ရှေးဟောင်း သားရေစာအုပ်၊ လျှို့ဝှက်ဆန်းကြယ်သည့် အသံ(၂)
Vol. 8 Ch. 111
"နည်းနည်းလောက် ထပ်ကြည့်တာပေါ့.."
ဒီတစ်ကြိမ်တွင် မုန့်ချုံက ဂရုတစိုက်ဖြင့် ကြည့်သည်။ ရုတ်တရက် စင်တစ်ခု၏ အပေါ်၌ ရှေးဟောင်း စာအုပ်တစ်အုပ် ရှိနေပုံကို တွေ့လိုက်ရ၏။
"ဒါကဘာလဲ.."
ဤသည်မှာ ရှေးကျသည့် သားရေစာအုပ် တစ်အုပ်ဖြစ်ပြီး မည်ကဲ့သို့သော သားရေဖြင့် ပြုလုပ်ထားခြင်းကိုတော့ အတိအကျ ပြောနိုင်ခြင်း မရှိပေ။ ကြည့်ရတာ အလွန်အိုဟောင်းနေ၏။
ရှေးဟောင်းစာအုပ်၏ အဖုံးတွင် ကြီးမားထင်ရှားသည့် စကားလုံး နှစ်လုံးတို့အား ရေးထားသည်။
"ထိုက်ချန်း.."
မုန့်ချုံက အဖုံးကို ဖွင့်လိုက်၏။ မည်သည့် စကားလုံးကိုမှ တွေ့ရခြင်း မရှိပေ။ အဲ့ဒီ့အစား ကွေ့ကောက်သည့် မျဥ်းများကိုသာ တွေ့လိုက်ရ၏။ သားရေပေါ်တွင် သက်ဆိုင်ရာ သင်္ကေတအချို့ အတိုင်း ရေးဆွဲထားသည့်ပုံ ရှိသည်။
"ငါတော့ ဘာမှ နားမလည်ဘူး။ အိမ်ယူသွားပြီး ဆရာ့ကို ပြကြည့်ရင်ရော.."
မုန့်ချုံက သားရေစာအုပ်ကို ယူလိုက်သည်။
ရတနာတိုက်အတွင်းမှ ထွက်ခွာပြီးနောက် သူက အသာပြော၏။
"ဧကရာဇ်ဝူ.. ရတနာတွေကို ငါရွေးပြီးသွားပြီ။ မင်း.. ငါ့ရဲ့လက်စားချေမှုမှာ ကူညီခဲ့တာကို ထောက်ငှပြီး မင်းရဲ့ရတနာတိုက်ကို အပြောင်မရှင်းခဲ့ဘူး.."
ဧကရာဇ်ဝူက တိတ်ဆိတ်စွာသာ ရှိနေ၏။ သူ၏မျက်နှာက မဲမှောင်နေပါသည်။
"ငါသွားတော့မယ်.."
မုန့်ချုံက လျှင်မြန်စွာပင် ရောက်လာပြီး လျှင်မြန်စွာပင် ထွက်ခွာသွား၏။ ယခုအချိန်၌ သူ၏ ရည်ရွယ်ချက်ကို ပြည့်မြောက်ကာ သူနှင့် ဝူနိုင်ငံတို့ အကြားရှိ ရန်ငြိုးကိုလည်း အဆုံးသတ်ပြီးပြီ ဖြစ်သည်။
ဤသည်မှာ ဆရာ့ဆီသို့ ပြန်ကာ သိုင်းပညာကို ကြိုးကြိုးစားစား ကျင့်ကြံရမည့် အချိန်ဖြစ်၏။
မုန့်ချုံ၏ တစ်ယောက်တည်းနှင့် ထန်းဖင်တောင်ပေါ်ရှိ ထိပ်တန်းသိုင်းသမားများအား အနိုင်ယူခဲ့သည့် သတင်းက ပျံ့နှံ့သွားသည်။ ဝူနိုင်ငံ၏ မြို့တော်ရှိ ထန်းရွှမ်စောင့်ရှောက်သူ တပ်ဖွဲ့ကိုလည်း အနိုင်ယူခဲ့သည်ဟု ဆို၏။ ထိုသတင်းက ဝူနိုင်ငံတစ်ခုလုံးကို အံ့သြထိတ်လန့်သွားစေခဲ့ ပြန်သည်။
ဝူနိုင်ငံ၏ နိုင်ငံသားများသည် ချီနိုင်ငံရှိ စွမ်းအားကြီး ပုဂ္ဂိုလ်များ ရှာဖွေသည့် ကောလဟာလများကို ကြားသိထားကြ၏။ ထိုကိစ္စနှစ်ခုကို ချိတ်ဆက်မိကာ သူတို့အားလုံး ခဏတာ မှင်သက်ကုန်ကြသည်။
ဒီလောကကြီးတွင် အမှန်တကယ်ကို ယခုကဲ့သို့ စွမ်းအားကြီးပုဂ္ဂိုလ်များ ရှိနေသည်လား။ သိုင်းပညာသည် ထိုမျှအထိ အမှန်တကယ် အစွမ်းထက်နိုင်သည်လား။
ဝူနိုင်ငံ၏ နေရာတစ်ခုတွင်...
ဂုဏ်သိက္ခာ မြင့်မားသည့် သိုင်းသမားတစ်ယောက် ဖြစ်သည့် အကြီးအကဲဝူက မုန့်ချုံ၏ ထန်းရွှမ်စောင့်ရှောက်သူ တပ်ဖွဲ့အား တစ်ယောက်တည်းနှင့် အနိုင်ယူခဲ့သည့်သတင်းကြောင့် ထိတ်လန့်သွားခဲ့သည်။ တစ်ခုခုကို အမှတ်ရလိုက်သည့် သဖွယ် ရှိနေ၏။
"တပည့်တွေ.. မြန်မြန်လာခဲ့ကြ.."
တပည့်နှစ်ယောက်တို့ အမြန် ရောက်ရှိလာကြသည်။
"ဆရာ ဘာဖြစ်လို့လဲ.."
"မင်းတို့ရဲ့ပစ္စည်းတွေကို မြန်မြန်လေး ထုပ်ပိုးပြီး တောတောင်ခရီးကို သွားကြမယ်။ ငါတို့တွေ အဆုံးမဲ့တောင်ဆီကို သွားမယ်.."
အကြီးအကဲဝူက တပည့်များကို အမိန့်ပေးသည်။ သူ၏စိတ်ထဲတွင် ငယ်ရွယ်စဉ်က ရန်သူများကို ပုန်းအောင်းရန်အတွက် အဆုံးမဲ့တောင်များဆီသို့ သွားခဲ့ပုံကို ပြန်လည် အမှတ်ရမိ၏။
ထိုနေရာသည် သူ့အတွက် အထူးနေရာတစ်ခု ဖြစ်၏။ ပထမတွင် သူသည် ပြန်ထွက်နိုင်ခြင်း မရှိမည်ကို ကြောက်ရွံ့သဖြင့် အတွင်းထဲသို့ နက်ရှိုင်းစွာ လှည့်လည်ခြင်း မပြုရဲခဲ့ပေ။
ယခုအချိန်၌ ပြန်လည်စဉ်းစားမိပြီးနောက် ထိုနေရာတွင် အခွင့်အရေးအချို့ ရရှိနိုင်လောက်မည်လားဟု တွေးမိ၏။
"ငါသာ အသက်၂၀ ၃၀လောက် ပြန်ပြီးတော့ ငယ်သွားခဲ့ရင် ငါ့ဘာသာငါ သွားလို့ရတယ်.."
အကြီးအကဲဝူ၏ နှလုံးသားထဲတွင် နောင်တတစ်ခု ပေါ်လာခဲ့၏။
မုန့်ချုံက မြင်းကိုစီးကာ ဒီခရီး၏ ရရှိလာမှုများကို သယ်ဆောင်ပြီး ယွင်ရှန်းမြို့ငယ်ဆီသို့ ပြန်သည့်လမ်းတွင် ရှိနေ၏။
သူ၏ အံ့သြစရာကောင်းလှသည့် ခွန်အားက ဧကရာဇ်ဝူကို ထိတ်လန့်သွားစေပေမယ့် ဤသည်မှာ မျှော်လင့်ထားသည်ထက် ကျော်လွန်သွားသည့် အံ့သြမှုမျိုးသာ ဖြစ်သည်။
သို့ပေမယ့် အမတ်ကြီးများမှာတော့ သူတို့၏ လောကအသိအမြင်တို့ ပြိုလဲသည်အထိ ထိတ်လန့်သွားကြလေသည်။ ဤသည်တို့ကို မုန့်ချုံကတော့ သိရှိခြင်းမရှိပေ။
ဝူနိုင်ငံ တော်ဝင်နန်းတော်၏ တိတ်ဆိတ်သည့် ထောင့်နေရာတစ်ခုတွင်... မိန်းမစိုးများ၊ အစေခံများ မရှိသည့် တစ်ခုတည်းသော ခြံဝန်းတစ်ခု ရှိနေ၏။ ခြံထဲတွင် မြက်ပင်အချို့ အနည်းငယ် စတင်ပေါက်လာခဲ့သည်။
ဧကရာဇ်ဝူက ညို့မှိုင်းသည့် မျက်နှာနှင့် လျှောက်ဝင်သွား၏။ ခြံဝန်းအပြင်ဘက်တွင် မိန်းမစိုးခေါင်းဆောင်က ရပ်ကျန်နေကာ ဧကရာဇ်ဝူသာ ဝင်သွားခြင်း ဖြစ်သည်။
ဧကရာဇ်ဝူက ခြံဝန်းထဲသို့ ဝင်ပြီးနောက် အလယ်ရှိ အဓိကခန်းမဆီသို့ တည့်မတ်စွာသွား၏။ အဓိကခန်းမ၏ တံခါးကို ဖွင့်လိုက်ပြီးနောက် မထင်မှတ်စွာပင် ကျောက်တုံးအိမ် တစ်ခုကို တွေ့လိုက်ရသည်။
ထိုကျောက်တုံးအိမ်က ကြီးမားခြင်း မရှိပါ။ပေ၃၀ ပတ်လည်လောက်သာ ရှိ၏။ ကြည့်လိုက်လျှင် ကြီးမားသည့် ကျောက်တုံးကြီး တစ်ခုကို ထွင်းထားသည့်ပုံ ရှိသည်။
ကျောက်တုံး၏ မျက်နှာပြင်ကို ကြည့်လိုက်သည်နှင့် ရှည်လျားကြာညောင်းသည့် အချိန်၏ စမ်းသပ်မှုကို ခံထားရပြီး အလွန် အိုဟောင်းနေသည့် အသွင်ကို တွေ့မြင်နိုင်ပါသည်။
ဧကရာဇ်ဝူက ကျောက်တုံးအိမ်၏ ရှေ့တွင် ရပ်တန့်သွား၏။ သူ၏ မျက်လုံးများက ညို့မှိုင်းကာ လေးနက်သည့် အသွင်ဖြင့် ရှိနေပါသည်။
သူက အိမ်ထဲသို့ လျှောက်ဝင်သွား၏။ အတွင်းရှိ အလင်းရောင်မှာ မှိန်ပြပြီး ကျောက်တုံးအိမ်၏ အတွင်းပိုင်းကို ညှို့မှိုင်းနေစေကာ အနည်းငယ် တိတ်ဆိတ်ခြောက်ကပ်စွာ ခံစားရသည်။
"ဒီနေ့မှာ.. လူတစ်ယောက် ငါ့ရဲ့နန်းတော်ကို လာခဲ့တယ်။ သူတစ်ယောက်တည်းနဲ့ ထန်းရွှမ်စောင့်ရှောက်သူ အဖွဲ့ကို အနိုင်ယူခဲ့တယ်။ မင်းပြောတော့ သိုင်းသမားတွေ မရှိဘူးဆို။ စစ်မှန်တဲ့ သိုင်းသမားတစ်ယောက် ဖြစ်လာဖို့ မဖြစ်နိုင်ဘူးဆို။ ဒီကိစ္စကို ငါ့ကို ဘယ်လိုရှင်းပြမလဲ.."
ဧကရာဇ်ဝူက သူ၏ မကျေနပ်မှုနှင့် ဒေါသတို့ကို ဖိနှိပ်ကာ အသံနိမ့်စွာ မေး၏။
သူ၏အသံက ကျောက်တုံးအိမ်ထဲတွင် အချိန်တစ်ခုကြာအောင် ပဲ့တင်ထပ်သွားပြီးမှ ရုတ်တရက် အသံတစ်ခု ပြန်လည် ထွက်ပေါ်လာခဲ့သည်။
လျှို့ဝှက်ဆန်းကြယ်သည့် အသံသည် လေထဲမှ ထွက်ပေါ်လာပုံ ပေါ်၏။ အရင်းအမြစ်ကို ရှာဖွေနိုင်ခြင်း မရှိဘဲ ကျောက်တုံးအိမ်က စကားပြောနေသကဲ့သို့ ဖြစ်နေပါသည်။
ထိုအသံတွင် သံသယအချို့ ပါဝင်နေ၏။
"သိုင်းသမား တစ်ယောက်လား။ မဖြစ်နိုင်တာ... ထိုက်ချန်းရဲ့ အစွန်အဖျားပိုင်းမှာ ကောင်းကင်နဲ့ ကမ္ဘာမြေကြီးရဲ့ လင်းကျီက ပျောက်ကွယ်သွားခဲ့ပြီ။ သိုင်းသမားတစ်ယောက်ဖြစ်အောင် ကျင့်ကြံဖို့ဆိုတာ မဖြစ်နိုင်ဘူး.."
"မဟုတ်တာမပြောနဲ့... မုန့်ချုံသာ သိုင်းသမားတစ်ယောက်မဟုတ်ရင် သူကဘာလဲ... ငါမင်းကို အကြိမ်တိုင်း ကျင့်စဉ်တောင်းတဲ့ အခါတိုင်းမှာ အမြဲတမ်း ကောင်းကင်နဲ့ ကမ္ဘာမြေကြီးရဲ့လင်းကျီ မရှိတော့ဘူးဆိုတဲ့ အကြောင်းကိုပဲ ပြောနေပြီး ဝတ်ကျေတန်းကျေ ပုံစံနဲ့ ငြင်းလွှတ်ခဲ့တယ်.."
ဧကရာဇ်ဝူက ဒေါသတကြီး ပြန်ပြော၏။
"သူက တကယ်ပဲ သိုင်းသမား တစ်ယောက်လား.." လျှို့ဝှက်ဆန်းကြယ်သည့် အသံ၌ သံသယတို့ သယ်ဆောင်ထားဆဲ ရှိသည်။
"ငါကမင်းကို လိမ်စရာလား..."
လျှို့ဝှက်ဆန်းကြယ်သည့် အသံက အချိန်အတော်ကြာအောင် တိတ်ဆိတ်သွားပြီးနောက် ဆက်လက်ပြောသည်။
"အဲ့ဒါဆိုရင် အတွင်းဘက်နယ်မြေက သိုင်းသမားတစ်ယောက်ပဲ ဖြစ်ရမယ်။ ဒါပေမယ့် အတွင်းဘက်နယ်မြေက သိုင်းသမားက ဒီမှာ ဘာလာလုပ်နေတာလဲ.."
ဧကရာဇ်ဝူက အေးစက်စွာ နှာခေါင်းရှုံ့သည်။
"အတွင်းဘက်နယ်မြေက သိုင်းသမားလား... ငါ့ရဲ့ ဝူနိုင်ငံကို စတင် တည်ထောင်စဉ် ကတည်းက ဘယ်တုန်းကမှ တစ်ယောက်တောင် မတွေ့ခဲ့ဖူးဘူး.."
"မင်းရဲ့ ဝူနိုင်ငံကို စတင်တည်ထောင်တာက သိပ်မှမကြာသေးတာ။ ဘယ်လိုလုပ်ပြီး တွေ့ဖူးမှာလဲ။ နောက်ပြီး... အတွင်းဘက်နယ်မြေက သိုင်းသမားတစ်ယောက်ယောက် ရောက်လာရင်တောင် မင်းက သိနိုင်မှာလား.."
လျှို့ဝှက်ဆန်းကြယ်သည့် အသံက တစ်ခုခုကို ပြန်လည် တွေးတောနေသည့်ပုံ ရှိသည်။ နောက်ဆုံးအကြိမ် အတွင်း ဘက်နယ်မြေက သိုင်းသမားတစ်ယောက် စွန့်ပစ်ဒေသကို လာခဲ့တာက... အဲ့ဒါက လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀၀၀လောက်ကပဲ.."
"ငါသိသွားပြီ။ မင်းက အတွင်းဘက်နယ်မြေက သိုင်းသမားကို အကြောင်းပြပြီး ငါ့ကိုထပ်ပြီး အရူးလုပ်ချင်နေတာ။ ဒါပေမယ့် ဒီတစ်ကြိမ်မှာ ငါမင်းကိုပြောလိုက်မယ်... သူက အတွင်းဘက်နယ်မြေက သိုင်းသမားတစ်ယောက် မဟုတ်ဘူး။ သူ့နာမည်က မုန့်ချုံ.. ငါ့ရဲ့ဝူနိုင်ငံက ဒေသခံတစ်ယောက်ပဲ.."
"သူငါ့ကို တစ်ကြိမ် လုပ်ကြံသတ်ဖြတ်ဖို့ ကြိုးစားခဲ့ဖူးတယ်။ အဲ့ဒီအချိန်လုံးက သူ့ရဲ့ခွန်အားက သာမန်သိုင်းလောကရဲ့ ထိပ်တန်းအဆင့်မှာပဲ ရှိတာ။ ဒါပေမယ့် တစ်နှစ်တောင် မကြာသေးဘဲ အခု အရမ်းကို စွမ်းအားကြီးနေပြီ။ အဲ့ဒါကိုတောင် ဒီမှာ သိုင်းပညာရှင်အဖြစ် ကျင့်ကြံလို့ မရဘူးလို့ အရူးထပ်လုပ်ဦးမလို့လား.."
ဧကရာဇ်ဝူက ဒေါသကို ဖိစီးကာ ပြော၏။
"မဖြစ်နိုင်ဘူး။ လုံးဝမဖြစ်နိုင်ဘူး... ထိုက်ချန်းရဲ့ နယ်စပ်ဒေသမှာ သိုင်းပညာရှင်တစ်ယောက် ပေါ်လာဖို့ဆိုတာ ဘယ်လိုနည်းနဲ့မှ မဖြစ်နိုင်ဘူး.."
လျှို့ဝှက်ဆန်းကြယ်သည့် အသံက အနည်းငယ် စိတ်လှုပ်ရှားလာပုံ ပေါ်၏။
"ငါ့မျက်လုံးနဲ့ ကိုယ်တိုင်တွေ့ခဲ့တာ။ မင်းက လှည့်ဖြားဖို့ ကြိုးစားနေသေးတာလား.."
"နောက်ပြီး.. ချီနိုင်ငံမှာလည်း စွမ်းအားကြီး ဆရာသခင်တစ်ယောက်ကို ရှာတွေ့ခဲ့တယ်လို့ ကောလဟာလတွေ ထွက်နေတယ်။ သူက ချီနိုင်ငံရဲ့ စစ်တပ်တစ်ခုလုံးကိုတောင် တစ်ယောက်တည်းနဲ့ အနိုင်ယူခဲ့တာတဲ့.."
ဧကရာဇ်ဝူက အံကိုကြိတ်ကာ ပြောသည်။ သူ၏မျက်နှာက ဒေါသကြောင့် နီရဲလာခဲ့၏။
"မဖြစ်နိုင်ဘူး။ လုံးဝမဖြစ်နိုင်ဘူး.."
လျှို့ဝှက်ဆန်းကြယ်သည့် အသံက ယုံကြည်ခြင်း မရှိပေ။
"မင်းငါ့ကို ကျင့်ကြံတဲ့ နည်းလမ်းကို မပြောဘူးဆိုရင် ငါဒီကျောက်တုံးအိမ်ကို ဖျက်ဆီးပစ်မယ်.."
ဧကရာဇ်ဝူက ခြိမ်းခြောက်သည်။
"ဟားဟားဟား...မင်းဖျက်စီးချင်တယ် ဆိုရင် လုပ်ကြည့်လေ။ မင်းကိုယ်မင်း ဒီဟာကို ဖျက်ဆီးနိုင်မယ်လို့ ထင်နေတာလား။ ဒီကျောက်တုံးအိမ်ကို ဖျက်ဆီးလိုက်ရင် ငါ့ကို ပျောက်ကွယ်သွားမယ်လို့ ထင်နေတာလား..."
လျှို့ဝှက်ဆန်းကြယ်သည့် အသံက စတင် ရယ်မော၏။ သို့ပေမယ့် သူ၏ရယ်သံက အနည်းငယ် ရူးသွပ်နေပါသည်။
"လူလိမ်တွေ.. မင်းတို့အားလုံးက လူလိမ်တွေ.. ငါထပ်ပြီးတော့ အရူးလုပ်ခံမှာ မဟုတ်ဘူး။ ဟားဟားဟား... ငါ့ကိုထပ်ပြီးတော့ လိမ်ချင်တာလား... လုံးဝ မဖြစ်နိုင်ဘူး။ ငါဘယ်တော့မှ အရူးလုပ်မခံတော့ဘူး..."
လျှို့ဝှက်ဆန်းကြယ်သည့် အသံက စိတ်ပိုင်းဆိုင်ရာ ရူးသွပ်နေသည့် အလား စူးရဲစွာ ရယ်၏။
ဧကရာဇ်ဝူက မည်မျှပင် ကြိုးစားကာ ဆက်သွယ်ပြောဆိုဖို့ လုပ်လျှင်တောင် ထိုအသံက...
"လူလိမ်တွေ.. မင်းတို့အားလုံး လူလိမ်တွေ။ ငါဘယ်တော့မှ ထပ်ပြီး အရူးလုပ်ခံမှာ မဟုတ်ဘူး..." ဟူသည်ကိုသာ ထပ်မံတလဲလဲ ပြောနေ၏။
ကျောက်တုံးအိမ်အတွင်းရှိ အသံက တဖြည်းဖြည်း တိတ်ဆိတ်သွားသည်။ ဧကရာဇ်ဝူ၏ မျက်နှာက မဲမှောင်နေ၏။ ဒေါသထွက်မှု၊ အကူအညီမဲ့မှုနှင့် ဆန္ဒမရှိမှုတို့ ရောထွေးနေပါသည်။
သူက ကျောက်တုံးအိမ်၏ ပတ်ဝန်းကျင်ကို ခဏတာ ကြည့်ရှု့ပြီးနောက် ညို့မှိုင်းနေသည့် မျက်နှာဖြင့် ထွက်ခွာသွား၏။ အဓိက ခန်းမဆီမှ ထွက်ကာ တံခါးကိုပိတ်ပြီး ခြံဝန်းထဲသို့ လျှောက်ထွက်လာ၏။ ခြံဝန်းတံခါးကို ပိတ်ရင်းမှ အသစ်ထွက်လာနေသည့် မြက်ပင်များကို ကြည့်သည်။ သူက အမိန့်ပေးလိုက်၏။
"ပုံမှန်အတိုင်းပဲ.. သေဒဏ်ကျထောင်ခန်းထဲက တစ်ယောက်ယောက်ကို ရှာပြီး ဒီနေရာက မြက်တွေကို ရှင်းခိုင်းလိုက်။ ပြီးရင် ရှင်းပစ်လိုက်.."
"ဟုတ်ကဲ့ပါ။ အရှင်မင်းကြီး.."
မိန်းမစိုးခေါင်းဆောင်က ဦးညွှတ်သည်။
မုန့်ချုံသည် ယွင်ရှန်းမြို့ငယ်ဆီသို့ ပြန်ခဲ့၏။
"ဆရာ ဒါကဘာလဲ.."
သူက စာအုပ်အားလုံးတို့ကို နေရာချပြီးနောက် ရှေးဟောင်းစာအုပ် တစ်အုပ်အား ကိုင်ဆောင်ကာ လီရွှမ်ဆီသို့ ရောက်လာခဲ့သည်။
"ဟမ်.."
လီရွှမ်က ရှေးဟောင်းစာအုပ်ကို ကြည့်ကာ ရပ်တန့်သွား၏။ ဒီစာအုပ်က ပုံမှန်မဟုတ်သည့် ပုံပါ။ ပြုလုပ်ထားသည့် ပစ္စည်းကိုယ်တိုင်က ထူးကဲ၏။ ဤသည်မှာ သာမန် တိရစ္ဆာန်သားရေဖြင့် ပြုလုပ်ထားခြင်း မဟုတ်ပါ။
ထို့အပြင် ကြည့်ရတာ အလွန် အိုဟောင်းနေ၏။ စာအုပ်၏ အဖုံးပေါ်တွင် စကားလုံးနှစ်လုံး ရှိသည်။
"ထိုက်ချန်း.."
"ထိုက်ချန်းက ဘာလဲ.."
လီရွှမ်က စာအုပ်ကို ဖွင့်လိုက်ပြီးနောက် စာသားများကို တွေ့ရမည့်အစား မျဉ်းကြောင်းများကို တွေ့လိုက်ရ၏။
ထိုမျဉ်းကြောင်းများကို ပထမဆုံး ကြည့်ပါက အနည်းငယ် ရှုပ်ထွေးနေသည်ဟု ခံစားရ၏။ သို့ပေမယ့် အနီးကပ် စူးစမ်းပြီးနောက် သင်္ကေတတစ်ခုကို ဖွဲ့စည်းလာခဲ့သည်။
"သင်္ကေတလား.."
စာအုပ်ပေါ်ရှိ မျဉ်းကြောင်းများကို ကြည့်ရှုပြီးနောက် လီရွှမ်၏ စိတ်ထဲတွင် ပထမဆုံး ပေါ်လာသည့် အတွေးမှာ သင်္ကေတဟူ၍ ဖြစ်သည်။
သို့ပေမယ့် သေသေချာချာ စဉ်းစားမှု ပြုပြီးနောက် သင်္ကေတတစ်ခု မဟုတ်လောက်ကြောင်းကို နားလည်လာခဲ့၏။
"သင်္ကေတတစ်ခုနဲ့ မတူသလို မြေပုံတစ်ခုနဲ့လည်း မတူပြန်ဘူး..."
သူ့အနေနှင့် မျဉ်းကြောင်းများ၏ အဓိပ္ပါယ်ကို နားမလည်နိုင်အောင် ရှိနေပါသည်။ မသိစိတ်က ထိုမျဉ်းကြောင်းများသည် ရိုးရှင်းခြင်း မရှိဟုတော့ ပြောနေ၏။
"ဆရာ.. ဒါကဘာကို ဆိုလိုတာလဲ.."
မုန့်ချုံက သိလိုစွာ ကြည့်သည်။
"မင်းအနေနဲ့ နားမလည်နိုင်တာ ပုံမှန်ပဲ။ လူတစ်ယောက်ရဲ့ ခွန်အားနဲ့ သိုင်းအဆင့်က သူတို့ရဲ့ ရှု့ထောင့်တွေကို ပြောင်းလဲစေတယ်။ မင်းရဲ့ခွန်အားက အားနည်းနေသေးတော့ ဒီပစ္စည်းရဲ့ အဓိပ္ပါယ်ကို မခံစားမိတာ.."
လီရွှမ်က တည်ငြိမ်သည့် မျက်နှာဖြင့် ပြောသည်။
"မင်းရဲ့ ခွန်အားအဆင့်ကို မြှင့်တင်ပြီးရင် တဖြည်းဖြည်းနဲ့ နားလည်လာလိမ့်မယ်။ အရမ်းကြီးတော့ လောဘမကြီးနဲ့။ ကြိုးကြိုးစားစား ကျင့်ကြံပြီး ခြေတစ်လှမ်းချင်းစီသွားရမယ်။ မသိတဲ့အရာ အပေါ်မှာ အရမ်းကြီး သိလိုစိတ်ကို စိတ်စွဲမနေစေနဲ့.."
တကယ်တော့ သူလည်းပဲ နားလည်ခြင်း မရှိပေ။ သို့ပေမယ့် အနှိုင်းမဲ့သည့် ဆရာသခင်တစ်ယောက် အနေနှင့် သေချာပေါက် နားမလည်သည့် ပုံစံကို ပြသလို့ မဖြစ်ပါ။
လီရွှမ်က ကိုယ့်ကိုယ်ကို စဉ်းစားသည်။ တပည့်ဖြစ်သူကိုတော့ ဟန်ပြအနေနှင့် သင်ကြားပေးသကဲ့သို့ ပြော၏။
"ဟုတ်ကဲ့ပါဆရာ.."
မုန့်ချုံက လေးစားစွာ ခေါင်းငြိမ့်သည်။ ဆရာဖြစ်သူက ရှင်းမပြရာ ဒီအချိန်၌ သူ့အတွက် သိရှိနားလည်ရန် မလိုအပ်သေးဟု ဆိုလိုခြင်းပင်။
ထို့အပြင် ရှေးဟောင်းစာအုပ်မှာ ဧကရာဇ်ဝူ၏ ရတနာတိုက်ထဲမှ လာကတည်းက သေမျိုးလောက၏ ပစ္စည်းတစ်ခုသာ ဖြစ်လောက်ပါသည်။ ရှေးကျခြင်းသာ ရှိ၏။
မုန့်ချုံက ထိုကိစ္စအပေါ်တွင် ဆက်လက် အာရုံထားမနေတော့ပါ။ မြို့အပြင်သို့ထွက်ကာ ကျင့်ကြံမှုကို စတင်၏။
တစ်ဖက်ရှိ လီရွှမ်မှာတော့ ရှေးဟောင်းစာအုပ်၏ ဒုတိယစာရွက်အား လှန်လိုက်သည်။ ဒုတိယစာရွက်တွင် ပိုမိုများပြားသည့် မျဉ်းကြောင်းများအား ရေးဆွဲထား၏။
သင်္ကေတများမှာ တောင်တန်းများ သို့မဟုတ် သံကြိုးများနှင့် တူ၏။ သို့ပေမယ့် အနီးကပ် စူးစမ်းကြည့်ပြီးနောက် ကျပန်း လျှောက်ခြစ်ထားသည့်နှယ် ပုံပေါ်နေပါသည်။