မိုးကောင်းကင်၏ လက်ဆောင်
Vol. 55 Ch. 823
ဖုန်းယွီသည် မိုင်ယာစ်အကြောင်း မြို့တော်ဘဏ် ဥက္ကဋ္ဌအား ပြောကာ ရာထူးမှ နှုတ်ထွက်စေသည်အထိ ဖိအားပေး ခဲ့သည်။ နှုတ်ထွက်သည်မှာ ထုတ်ပယ်ခံရသည်ထက် ပို၍ အဆင်ပြေပေလိမ့်မည်။ အနည်းဆုံးအားဖြင့် အခြား ဘဏ်တွင် အလုပ်တစ်ခုခု ရနိုင်သေးသည်။
မိုင်ယာစ်မှာ မုန်းတီးမှုအပြည့်ဖြင့် ဖုန်းယွီအား လက်စားချေရန် ကျိန်ဆိုမိတော့သည်။
ချေးငွေရပြီးနောက် ဖုန်းယွီသည် စတော့ဈေးကွက်ရှိ ရှယ်ယာအများစုတွင် ရင်းနှီးမြုပ်နှံခဲ့ရာ အဓိက ကုမ္ပဏီ (၂)ခု ဖြစ်သည့် ရာဟူးနှင့် မိုက္ခရိုဆော့ဖ်တို့၏ ရှယ်ယာများဖြစ်သည်။ အင်တာနက်နှင့် နည်းပညာ ကုမ္ပဏီများ၏ ရှယ်ယာ အနည်းငယ်ကိုလည်း ဝယ်ခဲ့သေးသည်။ သူ့အတွက် ထိုရှယ်ယာများကို ထိန်းသိမ်းစောင့်ကြည့်ရန် ပွဲစား အနည်းငယ် ငှားထားပြီး ထိုကုမ္ပဏီများနှင့် ပတ်သက်သည့် အပျက်သဘောဆောင် သတင်းများ ရှိလာသည်နှင့် သူ့ကို ချက်ချင်း အကြောင်းကြားရပေမည်။
ကီရီလန်ကိုသည်လည်း ဖုန်းယွီ၏ အကြံဉာဏ်အတိုင်း နည်းပညာ ကုမ္ပဏီများတွင် ရင်းနှီးမြုပ်နှံခဲ့သည်။ တစ်ချိန်တည်းမှာပင် အမေရိကန်ရှိ အလားအလာရှိသော ကုမ္ပဏီများ ရှာဖွေရန် သူ့လူများကို ခိုင်းထားလိုက်သည်။ ဖုန်းယွီ၏ ခြေရာအတိုင်း ကုန်မ္ပဏီအနည်းငယ်ကို ထိန်းချုပ်မှု ရယူချင်နေသည်။ ဖြစ်နိုင်ပါက ဒါရိုက်တာ ဘုတ်အဖွဲ့ အတွင်း ဝင်ကာ အမေရိကန်များထံမှ ပေါ်တင်ငွေရှာချင်ပေသည်။ အမေရိကန်များအား သူ့အတွက် အလုပ်လုပ်ပေး စေချင်နေသည်။
**********
“မစ္စတာဖုန်း.. ကျုပ်တို့ မန်နေဂျာလီ နယူးယောက်မှာပါ.. ပူးပေါင်းဆောင်ရွက်ဖို့အတွက် မင်းနဲ့တွေ့ပြီး ဆွေးနွေး ချင်ပါတယ်..”
လင်းချီရှု ဖုန်းယွီထံ အကြောင်းကြားလာသည်။
မန်နေဂျာလီ။ လီကျန်းဝေလော။ နယူးယောက်သို့ ရောက်နေပြီလော။
“ကောင်းပြီလေ.. အင်ပါယာစတိတ် အဆောက်အဦးမှာ စောင့်နေပါမယ်..”
“မန်နေဂျာလီ.. ဖုန်းယွီက အင်ပါယာစတိတ် အဆောက်အဦးမှာ မင်းကို စောင့်နေမယ်တဲ့..”
လင်းချီရှုသည် လီကျန်းဝေကို သတိထားကြည့်လိုက်သည်။
လင်းချီရှုသည် လီကျန်းဝေမှာ အလွန်မာနကြီးကြောင်း သိပေသည်။ ယခင်က ပက်ပ်စီအား စွတ်ပြောမိသဖြင့် တစ်ဖက်သို့ ပါသွားသည်ကို ကြည့်ရပေမည်။ အောက်စည်းမှ နှိမ့်ချ ဆက်ဆံရမည်ဆိုပါက ရူးသွားလောက်မည်ဟု လင်းချီရှု ကြောက်နေမိတော့သည်။
သို့ရာတွင် လီကျန်းဝေမှာ ဒေါသမထွက်သည့်အပြင် ရယ်မောရင်း..
“ကောင်းပြီလေ.. အင်ပါယာစတိတ် အဆောက်အဦးကို ကျုပ်လဲ ပြန်သွားကြည့်ချင်သေးတယ်.. ငါတို့ အမေရိကန် ဌာနခွဲစလည်ပတ်တုန်းကဆို ငါတို့ရုံးက အဲ့မှာလေ..”
*********
အသက်(၅၀)ဝန်းကျင် တရုတ်အမျိုးသားတစ်ယောက် ဖုန်းယွီနှင့် မျက်နှာချင်းဆိုင်တွင် ထိုင်နေပေသည်။ နှစ်ယောက်စလုံး အပြန်အမလှန် ကြည့်နေကြသည်။ ဖုန်းယွီသည် ထိုလူမှာ မည်သို့သောသူ ဖြစ်ကြောင်း သိချင်နေ ပေသည်။ ထိုလူသည် တရုတ်နိုင်ငံ၏ ထိပ်တန်း အဖျော်ယမကာ ကျန်းလီပေါင်ကို အစမှ ပြန်လည် တည်ဆောက်ခဲ့ သူဖြစ်သည်။ လီကျန်းဝေသည်လည်း ဤလူငယ်သည် မည်သို့ မိုက္ခရိုဆော့ဖ်၏ ဒါရိုက်တာ ဖြစ်လာကြောင်း သိချင်နေသည်။
၎င်းတို့ရှေ့တွင် အဖျော်ရည် အနည်းငယ်ရှိကာ အားလုံးမှာ တရုတ် အဖျော်ယမကာများ ဖြစ်ပြီး ကျန်းလီပေါင်နှင့် လီဟဟ ထုတ်ကုန်များ ပါဝင်ပေသည်။
“မန်နေဂျာလီ.. ခင်ဗျား ဘာသုံးဆောင်ချင်လဲ ကိုယ်တိုင်ပဲ ရွေးလိုက်ပါဗျာ..”
လီကျန်းဝေသည် မဆိုင်းမတွပင် ကျန်းလီပေါင်အား ကောက်ကိုင်လိုက်သည်။ ကျန်းလီပေါင်၏ အထွေထွေ မန်နေဂျာ တစ်ယောက်အနေဖြင့် စေ့စပ်ညှိနှိုင်းမှုအတွင်း အခြားကုမ္ပဏီ၏ အဖျော်ယမကာကို မည်သို့ ကောက်ယူ ရမည်နည်း။
ဖုန်းယွီသည် ကျန်းကျန်း သောက်ရေဘူးကို ဖွင့်လိုက်သဖြင့် လီကျန်းဝေ မျက်မှောငသ်ကြုတ်လိုက်သည်။ ဤဖုန်းယွီ သည် လီဟဟ၏ အဓိကရှယ်ယာရှင် ဖြစ်သည်။ မည်သည့်အတွက် အခြားကုမ္ပဏီကို ရွေးရသနည်း။
“မန်နေဂျာလီ.. ခင်ဗျား ပြိုင်ဘက်တွေကို အနိုင်ယူဖို့အတွက် အားလုံးကို နားလည်ထားမှ ရမယ်.. ခင်ဗျား တခြားကုမ္ပဏီတွေရဲ့ ထုတ်ကုန်ကို မသုံးဖူးရင် အရသာပိုင်းမှာ ဘယ်လိုလုပ် အနိုင်ယူနိုင်မှာလဲ..”
ဖုန်းယွီ အသံကျယ်ကျယ်ဖြင့် နောက်ပြောင်လိုက်သည်။
“ဒီကိစ္စတွေက ငါလုပ်ဖို့ မလိုဘူးလေ.. သုတေသန ဝန်ထမ်းတွေရဲ့ အလုပ်လေ.. မန်နေဂျာဖုန်း.. မင်း ဒီမှာ တရုတ် အဖျော်ယမကာတွေ အများကြီး ပြင်ထားတယ်.. မင်း ငါ့ကို ဘာပြောဖို့ ကြိုးစားနေတာလဲ..”
လီကျန်းဝေသည် ဖုန်းယွီအား ကြည့်နေသော်လည်း အဖြေကို မှန်းကြည့်နေပေသည်။
“ဘယ်လို.. မန်နေဂျာလင်းက ခင်ဗျားကို အဖျော်ယမကာ အဖွဲ့ကြီးတစ်ခု ထူထောင်ချင်တယ်ဆိုတာ မပြောထား ဘူးလား..”
ဖုန်းယွီ တမင်မေးလိုက်သည်။
“ဒါ မင်းရွေးထားတာတွေလား..”
လီကျန်းဝေသည် စားပွဲပေါ်ရှိ အဖျော်ယမကာများကို ကြည့်လိုက်သည်။ မျိုးကွဲများ များလွန်းပေသည်။
လီကျန်းဝေသည် ဤအဖျော်ယမကာ အဖွဲ့ကြီးကို ထူထောင်ရန် စိတ်မဝင်စားသော်လည်း ကျန်းလီပေါင်သည် ကြယ်ပွင့်ဖြစ်ရပေမည်။ ဖုန်းယွီသည် ကျန်းလီပေါင်ထက် ငွေပိုရလျှင်ပင် အဖျော်ယမကာများကို အမှတ်တံဆိပ် လွှမ်းမိုးမှုအရ အဆင့်သတ်မှတ်ရမည် ဖြစ်သည်။ ကျန်းလီပေါင်သည် ဤအဖျော်ယမကာများအားလုံး၏ ထိပ်တန်း ဖြစ်ပေသည်။
“ဒါတွေက ကျုပ်ရှာနိုင်သလောက်ပါ.. ဒီအဖျော်ယမကာ အားလုံး အတိုင်းအတာ တစ်ခုတော့ ရှိတယ်.. အဖျော်ယမကာ အုပ်စုလို့ ခေါ်ပေမယ့် တွေ့ရာ တံဆိပ်တွေ ဝင်လို့မရဘူး.. အဖွဲ့ဝင်တွေကို သေချာရွေးရမှာပေါ့.. ဟုတ်တယ်မို့လား..”
ဖုန်းယွီသည် ကျောက်ချင်းရှန်အား အမှတ်တံဆိပ်ငယ်လေးများကို စစ်ဆေးရန် ညွှန်ကြားထားပြီးသားပင်။ ထိုအမှတ်တံဆိပ်ငယ်လေးများကို ဝယ်နိုင်ပါက ဝယ်လိုက်မည်။ သို့မဟုတ်ပါက မေ့ထားလိုက်ရမည်။ ထို အမှတ်တံဆိပ်ငယ်လေးများမှာ ကြော်ငြာရန်လည်း မလွယ်ကူသလို ၎င်းတို့သည် ဈေးကွက်ရှာဖွေရေး၏ ကုန်ကျစရိတ်ကိုပင် ပြန်မရနိုင်ချေ။
ဖုန်းယွီသည် တရုတ်အဖျော်ယမကာများကို စေ့စေ့စပ်စပ် သုတေသန ပြုထားကြောင်း လီကျန်းဝေအား ပြသရန် စားပွဲပေါ်၌ အများအပြား ပြထားခြင်းဖြစ်သည်။
“မန်နေဂျာဖုန်း.. ငါ ကျောက်ချင်းရှန်ကိုလဲ သိပါတယ်.. ဒါပေမယ့် လီဟဟရဲ့ အကြီးဆုံး ရှယ်ယာရှင်က တခြားလူမှန်း မသိခဲ့ဘူး..”
လီကျန်းဝေသည် ဖုန်းယွီအား စိုက်ကြည့်နေပေသည်။
ဖုန်းယွီ ပြန်တွေးကြည့်လိုက်မိသည်။ ထိုလူ သတိမထားမိသေးသည့် အရာများပေသည်။ မိမိသည် အကြီးဆုံး ရှယ်ယာရှင် ဖြစ်ယုံသာမက ကုမ္ပဏီ၏ (၅၀)ရာခိုင်နှုန်းကျော် ပိုင်ဆိုင်ထားပေသည်။
ယမန်နှစ်က ကျောက်ချင်းရှန်သည် လီဟဟ ကလေးများအတွက် အားဖြည့်အချိုရည် ထုတ်လုပ်ခြင်းကို ရပ်တန့်ရန် ဆုံးဖြတ်ခဲ့ပြီး ထိုကိစ္စနှင့် ပတ်သက်၍ အခြားသော ရှယ်ယာရှင် (၂)ဦး ထွက်သွားသည်။ လီဟဟ ကလေးများ ဖြည့်စွက်စာသည် ကျန်းမာရေး ကန့်သတ်ချက်များမှ လွတ်မြောက်ပြီး အမြတ်အစွန်းများစွာ ရနိုင်သောကြောင့်ပင်။
လီဟဟ၏ ထုတ်ကုန်အသစ်များဖြစ်သည့် ရတနာ(၈)မျိုး၊ ဂျုံယာဂုနှင့် ချီလီ စွမ်းအား အချိုရည်တို့သည် ရောင်းအား ကောင်းပြီး အမြတ်မရှိချေ။ အစုရှယ်ယာရှင် (၂)ယောက်သည် ဆုံးရှုံးမှု ဖြစ်စေသည့် ထုတ်ကုန်များအတွက် အမြတ်အစွန်းရှိသည့် ထုတ်ကုန်တစ်ခု ရပ်လိုက်ခြင်းအပေါ် မကျေမနပ် ဖြစ်ကြ၍ပင်။ ထိုကိစ္စအတွင် ကျောက်ချင်းရှန်နှင့် အချင်းပွားခဲ့ရသေးသည်။
နောက်ဆုံး၌ ထိုရှယ်ယာရှင် (၂)ယောက်သည် ၎င်းတို့ ကိုယ်ပိုင်လုပ်ငန်း ထူထောင်ရန်အတွက် ရှယ်ယာများ ချောင်းချရန် ဆုံးဖြတ်လိုက်သည်။ ထိုကိစ္စကြားလိုက်သည်နှင့် ကျောက်ချင်းရှန်သည် ဖုန်းယွီကို ချက်ချင်း အကြောင်းကြားကာ ထိုနှစ်ယောက်စလုံး၏ ကုမ္ပဏီရှယ်ယာများ ရယူလိုက်သည်။
ဖုန်းယွီသည် လီဟဟ၏ အကြီးဆုံးရှယ်ယာရှင်သာမက ရှယ်ယာ (၅၃)ရာခိုင်နှုန်း တိုးမြှင့်နိုင်ခဲ့သည်။ ကျောက်ချင်းရှန်သည် သူ့ရှယ်ယာများကို (၃၈)ရာခိုင်နှုန်းအထိ တိုးမြှင့်ခဲ့သော်လည်း ဘဏ်တွင် ငွေ အမြောက်အများ အကြွေးတင်ခဲ့သည်။ ထိုရှယ်ယာရှင် (၂)ယောက်သည် အစုရှယ်ယာ အားလုံးကို မရောင်းသေးဘဲ အနည်းငယ် ချန်ထားသေးသည်။
ထိုရှယ်ယာရှင် (၂)ယောက်မှာ ရှေးရိုးဆန်သူများပင်။ ကိုယ်ပိုင် စီးပွားရေးလုပ်ငန်း ထူထောင်ခြင်းမှာ ကောင်းသော် လည်း စွန့်စားရမှုများ ရှိပေသည်။ ၎င်းတို့(၂)ယောက်သည် လီဟဟ၏ ရှယ်ယာ အနည်းငယ်ကို အာမခံအဖြစ် သိမ်းထားကြသည်။
လီဟဟ၏ ထိပ်တန်း စီမံခန့်ခွဲမှုကိုလည်း ရှယ်ယာအချို့နှင့် လက်လွှတ်ခဲ့သည်။
“မန်နေဂျာလီ.. ခင်ဗျား အဘိုးကြီးကျောက်နဲ့ သိတယ်လား.. အဲ့လိုမှန်းသိရင် ခင်ဗျားကို အဘိုးကြီး ကျောက်နဲ့ တွေ့ခိုင်းလိုက်ပါတယ်ဗျာ.. ကျောက်ချင်းရှန် ဘာလို့ လီဟဟကို စီမံခခန့်ခွဲနေတယ်ဆိုတာ သိချင်နေတာလား.. အဲ့ဒါ အရမ်းရိုးရှင်းပါတယ်.. ကျုပ်က ကုမ္ပဏီလည်ပတ်ဖို့ ပျင်းတယ်လေ..”
လည်ပတ်ရန် ပျင်းသည်လော။
လီကျန်းဝေ မျက်လုံးပြူးသွားသည်။ မည်သို့သော အကြောင်းပြချက်နည်း။ လုပ်ပိုင်ခွင့်များကို ပျင်း၍ လက်လွှတ် ထားသည်လော။ သို့ရာတွင် ကျောက်ချင်းရှန်သည် လီဟဟကို တည်ထောင်သူများထဲမှ တစ်ယောက် ဖြစ်ကြောင်း သတိရမိသည်။ သဘောတူညီချက် တစ်ခုခု ရှိကောင်း ရှိနိုင်ပေသည်။
သို့ဆိုပါက ထိုသူ ရင်းနှီးမြုပ်နှံပြီးပါက ကျန်းလီပေါင်တွင် မိမိ၏ အခွင့်အာဏာကို ဆက်လက် ထိန်းသိမ်းထား နိုင်လောက်ပေသည်။
လီကျန်းဝေသည် ကျန်းလီပေါင်ဗူးကို ချကာ ဖုန်းယွီအား ကြည့်ရင်း..
“မန်နေဂျာဖုန်း.. ကျန်းလီပေါင်မှာ ရင်းနှီးမြုပ်နှံဖို့ စိတ်ဝင်စားလား..”
ကျန်းလီပေါင်တွင် ရင်းနှီးမြုပ်နှံရမည်လော။
ဖုန်းယွီ အံ့ဩသွားသည်။ လီကျန်းဝေသည် ကျန်းလီပေါင်တွင် ရင်းနှီးမြုပ်နှံရန် တောင်းဆိုနေသည်လော။ ကျန်းလီပေါင် ငွေမတောင့်လောက်ချေ။ ထိုသူ ဘာလုပ်နေသည်နည်း။
လီကျန်းဝေ မည်သို့ပင် တွေးနေသည်ဖြစ်သည် ဖုန်းယွီ သေချာပေါက် သဘောတူမည်သာပင်။ နောင်တွင် လီကျန်းဝေသည် အစိုးအားကို ဆန့်ကျင်သဖြင့် ကျန်းလီပေါင်း ကျရှုံးလိမ့်မည်။ သို့ရာတွင် လက်ရှိ ကျန်းလီပေါင် သည် အမေရိကန်ဈေးကွက်သို့ ထိုးဖောက်ဝင်ရောက်ရာ၌ အောင်မြင်နေဆဲ ဖြစ်သည်။ ရင်းနှီးမြုပ်နှံရန် ထိုက်တန် ပေသည်။
ဤသည်က မိုးကောင်းကင်မှပေးသည့် လက်ဆောင်ပင်။
--------**$$^$$**--------