ဝတ်စုံအား ဝတ်ဆင်ထားသည်။ သူက ချန်းဖန်အား စောင့်နေစဉ်အတွင်း သွေးပူ လေ့ကျင့်ခန်း တချို့ပင် လုပ်နေသေး၏။

တစ်ဖက်တွင်တော့ ချန်းဖန်သည် အဖြူဆွတ်ဆွတ် ရှပ်အင်္ကျီနှင့် ဂျင်းပင်န်ကိုသာ ဝတ်ဆင်ထားပြီး အသားအရည်က နေရောင်ပင် မထိဖူးသည့် ကျောက်စိမ်းကဲ့သို့ ကြည်လင် ချောမွေ့နေသည်။ မသိလျှင် ကျောင်းတက်ရန် အိမ်မှ ထွက်လာသော ကျောင်းသားလေး တစ်ယောက် မြင်းစီးကလပ်သို့ မျက်စိလည် လမ်းမှားပြီး ရောက်လာသလို ထင်မှတ်ရသည်။

'ဒါက ပြိုင်ပွဲ… ကလေး ကစားစရာ မဟုတ်ဘူးကွ'

ပေါလ်သည် ကူကယ်ရာမဲ့စွာ တွေးလိုက်မိ၏။

"ကျွန်တော့်မြင်း..."

ချန်းဖန်သည် အနည်းငယ်မှ တုံ့ဆိုင်းမနေဘဲ အန်ဒရီယာထံသို့ လက်ညှိုး ထိုးပြလိုက်သည်။

ပေါလ်သည် ကြားလိုက်ရသော သူ့နားကိုပင် မယုံနိုင် ဖြစ်သွားရကာ အလန့်တကြား ပြန်မေး လိုက်သည်။

"ဘာကြီး… အန်ဒရီယာက အခုမှ ငယ်ငယ်လေးပဲ ရှိသေးတဲ့ သွေးနွေး မြင်းမလေးလေ ပြီးတော့ သူက မိန်းကလေးတွေ လေ့ကျင့်ဖို့ ထားပေးထားတာ ပြိုင်ပွဲအတွက် လုံးဝ မသင့်တော်ဘူး"

မြင်းများအား သွေးအမျိုးအစားပေါ် လိုက်၍ သုံးမျိုး ခွဲခြားထားသည်။ သွေးပူ၊ သွေးနွေး‌နှင့် သွေးအေး မြင်းများဟူ၍။

သွေး‌ပူ အမျိုးအစား မြင်းများသည် အလွန် ရန်လိုသော သဘာဝရှိပြီး မြန်ဆန် ကြမ်းတမ်းကာ ပြိုင်ပွဲများအတွက် အထူး သင့်တော်သည်။ သွေးနွေး အမျိုးအစား မြင်းများသည်ကား အလွန် ယဉ်ပါးပြီး လေ့ကျင့်ရေးတွင် သို့မဟုတ် အိမ်မွေး မြင်းများအဖြစ် အသုံးများသည်။ ‌နောက်ဆုံး ကျန်သော သွေးအေး အမျိုးအစား မြင်းများကမူ ရုပ်ပိုင်းဆိုင်ရာ အလွန် ထွားကျိုင်းပြီး သန်မာသောကြောင့် အလုပ်ကြမ်းများ ခိုင်းရာတွင် သုံးကြသည်။

ပေါလ်သည် မြင်းစီးတတ်သည်မှာ နှစ်နှစ်ဆယ်ခန့် ရှိပြီဖြစ်သော်လည်း သွေးနွေး မြင်းမတကောင်အား ပြိုင်ပွဲတွင် အသုံးပြုရန် ရွေးချယ်သည်ဟု တစ်ခါမှ မကြားဖူးခဲ့။

"ကျွန်တော် ဆုံးဖြတ်ပြီးပြီ အန်ဒရီယာနဲ့ပဲ ပြိုင်မယ်"

ချန်းဖန်က တည်ငြိမ်စွာ ပြောသည်။ သူ့အသံထဲတွင် မတိုင်းတာ နိုင်လောက်သော ယုံကြည်မှုနှင့် သေချာမှုတို့ ပြည့်နှက်နေသည်။

ပေါလ်သည် ချန်းဖန်အား တခြားမြင်းတစ်ကောင် ရွေးချယ်ရန် ဖျောင်းဖျမည်ဟု တွေးနေတုန်းရှိသေး ချန်းဖန်က မြင်းပေါ်သို့ တက်ထိုင်ပြီး ဖြစ်သည်။ ချန်းဖန်သည် အန်းရာ ထိုင်နေသော မြင်းကုန်းနှီး၏ နောက်တွင် ထိုင်လိုက်ခြင်း ဖြစ်သည်။

"ဒါကြီးက အဓိပ္ပာယ် မရှိလွန်းတာထက် ပိုတယ်"

ပေါလ်တစ်ယောက် စိတ်ပျက်လက်ပျက် ညည်းညူ လိုက်မိသည်။ မြင်းကောင်းကောင်းကိုပင် မရွေးချယ်တတ်ပဲ Porsche တစ်စီးအား လောင်းကြေး ထပ်ရဲသည့် ထိုကောင်လေး၏ ယုံကြည်မှုများ မည်သည့်နေရာမှ လာသည်ကို သူ အမှန်ပင် သိချင်မိ၏။

ပြိုင်ပွဲအား ကြည့်ရှုနေသူများသည် မြင်းများအကြောင်း အနည်းအကျဉ်း လောက်တော့ နားလည်ကြရာ ချန်းဖန်က အန်ဒရီယာအား ရွေးလိုက်သည်ကို မြင်သောအခါ ရှုံးမည့်သူမှာ ချန်းဖန်ဖြစ်ကြောင်း လုံးဝ သေချာ သွားကြသည်။

"မင်းက ငါနဲ့ပြိုင်ပွဲမှာ အဲ့မြင်းကို သုံးမယ်..."

ချန်းရှုသည် ချန်းဖန်အား ဘေးတစောင်း လှမ်းကြည့်သည်။

ချန်းဖန်သည် အန်ဒရီယာ၏ ကျောပေါ်၌ ဆွဲဆောင်မှု ရှိလှသော သူ၏ အမနှင့်အတူ ထိုင်နေပုံမှာ မြင်းစီးပြိုင်မည့် သူထက် အပန်းဖြေခရီး ထွက်လာသော ကမ္ဘာလှည့် ခရီးသွား တစ်ယောက်နှင့် ပိုတူသည်။

ချန်းနဉ်နှင့် ချန်းအန်းတို့ သက်ပြင်းကိုယ်စီ ချမိကြသည်။ ပြိုင်ပွဲရလဒ်ကား ကြည့်နေစရာ မလိုတော့ဟုပင် ထင်မိသည်။

ထိုအချိန်တွင် အသက် ဆယ့်နှစ်နှစ်ခန့်ရှိသော ကလေးမလေး တစ်ယောက်သည် မြင်းသေးသေးလေးပေါ်တွင် ထိုင်ရင်း ချန်းဖန်ထံသို့ ရောက်လာကာ ချစ်စဖွယ် အမူအရာလေးနှင့် ပြောသည်။

"ကိုကိုချန်းဖန် ညီမလေးရဲ့ မုန့်ဖိုးတွေ အကုန်လုံးကို ကိုကို့ဘက်က လောင်းထားတယ် ညီမလေးကို မျက်နှာပျက်ရအောင် မလုပ်ဘူးမလား..."

"မစိုးရိမ်ပါနဲ့ ကောကော ကိုကိုက ညီမလေးကို လောင်းကြေးတွေ အများကြီး နိုင်အောင် လုပ်ပေးမယ်"

ချန်းဖန်က သူ၏မူပိုင် နွေးထွေးသော အပြုံးတစ်ခုနှင့် ပြောလိုက်သည်။

ထိုကလေးမလေး၏ အမည်ကား ချန်းကောကော ဖြစ်ပြီး စတုတ္ထ ဦးလေး၏ သမီးဖြစ်သည်။

"ကောကော.. နင့်ရဲ့ မုန့်ဖိုးတွေတော့ ဆုံးပြီ"

ချန်းရှုက ဟားတိုက်ရယ်ကာ လှမ်းပြောသည်။

ပေါလ်သည် ပြိုင်ပွဲ စတင်ကြောင်း အချက်ပြသည့် အလံအား လေထဲတွင် ဝှေ့ယမ်းလိုက်သည်။

ချန်းရှုနှင့် သူ၏မြင်းကြီး ဆီဇာသည် အလွန်လျင်မြန်သော အရှိန်နှင့် ပြေးထွက်သွားပြီး အနောက်တွင် ဖုန်မှုန့်များသာ အလုံးလိုက် ထကျန်ခဲ့သည်။ ဆီဇာသည် လေးညှို့မှ လွှတ်လိုက်သော မြားတစ်စင်းကဲ့သို့ ပြေးနေပြီး မျက်တောင် တခတ်စာ အချိန်အတွင်း မီတာလေးရာ လမ်းကြောင်း၏ တဝက်သို့ ရောက်ရှိသွားသည်။

ချန်းဖန်နှင့် အန်ဒရီယာတို့သည်ကား စမှတ် မျဉ်းကြောင်းပေါ်တွင်သာ ရပ်နေဆဲ ဖြစ်သည်။

"ကိုကိုချန်းဖန်... သွားတော့လေ..."

ချန်းကောကောသည် အဆုတ်ကွဲမတတ် ကျယ်လောင်စွာ လှမ်းအော်လေသည်။ ကြည့်ရသည်မှာ အမှန်ပင် သူမ၏ ရှိစုမဲ့စု မုန့်ဖိုးအားလုံးအား ချန်းဖန်ဘက်မှ လောင်းထားခြင်း ဖြစ်ရမည်။

"စိတ်မပူပါနဲ့ ကိုကိုက သူ့ကို တမင် အကျောပေးထားတာ"

ချန်းဖန်က တည်ငြိမ်စွာ ပြန်ပြောသည်။

"ဟမ့်… ရှုံးမယ်မှန်း ကြိုသိထားလို့ လျှောက်ပြောနေတယ် သူကြောက်နေတာ လူတိုင်းသိတယ်"

ချန်းနဉ်သည် ချန်းဖန် ရှုံးတော့မည်ကို တွေ့ရသည့်အခါ အလွန် ကျေနပ်သွားပြီး မရယ်ဘဲ မနေနိုင်တော့။

ချန်းအန်းသည် ချန်းဖန်၏ ခေါင်းမာမှုကြောင့် သက်ပြင်းချရုံသာ တတ်နိုင်သည်။ အစပိုင်းတွင် သူက ချန်းဖန်၌ လှည့်ကွက်တစ်ခုခု ရှိလောက်သည်ဟု ထင်မိခဲ့သော်လည်း ကြည့်ရတာ မဟုတ်ပုံရသည်။

အန်းရာသည် မြင်းပေါ်တွင် ထိုင်နေရင်း မသက်မသာ ပြုံးမိသည်။ သူမသည် အစကတည်းက Porsche တစ်စီး ပေးရရန် စိတ်ကို ပြင်ဆင်ထားပြီး ဖြစ်သည်။

"ဟားဟား.. Porscheကတော့ ငါ့အပိုင်ပဲ"

ချန်းရှုသည် ပန်းတိုင်နှင့် မီတာ နှစ်ဆယ်ခန့်သာ လိုတော့သောကြောင့် မြင်းကို အနည်းငယ် အရှိန်လျှော့ကာ ဟားတိုက် ရယ်မောလိုက်သည်။

လူတိုင်းသည်လည်း ချန်းဖန် ရှုံးတော့မည်ဟုသာ တထစ်ချ တွေးထားလိုက်ကြသည်။ ထိုအချိန်တွင် အန်ဒရီယာပေါ်တွင် ထိုင်နေသော ချန်းဖန်သည် နှုတ်ခမ်းတွန့်ရုံ ပြုံးလိုက်ပြီး နက်ရှိုင်းလှသော အသံနှင့် စကားလုံး တစ်ခုအား ခပ်တိုးတိုး ရေရွတ်လိုက်သည်။

"ရပ်"

ရုတ်တရက် ပန်းတိုင်နှင့် ဆယ်မီတာခန့်သာ ဝေးတော့သော ဆီဇာသည် ပြေးလမ်းပေါ်တွင် တုံ့ခနဲနေအောင် ရပ်တန့် သွားသည်။

"ဘာဖြစ်တာလဲ..."

အဖြစ်အပျက်ကြောင့် လူတိုင်း ဇဝေဇဝါ ဖြစ်သွားကြပြီး ချန်းရှုနှင့် ဆီဇာတို့ထံ လှမ်းကြည့် မိကြသည်။

"ချန်းရှုက ဘာလို့ ရပ်လိုက်တာလဲ... မသိရင် ချန်းဖန် မှီလာမှာကို စောင့်နေတဲ့အတိုင်းပဲ"

သိပ်မကြာခင်တွင်ပဲ ပွဲကြည့် ပရိသတ်များမှာ သူတို့ မှားယွင်းနေကြောင်း သိသွားကြသည်။

ပွဲကြည့် ပရိတ်သတ်များသည် ချန်းရှုတစ်ယောက် မြေပြင်ပေါ်သို့ ခုန်ဆင်းလာပြီး ဆီဇာ၏ ဇက်ကြိုးအား အသေအလဲ ဆွဲနေသည်ကို အံ့ဩတကြီး ကြည့်နေမိကြသည်။ ချန်းရှုသည် အားရှိသမျှ ဆွဲနေသော်လည်း ဆီဇာသည် နေရာမှ တလက်မပင် ရွေ့မသွားသည်မှာ မှော်ဂါထာတစ်ခုဖြင့် အမိန့်ပေး ခံထားရသည့် အလား။

"အစ်မအန်း အခုက ကျွန်တော်တို့ အလှည့်ပဲ"

ချန်းဖန်သည် ခပ်တိုးတိုး ရယ်ကာ ပြောလိုက်ပြီးနောက် အန်ဒရီယာ၏ လည်ပင်းအား ခပ်ဖွဖွ တစ်ချက် ပုတ်ကာ စတင် ပြေးစေလိုက်သည်။

မြင်းမလေး အန်ဒရီယာသည် အတတ်နိုင်ဆုံး ပြေးနေသော်လည်း ဆီဇာ ပြေးသွားစဉ်ကလောက်တော့ မမြန်ပါချေ။

လူတိုင်းသည် အဖြစ်အပျက်ကြောင့် ပြောစရာစကား မဲ့သွားကြပြီး မလှုပ်မယှက် ကြည့်နေမိကြသည်။ ချန်းအန်းသည် မူမမှန်လှသော ဖြစ်ရပ်ကြောင့် ဆွံ့အစွာ မျက်ခုံး ပင့်မိသွားသည်။ အားလုံးတို့သည် ချန်းဖန်နှင့် အန်ဒရီယာတို့ ပန်းတိုင်သို့ တဖြည်းဖြည်း နီးကပ်လာသည်ကို အတောင့်သား ရပ်ကြည့်နေကြရုံသာ တတ်နိုင်သည်။

နောက်ဆုံးတွင် ‌နှေးကွေးစွာ ပြေးလာနေသော အန်ဒရီယာလေးသည် မျက်နှာကြီး ဖြူဖျော့နေသော ချန်းရှုနှင့် ဆီဇာတို့အား ကျော်တက်လျက် ပန်းဝင်သွားတော့၏။

ဇီယွင်မြင်းစီး ကလပ်တွင် လူအများရှေ့ ပြုလုပ်ခဲ့သော အလောင်းအစား၌ အပြတ်အသပ် အနိုင်ရရှိသွားသူကား ချန်းဖန်သာ ဖြစ်၏။

***

All Chapters