ချန်းမိသားစုကလန်၏ နှစ်စဉ် အစည်းအဝေး
Vol. 2 Ch. 133
"ဘာပြောလိုက်တယ်..."
ချန်းအန်းသည် ချန်းဖန်၏ စကားကြောင့် ဆွံ့အသွားရသည်။
လူကြီးများသည်လည်း ပြောစရာစကား မဲ့သွားကြကာ ချန်းဖန်အား ကြောင်ကြည့် နေမိကြသည်။ မိသားစုထဲတွင် ရံဖန်ရံခါ အမှားလုပ်ထားသည့် ကလေးများအား တောင်းပန်ခိုင်းလေ့ ရှိပြီး တစ်ခါမှ ချန်းဖန်ကဲ့သို့ ပြန်ပြောသည့် ကလေးမျိုး မမြင်ဖူးပါချေ။
"ချန်းဖန် အကြီးတွေကို လေးစားမှုရှိစမ်း..."
ချန်းကျန်းရှင်းက ဒေါသတကြီး ဆူလိုက်သည်။
"ပထမဦးလေး.. ဦးလေးက ကျွန်တော့်ရဲ့ သွေးရင်းဦးလေးပဲ ကျွန်တော် လေးစားတာပေါ့"
ချန်းဖန်သည် လက်နှစ်ဖက်အား ကျောနောက်တွင် ချိတ်ထားရင်း ပြောသည်။
"ကျွန်တော်က ဦးလေးရဲ့တူ ကျွန်တော့်အဖေက ဦးလေးရဲ့ညီ ကျွန်တော်တို့က ဦးလေးရဲ့ သွေးရင်း ဆွေမျိုးတွေ၊ ဒါပေမဲ့ ဦးလေး ကိုယ်တိုင်ကရော ကျွန်တော်တို့ကို သွေးရင်း ဆွေမျိုးတွေလို ပြုမူခဲ့ဖူးလား... ဝေ့ကျီဖန်းကသာ ဦးလေးကို ကျွန်တော်တို့နဲ့ အဆက်အသွယ် ဖြတ်ခိုင်းမယ်ဆိုရင် ဦးလေး ဘာလုပ်မှာလဲ... ကျွန်တော့်ကို အဆက်အသွယ် ဖြတ်မှာလား..."
ချန်းဖန်၏ မေးခွန်းကြောင့် ချန်းကျန်းရှင်း ထိုင်နေရာမှ ထမိသွားသည်။ ချန်းကျန်းရှင်း တွေဝေသွားသည်ကို မြင်တော့ သူ့ဇနီးက ဝင်ပြောသည်။
"ကျွန်မတို့ရဲ့ အခုပြဿနာက အဲဒါ မဟုတ်ဘူးလေ"
"ဒါဆိုရင် ဘာက ပြဿနာလဲ..."
ချန်းဖန် နှာခေါင်း ရှုံ့လိုက်သည်။
"ဝေ့ကျီဖန်းက ဦးလေးတို့ အန်တီတို့ အရမ်းကို မိတ်ဆွေဖွဲ့ချင်နေတဲ့လူ ဖြစ်ကောင်းဖြစ်မယ်။ ကျွန်တော့် အတွက်တော့ သူက ဘာမှမဟုတ်ဘူး။ ကျွန်တော်သူ့ကို စကားပြောချင်ပြောမယ် မပြောချင်ရင် မပြောဘူး သူ့ကို စကားသေချာ ပြန်မပြောမိတာနဲ့ပဲ ကျွန်တော်က ချန်းအန်းကို တောင်းပန် ရမယ်တဲ့လား... မေးပါရစေ ဘာအတွက်နဲ့များ ကျွန်တော်က ချန်းအန်းကို တောင်းပန်ရမှာလဲ..."
ချန်းဖန်၏ ထက်ရှလှသော စကားများကို ကြားသော် ချန်းအန်းနှင့် ချန်းနဉ်တို့ နှစ်ဦးလုံး ဆွံ့အ ကြရသည်။
အမြဲတစေ နှုတ်နည်းသော ချန်းဖန်က မိသားစု အကြီးအကဲများကိုပင် ထိုသို့ ခွန်းတုံ့ပြန်ရဲ လိမ့်မည်ဟု သူတို့အားလုံး မထင်မိခဲ့ကြပေ။
"ကောင်းတယ် အရမ်းကောင်းတယ်"
ချန်းကျန်းရှင်းသည် ဒေါသကြောင့် လက်များပင် တုန်ယင်နေသည်။ သူက ချန်းကောရှင်းအား လှမ်းကြည့် လိုက်သည်။
"ညီလေး မင်းရဲ့သားက ဒီလိုမျိုး ရိုင်းစိုင်းပြီး မသိတတ်တဲ့သူ ဖြစ်လိမ့်မယ်လို့ တစ်ခါမှ မတွေးခဲ့ဖူးဘူး"
အခြားသော လူကြီးများကလည်း ချန်းဖန်အား ဆက်မပြောတော့ဘဲ ချန်းကောရှင်းတို့ ဇနီးမောင်နှံကိုသာ တစ်ယောက်တစ်ပေါက် ဝိုင်းပြောကြတော့သည်။
ချန်းဖန်သည် ပြုံး၍သာနေ၏။ သူ့မိဘများက သူ့ဘက်မှ ရပ်တည်ပေးမည်ကို ကြိုသိနေသည့် အလား။
ချန်းကောရှင်းသည် ရိုးဖြောင့်သောသူ ဖြစ်ပြီး ဩဇာအာဏာရှိသည့် လူများကို ဖားယားခြင်းအား ပြင်းပြင်းထန်ထန် ရှုံ့ချတတ်သူ ဖြစ်ရာ သေချာပေါက် ချန်းဖန်ကို အပြစ်တင်လိမ့်မည် မဟုတ်ပေ။
အားလုံး၏ အကြည့်များ အောက်တွင်ပင် ချန်းကောရှင်းသည် ချန်းဖန်ဘက်မှ ကာကွယ် ပြောဆို ပေးလေသည်။
"အစ်ကို.. ရှောင်ဖန်က အကြီးတွေအပေါ် လေးစားမှု မရှိသလို ဖြစ်သွားတယ်ဆိုတာ ကျုပ်လက်ခံတယ် ဒါပေမဲ့ သူ့ဘက်က ကြည့်ရင်လည်း မှန်နေတာပဲလေ ရှောင်အန်းအနေနဲ့ ကိုယ်တိုင် အလုပ်ကြိုးစားပြီး ထိပ်ဆုံးကို ရောက်အောင် တက်သင့်တယ် အဆက်အသွယ်တွေ သုံးပြီး ဖြတ်လမ်းနည်း မလိုက်သင့်ဘူး အာဏာရှိတဲ့သူ တစ်ယောက်စ နှစ်ယောက်စကို သိတာနဲ့ပဲ အခြေအနေက အများကြီး ပြောင်းလဲ မသွားဘူးလေ"
"အတင့်ရဲတယ်..."
ချန်းကျန်းရှင်းသည် ဒေါသ ထွက်ရလွန်း၍ မျက်နှာကြီးပင် နီရဲလာသည်။
"တော်လောက်ပြီ..."
အဘိုးချန်းသည် စားပွဲအား လက်ဝါးဖြင့် ရိုက်ကာ အော်လိုက်သည်။
"ငါတို့အားလုံးက မိသားစုတွေပဲ အပြင်လူတွေ လှောင်အောင်လို့ လုပ်နေကြတာလား..."
အဘိုးချန်း ပါဝင်လာသောကြောင့် အားလုံး တိတ်ဆိတ်သွားကြသည်။
အဘိုးချန်းသည် ချန်းဖန်အား တစ်ချက် လှမ်းကြည့်ပြီး ပြောသည်။
"ကောရှင်းပြောတာ မှန်တယ် အပေါင်းအသင်းမိတ်ဆွေ များတာ ကောင်းတယ် ဆိုပေမဲ့လည်း ကိုယ်တိုင်ရဲ့ အရည်အချင်းကသာ အရေးအကြီးဆုံးပဲ ဒီလိုဆိုလို့ ရှောင်ဖန် မှန်တယ်လို့လည်း မဆိုလိုဘူး ရှောင်ဖန်ကလည်း အကြီးတွေကို လေးလေးစားစား ဆက်ဆံရမယ် ဟုတ်ပြီလား..."
"ဟုတ်ကဲ့ပါ အဘိုး"
ချန်းဖန်က ရိုရိုသေသေ ဦးညွှတ် လိုက်ရင်း ပြောသည်။
ချန်းကျန်းရှင်းသည် နှာခေါင်း တစ်ချက် ရှုံ့လိုက်သော်လည်း ဘာမှ ဆက်မပြောတော့။ ချန်းကောရှင်းတို့ မိသားစုအား မကျေမနပ်သာ လှမ်းကြည့် နေတော့သည်။
အဘိုးချန်း၏ တတိယသား ချန်းကောရှင်း အပေါ် သိသိသာသာ အရေးပေးမှုကြောင့် ကျန်သော သားများအားလုံး မနာလို ဖြစ်ကြရသည်။
"ဟမ့်... သူ့ကိုယ်သူ ဘာများထင်နေလဲ မသိဘူး..."
ဒုတိယဦးလေးသည် ထွက်ပေါက်ဘက်သို့ လျှောက်သွားရင်း ခပ်တိုးတိုး ကျိန်ဆဲလိုက်သည်။
"လွှတ်ထားလိုက်ပါ နှစ်စဉ် အစည်းအဝေးက နီးနေပြီ အဲဒီ အခါကျရင် သူတို့မိသားစု ဘယ်လိုမျိုး လူရယ်စရာ ဖြစ်နေမလဲ ဆိုတာ စောင့်ကြည့်နေတယ် ဟမ့်..."
အကြီးဆုံးအန်တီက ပြောသည်။
ထိုစကားကိုကြားသော် အားလုံး၏ မျက်နှာပေါ်၌ လှောင်ပြုံးတစ်ခု ဖြစ်ပေါ်လာသည်။ နှစ်စဉ် အစည်းအဝေးသည် ချန်းကောရှင်းတို့ မိသားစုအား ပညာပြနိုင်မည့် အကောင်းဆုံး အခွင့်အရေး တစ်ရပ်လည်း ဖြစ်သည်။
နောက်တစ်နေ့နံနက်တွင် ချန်းဖန်သည် အရှေ့ဘက် တောင်ခြေအနီးရှိ ပန်းခြံလေး တစ်ခုသို့ လမ်းလျှောက် ထွက်လာခဲ့သည်။
ယခုတခေါက် အိမ်ပြန်လာပြီး ကတည်းက ချန်းဖန်သည် ကျင့်ကြံခြင်းအတွက် အချိန် မပေးနိုင်ခဲ့ပေ။ ထို့ကြောင့် မနက်စောစောပိုင်းတွင် အချိန်ယူ၍ လေ့ကျင့်ရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။
ချန်းဖန် ပန်းခြံသို့ ရောက်သည့်အခါ ထိုက်ချိ လေ့ကျင့်နေကြသော အဘိုးကြီးများအား မြင်ရသည်။
ချန်းဖန်သည် နေရာလွတ် တစ်ခုအား ရှာလိုက်ပြီး လက်သီးကွက် အချို့ကို လေ့ကျင့် နေလိုက်သည်။
"ရှောင်ဖန် ခုန လေ့ကျင့်နေတဲ့ လက်သီးကွက်တွေက ဘာလို့ခေါ်လဲ... ငါ တစ်ခါမှလည်း မမြင်ဖူးပါလားကွ"
အဘိုးကြီး တစ်ယောက် ချန်းဖန်ထံသို့ လျှောက်လာပြီး မယုံနိုင်စွာ မေးသည်။ ထိုအဘိုးကြီးကား ချန်းဟွိုက်အန်း ဖြစ်သည်။
"အဘိုး"
ချန်းဖန်လည်း ခဏမျှ တွေးဆပြီးနောက် အမှန်အတိုင်း ပြောလိုက်သည်။
"ဒါက အစစ်အမှန်သိုင်း သုံးဆယ့် ခြောက်ကွက်လို့ ခေါ်ပါတယ် သိုင်းဆရာကြီး တစ်ယောက်က ကျွန်တော့်ကို သင်ပေးခဲ့တာ အဘိုးသင်ချင်ရင် ကျွန်တော် ပြပေးလို့ ရတယ်"
"မလိုတော့ပါဘူးကွာ မင့်အဘိုးက အိုနေပါပြီ ထိုက်ချိ လေ့ကျင့်တာနဲ့တင် လုံလောက်ပါတယ်"
အဘိုးချန်းက လက်ဝှေ့ယမ်းရင်း ပြောသည်။
"ဟိုဘက်ကို လမ်းလျှောက်မလို့ လိုက်ဦးမလား..."
သို့နှင့် မြေးအဘိုး နှစ်ယောက် ပန်းခြံလမ်း အတိုင်း လျှောက်လာခဲ့ကြသည်။
အဘိုးချန်းက လေးလေးနက်နက် ပြောလာသည်။
"ရှောင်ဖန်.. ဟိုးတုန်းက ကျော်ကြားတဲ့ စကားစုလေး တစ်ခု ရှိတယ် 'သာမန်ကိစ္စတွေကို အသေအချာ နားလည် သဘောပေါက်တဲ့ သူကသာ စစ်မှန်တဲ့ ပညာရှင် ဖြစ်ပြီးတော့ စစ်မှန်တဲ့ ပညာရှင်တွေက သာမန် အရေးကိစ္စတွေကို အမြဲ လေ့လာနေရတယ်' တဲ့လေ တစ်ခါတစ်ရံမှာ လက်တွေ့ဘဝရဲ့ ခါးသီးမှုတွေကို ထိပ်တိုက် ရင်ဆိုင်ပြီး လေ့လာ သင့်ယူလိုက်တာကမှ တကယ့် ဉာဏ်ရှိတဲ့ ဆုံးဖြတ်ချက်မျိုးကွ"
လူအိုကြီးက သူ၏ ဘဝအတွေ့အကြုံများအား မြေးဖြစ်သူထံသို့ လက်ဆင့်ကမ်း ပို့ချလို့နေသည်။
အဘိုးချန်းသည် ငယ်ဘဝအား ကြမ်းတမ်း ပင်ပန်းစွာ ကျော်ဖြတ်ခဲ့ရပြီး ကျင်းမြို့တော်တွင် ယခု အခြေအနေအထိ ရောက်အောင် မနည်း ကြိုးစားခဲ့ရသည်။ ချန်းမိသားစု၏ တရိပ်ရိပ် တိုးတက် အောင်မြင်လာမှုများသည် ချန်းကောရှင်းနှင့် ဝမ့်မိသားစုတို့၏ အရှုပ်အရှင်းကြောင့် ကာလ တစ်ခုကြာအောင် ရပ်ဆိုင်း သွားခဲ့ရသော်လည်း အဘိုးချန်းသည် ချန်းကောရှင်းအား တစ်ကြိမ်တစ်ခါမျှ အပြစ်မတင်ဖူးခဲ့ပေ။
"မင်းရဲ့ ပထမဦးလေးနဲ့ ဒုတိယဦးလေးက သာမန်လောက်ပဲ အရည်အချင်း ရှိကြတယ်။ မင်းအဖေက ကျတော့ အရည်အချင်း ရှိပေမဲ့ ခေါင်းမာ လွန်းနေပြန်ရော ... တတိယ မျိုးဆက်ထဲမှာလည်း ချန်းအန်း တစ်ယောက်ပဲ နည်းနည်း အရည်အချင်း ရှိပေမဲ့ သူက ကိုယ်ရည် သွေးလွန်းပြီး တစ်ကိုယ်ကောင်းဆန်တယ် "
အဘိုးချန်းသည် ပြောနေရင်း သက်ပြင်း ချလိုက်သည်။
"ငါ ဒီလောကကြီးထဲက ထွက်သွားရတဲ့ အချိန်ကျရင် ချန်းမိသားစုက သူတို့လက်ထဲမှာ တကွဲတပြား ဖြစ်သွားမှာ သေချာသလောက်ပဲ"
"အဘိုးက အသက် အရှည်ကြီး နေရမှာပါ ဒီလို စကားမျိုးတွေ မပြောပါနဲ့"
ချန်းဖန်က ပြောလိုက်သည်။
"ကိုယ့်ကျန်းမာရေး အကြောင်း ကိုယ်အသိဆုံးပါကွာ"
အဘိုးချန်းက ခေါင်းယမ်းရင်း ချန်းဖန်အား ကြည့်သည်။
"ရှောင်ဖန်.. မင်းက အဘိုးရဲ့ အချစ်ဆုံးမြေးပါ။ မင်းက ခေါင်းဆောင်ကောင်း တစ်ယောက် ဖြစ်လာနိုင်တယ်။ သင်ပြမှုကောင်းကောင်း လိုနေတာလေးပဲ ရှိတာ တကယ်လို့ မင်းရဲ့ဘဝမှာ အခက်အခဲ အဟန့်အတား ကြီးကြီးမားမား တစ်ခု ကြုံလာတဲ့အခါ အဲဒီ အဟန့်အတားက တွန်းအား ဖြစ်လာပြီး အရင်က မလုပ်နိုင်ဘူးလို့ ထင်ရတဲ့ အရာတွေကိုလည်း လုပ်နိုင်လာလိမ့်မယ်"
ချန်းဖန်သည် အဘိုးချန်း၏ စကားကြောင့် မှင်တက် သွားရသည်။ သူ့အဘိုးက သူ့အား ထိုမျှအထိ မျှော်လင့်ထားလိမ့်မည်ဟု သူလုံးဝ မထင်ခဲ့မိတာ ဖြစ်သည်။
ချန်းဖန် အဘိုးချန်းအား အခိုင်အမာ ကတိပေးလိုက်သည်။
"အဘိုးသာ ကောင်းကောင်း အနားယူပါ ချန်းမိသားစု တကွဲတပြား မဖြစ်ရအောင် ကျွန်တော် တတ်နိုင်သလောက် ကြိုးစားမယ်လို့ ကတိပေးပါတယ်"
"ကောင်းတယ်... အရမ်းကောင်းတယ်..."
အဘိုးချန်းသည် ချန်းဖန်အား ကြည့်ရင်း ကျေနပ်စွာ ခေါင်းညိတ် လိုက်သည်။
စိတ်ကျေနပ်မှုတို့ဖြင့် အဘိုးချန်း၏ မျက်လုံးတို့သည် တလက်လက် တောက်ပသွားသည်။
နှစ်သစ်ကူး နွေဦးပွဲတော်က တဖြည်းဖြည်း နီးကပ်လာပြီ ဖြစ်သည်။ ဤအတောအတွင်း ပထမဦးလေးနှင့် ဒုတိယ ဦးလေးတို့၏ မိသားစုဝင်များသည် ချန်းဖန်တို့ မိသားစုအား လုံးလုံးလျားလျား လျစ်လျူရှု ထားကြသည်။ ချန်းကောကောပင် သူမဖခင်၏ ဟန့်တားမှုကြောင့် ချန်းဖန်နှင့် လာမတွေ့နိုင်ပေ။
ချန်းဖန်က ထိုကျပ်မပြည့်သော လူတစု၏ လျစ်လျူရှုမှုအား အရေးပင်မလုပ်။ အားလပ်ချိန်များ အားလုံးကို အဘိုးချန်းနှင့် ပန်းခြံ တစ်ဝိုက် လမ်းလျှောက်ရင်းသာ ကုန်ဆုံး နေလိုက်သည်။
မကြာခင်တွင် နှစ်ဟောင်း ကုန်ဆုံး၍ နှစ်သစ်သို့ ရောက်ရှိတော့ပေမည်။ ချန်းမိသားစု ကလန်ကြီး တစ်ခုလုံးသည်လည်း နှစ်စဉ် လုပ်နေကြအတိုင်း ချန်းမိသားစုရွာ၌ တွေ့ဆုံကြမည် ဖြစ်သည်။
***