နားလည်မှု မရနိုင်သည့် ရှေးဟောင်းသားရေစာအုပ်၊ ရှဲ့လင်ဖုန်း၏ ရောက်ရှိလာမှု
Vol. 8 Ch. 112
လီရွှမ်က ရှေးဟောင်းသားရေ စာအုပ်ကို လှန်လောကြည့်သည်။ စာမျက်နှာ တစ်မျက်နှာချင်းစီ ကြည့်ရှု့ပြီးနောက် စုစုပေါင်း ၁၈ရွက်ရှိကြောင်းကို တွေ့လိုက်ရ၏။
အားလုံးတို့တွင် သင်္ကေတတစ်ခုကို ရေးခြယ်ထားသည်။ စာမျက်နှာ တစ်ခုချင်းစီတိုင်းသည် ပထမဆုံးအကြိမ် ကြည့်ရှု့လိုက်ပါက မြေမျက်နှာ အသွင်အပြင် တစ်မျိုးမျိုး သို့မဟုတ် အခြားသင်္ကေတ တစ်ခုခု ထင်ဖွယ်နိုင်ရာရှိသည်။
သို့ပေမယ့် ဒုတိယအကြိမ် ထပ်မံကြည့်ရှု့ပါက ကျပန်းလျှောက်ခြစ်ထား သကဲ့သို့ ပုံပေါ်လာ ပြန်၏။ တတိယအကြိမ် ကြည့်ပါက နောက်ထပ် သင်္ကေတတစ်ခုအဖြစ် ပြောင်းလဲသွားသည့်ပုံ ပေါ်သည်။
ပိုမိုကြည့်လေလေ ပိုမိုကြောင်တောင်လာလေ ဖြစ်လာခဲ့၏။ ပိုမိုကြည့်လေလေ ပိုမိုနားမလည်နိုင်လေ ဖြစ်လာခဲ့၏။ မည်သည်ကို ဆိုလိုချင်သနည်းဟုပင် တိကျသည့် အဖြေမရှိပေ။
'ဒီစာအုပ်က ထူးတော့ ထူးဆန်းတယ်။ ဒါပေမယ့် နားလည်း နားမလည်ဘူး..'
လီရွှမ်က အတွေးနက်သွားသည်။
သူက ရှေးဟောင်းသားရေစာအုပ်ကို ပိတ်ကာ ထိုက်ချန်းဟူသည့် စကားလုံး နှစ်လုံးတို့ကို ကြည့်၏။ မနေနိုင်ဘဲ စဉ်းစားမိသည်။
"ထိုက်ချန်းက ဘာကိုဆိုလိုတာလဲ.."
လီရွှမ်သည် မနေနိုင်ဘဲ ရှေးဟောင်း သရေစာအုပ်ကို ဖွင့်ကာ ထပ်မံ ကြည့်လိုက်ပြန်သည်။ ဒီတစ်ကြိမ်တွင် ရေးဆွဲထားသည့် သင်္ကေတများမှာ အနည်းငယ် ခြားနားသွားသည်ဟု ခံစားလိုက်ရ၏။
သို့ပေမယ့် မျဉ်းကြောင်းများက ရှင်းလင်းစွာပင် ပြောင်းလဲခြင်း မရှိပေ။
'ဒါက သိုင်းကျင့်စဉ် တစ်မျိုးမျိုး များလား။ ဒါပေမယ့် အရမ်းကို နက်နဲလွန်းတယ်။ ငါ့ရဲ့ နားလည်နိုင်မှု အဆင့်နဲ့ အတွင်းထဲက အဓိပ္ပါယ်ကို မတွေ့မြင်နိုင်ဘူး..'
လီရွှမ်က ပဟေဠိ ဖြစ်သွားသည်။
'ဒါသာ တကယ်ပဲ သိုင်းကျင့်စဉ်တစ်ခု ဖြစ်ရင် ငါတီထွင်လိုက်တဲ့ သိုင်းပညာထက်တောင် ပိုပြီးတော့ စွမ်းအားကြီး မနေဘူးလား..'
သူက ရှေးဟောင်းသားရေစာအုပ်ကို လှန်လောကြည့်လိုက်ပြန်၏။
'သိုင်းကျင့်စဉ် တစ်ခုနဲ့လည်း မတူပါဘူး။ ဘာလို့ မြေပုံတစ်ခုလိုမျိုး ပိုပြီး ခံစားလာရတာလဲ..'
သူက စာအုပ်ကို ပိတ်လိုက်ကာ ပြန်ချထားလိုက်သည်။ လက်ထဲတွင် ကျောက်စိမ်းအဆောင်ကို ကစားရင်းက မျက်လုံးများက ကျဉ်းမြောင်းသွား၏။
သားရေစာအုပ်အတွင်းရှိ မျဉ်းကြောင်းများကို ပြန်လည်စဉ်းစားမိသည်။ သေသေချာချာ သုံးသပ်၏။
ရလဒ်အနေနှင့် ပြန်လည် စဉ်းစားတိုင်းတွင် သားရေစာအုပ်ပေါ်ရှိ သင်္ကေတ၏ ပုံပေါ်မှုတို့ ပြောင်းလဲသွားပုံ ပေါ်ကြောင်းအား အံ့သြစရာကောင်းလောက်အောင် ရှာတွေ့သွားခဲ့၏။
ဤသည်က အမြဲတမ်း ပြောင်းလဲနေပါသည်။
'ဒါက တော်တော်လေး ထူးဆန်းတယ်။ ဘာတွေ ဖြစ်နေတာလဲ..'
လီရွှမ်က မျက်မှောင်ကြုံ့သွားပြီး မနေနိုင်ဘဲ စာအုပ်ကိုယူကာ စတင် ဖတ်ရှု့ပြန်သည်။
ထုံးစံအတိုင်းပင်။ ပထမအကြိမ် ကြည့်ရှု့မှုနှင့် ဒုတိယအကြိမ်ကြည့်ရှု့မှုက အနည်းငယ် ခြားနားပုံ ပေါ်၏။
သို့ပေမယ့် အဘယ်ကြောင့် ခြားနားသည့် ခံစားချက် တစ်ခုအား ပေးစွမ်းနေကြောင်းကို နားမလည်နိုင်ဘဲ ရှိနေပါသည်။
'ဒီရှေးဟောင်း သားရေစာအုပ်က တစ်ခုခုတော့ မဟုတ်သေးဘူး... ကျင့်စဉ်လို့ ဆိုရအောင်လည်း ကျင့်စဉ်နဲ့ မတူဘူး။ မြေပုံဆိုလည်း မြေပုံနဲ့ မတူဘူး။ ပြီးတော့ သင်္ကေတဆိုလည်း သင်္ကေတနဲ့ မတူပြန်ဘူး။ အားလုံးက ထူးဆန်းနေတယ်။ ငါ့ရဲ့ခွန်အား မြင့်တက်လာမှပဲ တစ်ခုခု နားလည် သဘောပေါက်နိုင်မှာ ဖြစ်နိုင်တယ်..'
လီရွှမ်က စဉ်းစားသည်။
မုန့်ချုံလည်း ဤသည်ကို နားမလည်ခဲ့ပေ။ သူ၏ အမြင်တွင် ၎င်းတို့သည် မည်သည့် အဓိပ္ပာယ်မှ မရှိသည့် ရေးခြစ်မှု မျဥ်းကြောင်းအချို့သာ ဖြစ်၏။
'ငါ့ရဲ့ တပည့်အကြီးဆုံး ရွှီယန်ရော တစ်ခုခု မြင်နိုင်လောက်မလား..'
လီရွှမ်က အတွေးနက်သွား၏။
ရွှီယန်သာ ထိုအထဲမှ တစ်ခုခုကို နားလည်မှု ရလာပါက ရွှေလက်ချောင်းမှ တန်ပြန် အကျိုးပြုမှုတို့ကို ပေးလာမည်လား။ ဤသည်က ပြောရခက်ပါသည်။ ဘာပဲဖြစ်ဖြစ် ရှေးဟောင်းစာအုပ် အတွင်းရှိ မျဉ်းကြောင်းများကို သူရေးခြစ်ထားခြင်း မဟုတ်ပါ။
'ရွှီယန်ကို ကြည့်ခိုင်းတာပေါ့..'
လီရွှမ်က စိတ်ထဲတွင် ဆုံးဖြတ်ချက် ချလိုက်၏။ ရွှီယန်မှာ မကောင်းဆိုးဝါး ဆန်လှသည်။ ဖြစ်နိုင်တာက တစ်ခုခုကို နားလည်သဘောပေါက် နိုင်လာလောက်၏။
မုန့်ချုံ ပြန်လာပြီး နောက်တစ်နေ့တွင် ရွှီယန်လည်း သုံဟယ်မြို့မှ ပြန်လာခဲ့၏။ သူ၏ ဓားဆန္ဒ အကူအညီဖြင့် ရွှီကျွင်းဟယ်မှာ ကိုယ်တွင်းအင်္ဂါများကို စတင်သန့်စင်ပြီး ဖြစ်သည်။ ရွှီမိသားစု၏ ခွန်အားက တိုးမြင့်လာနေပြီး အမြန်နှုန်းက နှေးကွေးခြင်း မရှိပါ။
လီရွှမ်က ကုလားထိုင်ပေါ်တွင် ထိုင်နေ၏။ သူ၏ဘေးရှိ စားပွဲပေါ်တွင် စာအုပ်များစွာတို့ အပုံလိုက် ရှိနေပါသည်။ ဒီအချိန်၌ သူသည် ဆေးပညာအကြောင်း စာအုပ်တစ်အုပ်ကို ဖတ်ရှု့နေ၏။
'စွန့်ပစ်ဒေသမှာ ဆေးသန့်စင်ခြင်းနဲ့ ပတ်သက်တဲ့ ဘာသဘောတရားမှ မရှိဘူး။ ရိုးရှင်းတဲ့ ဆေးပညာအချို့ပဲ ရှိတယ်။ အုပ်ချုပ်သူ၊ အမတ်နဲ့ ဆက်သား သီအိုရီ သဘောတရားတွေလည်း မရှိဘူး...'
လီရွှမ်က ပိုမိုဖတ်လေလေ သူ၏ သိုင်းပညာစနစ် အသစ်အား ဖြစ်နိုင်သည်ဟု ပိုမိုခံစားရလေ ဖြစ်လာခဲ့သည်။
ရှေးဟောင်း သားရေစာအုပ်လည်း စားပွဲပေါ်တွင် ရှိနေ၏။ ရွှီယန်က ရောက်လာပြီးနောက် သူ့ကိုနှုတ်ဆက်သည်။
"ဆရာ.."
လီရွှမ်က ခေါင်းငြိမ့်၏။ ရွှီယန်၏ အကြည့်က ရှေးဟောင်း သားရေစာအုပ် အပေါ်သို့ ကျရောက်သွားသည်။
"ဆရာဒါက ဘာစာအုပ်လဲ.."
သူသည် ပုံပြင်စာအုပ်များကို ဖတ်ရခြင်းအား နှစ်သက်သူ ဖြစ်သည်။ များပြားလှသည့် စာအုပ်များကို တွေ့မြင်ဖူး၏။ ရှေးကျသည့် ဒဏ္ဍာရီများ အကြောင်း စာအုပ်များနှင့် ရင်းနှီးမှုတွင် မည်သူမှ သူ့ကို အနိုင်ယူနိုင်မည်။မဟုတ်ပါ။
ဒီရှေးဟောင်း သားရေစာအုပ်ကလည်း တစ်ချက်ကြည့်သည်နှင့် ထူးကဲသည့် အမြင်တစ်ခုကို ပေးစွမ်းနိုင်၏။ ချက်ချင်းပင် စိတ်ဝင်စားသွားခဲ့သည်။
"ကြည့်ကြည့်လေ.."
လီရွှမ်က အသာပြော၏။
ရွှီယန်က ဝမ်းသာစွာဖြင့် စာအုပ်ကို ကောက်ယူလိုက်သည်။
"ထိုက်ချန်း.."
အဖုံးပေါ်ရှိ ကြီးမားသည့် စကားလုံးနှစ်ခုတို့ကို တွေ့ရပြီးနောက် သိလိုစွာ မေး၏။
"ဆရာ.. ထိုက်ချန်းကဘာလဲ.."
"မင်းရဲ့ ခွန်အားအဆင့်သာ လုံလောက်လာရင်.. သိရမယ့် အချိန်ကျလာရင်.. အလိုလို သိလာလိမ့်မယ်.."
လီရွှမ်က ဝတ်ကျေတန်းကျေ သဘောဖြင့် ပြော၏။
ရွှီယန်က ရှေးဟောင်း သားရေစာအုပ်ကို ဖွင့်ကာ အတွင်းထဲရှိ မျဉ်းကြောင်းများကို ကြည့်သည်။ ၎င်းတို့သည် ကွေ့ကောက်စွာနှင့် အစီအစဉ်ကျခြင်း မရှိပေ။
သို့ပေမယ့် တိကျသည့် သင်္ကေတ တစ်ခုလည်း ဖြစ်ဟန်ပေါ်၏။ များပြားလှသည့် မျဉ်းကြောင်းများက မတူညီသည့် အမျိုးအစားများဖြင့် ရှိနေပါသည်။
ကြည့်ရတာ မြေပုံတစ်ခုနှင့်လည်း တူလာ၏။ သို့မဟုတ် မြေမျက်နှာသွင်ပြင် အမျိုးအစား တစ်ခုခုနှင့်လည်း တူလာခဲ့ ပြန်သည်။
သူကား နားလည်နိုင်ခြင်း မရှိပေ။ ထို့ကြောင့် ဒုတိယစာမျက်နှာကို လှန်လိုက်၏။ ပြီးနောက် တတိယစာမျက်နှာ... စာအုပ်တစ်ခုလုံးကို ဖတ်ရှု့ပြီးနောက် ရွှီယန်တစ်ယောက် လုံးဝ နားမလည်နိုင်အောင် ဖြစ်သွားခဲ့၏။
"ဆရာ.. ဒီမျဉ်ကြောင်းတွေက ဘာတွေလဲ။ ရတနာမြေပုံတစ်ခုကို ဆွဲထားတာများလား.."
စကားဆုံးပြီးနောက် သူ၏ မျက်လုံးများက လင်းလက်သွား၏။
ရွှီယန်၏ ပုံစံကို တွေ့ရပြီးနောက် လီရွှမ်လည်း တပည့်ဖြစ်သူ၏ မည်သည်မှ နားမလည်နိုင်ကြောင်းကို သိလိုက်ရသည်။ စာအုပ်အတွင်းရှိ သင်္ကေတများ၏ အနည်းငယ် ထူးခြားမှု ရှိကြောင်းကိုပင် သတိမထားမိပေ။ ရိုးရှင်းသည့် မျဉ်းကြောင်းများအဖြစ်သာ မြင်နိုင်၏။
'ငါ့ရဲ့ အကြီးဆုံးတပည့်တောင် နားမလည်နိုင်ဘူးဆိုတော့ တကယ်ပဲ ခွန်အားအဆင့်နဲ့ သက်ဆိုင်တာ များလား။ ထားလိုက်ပါတော့။ အရင်ဆုံး သိမ်းထားလိုက်မယ်..'
ဤသည်မှာ လီရွှမ်၏ အတွေးဖြစ်သည်။
သူက ရှေးဟောင်းသားရေစာအုပ်ကို ပြန်ယူကာ ပြော၏။ "မင်းရဲ့ ခွန်အားအဆင့် လုံလောက်လာရင် သိလာလိမ့်မယ်.. အများကြီး မစဉ်းစားနဲ့။ ကျင့်ကြံမှု အပေါ်မှာ ကြိုးကြိုးစားစား အားထုတ်တာကပဲ မှန်ကန်တဲ့ နည်းလမ်းဖြစ်တယ်.."
"မင်းရဲ့ မူလအဆင့်ကို တည်မြဲအောင်လုပ်။ ရက်အနည်းငယ် အတွင်းမှာ ငါမင်းကို မူလအဆင့်နောက်က သိုင်းကျင့်စဉ်ကို သင်ပေးမယ်.."
သူ၏ တပည့်ဖြစ်သူတွင် ကျယ်ပြန့်လှသည့် စိတ်ကူးယဉ်မှုတို့ ရှိကြောင်းအား လီရွှမ်သိပါသည်။ သူ့ကို မျက်ကန်းကဲ့သို့ ခန့်မှန်းချက်များ ထုတ်ပြီး အချိန်ဖြုန်းမှုမှ ကာကွယ်ရန်အတွက် ထပ်ပေါင်းပြောလိုက်ခြင်း ဖြစ်၏။
"ဟုတ်ကဲ့ပါ ဆရာ.."
ရွှီယန်ကလည်း အများကြီး စဉ်းစားမနေပါ။ နှုတ်ဆက်မှုပြုပြီးနောက် မြို့ပြင်သို့ ထွက်ကာ သွားရောက်ကျင့်ကြံ၏။ မုန့်ချုံနှင့် သဘာဝတရား၈ပါး ပုံကြမ်း၏ အတွေးအမြင်များကို ဖလှယ်သည်။
ချီနိုင်ငံ၏ မြို့တော်တွင် ရှဲ့လင်ဖုန်းသည် ရွှီယန်ပြောခဲ့သည့် သဘောတရားများအပေါ်တွင် အမြဲတမ်း ဆင်ခြင်သုံးသပ်နေ၏။
သန့်စင်သော ဓားနှလုံးသားကို ရရှိရန်အတွက် ပထမဆုံးခြေလှမ်းမှာ သန့်စင်သော စိတ်အခြေအနေအား ပိုင်ဆိုင်ရန်ဖြစ်သည်။ အပြင်ဘက် လောကများ၏ နှောက်ယှက်ခြင်းကို မခံရစေရန် ထိန်းသိမ်းရ၏။
စိတ်ထဲတွင် မိန်းမမရှိ ဟူသည့် စိတ်အခြေအနေသည် မည်ကဲ့သို့သော စိတ်အခြေအနေမျိုး ဖြစ်သနည်း..
'ကြည့်ရတာ စိတ်ထဲမှာ မိန်းမ မရှိရဘူး ဆိုတာ မိန်းမတွေကို စွန့်ပစ်ခိုင်းတာ မဟုတ်တဲ့ပုံပဲ။ အဲ့ဒီ့အစား အပြင်ဘက်က အနှောင့်အယှက်တွေ အားလုံးကို ဖယ်ရှားနိုင်လိုက်တာ။ ဒါက ဘယ်လို သဘောတရားမျိုးပါလိမ့်..'
ရှဲ့လင်ဖုန်း၏ မျက်နှာက ကြောင်တောင်နေ၏။ သူက တစ်ခုခုကို ရေးတေးတေး နားလည်လိုက်သည့်ပုံ ပေါ်သည်။ သို့ပေမယ့် နားမလည်စွာလည်း ရှိနေ၏။
'ငါ့ရဲ့ နားလည်သဘောပေါက်နိုင်စွမ်းက အရမ်းကို နိမ့်ပါးလွန်းတယ်။ ညီလေးရွှီက ရှင်းရှင်းလင်းလင်း ရှင်းပြပြီးနေတာကို အခုထိ တိတိကျကျ နားမလည်နိုင်သေးဘူး...'