← Chapters

တည်နေရာ ပြောင်းလဲခြင်း၊ ဝူနိုင်ငံ၏ သိုင်းပညာ ညီလာခံ

Vol. 8 Ch. 106

တည်နေရာ ပြောင်းလဲခြင်း၊ ဝူနိုင်ငံ၏ သိုင်းပညာ ညီလာခံ

Vol. 8 Ch. 106

"ဆရာ.. သူ့ကို လာလည်လို့ရအောင် ကျွန်တော်အကြောင်းကြား လိုက်မယ်.."

ရွှီယန်က ဆရာ၏ သဘောတူညီမှုကို တွေ့ရပြီးနောက် စိတ်သက်သာရာ ရသွား၏။

ရှဲ့လင်ဖုန်းက မဆိုးလှပေ။ သူ၏ ပထမဆုံး သိုင်းသမား မိတ်ဆွေ တစ်ယောက်ဟု ပြောနိုင်၏။ ထို့အပြင် သူ၏ ဓားဆန္ဒကိုလည်း မူလအဆင့်သို့ မချိုးဖျက်ခင်တွင် နားလည်သဘောပေါက်မှု ရလာအောင် အကျိုးပြုပေးခဲ့သည်။

"ဆရာ.. ဂျူနီယာညီလေး.. သဘာဝတရား၈ပါး ပုံကြမ်းရဲ့ နက်နဲတဲ့ သဘောတရားတွေကို ကြိုးစားလေ့လာနေတာကို ကျွန်တော် တွေ့ခဲ့တယ်.."

"သူ့ရဲ့ နားလည်သဘောပေါက်မှုတွေက ကျွန်တော်နဲ့  ခြားနားနေသလိုပဲ။ ဒါကြောင့် နှစ်ယောက်သား ဆွေးနွေးမှု ပြုကြည့်မလို့။ ဖြစ်နိုင်တာက အတွေးအမြင်အသစ်တွေလည်း ရလာနိုင်တယ်.."

ရွှီယန်က ဆရာဖြစ်သူ၏ အမြင်ကို မေးသည်။

လီရွှမ်က ခဏတာ ရပ်တန့်သွား၏။ ရုတ်တရက် မေးခွန်းတစ်ခုကို တွေးမိလိုက်သည်။

သူသည် တပည့် တစ်ယောက်ချင်းစီတိုင်းကို သဘာဝတရား၈ပါး ပုံကြမ်းအား ပြသပေးမှာ ဖြစ်ပြီး တပည့်တစ်ဦးချင်းစီတိုင်း၏ နားလည်သဘောပေါက်မှုများကလည်း သေချာပေါက် ခြားနားနေမှာ ဖြစ်သည်။

ထိုသို့သာ အချင်းချင်း ဆွေးနွေးမှုပြုပါက ပိုမိုများပြားသည့် အတွေးအမြင်များ ပေါ်လာနိုင်သည်လား။

သဘာဝတရား ပုံကြမ်းသာမက သိုင်းစနစ်များ အကြားလည်း ထိုသို့ လုပ်ဆောင်နိုင်ပါသည်။ ရွှီယန်က ပင်ရင်းသိုင်းပညာစနစ်ကို ကျင့်ကြံပြီး မုန့်ချုံကတော့ ခန္ဓာကိုယ်ကျင့်ကြံမှု သိုင်းပညာစနစ်ကို  ကျင့်ကြံ၏။ သို့ပေမယ့် သူတို့နှစ်ယောက်လုံးမှာ သိုင်းသမားများ ဖြစ်ကြရာ တစ်ယောက်နှင့်တစ်ယောက် အတွေ့အကြုံများကို ဆွေးနွေးမှုပြုနိုင်ပါသည်။

ထိုအထဲမှ တပည့်များအနေနှင့် အတွေးအမြင်အချို့ ရရှိကာ သိုင်းပညာကို ပိုမို အရောင်စုံလာစေနိုင်၏။ ထိုအခါ သူကိုယ်တိုင်အတွက်လည်း ပိုမိုများပြားသည့် အကျိုးအမြတ်များ ရလာနိုင်ပါသည်။

ထိုကဲ့သို့ စဉ်းစားပြီးနောက် လီရွှမ်က ခေါင်းငြိမ့်သည်။

"သဘာဝတရား၈ပါး ပုံကြမ်းက ကောင်းကင်နဲ့ ကမ္ဘာမြေကြီးရဲ့ လျှို့ဝှက်ဆန်းကြယ်မှုတွေ ပါဝင်နေတယ်.."

"လူတိုင်းရဲ့ အတွေးအမြင်က သူတို့ရဲ့ နားလည်သဘောပေါက်မှုအဆင့် အပေါ်ကို မူတည်ပြီးတော့  ပေါ်လာတတ်တယ်။ ဒါ့ကြောင့် ကွဲပြားနေမှာ.."

"တစ်ယောက်နဲ့တစ်ယောက် ဆွေးနွေးမှုပြုပြီး အတွေးအမြင်တွေကို ဖလှယ်တာက မင်းတို့ရဲ့ နားလည်သဘောပေါက်မှုတွေကို အမှန်တကယ်ပဲ ပိုပြီး မြှင့်တင်ပေးနိုင်တယ်.."

"မင်းနဲ့မုန့်ချုံမှာ ဒီလိုစိတ်ကူးရှိတာ အရမ်းကောင်းတယ်.."

"မင်းတို့အားလုံးက ဆရာ့ရဲ့ တပည့်တွေ ဖြစ်တယ်။ မင်းတို့ရဲ့ သိုင်းပညာအပေါ် နားလည်သဘောပေါက်မှု့တွေကို တစ်ယောက်နဲ့တစ်ယောက် ဆွေးနွေးအတည်ပြုပြီး မြှင့်တင်မှု ပြုသင့်တယ်.."

"ပင်ရင်းသိုင်းပညာပဲ ဖြစ်ဖြစ် ခန္ဓာကိုယ်ကျင့်ကြံမှု သိုင်းပညာပဲ ဖြစ်ဖြစ် လူတိုင်းမှာ သိုင်းပညာအပေါ် ကိုယ်ပိုင်နားလည်သဘောပေါက်မှုတွေ ရှိကြတယ်.."

"ဖြစ်နိုင်တာက အဲ့ဒါက ဉာဏ်အလင်းပွင့်မှု အသစ်တွေကို ယူဆောင်လာနိုင်ပြီး သိုင်းပညာရဲ့ အဓိပ္ပာယ်ကို ပိုပြီးတော့ နားလည်အောင် တစ်ယောက်နဲ့တစ်ယောက် ကူညီပေးနိုင်မှာလဲ ဖြစ်နိုင်တယ်.."

ထိုစကားကို ကြားရပြီးနောက် ရွှီယန်၏ မျက်လုံးများက လင်းလက်သွားပြီး စိတ်လှုပ်ရှားစွာ ပြောသည်။

"ဟုတ်ကဲ့ပါဆရာ.."

"သွားတော့.."

လီရွှမ်က ခေါင်းငြိမ့်သည်။ ရွှီယန်က စိတ်လှုပ်ရှားစွာဖြင့် ထွက်ခွာသွား၏။

"မုန့်ချုံလည်း ခန္ဓာကိုယ်လှုပ်ရှားမှုအတတ်ကို မကြာခင် နားလည်သဘောပေါက် လာလောက်တယ် မလား.."

လီရွှမ်က စဉ်းစားသည်။

ရုတ်တရက် ရွှေလက်ချောင်းမှ တန်ပြန် အကျိုးပြုမှု ပေါ်လာခဲ့၏။

"သင်၏တပည့် မုန့်ချုံသည် ကြီးမြတ်သောနေ ရွှေခေါင်းလောင်း အကာအကွယ် ကျင့်စဉ်တွင် အသေးစားအောင်မြင်မှုအား ရရှိခဲ့ပြီး ချီနှင့်သွေးအဆင့်၏ အသေးစား ကျွမ်းကျင်မှု အဆင့်သို့ ရောက်ရှိသွားသည်။ သင်၏ ခန္ဓာကိုယ်ကြံ့ခိုင်မူ ခွန်အားသည် အတိုင်းအတာတစ်ခုအထိ မြင့်တက်လာခဲ့သည်.."

"ခန္ဓာကိုယ်ကြံ့ခိုင်မှု ခွန်အား.. တိုးတက်လာတယ်.."

လီရွှမ်က သူ၏ ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်၏  လျှပ်တစ်ပြက် သန်မာလာကြောင်းကို ခံစားလိုက်ရသည်။

မုန့်ချုံ၏ ကျင့်ကြံမှုတွင် အသေးစား အဆင့်ချိုးဖြတ်မှု ဖြစ်ပေါ်ခဲ့ခြင်းမှ ရရှိလာသည့် သူ့အတွက် တန်ပြန်အကျိုးပြုမှုက ကြီးမားခြင်းမရှိဘဲ ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်ကြံ့ခိုင်မှုကို နှစ်ဆ ဖြစ်လာခြင်းသာ ရှိပေမယ့် သူသည် တပည့်နှစ်ယောက် ရှိခြင်း၏ အကျိုးအမြတ် ရရှိလာနိုင်မှုကို ခံစားရပြီး ဖြစ်သည်။

လီရွှမ်အနေနှင့် မနေနိုင်ဘဲ တတိယတပည့်ကို လက်ခံရန်  အချိန်ကျပြီလားဟု စဉ်းစားမိ၏။

ထိုအခါ တတိယတပည့်အတွက် မည်သည့် ကျင့်ကြံမှုစနစ်ကို တီထွင်သင့်သနည်း..

တပည့်လက်ခံရာတွင် အရေအတွက်ထက် အရည်အသွေးက ပိုမိုအရေးကြီးပါသည်။ ဘာပဲဖြစ်ဖြစ် စွမ်းအားကြီးမားသည့် သိုင်းစနစ် အသစ်တစ်ခုကို ဖန်တီးရန်မှာ လွယ်ကူခြင်း မရှိပေ။

'ငါအပြင်ကို မကြာခဏထွက်ပြီး ပိုပြီးတော့ လေ့လာစူးစမ်းကြည့်ရမလား။ ယွင်ရှန်းမြို့က အိမ်ထဲမှာပဲ အမြဲတမ်းနေနေရင် ဘယ်လိုလုပ်ပြီး တပည့်အသစ်ကို လက်ခံနိုင်မှာလဲ..'

လီရွှမ်က အတွေးနက်သွားသည်။ သူသည် အချိန်နှင့်စကြာဝဠာကို ဖြတ်သန်းသွားပြီးနောက် သေးငယ်သည့် တောင်ရွာလေးတွင် အချိန်ကြာမြင့်စွာ ပိတ်မိနေခဲ့၍လား မသိပေ။ အိမ်တွင်းပုန်းတစ်ယောက် ဖြစ်လာခဲ့၏။

အထူးသဖြင့် သူသည် ပင်ပန်းစွာ ကျင့်ကြံမှုတွင်  အချိန်ကုန်စရာ မလိုအပ်ငလို လိုအပ်သည့် အရင်းအမြစ်များကိုလည်း ရှာဖွေစရာ လိုခြင်းလည်း မရှိပါ။

တပည့်များအပေါ်သို့ မှီခိုပြီး ခွန်အားကို မြှင့်တင်ကာ အရင်းအမြစ်များလည်း ရရှိလာနိုင်သည်။ ဤသည်က သူ့ကို ပိုမိုကာပင် ခရီးထွက်ချင်စိတ် မရှိအောင် ဖြစ်စေ၏။

ထိုအချိန်၌ ကောင်းကင်မိခင်ဂိုဏ်းမှ ကလေးမလေးကို သူရုတ်တရက် တွေးမိလိုက်သည်။

'ဒီကောင်မလေးရဲ့ ဆေးပညာက ထူးကဲတယ်တဲ့။ သူမက လူဆိုးလူမိုက်တွေကို လူကောင်းတွေ ဖြစ်အောင်တောင် တိုက်တွန်းပေးနိုင်တယ်..'

'သူမရဲ့ ပါရမီက ဘယ်လိုလဲ မသိဘူး။ ဒါပေမယ့် သူမသာ ယွင်ရှန်းမြို့ကို မလာရင် ငါ့လို စွမ်းအားကြီးဆရာသခင်တစ်ယောက်က သွားရှာပြီးတော့ တပည့်အဖြစ် လက်ခံစရာတော့ အကြောင်းမရှိဘူး..'

'သိုင်းပညာကျင့်ကြံမှုက အကူအညီအချို့ လိုအပ်မှာတော့ အသေအချာပဲ။ ဥပမာအားဖြင့် ဆေးလုံးတွေပေါ့... အဲ့ကိစ္စကို ငါစဉ်းစားဖို့ လိုအပ်တယ်။ ဖြစ်နိုင်ရင် ဆေးလုံးနဲ့ပတ်သက်တဲ့ ကျင့်စဉ်တစ်ခုကို  ဖန်တီးသင့်တယ်..'

လီရွှမ်က အတွေးနက်သွားသည်။ သူသည် တတိယတပည့်အတွက် စိတ်ကူးအချို့ ရလာပြီ ဖြစ်၏။ သို့ရာတွင် မည်ကဲ့သို့ ဖန်တီးရမည်နည်းနှင့် ၎င်းကို နားလည်သဘောပေါက်နိုင်မည့် သင့်တော်သည့်  တပည့်ကို ရှာဖွေရန်မှာ မေးခွန်းတစ်ခု ဖြစ်လာခဲ့သည်။ ထိုအတွက် သက်ဆိုင်ရာ အခြေခံတစ်ခုလည်း လိုအပ်ပါသည်။

ဆေးလုံးများ မရှိပါက လူတစ်ယောက်သည် ဘယ်လိုလုပ်ပြီး သိုင်းပညာကို ကျင့်ကြံနိုင်မည်နည်း။

ရွှီယန်နှင့် မုန့်ချုံကဲ့သို့သော မကောင်းဆိုးဝါးများမှာတော့ သိုင်းပညာ ကျင့်ကြံဖို့အတွက် ဆေးလုံး၏ အကူအညီကို လိုအပ်ခြင်း မရှိပေ။ သို့ပေမယ့် အခြားသာမန် သိုင်းသမားများ အတွက်တော့ လိုအပ်မှာပါ။

ထို့အပြင် သင့်တော်သည့် ဆေးလုံးသာ ရှိပါက လူတစ်ယောက်ကို ရွှေအရိုးအား သန့်စင်ရာတွင်ပင် အကူအညီပေးနိုင်မှာလည်း ဖြစ်နိုင်၏။

ဆေးလုံးများအပေါ် မှီခိုပြီး ရရှိလာသည့် ရွှေအရိုးသည် မူလပါရမီဖြင့် ကြိုးစားကျင့်ကြံမှုလောက် သန့်စင်ကာ စွမ်းအားကြီးမားနေမှာ မဟုတ်ပေမယ့် ဤသည်မှာ ရွှေအရိုး ဖြစ်ပါသည်။ သိုင်းပညာအခြေခံက ကြေးအရိုးထက် များစွာ သာလွန်၏။

'အတွင်းဘက်နယ်မြေမှာ သိုင်းပညာ ကျင့်ကြံဖို့အတွက် ဆေးဝါးတွေ ရှိလောက်တယ်မလား..'

'ဟုတ်သား.. ရှဲ့လင်ဖုန်းလာရင် သူ့ဆီကနေ အတွင်းဘက်နယ်မြေက နည်းပညာတွေကို နည်းနည်းလောက် ညှစ်ထုတ်ရမယ်။ ကိုးကားချက်တစ်ခု ရလာရင် ငါလည်း တီထွင်ဖို့ ပိုလွယ်ကူလာမှာ..'

လီရွှမ်က စိတ်ထဲတွင် အစီအစဉ်တစ်ခုကို ရေးဆွဲသည်။

ယွင်ရှန်းမြို့ငယ်၏ အပြင်ဘက်ရှိ တောင်များအတွင်းတွင် ရွှီယန်နှင့် မုန့်ချုံတို့က သဘာဝတရား၈ပါး ပုံကြမ်း၏ အပေါ်တွင် ရပ်နေကြ၏။

"ဒါက "ချန်".. ကောင်းကင်ကို ကိုယ်စားပြုတယ်။ ဒါက "ခွမ်" ကမ္ဘာမြေကြီးကို ကိုယ်စားပြုတယ်..."

ရွှီယန်က သဘာဝတရား၈ပါး ပုံကြမ်းအပေါ်တွင် နင်းကာ သူ၏ နားလည်သဘောပေါက်မှုနှင့် အတွေးအမြင်များကို ရှင်းပြနေပါသည်။ မုန့်ချုံက တိတ်ဆိတ်စွာ နားထောင်ပြီး စဉ်းစားနေ၏။

"ဂျူနီယာညီလေး.. ဒါက ငါ တတ်မြောက်ခဲ့တဲ့ ဘဲငန်းကိုယ်ဖော့ပညာပဲ.."

ရွှီယန်က ရှင်းပြပြီးနောက် သူ၏ ဘဲငန်းလှုပ်ရှားမှုအတတ်အား အသုံးပြုပြ၏။ သူ၏ ပုံရိပ်က ဖမ်းဆုပ်ရန် ခက်ခဲကာ မည်သည့်အသံမှ မထွက်ဘဲ မြန်ဆန်စွာ ရွေ့လျားသွား၏။

ထို့နောက် သူ့အနေနှင့် ဘဲငန်းလှုပ်ရှားမှုအတတ် အပေါ်တွင် မည်ကဲ့သို့ နက်ရှိုင်းစွာ နားလည်သဘောပေါက်လာသည့် ဖြစ်စဉ်နှင့် တတ်မြောက်လာပုံ တို့ကိုလည်း ရှင်းပြသည်။

ပြီးနောက် သူ၏ ခြေလှမ်းက ရွေ့လျားသွားပြီး ကျန်ရှိသည့် နေရာတစ်ခုသို့ ရုတ်တရက် ရွေ့လျားသွား၏။

"ဒါကို တယ်လီပို့ခြင်းလို့ ခေါ်တယ်။ ရွှယ့်ဝူရှင်းနဲ့ တိုက်ခိုက်တုန်းက ရုတ်တရက် နားလည်သဘောပေါက်လာခဲ့တာ.."

ရွှီယန်က တယ်လီပို့ခြင်းအတတ်ကို အနည်းငယ် ပိုမိုရှင်းပြသည်။

နားထောင်ပြီးနောက် မုန့်ချုံက လေးစားစွာ ရှိနေ၏။

"စီနီယာအကို.. ပါရမီအရာမှာ ငါကမင်းကို တကယ်ပဲ မမှီဘူး.."

"မဟုတ်ပါဘူး။ ဂျူနီယာညီလေးရဲ့ ပါရမီက  ခြားနားနေတာပဲရှိတာ.."

ရွှီယန်က ခေါင်းကိုရမ်းသည်။

"စီနီယာအကို ဒါက ကျွန်တော့်ရဲ့ နားလည်သဘောပေါက်မှုတွေပါ.."

မုန့်ချုံက သူ၏ ဒီအတောအတွင်း နားလည်သဘောပေါက်မှုများကို မျှဝေကာ သဘာဝတရား၈ပါး၏ ဉာဏ်အလင်းများအား ပြောပြ၏။

ရွှီယန်က အတွေးနက်သွားသည်။ မုန့်ချုံ၏ အတွေးအမြင်အချို့မှာ သူစိတ်ကူးထားသည်ထက် ကျော်လွန်နေပါသည်။

ထို့နောက် သိုင်းညီအကို နှစ်ယောက်တို့ အပြန်အလှန်ဆွေးနွေးကြရင်း တစ်ယောက်၏ အတွေးအမြင်ကို တစ်ယောက်က နားလည်လာကာ ခန္ဓာကိုယ်လှုပ်ရှားမှုအတတ်မှ စတင်ပြီး သုံးသပ်မှုများ ပြုလုပ်ကြသည်။

All Chapters