← Chapters

သခင်လေးဝေ့

Vol. 2 Ch. 130

သခင်လေးဝေ့

Vol. 2 Ch. 130

အံ့ဩမှုကြောင့် မြင်းပြိုင်ပွဲ ကျင်းပရာ ဧရိယာတစ်ခုလုံး တိတ်ဆိတ် ကျသွားသည်။

ချန်းဖန်သည် လူတိုင်း၏ ရှေ့၌ပင် ချန်းရှုအား ထူးထူးဆန်းဆန်း နည်းလမ်းကြီးဖြင့် အလွန် ရိုးရှင်းစွာ အနိုင်ယူသွားသည်ကား ဘယ်သူမှ မျှော်လင့်မထားခဲ့သော ရလဒ်ဖြစ်သည်။

"သူက မြင်းစကား နားလည်တာများလား..."

"ချန်းဖန်က တကယ့်ကောင်ပဲ တစ်ချိန်လုံး ပညာ လျှိုထားတယ်"

"ဒီလူငယ်လေးက မြင်းတွေ အကြောင်းကို ဇီယွင်ကလပ်က နည်းပြတွေထက် ပိုနားလည်တာပဲ"

ထိုစကားများကို ကြားသော် ပေါလ်၏ မျက်နှာကြီးမှာ ရှုံ့မဲ့သွားသည်။ သူက ချန်းဖန်၏ ဆုံးဖြတ်ချက် မှားယွင်းကြောင်း ပြောခဲ့သော်လည်း ယခုမူ မှားယွင်းသူက သူသာ ဖြစ်‌ကြောင်း ချန်းဖန်က သက်သေ ပြသွားခဲ့သည်။

"ဒါပေမဲ့ သူက ဘယ်လို လုပ်ခဲ့တာများလဲ... ဘယ်လောက်ပဲ မြင်းအကြောင်း နားလည်ပါစေဦး မြင်းတကောင်ကို ကျောက်ရုပ်နီးပါး ရပ်သွားအောင် လုပ်နိုင်လို့လား..."

ပေါလ်တစ်ယောက် နားမလည်နိုင်စွာ ရေရွတ်မိ၏။

"စိတ်ဝင်စားစရာပဲ"

ချန်းအန်းသည် ချန်းဖန်အား မမှိတ်မသုန် လှမ်းကြည့်ရင်း ပြောသည်။

"ကြည့်ရတာ ငါတို့ ဝမ်းကွဲညီလေးက သာမန်လူတော့ မဟုတ်ဘူးပဲ"

"ဟွန့်.. အဲ့ကောင်က ကံကောင်းသွားရုံပါ"

ချန်းနဉ်က ခါးသီးစွာ ပြန်ပြောသည်။

"ရှောင်နဉ် .. ကံကောင်းတယ် ဆိုတာကိုက သူ့အရည်အချင်းရဲ့ တစ်စိတ် တစ်ပိုင်းပဲ"

ချန်းအန်းက သူ့ညီမငယ်လေး၏ စကားအား ခေါင်းယမ်းရင်း ပြောသည်။

ချန်းအန်းသည် ချန်းဖန်အား ချီးကျူးသည် ဆိုသော်လည်း အထင်ကြီးခြင်းတော့ မဟုတ်‌ပေ။ ချန်းဖန်၏ အရည်အချင်းကို အနည်းငယ် အသိအမှတ် ပြုရုံသာ။ ချန်းအန်း၏ စိတ်ထဲတွင် ချန်းမိသားစု တစ်ခုလုံး၌ သူ့ပြိုင်ဘက် ဖြစ်ရန် ထိုက်တန်သူမှာ တစ်ယောက်သာ ရှိပြီး ထိုတစ်ယောက်ကား သေချာပေါက် ချန်းဖန် မဟုတ်။

ရုတ်တရက် အားလုံးသည် အသံတသံအား ကြားလိုက် ကြရသည်။

"ကြည့်စမ်း .. ဒီမှာ ပျော်စရာတစ်ခုခု ရှိတဲ့ပုံပဲ"

လူတိုင်း အသံလာရာသို့ လှမ်းကြည့်မိသည်တွင် သူတို့ဘက်သို့ မြင်းကိုယ်စီနှင့် ယှဉ်တွဲကာ လာနေသော လူငယ် တစ်ယောက်နှင့် မိန်းကလေး တစ်ယောက်အား တွေ့လိုက်ရသည်။

မြင်းပေါ်ရှိ လူငယ်မှာ အရပ်ရှည်ကာ ချောမောပြီး သူ့ဘေးရှိ မြင်းပေါ်မှ မိန်းကလေး၏ အလှနှင့် လွန်စွာ လိုက်ဖက်ညီလှသည်။

"အာ.. အဲဒီ မိန်းကလေးက ကလပ်ပိုင်ရှင် ရင်းဝမ်ချင် မဟုတ်လား..."

"သူဌေးရင်းက ကလပ်ကို လာတဲ့ ဧည့်သည်တွေနဲ့ ခပ်ကင်းကင်း နေတတ်တာ မဟုတ်ဘူးလား။ ဘယ်လိုဖြစ်ပြီး အဲဒီလူငယ်နဲ့ အရမ်း ရင်းနှီးတဲ့ပုံ ပေါက်နေတာလဲ..."

အားလုံးက တီးတိုးတီးတိုး ဆွေးနွေးနေကြသည်။

ချန်းအန်းသည် ထိုလူနှစ်ယောက်အား မြင်ချိန်တွင် တောင့်တင်းသွားပြီး အပြုံးတစ်ခုအား အလျင်အမြန် ဆင်မြန်းကာ သွားရောက် နှုတ်ဆက်‌လေသည်။

"သခင်လေးဝေ့ပါလား ဒီကို ရောက်နေတာ ကျွန်တော် မသိလိုက်ဘူး"

"မတွေ့တာကြာပြီ ရှောင်အန်း အရမ်းကြီး ယဉ်ကျေးနေဖို့ မလိုပါဘူးကွာ ငါ့ကို နာမည်တပ် ခေါ်လို့ ရပါတယ်"

ထိုလူငယ်သည် ချန်းအန်းနှင့် သက်တူ ရွယ်တူလောက် ရှိသော်လည်း ချန်းအန်းထက် ပိုမို ရင့်ကျက်သည့်ပုံ ပေါ်ပြီး အသံကအစ ဩဇာ အပြည့်နှင့် ဖြစ်သည်။

"ဟုတ်ကဲ့ ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ် သခင်လေးဝေ့"

ချန်းအန်းက အလွန် ရို့ကျိုးစွာ ပြန်ပြောသည်။

ချန်းအန်း၏ လေးစားသမှု ရှိလှသော အမူအရာကို မြင်သော် ဧည့်သည်များသည်လည်း ထိုလူငယ်မှာ မည်သူဖြစ်ကြောင်း ခန့်မှန်းမိသလိုလို ရှိသွားသည်။

"သခင်လေးဝေ့.. ကျွန်တော့်ရဲ့ ဝမ်းကွဲညီ နှစ်ယောက်က ပြိုင်ပွဲတစ်ခု လုပ်နေကြတာလေ ဘယ်သူရှုံးရှုံး ရှုံးတဲ့သူက ပြိုင်ကားတစ်စီး ပေးရမှာ"

ချန်းအန်းက အဖြစ်အပျက် အလုံးစုံအား သေချာ ရှင်းပြလိုက်သည်။

ပြိုင်ပွဲ၏ ရလဒ် အကြောင်း ကြားသည့်နောက် ရင်းဝမ်ချင်က အလွန် အံ့ဩသွားပုံ ရသည်။

"တကယ်လား... ဒီလိုဆိုရင် ရှင့်ရဲ့ဝမ်းကွဲညီကို ကျွန်မ တွေ့ကြည့်ဖို့ လိုနေပြီ။ သူက မြင်းအကြောင်းကို တော်တော်ကြီး နားလည်တဲ့သူပဲ ဖြစ်ရမယ်"

"ကိစ္စမရှိပါဘူး အမဝမ်ချင် တွေ့ချင်ရင် ကျွန်တော် ခေါ်ပေးပါ့မယ်"

ချန်းအန်းက ပြောသည်။

ထိုအချိန်တွင် ချန်းဖန်သည် ပန်းတိုင်မှ စမှတ်မျဉ်း ဘက်သို့ ပြန်လာနေသည်။

ချန်း‌ကောကောသည် သူမ၏ မြင်းသေးသေးလေးဖြင့် ချန်းဖန် ထံလာရင်း လက်ထဲတွင်လည်း Lamborghini ကားသော့အား ပျော်ရွှင်စွာ ဝှေ့ယမ်းလို့ နေသည်။

"ကိုကိုချန်းဖန်နဲ့ ကပ်ပြီး ပြိုင်ကား စီးရတော့မယ် ခိခိ ‌ကောင်းလိုက်တာ"

အနောက်တွင် ရပ်နေသော ချန်းရှု၏ မျက်နှာမှာတော့ စက္ကူစတစအလား ဖြူဆုတ်လို့ နေသည်။

"ရှောင်ဖန်.. ဒီကို ခဏလာခဲ့ဦး မိတ်ဆက်ပေးချင်လို့"

ချန်းအန်းက အမိန့်ပေးလိုက်သည်။

ချန်းဖန်သည် ချန်းအန်း၏ စကားအား မကြားချင်ယောင် ဆောင်‌နေသော်လည်း အန်းရာ၏ တွန်းအားပေးမှုဖြင့် ချန်းအန်းရှေ့သို့ ရောက်လာရသည်။

"ဒါက သခင်လေးဝေ့ ဒါက အစ်မဝမ်ချင် "

ချန်းအန်းက မိတ်ဆက်ပေးသည်။

"အစ်မဝမ်ချင်က ပြေးနေတဲ့ မြင်းကို ရပ်သွားအောင် မင်းဘယ်လို လုပ်လိုက်လဲဆိုတာ သိချင်နေတာ"

ချန်းအန်း၏ လေသံသည် ပျော့ပျောင်းသည်ဟု ထင်ရသော်လည်း အမိန့်ပေးနေခြင်းနှင့် ပိုတူသည်။

"ကျွန်မက အိုလံပစ် မြင်းစီးပြိုင်ပွဲ ရွှေတံဆိပ် ဆုရှင်ဆီမှာ မြင်းစီးသင်ခဲ့တာ ဒါပေမဲ့ ကျွန်မဆရာတောင် ရှင်လုပ်သလို မလုပ်နိုင်လောက်ဘူး။ ကျေးဇူးပြုပြီး ရှင့်ရဲ့နည်းလမ်းကို ပြောပြပေးလို့ ရမလား..."

"သာမန် လှည့်ကွက်လေး တစ်ခုပါပဲ တခမ်းတနား ထုတ်ပြော ရလောက်အောင် မဟုတ်ပါဘူး"

ချန်းဖန်က စိတ်မပါလက်မပါ ပြန်ဖြေသည်။

ထို့နောက် ချန်းဖန်သည် ထိုနှစ်ယောက်အား ခေါင်းညိတ် နှုတ်ဆက်ခဲ့ပြီးနောက် ချန်းကောကောနှင့် အန်းရာတို့ ထံသို့ ပြန်လျှောက် သွားလေသည်။

သူက ချန်းကောကောအား လှမ်းပြောလိုက်သည်။

"ကောကောရေ.. ကိုကိုနဲ့ မြင်းစီးပြိုင်ကြမလား..."

"ပြိုင်မယ် ပြိုင်မယ်..."

ချန်းကောကောသည် အလွန် စိတ်လှုပ်ရှားစွာနှင့် သူမ၏ မြင်းသေးသေးလေးပေါ်မှ ပြုတ်ကျမတတ် အော်လိုက်လေသည်။

ချန်းဖန်၏ ပြီးစလွယ် နှုတ်ဆက်ကာ စကားစ ဖြတ်ခြင်း ခံလိုက်ရသော သုံးယောက်မှာ ဆွံ့အ နေကြသည်။

အားလုံးသည်လည်း ချန်းဖန်၏ အရေးမလုပ်သော အပြုအမူကြောင့် ကြောင်အ သွားကြသည်။

"သေစမ်း… အဲကောင်က သူနဲ့ စကားပြောနေတာ သခင်လေးဝေ့မှန်း မသိဘူးလား......"

တစ်ယောက်က ပြောလိုက်သည်။

ကျန်လူများကလည်း ထောက်ခံသည်။

"အဲကောင်လေးက အသားလွတ် ဘဝင်မြင့်နေတာပဲ"

အံ့ဩမှုနှင့် မယုံကြည်နိုင်မှုတို့က ချန်းနဉ်၏ မျက်နှာပေါ်တွင် နေရာယူထားသည်။ သူမ၏ ဖခင်ပင်လျှင် သခင်လေးဝေ့အား လေးလေးစားစား ဆက်ဆံနေရချိန်၌ ချန်းဖန်ဟူသော ကောင်‌စုတ်လေးက အရေးမလုပ်သော ပုံစံ လုပ်သွားခဲ့သည်။ သခင်လေးဝေ့၏ ဖခင်သည် ဟူတုန်း ပြည်နယ်တွင် အလွန် လွှမ်းမိုးနိုင်စွမ်းရှိသူ ဖြစ်ကာ ချန်းမိသားစု အနေနှင့် ယှဉ်နိုင်သူ မဟုတ်ပေ။

ချန်းအန်းသည် သခင်လေးဝေ့နှင့် ရင်းနှီးနိုင်ဖို့ရာ အများကြီး ရင်းနှီးထားခဲ့ရတာ ဖြစ်သည်။ သူသည် ဘယ်တုန်းကမှ မြင်းစီးခြင်းအား စိတ်မဝင် စားခဲ့သော်လည်း သခင်လေးဝေ့ ဇီယွင်ကလပ် ပိုင်ရှင်နှင့် တွဲနေကြောင်း သတင်းရသည်နှင့် ဇီယွင်ကလပ်၏ အဖွဲ့ဝင် ဖြစ်လာရန် ကြိုးစားခဲ့တာ ဖြစ်သည်။

"သခင်လေးဝေ့.. ကျွန်တော့်ညီက ငယ်သေးတော့ သိပ်မသိတတ်ဘူး သူ့အစား တောင်းပန်ပါတယ် ကျွန်တော်.."

ချန်းအန်းသည် အလွန် စိတ်ရှုပ်ထွေးသွားပြီး ဘာပြောရမှန်းပင် မသိတော့။

"ထားလိုက်ပါတော့"

သခင်လေးဝေ့က ဘာမှ ဆက်မပြောတော့သော်လည်း သူ့မျက်လုံးများထဲတွင် မနှစ်မြို့သော အရိပ်အယောင် တချို့ ရှိနေသည်။

ရင်းဝမ်ချင်၏ မျက်နှာသည်လည်း အနည်းငယ် အေးစက် သွားသည်။ သူမသည် ကလပ် စဖွင့်ကတည်းက ဘယ်သူဆီကမှ ဤကဲ့သို့ မောက်မောက်မာမာ ဆက်ဆံခြင်းမျိုး မခံရဖူးပေ။

"ကောင်းပြီ ဒီမှာလည်း ဘာပြိုင်ပွဲမှ မရှိတော့ဘူးဆိုတော့ ခွင့်ပြုပါဦး။ ကျီချင်းက ဒီကို သိပ်ရောက်ဖြစ်တာ မဟုတ်ဘူး ဆိုတော့ သူ့ကို အဖော်ပြုပေးရဦးမယ်"

သခင်လေးဝေ့ ပြန်လည် ထွက်ခွာ သွားသည့်‌နောက် ချန်းအန်း၏ မျက်နှာမှာ အေးစက်သွားပြီး ဒေါသ အလွန် ထွက်နေသည်မှာ ထင်ရှားသည်။

ထိုအချိန်တွင် ချန်းဖန်သည် မြက်ခင်းပြင် တစ်နေရာ၌ အန်းရာ၊ ကောကောတို့နှင့် ပျော်ပျော်ရွှင်ရွှင် မြင်းစီးနေတာ ဖြစ်သည်။

ဇီယွင်ကလပ်သည် အရွယ်အစား ကြီးမားရုံ သာမက အတွင်းဘက်တွင် စမ်းချောင်း ငယ်လေးများလည်း ပါရှိသည်။

ချန်းဖန်တို့ သုံးယောက်သည် တစ်ခုသော စမ်းချောင်းငယ်လေး အနီးတွင် ရပ်တန့်ကာ မြက်ခင်းပြင်ပေါ်တွင် ထိုင်ချ၍ ခပ်လှမ်းလှမ်းရှိ မြင်းစီးနေသူမျအား ကြည့်နေမိကြသည်။

"ဒီလိုမျိုး အပန်းမဖြေရတာ အရမ်း ကြာခဲ့ပြီ"

အန်းရာက ဒူးနှစ်ဖက်အား ရင်ဘတ် နားတွင် ပိုက်ကာ ထိုင်နေရင်း ပြောသည်။

"မပြောပါနဲ့… သမီးဆိုရင်လေ အလယ်တန်းကို ရောက်ကတည်းက စာပဲလုပ်နေရတာ အပြင်ထွက်ပြီး အခုလို ပျော်စရာလေးတွေ လုပ်ဖို့ အဖေက လုံးဝ ခွင့်မပြုဘူး လုံးဝ"

ချန်းကောကောက နှုတ်ခမ်းဆူရင်း မကျေမနပ် အထွန့်တက်လာသည်။

ကလေးမလေး၏ အမူအရာလေးမှာ အလွန် ချစ်ဖို့ကောင်းလှရာ အန်းရာလည်း စိတ်မထိန်း နိုင်တော့ဘဲ ချန်း‌ကောကော၏ ပါးဖောင်းဖောင်းလေးအား ဖျစ်ညှစ် လိုက်မိသည်။ ချန်း‌ကောကောက မျက်မှောင်ကြီး ကြုတ်သွားပြီး အန်းရာ၏ ပါးပြင်ကို ပြန်လည် ဖျစ်ညှစ်ရန် ကြိုးစားတော့သည်။ သို့နှင့် ချစ်စဖွယ် ကလေးမလေးနှင့် သိမ်မွေ့လှပသော မိန်းမငယ်လေး တစ်ယောက်တို့သည် တစ်ယောက်ပါးကို တစ်ယောက် လိုက်ဖျစ်ညှစ်ရင်း တခိခိ ရယ်သံလေးများ ထွက်ကာ မြက်ခင်းပြင်ပေါ်တွင် လုံးထွေး နေတော့သည်။

ထိုမြင်ကွင်းအား ကြည့်နေသော ချန်းဖန်၏ နှုတ်ခမ်းများမှာ လှိုက်လှိုက်လှဲလှဲ တွန့်ကွေး သွားရသည်။ ဤအခိုက်အတန့် လေးတွင် သူက မိသားစုဆိုသော ဝေါဟာရနှင့် သက်ဆိုင်သော ပျော်ရွှင်မှုမျိုး ခံစားရသည်။

အတိတ်ဘဝက သူ၏ အချိန်အားလုံးအား ကျင့်ကြံခြင်းတွင်သာ နှစ်မြှုပ်ထားခဲ့သည်။ ယခုတစ်ကြိမ်တွင်တော့ သူချစ်ရသော မိသားစုဝင်များနှင့် အတူ အချိန်တချို့ ကုန်ဆုံးရန် ဆုံးဖြတ်ထားသည်။

ချန်းဖန်တို့သုံးယောက် အသီးသီး ပျော်ရွှင်နေကြချိန်တွင် အံ့ဩနေသော အသံတစ်သံက ခပ်လှမ်းလှမ်းမှ ပျံ့လွင့် လာသည်။

"ဆရာချန်း .. ဒီမှာ ဘာလုပ်နေတာလဲ..."

ချန်းဖန် လှည့်ကြည့်လိုက်သည်တွင် ခပ်လှမ်းလှမ်း၌ မြင်းတစ်ကောင်ပေါ်တွင် ထိုင်နေသော မိန်းကလေး တစ်ယောက်အား မြင်လိုက်ရသည်။ ထိုမိန်းကလေးသည် ဆံပင်များ အားလုံးအား ပွန်နီတေး စည်းထားပြီး အနက်ရောင် မြင်းစီးဟဲမက်ကို ဆောင်းထားသည်။ သူမ ဝတ်ဆင်ထားသော မြင်းစီး ဝတ်စုံကလည်း အနက်ရောင် ဖြစ်သည်။ အေးစက်စက် အမူအရာဖြင့်သာ အမြဲ နေလေ့ရှိသော သူမက ယခု ချန်းဖန်အား မြင်လိုက်ချိန်တွင်တော့ အလွန် အံ့အားသင့် သွားဟန်ရသည်။

"ဝေ့ကျီချင်း..."

ချန်းဖန်သည်လည်း မိတ်ဆွေဟောင်းနှင့် မထင်မှတ်ဘဲ လာဆုံနေ၍ အံ့ဩ သွားတာဖြစ်သည်။

"ကျီချင်း.. သူ့ကိုသိတာလား..."

အံ့ဩနေသော ယောက်ျားသံ တစ်သံ ထွက်ပေါ်လာသည်။

ထိုအခါမှ ချန်းဖန်က ဝေ့ကျီချင်းနှင့်အတူ အခြားလူနှစ်ဦး ပါလာကြောင်း သတိပြုမိသွားသည်။ ထိုနှစ်ယောက်ကား သခင်လေးဝေ့နှင့် ဇီယွင်ကလပ် ပိုင်ရှင် ရင်းဝမ်ချင်တို့ ဖြစ်ကြသည်။

ရင်းဝမ်ချင်သည် စူးစမ်းလိုသော အကြည့်ဖြင့် ချန်းဖန်အား ကြည့်လာသည်။ သူမက ‌ချန်းဖန်နှင့် ဝေ့ကျီချင်းတို့ သိနေလိမ့်မည်ဟု မထင်ခဲ့ပေ။ ချန်းဖန်၏ မောက်မာနေမှုများက ဝေ့ကျီချင်းနှင့် သိနေသောကြောင့် ဖြစ်နိုင်သည်။

ချန်းဖန် တွေးမိ၏။

'ချန်းအန်းက သူ့ကို သခင်လေး ဝေ့လို့ ခေါ်တာ မထူးဆန်းတော့ဘူး။ သူနဲ့ ဝေ့ကျီချင်းက မိသားစု တစ်ခုတည်းကပဲ'

သို့သော် ချန်းဖန်၏ စိတ်မပါလက်မပါ အမူအရာက ပြောင်းလဲ မသွားပေ။ သူနှင့် ဝေ့မိသားစုကြားတွင် မည်သို့သော အကြွေးတင်နေခြင်းမျိုးမှ မရှိတော့သည် ဖြစ်ရာ အဘိုးဝေ့ ကိုယ်တိုင် ရောက်လာလျှင်ပင် သူ့အနေနှင့် ပြောစရာစကား မရှိပါချေ။

"အစ်ကို.. ဒါက သခင်လေးချန်း၊ ချန်းဖန်တဲ့"

ဝေ့ကျီချင်းက သူမအကိုနှင့် မိတ်ဆက် ပေးပြီးနောက် မြင်းပေါ်မှ ဆင်းလာကာ ချန်းဖန်အား တောင်းပန်သည်။

"ဆရာချန်း.. နောက်ဆုံး တစ်ခေါက်က ဖြစ်ပျက်ခဲ့တာတွေ အတွက် ကျွန်မ တောင်းပန်ပါတယ်။ အဘိုးကလည်း ရှင့်ကို သူကိုယ်တိုင် လာတွေ့ပြီး တောင်းပန်ချင်နေတယ်"

"မလိုပါဘူး ကျွန်တော်က အဘိုးဝေ့ရဲ့ ‌ရောဂါကို ကုပေးခဲ့တယ် ဆိုပေမဲ့ အဘိုးဝေ့က ကျွန်တော့်ကို စံအိမ်တလုံး ပြန်‌ပေးထားတာပဲ ဒါက ကျေပြီလို့ ပြောလို့ရတယ်"

ချန်းဖန်က သူ့အတွေးအား ရှင်းရှင်းလင်းလင်း ပြောသည်။

သခင်လေးဝေ့သည် ညီမဖြစ်သူနှင့် ချန်းဖန်ကြားရှိ ဆက်ဆံရေးအား အသေအချာ မ‌သိသေးသော်လည်း မြင်းပေါ်မှ ဆင်းလာကာ အပြုံးတစ်ခုနှင့် ပြော၏။

"ခုနတုန်းက အသေအချာ နှုတ်မဆက် လိုက်မိလို့ ဆောရီးပါဗျာ ကျွန်တော့်နာမည်က ဝေ့ကျီဖန်းပါ ကျီချင်းရဲ့ အကိုပေါ့ ပြီးတော့ ဒါက ကျွန်တော့် ချစ်သူ ရင်းဝမ်ချင် … ဝမ်ချင် ဆင်းလာပြီး တောင်းပန်"

ရင်းဝမ်ချင်သည် 'တောင်းပန်' ဟူသော စကားကိုကြားသော် အနည်းငယ် တောင့်တင်း သွားသော်လည်း နာခံစွာဖြင့် မြင်းပေါ်မှ ဆင်းလာပြီး ချန်းဖန်အား တောင်းပန်သည်။

သို့သော် အံ့ဩစရာ ကောင်းစွာပင် ချန်းဖန်က သူတို့နှစ်ယောက်အား ပြုံးတောင်မပြဘဲ အရေးမလုပ်သည့် အမူအရာနှင့်သာ ရှိနေသေးသည်။ စကား ပြန်ပြောဖော် ရတာကိုပင် ကျေးဇူးတင်ရမည်။

" ခင်ဗျားတို့အမှား မဟုတ်ပါဘူး တောင်းပန်ဖို့ မလိုဘူး"

ချန်းဖန်သည် အန်းရာနှင့် ကောကောတို့ထံသို့ လျှောက်သွားကာ မြက်ခင်းပြင်ပေါ်မှ ထူပေးလိုက်သည်။ ထို့နောက်မှ ဝေ့ကျီချင်း ဘက်သို့ ပြန်လှည့်ကာ ပြောသည်။

"ကျွန်တော့်မှာ သွားစရာလေး ရှိနေသေးလို့ ခွင့်ပြုပါဦး"

"ဒါပေမဲ့.. ဆရာချန်း.."

ချန်းဖန်၏ ခပ်တန်းတန်းသာ ဆက်ဆံတော့သော အမူအရာကြောင့် ဝေ့ကျီချင်း၏ မျက်နှာလေးမှာ ပျက်ယွင်း သွားရသည်။ ယခုတော့ သူမအဘိုး၏ စကားများ မှန်ကန်ကြောင်း သူမ သိခဲ့ရပြီ ဖြစ်သည်။ ချန်းဖန်သည် ဝေ့မိသားစုနှင့် ပတ်သက်မှုအားလုံးအား ဖြတ်တောက်ရန် ဆုံးဖြတ်ပြီးပုံ ရသည်။ ချန်းဖန်က ဝေ့မိသားစုအား နောက်ဆုံး အခွင့်အရေး ပေးခဲ့‌သော်လည်း ဝေ့မိသားစု ကိုယ်တိုင်က ထိုအခွင့်အရေးကို မဖမ်းဆုပ်နိုင်ခဲ့တာ ဖြစ်သည်။

"ကျီချင်း.. နင့်သူငယ်ချင်းက အရမ်းမောက်မာတာပဲ"

ရင်းဝမ်ချင်၏ မကျေနပ်မှုများက ပွင့်အံ ထွက်လာသည်။

ဘေးတွင် ရပ်နေသော ဝေ့ကျီဖန်းသည်ပင် ဒေါသ ထွက်နေပုံ ရသည်။

သူတို့နှစ်ဦးလုံးက ကိုယ့်ကိုယ်ကိုယ် နှိမ့်ချကာ ချန်းဖန်အား တောင်းပန် ခဲ့သော်လည်း ချန်းဖန်သည် အရေးပင် မလုပ်ဘဲ အေးစက်စက် တုံ့ပြန် သွားသည်။ ပုံမှန်ဆိုလျှင် ဝေ့ကျီဖန်းက စိတ်ရှည် သည်းခံတတ်သူ ဖြစ်သော်လည်း ချန်းဖန်ကြောင့် ဒေါသထွက်ရ၏။

"ဒါက ဝေ့မိသားစုရဲ့ အမှားပါ သူ့ကို အပြစ်တင်လို့ မရဘူး"

ဝေ့ကျီချင်းက ခေါင်းယမ်းရင်း ညည်းညူ လိုက်သည်။

"ပြောရရင် သူ့မှာ ညီမတို့ကို ဒီလို ဆက်ဆံဖို့ အခွင့်အရေး အပြည့်အဝ ရှိတယ်"

"သူက.. ဘယ်သူမို့လို့လဲ..."

ရင်းဝမ်ချင်က မယုံကြည်နိုင်သည်မှာ ထင်ရှား၏။

ဘယ်သူကများ မြောက်ဘက် မြစ်ကမ်းပါးက ဝေ့မိသားစုကို လျစ်လျူရှု နိုင်လောက်‌သော အခွင့်အရေးမျိုး ပိုင်ဆိုင်ထားသည်လဲ...။

‌သို့သော် ဝေ့ကျီဖန်းသည် တစုံတရာအား စဉ်းစားမိသွားပုံ ပေါ်ကာ မျက်နှာ အမူအရာ ပြောင်းလဲ သွားသည်။

***

All Chapters