← Chapters

သတိမမူ ဂူမမြင်

Vol. 2 Ch. 131

သတိမမူ ဂူမမြင်

Vol. 2 Ch. 131

"ကျီချင်း.. သူက အဘိုးရဲ့ ရောဂါကို ကုပေးခဲ့တယ် ဆိုတဲ့ လူငယ်လေးလား..."

ဝေ့ကျီဖန်းက လေးလေးနက်နက် မေးလိုက်သည်။

"အမှန်ပဲ"

ဝေ့ကျီချင်းက ခေါင်းညိတ်သည်။

"သူက ဒီလောက် အသက်ငယ်ငယ်လေးနဲ့ အဘိုးကို ကုပေးနိုင်တယ် ဆိုတာနဲ့ပဲ ငါတို့ကို ဒီလို မောက်မောက်မာမာ ဆက်ဆံဖို့ မလိုဘူးလေ"

ဝေ့ကျီဖန်းသည် လက်ခံချင်ပုံ မရဘဲ ခေါင်းယမ်း၏။

"အသက်ငယ်ငယ်နဲ့ အောင်မြင်နေကြတဲ့ ပါရမီရှင် လူငယ်လေးတွေ အများကြီး တွေ့ဖူးပါတယ်။ ဒါပေမဲ့ ဘယ်သူမှ အဆုံးသတ် မကောင်းကြဘူး။ အဲ့ကောင်လေးက ဒီထက်ပိုပြီး နှိမ့်နှိမ့်ချချ နေသင့်တယ်"

ဆေးပညာတွင် မည်မျှ ထူးချွန်နေပါစေ၊ ထိုကောင်လေး၏ ကံကြမ္မာသည် ဝေ့မိသားစု လက်ခုပ် အတွင်းတွင်သာ ရှိနေသေးသည်။

ရင်းဝမ်ချင်၏ မျက်နှာက အနည်းငယ် ပျော့ပျောင်း သွားသည်။ သို့သော် သူမလည်းပဲ ချန်းဖန်၏ အပြုအမူအား အလုံးစုံ လက်သင့် မခံနိုင်သေးပေ။

"သူ့မှာ နောက်ထပ် နာမည်တစ်ခု ရှိသေးတယ်"

ဝေ့ကျီချင်းက ထပ်ပြောလာသည်။

"ချူကျိုးမြို့မှာ သူ့ကို ဆရာချန်းလို့ ခေါ်ကြတယ်"

"ဆရာချန်း... ကျန်းပေ့ဒေသရဲ့ ဆရာချန်း..."

ရင်းဝမ်ချင်သည် မယုံကြည်နိုင်စွာဖြင့် အတည်ပြု မေးမြန်းမိ၏။

နာမည်ကြီး မြင်းစီးကလပ်၏ ပိုင်ရှင်အနေနှင့် သူမသည် များစွာသော ဧည့်သည်များထံမှ မရေမတွက် နိုင်သော သတင်းများကိုလည်း နေ့စဉ် ကြားရ၏။ သို့ဖြစ်ရာ လူတိုင်း၏ ပါးစပ်ဖျားတွင် စွဲနေသော ဆရာချန်းဟူသည့် အမည်အား မကြားဖူးစရာ အကြောင်း မရှိပေ။ သို့သော်လည်း ချန်းဖန်၏ ပုံပန်းသွင်ပြင်နှင့် ဆရာချန်းဟူသော နာမည်အကြား ဆက်စပ် ကြည့်ရန်မူကား ခဲယဉ်းနေဆဲ ဖြစ်သည်။

"ကျန်းပေ့ဒေသရဲ့ ဆရာချန်း..."

ဝေ့ကျီဖန်းသည်လည်း ထိုနာမည်ကြောင့် အံ့ဩ သွားရသည်။

ချန်းဖန်ဟူသော လူငယ်လေးသည် ထန်ယွမ်ချင်နှင့် တန်းတူ အင်အားရှိသော ဆရာချန်း ဖြစ်နေလိမ့်မည်ဟု သူလုံးဝ မတွေးမိခဲ့ပေ။ ထို့ပြင် ချန်းဖန်သည် သူ့ထက် ဆယ်နှစ်ခန့်ပင် ငယ်နေသေးသည်။

ယခုအချိန်ထိ ဝေ့ကျီဖန်းသည် ချန်းဖန် သူ့ထက် သာနေခြင်းအား လက်မခံနိုင်သေး။

"ဟမ့်… သူက ဆရာချန်း ဖြစ်နေတော့ရော ဘာဖြစ်လဲ... ဝေ့မိသားစုအနေနဲ့ သူ့ကို ကြောက်နေစရာ မလိုဘူး"

ကျန်းနန်ပြည်နယ်တွင် အင်အားအကြီးဆုံး မိသားစု၏ သားတစ်ယောက် အနေနှင့် ဝေ့ကျီဖန်းတွင် အပြည့်အဝ ထောင်လွှားနိုင်သော အခွင့်အရေး ရှိသည်။

"အမှန်ပဲ"

အတွေးလွန်နေသော ရင်းဝမ်ချင်ကလည်း ဝေ့ကျီဖန်း၏ စကားအား ထောက်ခံလိုက်သည်။

ဆရာချန်းက မည်မျှ အစွမ်းထက်နေပါစေ၊ ဝေ့မိသားစု၏ ပြိုင်ဘက် မဖြစ်နိုင်ပေ။

"ဖြစ်နိုင်မယ်ဆိုရင် ညီမလည်း အဲ့လိုပဲ ဖြစ်ချင်ပါတယ် ဒါပေမဲ့ အဘိုးကိုယ်တိုင်ကတောင် ဆရာချန်းကို တောင်းပန်ချင်နေတာကိုရော အကို ဘယ်လိုထင်လဲ..."

ဝေ့ကျီချင်းက သက်ပြင်းချကာ ဆက်ပြောသည်။

"အကို ဒီသတင်းကို မကြားသေးတာ ဖြစ်လိမ့်မယ် မကြာသေးခင်ကမှ စစ်တပ်ဘက်က ဆရာချန်းကို ထန်လုံ အဖွဲ့အစည်းရဲ့ တပ်ကြပ်‌ ခေါင်းဆောင်အဖြစ် တာဝန်ယူပေးဖို့ ကမ်းလှမ်းလာတယ်"

"ထန်လုံအဖွဲ့အစည်းရဲ့ တပ်ကြပ် ခေါင်း‌ဆောင်... အဲဒါဘာလဲ..."

ရင်းဝမ်ချင်က ဇဝေဇဝါနှင့် ပြန်မေးလာသည်။

သူမသည် မကြာခင်ကမှ နိုင်ငံခြားက ပြန်ရောက်လာခြင်း ဖြစ်ရာ တရုတ်ပြည်ရှိ ရာထူး အဆင့်ဆင့်နှင့် ပတ်သက်၍ သိပ်မရင်းနှီးပေ။

ဝေ့ကျီဖန်းသည် 'ထန်လုံ အဖွဲ့အစည်း' ဟူသော နာမည်အား ကြားလိုက်ရသည်တွင် အလွန် ထိတ်လန့် သွားသော်လည်း 'တပ်ကြပ်ခေါင်းဆောင်' ဆိုသည့် ရာထူးကိုမူ သဲသဲကွဲကွဲ နားမလည်ပေ။

"တပ်ကြပ်ခေါင်းဆောင် ဆိုတာက စစ်တပ်က ဖွဲ့စည်းထားတဲ့ အထူးအဖွဲ့တွေမှာ အမြင့်ဆုံး ရနိုင်တဲ့ ရာထူးပဲ ဗိုလ်ချုပ်ထက် တစ်ဆင့်ပဲ နိမ့်တယ်"

ဝေ့ကျီချင်းက ခဏမျှ ရပ်ပြီးမှ ဆက်ပြောသည်။

"တကယ်လို့ ဆရာချန်းကသာ ကမ်းလှမ်းမှုကို လက်ခံပြီး တာဝန် ထမ်းဆောင်ပေးရင် အစိုးရဘက်က သုံးနှစ်အတွင်း ဗိုလ်ချုပ်အဖြစ် ရာထူး တိုးပေးလိမ့်မယ်"

"သုံးနှစ်အတွင်း ဗိုလ်ချုပ်ဖြစ်လာမယ်..."

ထိုစကားအား ကြားသော် လက်ရှိ စစ်တပ်တွင် တာဝန် ထမ်းဆောင်နေသော ဝေ့ကျီဖန်းမှာ အံ့ဩလွန်း၍ ပခုံးများပင် တဆတ်ဆတ် တုန်သွားရသည်။

"သူက အခုမှ ဆယ့်ခုနှစ်နှစ်လောက်ပဲ ရှိဦးမယ် သုံးနှစ်အတွင်း ဗိုလ်ချုပ် ဖြစ်လာမယ် ဆိုတော့ နောက်သုံးနှစ်ဆို သူ့အသက်က နှစ်ဆယ်ပဲ ရှိဦးမယ် ဘုရားရေ..."

ရင်းဝမ်ချင်သည် အံ့အားသင့်စွာ ပင့်သက် ရှိုက်လိုက်မိပြီး သူမမျက်လုံးများက အံ့ဩမှုကြောင့် ပြူးကျယ် သွားသည်။

တရုတ်ပြည်၏ စစ်တပ်ရာထူးများနှင့် မရင်းနှီးသော်လည်း ဗိုလ်ချုပ်ဟူသော အဆင့်အတန်းအား နားမလည် ရလောက်အောင် ရင်းဝမ်ချင်က မတုံးအပေ။

မည်သည့်နိုင်ငံတွင်မဆို အသက်နှစ်ဆယ် အရွယ်သာ ရှိသေးသော ဗိုလ်ချုပ် ဆိုသည်ကား လူ‌အများ လေးစားခံ ထိုက်သော အရည်အချင်းမျိုး ရှိသူ ဖြစ်သည်။

"ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ... တရုတ်ပြည်မှာ အသက်အငယ်ဆုံး ဗိုလ်ချုပ်ကတောင် အသက်လေးဆယ် ရှိပြီ"

ဝေ့ကျီဖန်းသည် မယုံကြည်နိုင်စွာ ရေရွတ်မိ၏။

"ဆရာချန်းက ချွင်းချက်လေ သူ့ရဲ့ ပါရမီနဲ့ အရည်အချင်းက ညီမတို့ မြင်နေရတာထက် အများကြီး ပိုတယ်"

ဝေ့ကျီချင်းသည် ချန်းဖန် ထွက်သွားရာ ဘက်သို့ လှမ်းကြည့်ရင်း ခပ်တိုးတိုး ပြောသည်။

ဝေ့ကျီဖန်း ပင့်သက် ရှိုက်လိုက်မိသည်။ တစ်စုံတစ်ယောက်သည် စစ်တပ် ဖွဲ့စည်းပုံ အကြောင်း ပိုမို နားလည်လေလေ ဤသတင်းအား ကြားပြီးနောက် ပိုမို အံ့ဩရလေလေ ဖြစ်လိမ့်မည်။

"ဒီတော့ ငါတို့က အသက်နှစ်ဆယ်မှာ ဗိုလ်ချုပ် ဖြစ်လာမှာ သေချာတဲ့လူနဲ့ တွေ့ခဲ့ရတာပေါ့..."

ဝေ့ကျီဖန်း၏ အသံထဲတွင် မကြာသေးခင်ကမှ ရှိနေသေးခဲ့သော မောက်မာမှုများမှာ အစအန ရှာမရေအောင် အငွေ့ပျံသွားပြီ ဖြစ်သည်။

ဝေ့မိသားစု ဒုတိယားသားသည်ပင် အသက်လေးဆယ် အရွယ်ရောက်မှ ဗိုလ်ချုပ် ဖြစ်လာခဲ့ခြင်း ဖြစ်သည်။ ချန်းဖန်၏ အသက်နှစ်ဆယ် အရွယ် ဗိုလ်ချုပ်ဟူသည့် အဆင့်အတန်းအား ဖယ်ထားလျှင်ပင် ချန်းဖန်သည် သူ့ဖခင်နှင့် တန်းတူ အာဏာရှိသည်။ ဒါတောင် ချန်းဖန်၏ အသက်က ငယ်လွန်း နေသေးသည်။ အနာဂတ်တွင် ချန်းဖန်သည် မည်မျှ မြင့်မားသော အဆင့်အတန်း တစ်ခုအထိ ‌ရောက်ရှိသွားမည် ဆိုသည်အား နတ်ဘုရားများသာ သိပေလိမ့်မည်။

ဝေ့ကျီဖန်းသည် ဝေ့မိသားစုမှ သခင်လေး ဖြစ်သော်လည်း တကယ့် ပါရမီရှင် တစ်ယောက်နှင့် တွေ့လာချိန်၌ မာနအား ခဏတာ ဘေးဖယ်ထားရန် လိုသည်။

ဝေ့မိသားစု တစ်ခုလုံး၏ စုပေါင်းအင်အားသည်ပင် ဆရာချန်းဟူသော လူငယ်လေးအား ရင်ဆိုင်နိုင်ရန် မလွယ်ပါ။

"ညီမ အခုပြောမဲ့ အကြောင်းကို ညီမ ကိုယ်တိုင်တောင် မယုံနိုင်သေးဘူး ဆရာချန်းက စစ်တပ်ဘက်က ကမ်းလှမ်းမှုကို ငြင်းလိုက် တယ်လေ"

ဝေ့ကျီချင်းက မသက်မသာပြုံး၍ ပြောသည်။

"ငြင်းလိုက်တယ်..."

ဝေ့ကျီဖန်းနှင့် ရင်းဝမ်ချင်တို့ နှစ်ဦးလုံး ပါးစပ် အဟောင်းသား ဖြစ်သွားကြသည်။

ချန်းဖန်အကြောင်းကို နားထောင်နေရသည်က ရိုလာကိုစတာ စီးနေရသော ခံစားချက်နှင့် ဆင်တူသည်။ ဆယ့်ခုနှစ်နှစ်အရွယ် လူငယ်လေးက ဆေးပညာတွင် သူမတူအောင် ထူးချွန်သည်။ ထို့ပြင် ကျန်းပေ့ဒေသ၏ ကျော်ကြားသော ဆရာချန်း ဖြစ်နေသေး၏။ တစ်ဖန် ထိုလူငယ်လေးက ထန်လုံ အဖွဲ့အစည်း၏ တပ်ကြပ် ခေါင်းဆောင်အဖြစ် ကမ်းလှမ်းခြင်း ခံထားရ‌သည်။ အဆိုးရွားဆုံးကား ထိုလူငယ်လေးသည် စစ်တပ်၏ ကမ်းလှမ်းမှုအား ငြင်းလိုက်သည် ဆိုပြန်၏။

"ဝေ့မိသားစုက ကျီပင်းနဲ့ ပတ်သက်ပြီး ဆရာချန်းအပေါ် အပြစ်ပြုမိ ထားတယ် "

ဝေ့ကျီချင်းက သက်ပြင်းချသည်။

"အဖေပြောတာတော့ စစ်တပ်ဘက်က ဆရာချန်းကို ဖြောင်းဖျဖို့ အရာရှိလေးယောက် လွှတ်ထားတယ်တဲ့ ညီမလောင်းရဲတယ်။ အဲဒီ အရာရှိ လေးယောက်က အဖေနဲ့ ရာထူးအတူတူ ရှိတဲ့ အရာရှိတွေပဲ ဖြစ်ရမယ်"

ဝေ့ကျီဖန်းကား လုံးလုံးလျားလျားကို ပြောစရာ စကား မဲ့သွားရ၏။

"သူနဲ့ယှဉ်ရင် အသက်သုံးဆယ် ပြည်တော့မဲ့ ငါက ဘာအောင်မြင်မှုမှ မရသေးသလိုပဲ ငါ့အနေနဲ့ သူ့ရှေ့မှာ မောက်မာနေနိုင်ဖို့ ဘာအခွင့်အရေးမှ မရှိဘူး"

ဝေ့ကျီဖန်းက သက်ပြင်းချကာ ပြောသည်။

ရင်းဝမ်ချင်ကလည်း ခေါင်းညိတ် ထောက်ခံသည်။

ဝေ့ကျီချင်းက ပြောသင့်၊ မပြောသင့် စဉ်းစားနေပြီးမှ ပြောလိုက်သည်။

"အစ်ကိုနဲ့ အစ်မဝမ်ချင်တို့သာ သူနဲ့ မိတ်ဆွေတွေ ဖြစ်လာမယ်ဆိုရင် အဘိုးရဲ့ ဆန္ဒကို ‌ဖြည့်ဆည်းပေးရာ ရောက်လိမ့်မယ်"

"တကယ်လား..."

ရင်းဝမ်ချင်က အံ့ဩ သွားသကဲ့သို့ ဝေ့ကျီဖန်း၏ မျက်လုံးထဲတွင်လည်း မျှော်လင့်ချက် အရိပ်အယောင်များ ဖြတ်ပြေး သွားသည်။

ဝေ့ကျီဖန်းနှင့် ရင်းဝမ်ချင်တို့သည် တက္ကသိုလ်တွင် အတန်းဖော်များ ဖြစ်ကြပြီး ချစ်သူများ ဖြစ်လာကြတာ ဖြစ်သည်။ သို့သော် ရင်းဝမ်ချင်သည် အလယ်အလတ်တန်း မိသားစုတစ်ခုမှ ဖြစ်သောကြောင့် ဝေ့ကျီဖန်း၏ မိဘများက သိပ်သဘော မတူချင်ပေ။ ထို့ကြောင့် ရင်းဝမ်ချင်သည် နိုင်ငံခြားသို့ နှစ်ပေါင်းများစွာ ပညာတော်သင် ထွက်သွားခဲ့သည်။ သူမ ပြန်လာသောအခါ ဝေ့ကျီဖန်းက သူမအတွက် ဇီယွင်ကလပ်အား ဖွင့်ပေးခဲ့တာ ဖြစ်သည်။

"ညီမတို့ မိသားစုက ဆရာချန်းရဲ့ ထောက်ပံ့ပေးမှုကို လိုအပ်တယ် ဒါပေမဲ့ ကျီပင်းကြောင့်နဲ့ မျက်နှာ ပျက်စရာတွေ ဖြစ်သွားခဲ့တော့ အဘိုးက သူကိုယ်တိုင် ဆရာချန်းကို သွားတောင်းပန်ဖို့ လုပ်နေတာ အစ်ကိုတို့နှစ်ယောက်သာ ဆရာချန်းနဲ့ မိတ်ဆွေတွေ ဖြစ်အောင် ကြိုးစားပြီး အဘိုးရဲ့ အခက်အခဲကို ကူညီပေးမယ်ဆိုရင် အဘိုးဘက်ကလည်း အစ်ကိုတို့နှစ်ယောက်ရဲ့ လက်ထပ်မှုကို ခွင့်ပြုပေးလိမ့်မယ်"

ဝေ့ကျီဖန်းသည် ရင်းဝမ်ချင်ထံမှ မျှော်လင့်တကြီး ကြည့်လာသော အကြည့်အား သတိထားမိသောကြောင့် အံကြိတ် လိုက်မိသည်။

သူချစ်ရသည့် မိန်းကလေးနှင့် အတူရှိနိုင်ရန် အတွက် မာနတို့အား ခဝါချပစ်ရလျှင်ရော ဘာအရေးနည်း...။ ဒူးထောက် တောင်းပန်ရမည် ဆိုလျှင်တောင် ချန်းဖန်နှင့် ရင်းနှီးအောင် ကြိုးစားရပေမည်။

ဝေ့ကျီဖန်းက ရင်းဝမ်ချင်၏ လက်လေးတစ်ဖက်အား ဆုပ်ကိုင်ကာ သူမအား စိတ်မပူရန် နူးညံ့စွာ ပြုံးပြ မိသည်။

အားလုံးက သူချစ်ရသော မိန်းကလေး အတွက်သာ။

ဝေ့ကျီဖန်းနှင့် ရင်းဝမ်ချင်တို့နှစ်ဦး မြင်းဇောင်းသို့ ပြန်ရောက် လာသောအခါ ချန်းဖန်အား မမြင်ရတော့။

ချန်းအန်းတို့ မောင်နှမနှင့် ချန်းရှုအား မြင်းဇောင်းတွင် တွေ့ရသောအခါ ဝေ့ကျီဖန်းသည် ထိုနေရာသို့ လျှောက်သွားကာ အပြုံးတစ်ခုနှင့် မေးလိုက်သည်။

"ချန်းအန်း.. မင်းရဲ့ ဝမ်းကွဲညီ နောက်‌တစ်ယောက်ရော... ပြန်သွားပြီလား..."

ချန်းအန်းသည် ဝေ့ကျီဖန်း၏ နွေးနွေးထွေးထွေး ပြုံးပြနေသော အပြုံးကြီးအား မြင်ရသော‌အခါ ကြောင်အ သွားသည်။ ထို့ပြင် သခင်လေးဝေ့သည် သူ့အား အငယ်တစ်ယောက်ကို ခေါ်သကဲ့သို့ 'ရှောင်အန်း' ဟုသာ ခေါ်လေ့ရှိပြီး 'ချန်းအန်း'ဟု တစ်ခါမှ မခေါ်ခဲ့ဖူးပါ။

"သခင်လေးဝေ့... ကျွန်တော့်ဝမ်းကွဲညီက ပြန်သွားပြီဗျ ခုနတုန်းက သူ့ရဲ့ အပြုအမူအတွက် တောင်းပန်ပါတယ်။ သူက ကျန်းပေ့ဒေသရဲ့ နယ်မြို့လေးတမြို့မှာ ကြီးပြင်းခဲ့ရတော့ နည်းနည်းတော့ ရိုင်းစိုင်းတယ်"

"သူက ဘာမှမသိတဲ့ အရိုင်းအစိုင်းကောင်ပဲ"

ချန်းရှုကလည်း ဝင်ပြောလာသည်။

ချန်းနဉ်ကပါ ထောက်ခံသည့် အနေနှင့် ခေါင်းညိတ်သည်။

ဝေ့ကျီဖန်း မျက်မှောင် ကြုတ်မိသွားသည်။ ဆရာချန်းသည် သူ၏ ဝမ်းကွဲ မောင်နှမများနှင့် ဆက်ဆံရေး ပြေချောပုံမရ။ အစတုန်းက ဝေ့ကျီဖန်းသည် ချန်းအန်း၏ လုပ်ရည်ကိုင်ရည်ကို သဘောကျသောကြောင့် လက်အောက်သို့ ခေါ်ရန် စဉ်းစားထားခဲ့သော်လည်း ယခုမူ ထိုစိတ်ကူးအား တာ့တာ ပြလိုက်သည်။

ချန်းအန်းတို့ မောင်နှမတစုသည် ဆရာချန်း၏ သရုပ်မှန်အား မသိကြသေးသည့်ပုံပင်။

ထိုသို့အတွေးနှင့် ဝေ့ကျီဖန်း၏ မျက်နှာပေါ်ရှိ အလွန် နွေးထွေးလှသည့် အပြုံးမှာလည်း အငွေ့ပျံ သွားသည့်နှယ် ပျောက်ကွယ် သွားသည်။

အနာဂတ်တွင် ဆရာချန်းနှင့် သူ့အကြား မလိုလားအပ်သော အထင်လွဲမှုများ ဖြစ်မလာစေရန် ‌ချန်းအန်းတို့ မောင်နှမတစုအား ဝေးဝေးမှ ရှောင်ဖို့ ဝေ့ကျီဖန်း တွေးထားလိုက်သည်။

ရင်းဝမ်ချင်သည် ဝေ့ကျီဖန်း၏ ဘေး၌ ရပ်‌နေရင်း ချန်းအန်း၏ စကားများကို ကြားသော် ရယ်ချင်စိတ်အား မနည်း ထိန်းထားရသည်။ စိတ်ထဲတွင်တော့ တွေးနေမိ၏။

'ဘယ်လို အရူးတွေလဲ... မျက်လုံးတွေ ရှိရက်နဲ့ သတိမမူတော့ ဂူကို မမြင်ဘူး'

***

All Chapters