မင်းက ငါ့ရဲ့ တောင်းပန်မှုနဲ့ မထိုက်တန်ဘူး
Vol. 2 Ch. 132
ချန်းဖန်သည် ပြတင်းပေါက်များ ဖွင့်ထားသော ငွေရောင် Lamborghini ပေါ်တွင် ထိုင်နေသည်။ မောင်းသူနေရာတွင်တော့ နူးညံ့ သိမ်မွေ့သော အသွင်နှင့် အလှလေး တစ်ယောက် ရှိနေသည်။
အန်းရာသည် သိချင်စိတ်ကို မထိန်းနိုင်တော့ဘဲ မေးလိုက်မိသည်။
"ရှောင်ဖန်.. ချန်းရှုရဲ့မြင်းကို ရပ်သွားအောင် ဘယ်လို လုပ်လိုက်တာလဲဟင်..."
"လှည့်ကွက်လေး တစ်ခုပါပဲ"
ချန်းဖန်သည် ခပ်တိုးတိုး ရယ်လိုက်ပြီး ရွှတ်နောက်နောက် အသံဖြင့် ဆက်ပြောလိုက်သည်။
"ကျွန်တော်က ကျန်းပေ့ဒေသမှာ ကျော်ကြားတဲ့ ဆရာချန်းပါ ဆိုမှပဲ မြင်းလေး တစ်ကောင်ကို ရပ်သွားအောင် မပြောနဲ့ ကောင်းကင်ပေါ်က ကြယ်ကိုတောင် လိုချင်ရင် အသာလေး လှမ်းယူလိုက်လို့ ရတယ် "
"ကိုကိုချန်းဖန်က ကောင်းကင်ပေါ်က ကြယ်ကို လှမ်းယူလို့ရတယ် ဟုတ်လား... ကိုယ့်ကိုယ်ကိုယ် နတ်ဘုရားများ မှတ်နေလား..."
နောက်ခန်းတွင် ထိုင်နေသော ချန်းကောကောက နှာခေါင်းလေး ရှုံ့၍ ချန်းဖန်အား လှောင်ပြောင်လို က်သည်။
"ဒါက ဘာမှမဟုတ်သေးဘူး ကောကောရ မင်းရဲ့ ကိုကိုက စကြဝဠာတစ်ခုလုံးကို ခရီးသွားခဲ့ဖူးပြီး ဆန္ဒရှိရင် ဂြိုလ်တစ်ခုလုံးကို လက်တစ်ဖက်တည်းနဲ့ ဖျက်ဆီး ပစ်လိုက်လို့ ရတယ်"
ချန်းဖန်က အတည်အတံ့ မျက်နှာနှင့် ဆက်ပြောလေသည်။
အန်းရာနှင့် ကောကော နှစ်ယောက်လုံးသည် ချန်းဖန်အား မျက်လုံးသာ လှန်ပြကြပြီး ချန်းကောကောသည် 'ကိုကိုက အရှက်မရှိလိုက်တာ' ဟူသော မျက်နှာပေးဖြင့် ချန်းဖန်အား ကြည့်လို့နေ၏။
အန်းရာသည် သူမ သိချင်သော အဖြေအား မကြားရသော်လည်း ချန်းဖန်အား အတင်း ဆက်မမေးတော့ပေ။ အန်းရာသည် ချန်းဖန်အပေါ် အလွန် နားလည်ပေးတတ်သူ ဖြစ်ပြီး သူမ၏ မောင်ငယ်လေးတွင်လည်း သူ့လျှို့ဝှက်ချက်နှင့်သူ ရှိမှာပေါ့လေ ဟူ၍သာ တွေးလိုက်သည်။
"အာ.. ဟုတ်သားပဲ အစ်မအန်းကို ပြောဖို့ မေ့နေတာ ဒီကားကို အမအန်းပဲ ယူလိုက်နော်"
ချန်းဖန်က အေးအေးဆေးဆေး ပြောလိုက်သည်။
"ကားက အသစ်ကြီးပဲ ရှိသေးတယ် အရောင်လေးကလည်း လှတော့ အမအန်းနဲ့ အဆင်ပြေတယ် နောက်ပိုင်း အမအန်း အလုပ်သွားတဲ့ အခါ စီးသွားလို့ ရတာပေါ့"
"ဟင်... ဒီကားကို ချန်းရှုဆီ ပြန်မပေးဘူးလား..."
အန်းရာက အထိတ်တလန့်ဖြင့် မေးလာသည်။
"ဘာလို့ ပြန်ပေးရမှာလဲ... ပြန်ပေးဖို့ စိတ်ကူး လုံးဝကို မရှိဘူး လူတွေ အများကြီးရှေ့မှာ ပြိုင်ပြီး နိုင်လာတာလေ ကျွန်တော့်ဆီက ပြန်တောင်း ရလောက်အောင် ချန်းရှုက အရှက်မရှိရင်တောင် ကျွန်တော်ကတော့ လုံးဝ ပြန်မပေးဘူး"
ချန်းဖန်က လှောင်ပြောင်လိုက်သည်။
အန်းရာသည် ကားအား ချန်းရှုထံသို့ ပြန်ပေးလိုခြင်းမှာ ဒုတိယဦးလေးတို့ မိသားစု အကြောင်း သေချာ သိနေ၍ ဖြစ်သည်။ သို့သော် ချန်းဖန်က ဆုံးဖြတ်ပြီးသည်ကို မြင်ရတော့ သူမ ဆက်မပြော ဖြစ်တော့။
မိုးချုပ်ကာစ အချိန်လောက်တွင်မှ Lamborghini ကားလေးက ချန်းအိမ်တော်ရှေ့သို့ ပြန်လည် ရောက်ရှိလာသည်။
အိမ်တော်အတွင်းရှိ အခန်းကျယ် တစ်ခု အတွင်းတွင် ချန်းမိသားစု၏ လူကြီးပိုင်းများ စုဝေးနေကြသည်။
ချန်းကောရှင်းမှာ မျက်နှာ သိပ်မကောင်းပေ။ ချန်းဖန် အိမ်တော်ထဲသို့ ဝင်လာသည်ကို မြင်သောအခါ မျက်နှာ လွှဲသွားသည်။ ဝမ့်ရှောင်ယွင်ကမူ အလွန် ကျေနပ်နေသော မျက်နှာနှင့် ချန်းဖန်အား ခေါင်းညိတ် ပြလာသည်။
"အဘိုး အဖေ အမေ"
ချန်းဖန်က နှုတ်ဆက်လိုက်သည်။
"အင်း"
အဘိုးချန်းက ပြန်နှုတ်ဆက်သော်လည်း ကြည့်ရသည်မှာ စကားပြောရန် အနည်းငယ် တုံ့ဆိုင်း နေဟန်ရပြီး ဘယ်က စပြောရမည်ကို စဉ်းစားနေတာလည်း ဖြစ်နိုင်သည်။
ဒုတိယအန်တီက စတင် ပြောလာသည်။
"ရှောင်ဖန် .. မင်းအစ်ကိုရဲ့ Lamborghiniကို တစ်နေ့လုံး ပျော်ပျော်ရွှင်ရွှင် စီးခဲ့ပြီးပြီမလား အခု မင်းအစ်ကိုကို ပြန်ပေးဖို့ အချိန်ရောက်ပြီ"
ချန်းဖန်က လှမ်းကြည့်လိုက်သည်တွင် စိတ်ရှုပ်ထွေးနေသည့် မျက်နှာနှင့် သူ့မိခင်နောက်တွင် ကွယ်ကာ ထိုင်နေသော ချန်းရှုအား တွေ့လိုက်ရသည်။ ချန်းဖန်က နှုတ်ခမ်းတွန့်ရုံ ပြုံးလိုက်ပြီး ပြောသည်။
"အစ်ကိုက ကျွန်တော့်ဆီမှာ ဒီကားကို ရှုံးခဲ့တာလေ လောင်ကြေး ထပ်တုန်းကထပ်ပြီး အခု နောင်တ ရနေပြီလား..."
ဒုတိယအန်တီ၏ မျက်နှာမှာ အနည်းငယ် တည်သွားပြီး ထပ်ပြောသည်။
"မင်းအကိုက မင်းကို စနေတာ ဒါတွေအားလုံးက စနောက်ခဲ့ရုံ သက်သက်ပဲ"
"စနောက်တာ..."
ချန်းဖန်က ပြုံးကာ ခေါင်းယမ်းသည်။
"သူက စနောက်နေတာ ဆိုရင်တောင် ကျွန်တော့်ဘက်က အတည်၊ တကယ်လို့ ကျွန်တော်သာ ရှုံးခဲ့ရင် ကျွန်တော့် အမေက ချက်ချင်းပဲ Porsche 911 တစီး သူ့ကို ဝယ်ပေးလိမ့်မယ် ဟုတ်တယ်မလား အမေ..."
ဝမ့်ရှောင်ယွင်သည် 'သေချာတာပေါ့' ဟူ၍ ပြောရန် ပြင်လိုက်သော်လည်း ချန်းကောရှင်းက သူမအင်္ကျီစအား ဆွဲကာ တိတ်တိတ်နေရန် သတိပေးလိုက်သဖြင့် မပြောဖြစ်တော့။
"မင်း.. မင်းလှည့်ကွက်တွေ သုံးခဲ့တာ"
ချန်းရှုက အော်လိုက်သည်။
"ဪ ဟုတ်လား ကျွန်တော် ဘယ်လို လှည့်ကွက်တွေ သုံးခဲ့တာများလဲ... တစ်ချက်လောက် ရှင်းပြပါဦး"
ချန်းဖန်က အမှန်ပင် သိချင်နေသည့် မျက်နှာပေးဖြင့် အတည်အတံ့ မေးလိုက်သည်။
ချန်းရှုတစ်ယောက် ဘာဆက်ပြော ရမည်မှန်း မသိတော့ဘဲ ကြောင်အသွားသည်။
ပေါလ်ကဲ့သို့ ပရော်ဖက်ရှင်နယ် နည်းပြ တစ်ယောက်ပင် ချန်းဖန် ဆီဇာအား မည်သို့ ရပ်တန့်ခဲ့မှန်း မသိရာ ချန်းရှုဆိုလျှင် ပိုဆိုးပေသည်။
"ဘာတွေ ဒီလောက် ရှုပ်ယှက်ခတ် နေတာလဲ... ဒါက ပြိုင်ပွဲလေး တစ်ခုပဲလေ ပြိုင်ပွဲမှာ လောင်းတုန်းက လောင်းထားပြီး အခုမှ ဘာလို့ အရှက်မရှိ ပြန်တောင်း နေတာလဲ..."
ပထမဦးလေးက စိတ်ရှုပ်စွာ ဝင်ပြော လာသည်။
"ဒါပေမဲ့.."
ချန်းရှုသည် မကျေနပ်သော်လည်း ဘာပြန်ပြောရမည်ကို မသိတော့ပေ။ သူ့ဖခင်က ချန်းလုပ်ငန်းစု၏ ကိုယ်စားလှယ် ဖြစ်သော်လည်း ထိုရာထူးက အခွံ သက်သက်သာ ဖြစ်ပြီး မိသားစုအပေါ် ပထမဦးလေး၏ လွှမ်းမိုးနိုင်စွမ်းနှင့် မယှဉ်နိုင်။ ပထမဦးလေး ကိုယ်တိုင်က ချန်းဖန်ဘက်မှ ပြောပေးနေလေရာ ဒုတိယအန်တီလည်း ဘာမှ မတတ်နိုင်တော့။
ကားပြဿနာ တစ်ခန်းရပ်သွားပြီ ဖြစ်သောကြောင့် ချန်းဖန်သည် သူ့နေရာသို့ လျှောက်လာပြီး ထိုင်ရန်ပြင်တုန်းရှိသေး ရုတ်တရက် အသံတစ်သံအား ကြားလိုက်ရသည်။
"အဘိုး.. အဖေ.. ဒီနေ့ မြင်းစီးကလပ်မှာ သမီးတို့ ဘယ်သူနဲ့ တွေ့ခဲ့လဲသိလား..."
"ဘယ်သူလဲ..."
ချန်းနဉ်၏ စကားက လူကြီးများကို စိတ်ဝင်စားသွားစေသည်။ ဒေါသထွက်နေသော ဒုတိယအန်တီသည်ပင် ချန်းနဉ်အား လှမ်းကြည့်လာသည်။
ချန်းနဉ်က တစ်ခွန်းချင်း ပြောလိုက်သည်။
"ဝေ့ကျီဖန်း …"
"ဝေ့ကျီဖန်း..."
လူတိုင်း အံ့ဩ သွားကြသည်။
ချန်းကျန်းရှင်းက မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။
"အဲဒါ ဝေ့မိသားစုက သခင်လေးမလား..."
"အမှန်ပဲ"
ချန်းနဉ်က ခေါင်းညိတ်သည်။
"အဲဒီ ဝေ့သခင်လေးက ဘာဖြစ်လို့လဲ..."
အန်တီ တစ်ယောက်က မေးလိုက်သည်။
"ဝေ့ကျီဖန်းက ချန်းအန်းနဲ့ အသက် အတူတူလောက်ပဲ ဒါပေမဲ့ ချန်းအန်းထက် ရာထူး တစ်ဆင့် ပိုမြင့်တယ်။ ကောလာဟလ အရတော့ မကြာခင်မှာ ရာထူး ထပ်တိုးဖို့ ရှိတယ်တဲ့"
ချန်းကျန်းရှင်းက ရှင်းပြသည်။
ချန်းအန်းသည် တတိယ မျိုးဆက်ထဲတွင် ထူးချွန်သည်ဟု ပြောရမည်။ သို့သော် ဝေ့ကျီဖန်းက ချန်းအန်းထက်ပင် ပို၍ လုပ်နိုင်စွမ်း ရှိနေသည်။
ဦးလေးများထဲမှ တစ်ယောက်က အလန့်တကြား ထအော်လိုက်သည်။
"သူ့ရဲ့မျိုးရိုးနာမည်က ဝေ့ဆိုတော့ သူဌေးဝေ့ရဲ့ မိသားစုကပေါ့..."
"ဘယ်က သူဌေးဝေ့လဲ..."
နောက်ထပ် ဦးလေး တစ်ယောက်က ဝင်မေး လိုက်ပြန်သည်။
"သူက ငါ့သူဌေးရဲ့ သူဌေးရဲ့ သူဌေးကွ... တကယ့် သူဌေးကြီး..."
လူတိုင်း ပင့်သက်ရှိုက်မိကြသည်။
"ဝေ့မိသားစုက သခင်လေး..."
စတုတ္ထဦးလေးက ရေရွတ်လိုက်သည်။
"ဟုတ်တယ် ဇီယွင်မြင်းစီးကလပ်က ဝေ့ကျီဖန်းရဲ့ ကောင်မလေး ပိုင်တာလေ ကိုကိုက ဝေ့ကျီဖန်းနဲ့ ရင်းနှီးဖို့အတွက် မြင်းစီးကလပ်ကို မကြာခဏ သွားပြီး ရင်းနှီးအောင် ကြိုးစားနေခဲ့တာ"
ချန်းနဉ်က ပြောသည်။
ချန်းကျန်းရှင်းသည် သားဖြစ်သူ ချန်းအန်းအား ဂုဏ်ယူနေသော အပြုံးတစ်ခုနှင့် လှမ်းကြည့် လိုက်သည်။ ဝေ့ကျီဖန်းကဲ့သို့ ငယ်ရွယ်၍ အရည်အချင်းရှိသော လူငယ်မျိုးနှင့် ရင်းနှီးခြင်းက ချန်းအန်း၏ အနာဂတ်အတွက် အထောက် အကူ ဖြစ်ပေလိမ့်မည်။
"ဒါပေမဲ့ တစ်ယောက်ယောက်က ကိုကိုရဲ့ အချိန်တွေ အကြာကြီး ကြိုးစားထားရတဲ့ အစီအစဉ်ကို ဖျက်ဆီး ပစ်လိုက်တယ်လေ"
ချန်းနဉ်က ဒေါသတကြီး ပြောသည်။ သူမက ချန်းဖန်အား လှမ်းကြည့်လိုက်ပြီး..။
"ဝေ့ကျီဖန်းရဲ့ ကောင်မလေးက ချန်းဖန် ပြိုင်ပွဲမှာ နိုင်အောင် ဘယ်လို လုပ်လိုက်လဲဆိုတာ သိချင်လို့ မေးတာကို အဲဒီ့ မောက်မာနေတဲ့ အရူးက သေချာ ပြန်မဖြေဘဲ ထွက်သွားတယ်လေ။ ဝေ့ကျီဖန်းက စိတ်ခုသွားတဲ့ပုံပဲ အဲ့နောက်ပိုင်း ကိုကို့ကို စကားတောင် ကောင်းကောင်း မပြောတော့ဘူး"
"ရှောင်အန်း.. ရှောင်နဉ်ပြောတာ အမှန်ပဲလား..."
ချန်းကျန်းရှင်းက အလေးအနက် မေးသည်။
"ဟုတ်ကဲ့"
ချန်းအန်းသည် စိတ်ပျက်လက်ပျက် ဖြစ်နေဟန်နှင့် ပြန်ဖြေသည်။
"သခင်လေးဝေ့က ကျွန်တော်နဲ့ စကားပြောနေရင်း ရုတ်တရက် တစ်မျိုး ဖြစ်သွားတယ်။ ကျွန်တော် အမှားတစ်ခုခု လုပ်လိုက်မိလို့လားတော့ မသိဘူး"
ချန်းအန်းက ထိုသို့ ပြောသော်လည်း လူတိုင်း၏ အတွေးထဲတွင်မူ သခင်လေးဝေ့ စိတ်ပြောင်း သွားရခြင်း၏ အဓိက တရားခံမှာ ချန်းဖန်ဟုသာ တထစ်ချ တွေးလိုက်ကြသည်။
ချန်းကျန်းရှင်း၏ မျက်နှာကြီးမှာ မည်းမှောင်သွားပြီး သူ့ဇနီးသည်လည်း ဒေါသ ထွက်သွားသည်။
ဒုတိယအန်တီသည် ဤအခွင့်အရေးအား လက်လွှတ် မခံဘဲ ချန်းကောရှင်းအား ကျယ်လောင်စွာ အပြစ်တင် လိုက်သည်။
"ကိုယ့်သားကို ပြန်ကြည့်ဦး... သူဘာလုပ်လိုက်လဲ ဆိုတာကိုကြည့်... ကျွန်မတို့သား ရှောင်ရှုက အချိန် တော်တော် များများမှာ ပျော်ပါးနေတယ် ဆိုပေမဲ့ အခုလိုမျိုး မိသားစု အရှက်ရအောင် ဘယ်တုန်းကမှ မလုပ်ဘူး"
ချန်းကောရှင်း မျက်နှာ ပျက်သွားသည်။ သူက တိတ်ဆိတ်နေဆဲ ဖြစ်သော်လည်း အတွေးတို့က ပြေးလွှားလို့ နေသည်။
ဝမ့်ရှောင်ယွင် တစ်ယောက်သာ အေးအေးဆေးဆေး ရှိနေသည်။ ဝမ့်မိသားစုကဲ့သို့ ဆွေကြီးမျိုးကြီး မိသားစု၏ သခင်မလေးအဖြစ် ကြီးပြင်းလာသူအဖို့ ဝေ့မိသားစုမှ သခင်လေး တစ်ယောက်အား သိပ်အလေးမထားပေ။
"ငါ အကြိမ်ကြိမ် ပြောပါတယ် ရှောင်အန်း ရှောင်နဉ်နဲ့ ရှောင်ရှုတို့ကသာ လိမ္မာတဲ့ ကလေးတွေပါလို့"
အဘွားချန်းက ဝင်ပြောလာသည်။
"ချန်းဖန် မင်းအကို ချန်းရှုကို ကားသော့ ပြန်ပေးပြီး ချန်းအန်းကို တောင်းပန်လိုက်..."
"ဟုတ်တယ် ပြန်တောင်းပန်..."
ဒုတိယအန်တီက မီးလောင်ရာ လေပင့်သည်။
"ရှောင်ဖန်… အခု တောင်းပန်လိုက်လေ"
နောက်ထပ် အန်တီ တစ်ယောက်ကလည်း ပြောလာသည်။
ပထမဦးလေး ချန်းကျန်းရှင်း၏ သုန်မှုန်နေသော မျက်နှာကြီးကြောင့် ယခုတစ်ကြိမ်တွင် ဘယ်သူကမှ ချန်းဖန်ဘက်တွင် ရပ်တည် မပေးရဲကြတော့ပေ။
အဘိုးချန်းသည် တစုံတရာ ပြောရန် ပါးစပ် ဟလိုက်သေးသော်လည်း နောက်ဆုံးတွင်တော့ သက်ပြင်းချကာ ဘာမှ ပြောမလာတော့။
"ရှောင်ဖန် တကယ်တော့ ဒါက မင်းရဲ့အမှားပဲ ငါ့ရဲ့ကားက ဘာမှမဟုတ်ပါဘူး။ မင်းလိုချင်ရင် ယူလိုက်လို့ရတယ်။ ဒါပေမဲ့ မင်းက အစ်ကိုကြီးရဲ့ တက်လမ်းတွေကို ဖျက်ဆီးလိုက်တာ... ဒါက ကားတစ်စီးရဲ့ တန်ဖိုးထက် ပိုကြီးသွားပြီ"
ချန်းရှုသည် သမာသမတ်ကျသော အစ်ကိုတစ်ယောက်၏ ဟန်ပန်ဖြင့် ချန်းဖန်အား ဆုံးမ လိုက်သည်။
ချန်းကောရှင်းသည် သားဖြစ်သူအား အနည်းငယ် ဒေါသစွက်သော အကြည့်ဖြင့် ကြည့်နေပြီး ယခုတကြိမ်တွင် ဝမ့်ရှောင်ယွင်ပင် ချန်းဖန်အား ကာကွယ် မပေးနိုင်ပေ။ အန်းရာသည် ချန်းဖန်နံဘေး၌ တိတ်ဆိတ်စွာ ရပ်လျက် သူမ၏ မောင်ငယ်လေးအား စိုးရိမ်စွာ ကြည့်သည်။
မိသားစု တစ်ခုလုံးက ချန်းဖန်အား ကြည့်နေကြသည်။
အားလုံးအား အံ့ဩသွားစေသည်မှာ ချန်းဖန်သည် မိသားစု တစ်ခုလုံးမှ ဖိအားပေးခြင်း ခံနေရသည်ကိုပင် အရေးစိုက်ခြင်း မရှိတာ ဖြစ်သည်။ သူက လှောင်ပြုံးတစ်ခုအား ပြုံးလိုက်ရင်း ချန်းအန်းထံ တည့်တည့်ကြည့်ကာ မေးသည်။
"မင်းက ငါ့ဆီက တောင်းပန်တာကို လိုချင်တယ်... မင်းကိုယ်မင်း ငါ့ရဲ့ တောင်းပန်မှုနဲ့ ထိုက်တန်တယ်လို့ ထင်နေတာလား..."
***