← Chapters

အစည်းအဝေး စတင်ပြီ

Vol. 2 Ch. 134

အစည်းအဝေး စတင်ပြီ

Vol. 2 Ch. 134

ချန်းမိသားစုရွာသည် ကျင်းမြို့တော်၏ ဆင်ခြေဖုံး တစ်နေရာတွင် တည်ရှိသည်။

ရွာဟုဆိုသော်လည်း ခေတ်မီ အဆောက်အအုံများဖြင့် တိုးတက် ဖွံ့ဖြိုးနေသော နေရာ ဖြစ်သည်။ ချန်းမိသားစုရွာရှိ မိသားစုတိုင်းသည် ဘန်ဂလို သို့မဟုတ် နှစ်ထပ်အိမ်များဖြင့် နေကြသည်။ ရွာရှိ လူငယ် အများစုက ချန်းလုပ်ငန်းစုတွင် အလုပ်လုပ်ကြသည်။

နှစ်စဉ်နှစ်တိုင်း နွေဦးပွဲတော်ရက်တွင် ချန်းမိသားစု အခွဲအားလုံးသည် ရွာ၌ စုစည်းကြပြီး နှစ်တနှစ်၏ အောင်မြင်မှုများကို အစီအရင်ခံကာ နောက်နှစ်အတွက် အစီအစဉ် ရေးဆွဲကြသည်။

ပင်မခြံဝန်း အတွင်းရှိ ကြီးမားလှသော စားပွဲကြီးတွင် နှစ်သစ်ကူး ရိုးရာမုန့် မျိုးစုံ တည်ခင်း ထားသည်။

"အဲဒါ ချန်းရှောင်မလား..."

ပိန်လှီလှီ လူငယ်တစ်ယောက် ရောက်မလာ‌ခင်အထိ အားလုံး၏ အာရုံသည် ချန်းအန်းနှင့် ချန်းနဉ်တို့ ထံတွင်သာ ရှိနေခဲ့သည်။ သို့သော် ထိုပိန်လှီလှီလူငယ် ပေါ်လာသည်နှင့် လူအုပ်တစ်ခုလုံး ပွက်လော ရိုက်သွားသည်။

ထိုလူငယ်‌ ‌ရောက်လာသည်နှင့် အတွင်းဘက် အစည်းအဝေး ခန်းထဲတွင် ထိုင်နေကြသော လူကြီးများပင် စိတ်ဝင်တစား လှမ်းကြည့် လာကြသည်။

"ကျင်းမြို့တော်ရဲ့ ချန်းရှောင်... သူက ချန်းမိသားစုရဲ့ တတိယ မျိုးဆက်တွေထဲမှာ အထူးချွန်ဆုံးပဲ"

လူအများစုက ချန်းရှောင်အား အသိအမှတ်ပြုကာ ချီးကျူး နေကြသည်။ ချန်းဖန်ပင် ချန်းရှောင်အား မြင်လိုက်သည်တွင် မျက်မှောင် ကြုတ်မိသွားသည်။

ချန်းမိသားစု တတိယမျိုးဆက်တွင် ပေါက်ပေါက်မြောက်မြောက် တစ်ယောက်မှ မရှိသေးသော်လည်း ချန်းရှောင်က ချွင်းချက် ဖြစ်သည်။ ချန်းရှောင်သည် ချန်းမိသားစု၏ အခွဲတစ်ခုမှ မွေးလာခဲ့ပြီး မိဘထံမှ ထောက်ပံ့မှု အကူအညီ မရှိပါဘဲ ကိုယ့်ဒူးကိုယ်ချွန်ကာ ကြိုးစားခဲ့သည်။ နောက်ပိုင်းတွင် ချန်းရှောင်၏ လုပ်ရည်ကိုင်ရည်အား ထန်ယွမ်ချင်မှ သတိထားမိသွားပြီး သူ့လက်အောက်သို့ ဖိတ်ခေါ်ခဲ့သည်။ ထိုမှစ၍ ချန်းရှောင်သည် ကျင်းမြို့တော်တွင် လွှမ်းမိုးနိုင်စွမ်း ရှိသူ ဖြစ်လာခဲ့သည်။

ချန်းရှောင်သည် ဆောက်လုပ်ရေး ကုမ္ပဏီတစ်ခု ဖွင့်လှစ်ထားပြီး ယွမ်သန်း ရာပေါင်းများစွာ ပိုင်ဆိုင်သည်။ ချန်းအန်းပင် ချန်းရှောင်နှင့် ယှဉ်လျှင် မှေးမှိန် သွားရသည်။

ချန်းရှောင်သည် တတိယမျိုးဆက် ဆယ်ကျော်သက်များ ထိုင်နေသော အပြင်ဘက် စားပွဲအား ကျော်သွားပြီး အရေးကြီးသည့် မိသားစုဝင်များသာ ထိုင်ခွင့်ရှိသည့် အစည်းအဝေးခန်း အတွင်းသို့ ဝင်သွားသည်။

ချန်းရှောင် ထိုင်ရသော ထိုင်ခုံသည် ချန်းအန်း၏ ထိုင်ခုံထက်စာလျှင် မိသားစုခေါင်းဆောင်၏ ထိုင်ခုံနှင့် ပိုနီးသည်။ ဆိုလိုသည်မှာ ချန်းရှောင်သည် မိသားစုထဲတွင် ချန်းအန်းထက် ပို၍ အရေးပါသည်ဟု သတ်မှတ်နိုင်သည်။

သို့သော်လည်း ချန်းမိသားစု တတိယ မျိုးဆက်ထဲတွင် ချန်းအန်း၊ ချန်းနဉ်နှင့် ချန်းရှောင် သုံးဦးတည်းသာ အစည်းအဝေး ခန်းထဲတွင် ထိုင်၍ လူကြီးများနှင့် တန်းတူ ဆွေးနွေးခွင့် ရှိတာ ဖြစ်သည်။

"ရှောင်ဖန်.. မင်းလည်း အစည်းအဝေး ခန်းထဲမှာ ထိုင်ချင်လို့လား ... မင်း ကျင်းမြို့တော် တက္ကသိုလ်ကို ဝင်ခွင့်ရရင်တော့ ထိုင်ရမှာပါ"

ချန်းရှုသည် ချန်းဖန် အစည်းအဝေးခန်းဘက်သို့ လှမ်းကြည့်နေသည်ကို သတိထားမိသွားပြီး လှောင်ပြောင် လိုက်သည်။

"ငါသာ ဆန္ဒရှိရင် ဒီလို မိသားစု အစည်းအဝေး မပြောနဲ့ နိုင်ငံတော်အဆင့် အရာရှိတွေရဲ့ အစည်းအဝေးကိုတောင် တက်လို့ရတယ်"

ချန်းဖန်က ချန်းရှုဘက်သို့ လှည့်ပင် မကြည့်ဘဲ ပြန်ပြောလိုက်သည်။

"ဆက်ပြီး မောက်မာနေလိုက်... ခဏနေလို့ ငါ့အဖေနဲ့ ပထမဦးလေး ဖိတ်ထားတဲ့ ဧည့်သည်တွေ ရောက်လာရင် မင်း မောက်မာနိုင်ဦးမလား ကြည့်နေတယ်..."

ချန်းရှုက နှာခေါင်းရှုံ့ကာ ပြောလိုက်သည်။

ထိုစကားများအား ကြားသော် မူလကပင် စိတ်ပူနေသော အန်းရာမှာ ပိုလို့ မျက်နှာမကောင်း ဖြစ်သွားသည်။

ချန်းမိသားစုကလန်၏ နှစ်စဉ် အစည်းအဝေးသည် မိသားစုဝင်များ၏ တွေ့ဆုံပွဲ ဖြစ်သည်သာမက မိသားစုဝင်များ ဖိတ်ခေါ်လိုသော မိတ်ဆွေ တချို့ကိုလည်း ဖိတ်ခေါ်ခွင့် ရှိသည်။

ပြီးခဲ့သည့်နှစ် အစည်းအဝေးတွင် ပထမဦးလေးနှင့် ဒုတိယ ဦးလေးတို့သည် ဂုဏ်သရေရှိ ဧည့်သည်များစွာကို ဖိတ်ကြားနိုင်ခဲ့သောကြောင့် မိသားစု အစည်းအဝေးတွင် မျက်နှာပွင့်ခဲ့သည်။

ချန်းဖန်တို့ မိသားစု အကြောင်း ပြောရမည်ဆိုလျှင် ချန်းကောရှင်းသည် နယ်မြို့သေးသေးလေးရှိ အစိုးရရုံးတွင် အလုပ်လုပ်နေရသည့် အပြင် သူ၏ ရိုးဖြောင့်သော စရိုက်အရ မည်သည့် ဂုဏ်သရေရှိ သူဌေးနှင့်မှ မသိ။ ဝမ့်ရှောင်ယွင် ကျပြန်တော့လည်း ရန်ကျင်းမြို့နှင့် ကျုံးဟိုင်မြို့ တစ်ဝိုက်တွင် အလုပ်လုပ်နေခြင်း ဖြစ်ပြီး ရန်ကျင်းမြို့က ဝမ့်မိသားစု၏ ပိုင်နက် ဖြစ်သောကြောင့် ဝမ့်ရှောင်ယွင်သည် ထိုမြို့ရှိ လူများနှင့် သိပ်အဆက်အဆံ မရှိ။ ကျုံးဟိုင်မြို့ရှိ သူမ၏ အသိများကလည်း ကျင်းမြို့တော်တွင် ကျင်းပသော ချန်းမိသားစု အစည်းအဝေးသို့ တကူးတက ပွဲလာတက်ရလောက်အောင် မရင်းနှီးပေ။

"တော်လောက်ပြီ"

ချန်းနဉ်သည် ချန်းရှုအား ဟန့်တားလိုက်၏။ သူမက ချန်းဖန်ကို ကြည့်မရသော်လည်း အန်းရာနှင့် သူမသည် ရင်းနှီးသော သူငယ်ချင်းများ ဖြစ်နေ‌ပြန်သည်။

ချန်းနဉ်သည် အန်းရာနှင့် အတူ ထိုင်ရရေးအတွက် အစည်းအဝေး ခန်းထဲတွင်ပင် မထိုင်ဘဲ အပြင်ဘက် စားပွဲ၌ လာထိုင်နေခဲ့တာ ဖြစ်သည်။

ရုတ်တရက် ချန်းဖန်က ရယ်မောလိုက်သည်။

"ချန်းရှု မင်းက ငါ့ကို တော်တော် စိတ်ပျက်စေတာပဲ ငါ့မိသားစုက ဧည့်သည် တစ်ယောက်မှ မဖိတ်ထားဘူး ဆိုရင်တောင် ငါဒီမှာ ထိုင်နေတာကတင် ချန်းမိသားစု တစ်ခုလုံးအတွက် ဂုဏ်ယူစရာ ဖြစ်နေပြီ ငါပြောတာကို မင်းနားလည်လားတော့ မသိဘူး"

"မင်းက သောက်ကျိုးနည်းကို ဘဝင်မြင့်နေတဲ့ အရူးပဲ..."

ချန်းရှုသည် ချန်းဖန်၏ စကားကြောင့် ‌ဒေါသထွက်ရလွန်း၍ သွေးအန်တော့မိ မတတ်ပင်။ ထို့နောက် သူက အလျော့မပေးဘဲ ပြောလိုက်သည်။

"ကောင်းပြီလေ ဆက်ပြီး စောင့်ကြည့်ရသေးတာပေါ့"

ထိုအချိန်တွင် အစည်းအဝေး ခန်းထဲ၌ ချန်းမိသားစု အကြီးအကဲများနှင့် ဒုတိယမျိုးဆက်များ စုဝေးနေကြသည်။

အသက်အကြီးဆုံး အကြီးအကဲကား ချန်းဖန်၏ အဘိုး ချန်းဟွိုက်အန်း၏ ဦးလေးဖြစ်သည်။ ထို့နောက်တွင် အဘိုးချန်းဟွိုက်အန်း၏ အဖေ ဖြစ်သည်။ ထို့နောက်တွင်မှ အဘိုးချန်းဟွိုက်အန်း၏ ညီအစ်ကိုတော်များ စသဖြင့် အစဉ်လိုက်လာသည်။

"အစ်ကို.. ကျွန်တော့်အထင် လူစုံပြီ ထင်တယ်"

ချန်းချန်ရှင်းသည် နဖူးပြင်ရှိ ချွေးစက်တို့အား သုတ်လိုက်ရင်း အစ်ကိုဖြစ်သူအား ပြောသည်။

မကြာသေးခင်ကမှ ချန်းချန်ရှင်းသည် အခြားသော ချန်းမိသားစုဝင်များ၏ ဝေဖန်မှုကြောင့် ချန်းလုပ်ငန်းစု ကိုယ်စားလှယ်ရာထူးအား ဆုံးရှုံးရတော့မလို ဖြစ်ခဲ့သော်လည်း ချန်းကျန်းရှင်း၏ အရှိန်အဝါကြောင့်သာ တကယ် မဆုံးရှုံးခဲ့ရခြင်း ဖြစ်သည်။

"စုံလုနီးပါးပါပဲ"

ချန်းကျန်းရှင်းက ခေါင်းညိတ်သည်။ သူက ချန်းကောရှင်းတို့ ဇနီးမောင်နှံအား လှမ်းကြည့် လိုက်သည်တွင် နှစ်ဦးလုံး မျက်နှာအမူအရာ မကောင်းသည်ကို မြင်လိုက်ရ၍ ကျေနပ်သွားသည်။

နှစ်စဉ်နှစ်တိုင်း ဤအချိန်တွင် အခြားသော မိသားစုဝင်များသည် နှစ်သစ်ဆုတောင်း တောင်းပေးရန် လာရောက်ကြသော ဧည့်သည်များအား ကြိုဆိုရင်း အလုပ် ရှုပ်နေကြသည်။ ချန်းကောရှင်းတို့ မောင်နှံသည်ကား ၎င်းတို့ထံ လာရောက်သူ မရှိသောကြောင့် နှစ်တိုင်း တိတ်ဆိတ်စွာသာ ထိုင်နေကြရသည်။

ရုတ်တရက် ခြံဝန်းအပြင်မှ တစုံတစ်ယောက်က အော်လိုက်သည်။

"လီဆောက်လုပ်ရေး လုပ်ငန်းစုက သူဌေးလီ ရောက်လာပါတယ်"

အမျိုးသား အနည်းငယ်နှင့် အမျိုးသမီး အနည်းငယ် ပါဝင်သော လူတစု ခြံဝင်းအတွင်း ဝင်လာကြသည်။ လူစု၏ ခေါင်းဆောင်သည် ဈေးကြီးသော အနောက်တိုင်း ဝတ်စုံကို ဝတ်ဆင်ထားသည်။

"ခုနစ်ယောက်မြောက် ဦးလေးက သူဌေးလီကို ဖိတ်ထားတာပဲ ဖြစ်ရမယ်"

ချန်းရှုက တီးတိုး ရေရွတ်လိုက်သည်။

သူဌေးလီသည် အစည်းအဝေး ခန်းထဲသို့ ရောက်သည်နှင့် ချန်းမိသားစု အကြီးအကဲများအား နှုတ်ဆက်လိုက်သည်။

"အကြီးအကဲချန်း အစ်ကိုကြီးချန်း... ကျုပ်နာမည်က လီယို့ချိုက်ပါ အားလုံးပဲ ပျော်ရွှင်စရာ နှစ်သစ်လေး ဖြစ်ပါစေလို့ ဆုတောင်း ပေးလိုက်ပါတယ်"

"ကျေးဇူးတင်ပါတယ် သူဌေးလီ"

ချန်းကျန်းရှင်းက တသီးတခြားဆန်သည့် ဟန်ပန်ဖြင့် ကျေးဇူးတင်ကြောင်း တခွန်းသာ ပြောသည်။ သူဌေးလီသည် ယွမ်သန်းရာချီ ပိုင်သော စီးပွားရေး လုပ်ငန်းရှင် တစ်ယောက် ဖြစ်သော်လည်း သူနှင့် တန်းတူ စကားပြောရန် အဆင့်မမီသေး ဟူ၍ ချန်းကျန်းရှင်းက ယူဆသည်။

သူဌေးလီသည် ချန်းကျန်းရှင်း၏ အေးတိအေးစက် အမူအရာအား စိတ်ထဲထားပုံ မရဘဲ အပြုံးကြီး တစ်ခုဖြင့် အခြား မိသားစုဝင်များအား နှုတ်ဆက်နေသည်။ သူဌေးလီ အတွက်မူ ချန်းကျန်းရှင်းကဲ့သို့ ရာထူးမြင့်သော စစ်တပ်အရာရှိတဦးအား တွေ့ခွင့်ရဖို့ပင် မလွယ်တာ ဖြစ်သည်။

သူဌေးလီ ပြီးနောက် အခြား မိသားစုဝင်များမှ ဖိတ်ကြားထားသော ဧည့်သည်များလည်း ရောက်ရှိ လာကြသည်။

"ဝူကျိုးသတ္တုတွင်း ပိုင်ရှင် သူဌေးကျန်း ရောက်လာပါတယ်"

"ကျင်းမြို့တော်၊ တင်းဟူလမ်းက သူဌေး ချန်ဖူဟောက် ရောက်လာပါတယ်"

"အင်ပါရီယာ ဖျော်ဖြေရေး လုပ်ငန်းစုက သူဌေးကျန်း ရောက်လာပါတယ်"

"ကျန်းကျိုးမြို့က သူဌေးရှု ရောက်လာပါတယ်"

တချို့ သူဌေးများသည် ဒုတိယဦးလေးမှ ဖိတ်ကြားထားပြီး တချို့မှာ ချန်းရှောင်မှ ဖိတ်ကြားထားခြင်း ဖြစ်သည်။ အဘိုးချန်း၏ လက်အောက်ငယ်သား ဟောင်းများနှင့် ပထမဦးလေး၏ လုပ်ဖော်ကိုင်ဖက် တချို့လည်း ရောက်လာကြသည်။

ရောက်ရှိလာသူများထဲတွင် လွှမ်းမိုးနိုင်စွမ်း အရှိဆုံးသူမှာ ဟိုင်ကျိုးမြို့မှ သူဌေးယန် ဖြစ်သည်။ ချန်းကျန်းရှင်း ကိုယ်တိုင် ဝင်ပေါက်သို့ ထွက်၍ သူဌေးယန်အား ကြိုဆိုသည်။

သူဌေးယန်သည် စစ်တပ်အရာရှိ အသိုင်းအဝိုင်းက မဟုတ်သော်လည်း ဟိုင်ကျိုးမြို့၏ အထင်ကရ ပုဂ္ဂိုလ်ဖြစ်သည်။ သူဌေးယန်၏ ရုတ်တရက် ပေါ်လာမှုက ချန်းကျန်းရှင်းကိုပင် အံ့ဩ သွားစေသည်။

အခြားသော ချန်းမိသားစုဝင်များ၏ ဘေးရှိ ထိုင်ခုံများတွင် ဖိတ်ကြားထားသော ဧည့်သည်များ ပြည့်နေသော်လည်း ချန်းကောရှင်းတို့ ဇနီးမောင်နှံ၏ ပတ်လည်ရှိ ခုံများကမူ လွတ်နေသည်။

"အခုရော ဘယ်လိုလဲ ရှောင်ဖန်... အာဏာရှိတဲ့ သူတွေနဲ့ အဆက်အသွယ်ရှိတာ မကောင်းဘူးလို့ ထင်နေတုန်းလား..."

ချန်းအန်းသည် ချန်းဖန် ထိုင်နေရာသို့ လျှောက်လာကာ ခနဲ့တဲ့တဲ့ မေးသည်။

"အစ်ကိုကြီး မသိလို့ ခုနတုန်းက ရှောင်ဖန်က ပြောနေတယ်။ ဒီနေ့ အစည်းအဝေးပွဲမှာ သူက အဓိက လူပဲတဲ့ ဟားဟား.. သူ့ကိုယ်သူ ဝမ့်မိသားစုက သခင်လေးလို့များ ထင်နေလား မသိဘူး"

ချန်းရှုကပါ ဝင်ရောက် လှောင်ပြောင် လိုက်သည်။

ချန်းဖန် မျက်မှောင် ကျုံ့လိုက်မိသည်။ သူ့ရှေ့တွင် ဝမ့်မိသားစုအကြောင်း ပြောလာသူများအား အလွန် မုန်းပေသည်။

ထိုအချိန်တွင် ဝင်ပေါက်ဘက်မှ တစ်စုံတစ်ယောက်က အော်လိုက်သည်။

"ချူကျိုးမြို့ ယန်အထည်အလိပ် လုပ်ငန်းစုက သူဌေးယန် ရောက်လာပါတယ်"

ချန်းဖန် အံ့အားသင့် သွားသည်။ ချူကျိုးမြို့သည် ကျန်းပေ့ဒေသ အတွင်းတွင် တည်ရှိပြီး ကျင်းမြို့တော်နှင့် ဝေးကွာသည်ဖြစ်ရာ သူက အံ့ဩသွားတာ ဖြစ်သည်။

အစည်းအဝေးခန်းထဲရှိ အကြီးအကဲများသည် အံ့ဩသွားကြသော်လည်း သူဌေးယန် ဆိုသူအား လူတိုင်း ကြားဖူးကြသည်။ ထိုလူသည် ယွမ်ဘီလီယမ်နှင့် ချီသော ပိုင်ဆိုင်မှုများ ရှိသည့် အထည်အလိပ် လုပ်ငန်းစု ပိုင်ရှင်တစ်ယောက် ဖြစ်သည်။ သို့သော် သူဌေးယန်အား မည်သူက ဖိတ်ထားမှန်း မသိကြတာ ဖြစ်သည်။

ဒုတိယဦးလေး ချန်းချန်ရှင်းသည် ဂုဏ်ယူနေသော မျက်နှာကြီးနှင့် မတ်တတ် ရပ်ကာ ပြောလိုက်သည်။

"သူက ကျုပ်အတွက် ရောက်လာတာပဲ ဖြစ်ရမယ်"

လူတိုင်း၏ အကြည့်များ အောက်တွင်ပင် သက်လတ်ပိုင်းအရွယ် ခပ်ဝဝ လူကြီးတစ်ယောက် ခြံဝန်းအတွင်းသို့ ဝင်လာသည်။ ၎င်း၏ မို့အစ်အစ် မျက်လုံးကြီးများက ခြံဝင်းအနှံ့ တစ်ချက် ကြည့်လိုက်ပြီး ချန်းဖန်အား မြင်သည်တွင် ရပ်တန့်သွားသည်။

ထိုလူဝကြီးသည် သူ့ထံသို့ အားရဝမ်းသာစွာ လာနေသော ချန်းချန်ရှင်းအား လျစ်လျူရှု၍ ချန်းဖန် ထိုင်နေသော စားပွဲဆီသို့ တန်းတန်းမတ်မတ် လျှောက်သွားလေသည်။

"ဆရာချန်း.. နောက်ဆုံးတော့ ဆရာချန်းကို ရှာတွေ့ပြီ"

အားလုံးအား အံ့အားသင့် သွားစေသည်မှာ လူဝကြီးအား ကြည့်ကာ ပြောလိုက်သော ချန်းဖန်၏ စကား ဖြစ်သည်။

"မင်းက ရှောင်ယန်လား..."

***

All Chapters