← Chapters

နားလည်မှု မရနိုင်သည့် ရှေးဟောင်းသားရေစာအုပ်၊ ရှဲ့လင်ဖုန်း၏ ရောက်ရှိလာမှု(၂)

Vol. 8 Ch. 113

နားလည်မှု မရနိုင်သည့် ရှေးဟောင်းသားရေစာအုပ်၊ ရှဲ့လင်ဖုန်း၏ ရောက်ရှိလာမှု(၂)

Vol. 8 Ch. 113

ရှဲ့လင်ဖုန်းက နှလုံးသားထဲတွင် သက်ပြင်းချသည်။ ရုတ်တရက် အတွေးတစ်ခု ဝင်လာ၏။

'ညီလေးရွှီပြောတာ တစ်ချိန်တုန်းက သူ..ဧကရာဇ်ချီရဲ့ မောင်းမဆောင်ကို အသုံးပြုပြီး စိတ်ကို လေ့ကျင့်ပြီး ကိုယ့်ကိုယ်ကို မြှင့်တင်ခဲ့တယ်တဲ့။ ငါလည်း လုပ်နိုင်မယ်ထင်တယ်..'

'ငါ့ရဲ့ စိတ်ပိုင်းဆိုင်ရာ အခြေအနေကို မြှင့်တင်ဖို့အတွက်.. ကိုယ့်ကိုယ်ကို သန့်စင်လာဖို့အတွက် အဲ့လိုလုပ်မှပဲ ငါ့ရဲ့ ဓားနှလုံးသားကို နားလည်မှု ရလာဖို့ အခွင့်အရေး ရှိနိုင်မယ်..'

'ဓားနှလုံးသားကို နားလည်မှုရှိမှာပဲ စစ်မှန်တဲ့ ဓားတာအိုလမ်းစဉ်ကို ခြေချလာနိုင်မှာ'

ထိုအတွေးနဲ့အတူ ရှဲ့လင်ဖုန်းသည် ထိုင်မနေနိုင်တော့ဘဲ ချက်ချင်းပင် လုပ်ဆောင်ရန် တာဆူလာခဲ့သည်။ သူက ဧကရာဇ်ချီဆီသို့ သွားရောက်ကာ စိတ်အခြေအနေကို လေ့ကျင့်ရန်အတွက် မောင်းမဆောင်အတွင်းရှိ အလှလေးများကို ငှားရမ်းပေးဟု ပြောမည် ဖြစ်၏။ ဖြစ်နိုင်တာက အကျိုးကျေးဇူးများ ရလာနိုင်ပါသည်။

"ဆရာသခင်...ကျွန်တော့်ကို ဘာညွှန်ကြားစရာများ ရှိလဲမသိဘူး.."

ရှဲ့လင်ဖုန်းက တွေ့ချင်သည် ဟူသည့် သတင်းကို ကြားရပြီးနောက် ဧကရာဇ်ချီက ဝမ်းသာသွားသည်။ အခွင့်အရေးက ရောက်လာခဲ့ပြီ ဖြစ်၏။ သူသည် သိုင်းကျင့်စဉ် တစ်ခုကို ရရှိနိုင်မည်လား မသိပေ။

ရှဲ့လင်ဖုန်းက ဧကရာဇ်ချီကို ခဏတာ ကြည့်ပြီးနောက် စကားပြောရန် ခက်ခဲစွာ ခံစားလိုက်ရသည်။ ဘာပဲဖြစ်ဖြစ် စိတ်အခြေအနေကို လေ့ကျင့်ရန်အတွက် အခြားလူတစ်ယောက်၏ မောင်းမဆောင်ကို ငှားရမ်းခြင်းမှာ ပြောထွက်ဖို့ ခက်ခဲလှပြီး အနည်းငယ် ရှက်ဖို့ကောင်း၏။

သူက တုံ့ဆိုင်းစွာဖြင့် ပြောမထွက်နိုင်အောင် ရှိနေပါသည်။

ထိုပုံကို တွေ့ရပြီးနောက် ဧကရာဇ်ချီက ပိုမိုကာပင် ဝမ်းသာသွားသည်။ စိတ်အားထက်သန်စွာဖြင့် မေး၏။

"ဆရာသခင်... လိုအပ်တာ တစ်ခုခုရှိရင် ပြောသာပြောလိုက်ပါ။ ကျွန်တော် ဖြည့်ဆည်းပေးဖို့ အကောင်းဆုံး လုပ်ဆောင်ပါမယ်.."

"အဲ့လိုဆိုရင်လည်း ကျွန်တော်.. တည့်တိုးပဲ ပြောတော့မယ်.."

ထိုစကားကို ကြားရပြီးနောက် ရှဲ့လင်ဖုန်းက  စဉ်းစားသည်။

'ရွှီယန်တောင် သူ့ရဲ့မောင်းမဆောင်ကို ငှားရမ်းပြီး စိတ်ကို လေ့ကျင့်ခဲ့တာ ဆိုတော့ ငါလည်း အဲ့လို လုပ်တာက ဧကရာဇ်ချီအတွက် ပြဿနာအများကြီး မရှိလောက်ပါဘူး..'

ထို့ကြောင့် သူက ပြော၏။

"ကောင်းပြီ။ ဒီအတောအတွင်းမှာ ကျွန်တော့ရဲ့ စိတ်အခြေအနေကို လေ့ကျင့်နေတာ။ ညီလေးရွှီပြောတာ တစ်ခါ ကြားဖူးတယ်။ သူလည်း စိတ်အခြေအနေကို လေ့ကျင့်ဖို့အတွက် ဧကရာဇ်ချီရဲ့ မောင်းမဆောင်က အလှလေးတွေကို ငှားရမ်းခဲ့တယ်တဲ့။ အဲ့ဒါက အရမ်းကို ထိရောက်တယ်။ အခု အဲ့ဒီကိစ္စနဲ့ ဒီကိုလာခဲ့တာ.."

"ချီး.."

ရုတ်တရက် ဧကရာဇ်ချီက နှလုံးသားထဲတွင် ကျိန်ဆဲ၏။

'ဒါက ဘယ်လို ချီးထုပ် ဆရာသခင်လဲ။ ဟိုကောင် ရွှီယန်ဆီကတောင် ပြန်ပြီးတော့ သင်ယူနေရတယ်လို့..'

'ဒါက ငါ့ရဲ့ မောင်းမဆောင်ပဲ။ သူတို့တွေက ငါ့ရဲ့မိန်းမတွေ ဖြစ်တယ်။ ဒီကောင်တွေက ဘာလို့ စိတ်ကို လေ့ကျင့်ဖို့ဆိုပြီး အသုံးပြုရဲရတာလဲ..'

'ငါ့ကို ဘယ်လိုများ ထင်နေကြလဲ..'

'ဒါကြီးက လွန်သွားပြီ။ ငါဆက်ပြီး သည်းမခံနိုင်တော့ဘူး..'

သို့ပေမယ့် ဧကရာဇ်ချီသည် အပြင်ပန်းတွင် မျက်နှာပေါ်ရှိ အပြုံးတို့ မပြောင်းလဲပဲ ရှိနေဆဲ ဖြစ်သည်။ သူက လက်ကိုဝှေ့ရမ်းကာ တည်ငြိမ်စွာ ပြော၏။

"‌ဪ.. ဒါလေးပဲလား။ စိတ်ကို လေ့ကျင့်ချင်တာလား။ ကိစ္စလေးပါ။ ကိစ္စလေးပါ.."

"အစေခံတွေ လာခဲ့ကြ... ငါ့ရဲ့အမိန့်ကို သွားပြီးတော့ ပြောလိုက်။ ကြင်ယာတော်တွေကို စွမ်းအားကြီးဆရာသခင်ရဲ့ စိတ်ကို လေ့ကျင့်ဖို့အတွက် ကူညီ ကပြပေးရမယ်လို့ ပြောလိုက်.."

ဧကရာဇ်ချီက တစ်ခါတည်း အမိန့်ပေးသည်။

ရှဲ့လင်ဖုန်းတစ်ယောက် ချက်ချင်းပင် ခံစားသွားရသည်။ ဧကရာဇ်ချီသည် တကယ့်ကို သဘောထားကြီးကာ ဖြောင့်မှန်သူတစ်ယောက် ဖြစ်၏။ ရွှီယန်က ပုန်ကန်မှု မပြုခဲ့တာ အံ့သြစရာ မရှိပေ။ ယခုကဲ့သို့ ရက်ရောကာ ဖြောင့်မတ်သည့်  စိတ်သဘောထားရှိသည့် ဧကရာဇ်က ရှားပါးလှပါသည်။

ကျေးဇူးတင်သည့် အကြည့်နှင့် သူက လက်သီးနှစ်ဖက်ကို ဆုပ်ကာ ပြောသည်။

"အရှင်မင်းကြီးက အရမ်းကို သဘောထား ကြွယ်ဝတယ်။ ကျွန်တော် ထာဝရ ကျေးဇူးတင်နေမှာပါ.."

"ရပါတယ်။ ဒီက ဆရာသခင်ကို ကူညီခွင့် ရတာကိုက ကျွန်တော့်အတွက် ဂုဏ်ယူစရာပါ.."

ဧကရာဇ်ချီက ဂရုမစိုက်ဟန်ဆောင်ကာ ပြောသည်။

စိတ်ထဲတွင်တော့ ရှဲ့လင်ဖုန်းကို အကြိမ်တစ်ထောင်လောက် ကျိန်ဆဲပြီးနေပြီ ဖြစ်၏။

မောင်းမဆောင်က အလွန် မြူးကြွလာခဲ့သည်။ ဧကရာဇ်ချီ၏ ကိုယ်လုပ်တော်များက အားတက်သရော ကပြဖျော်ဖြေကြ၏။ စွမ်းအားကြီး ပုဂ္ဂိုလ်၏ မျက်လုံးထဲသို့ ဝင်ရောက်ကာ တစ်ခါတည်း မြင့်တက်သွားနိုင်ရန် မျှော်လင့်ကြသည်။

နန်းတော်အတွင်းတွင် ဧကရာဇ်ချီ၏ မျက်နှာသာပေးမှုကို စောင့်စားနေမည့် အစား ရရှိလာသည့် အခွင့်အရေးကို အမိအရ ဆုပ်ကိုင်ကာ စွမ်းအားကြီး ဆရာသခင်၏ အနီးကပ် ကြင်ယာ‌တော် ဖြစ်လာပါက ဧကရာဇ်၏ အပါးတွင် ခစားရခြင်းထက် များစွာ ပိုမိုသာလွန်မှာ ဖြစ်သည်။

ရှဲ့လင်ဖုန်းက ထိုင်ကာ ဧကရာဇ်ချီ၏ မောင်းမများ၏ သီဆိုကပြမှုကို ကြည့်နေ၏။

'နိုင်ငံတစ်နိုင်ငံ အုပ်စိုးသူရဲ့ မောင်းမဆောင်က အလှလေးတွေလို့ မပြောရဘူး။ သူတို့ အားလုံးက ကျက်သရေရှိမှု၊ လှပမှုနဲ့ တစ်ယောက်တစ်မျိုးစီ တစ်သီးတစ်သန့်ဆန်တဲ့ အလှကို ပိုင်ဆိုင်ထားကြတယ်..'

'ဒါပေမယ့် ငါ့ရဲ့စိတ်ကို ဘယ်လိုမျိုး လေ့ကျင့်ရမှာလဲ..'

'ဟုတ်ပြီ။ နှလုံးသားထဲမှာ ဘယ်မိန်းမမှ မရှိရဘူး။ ဘယ်မိန်းမမှ မရှိရဘူး။ အဲ့လိုပဲ... ငါ့ရှေ့မှာ မိန်းမလှလေးတွေ ရှိရင်တောင် ငါ့ရဲ့နှလုံးသားက သူတို့ကြောင့် ရွေ့လျားသွားလို့ မဖြစ်ဘူး..'

ခဏတာ ကြည့်ရှု့ပြီးနောက် ရှဲ့လင်ဖုန်းတစ်ယောက် ဆက်လက်ရပ်နေနိုင်စွမ်း မရှိတော့ပေ။ ဘာပဲဖြစ်ဖြစ် သူသည် အားမာန်အပြည့်နှင့် လူငယ်တစ်ယောက် ဖြစ်၏။ မကြာခင် ထွက်ပြေး လေတော့သည်။

'စိတ်ကို လျှော့ထား။ ငါစိတ်ကို လျှော့ရမယ်..'

စာဖတ်ခန်းတွင် ဧကရာဇ်ချီက မဲမှောင်သော မျက်နှာနှင့် ရှိနေပြီး  သူ၏ ဆံပင်များ အနည်းငယ် အစိမ်းရောင်ပြောင်းလာသည်ဟု ခံစားလာရသည်။

"ဘယ်လိုလဲ.."

သူက နက်ရှိုင်းသည့်အသံဖြင့် မေးသည်။

မိန်းမစိုးခေါင်းဆောင်က ဖြေကြား၏။

"စွမ်းအားကြီးပုဂ္ဂိုလ်က ခဏလောက် ကြည့်ပြီးတဲ့နောက်မှာ ထွက်ခွာသွားပါတယ်။ ဒါပေမယ့် နာရီဝက်လောက် ကြာပြီးတဲ့နောက်မှာ ပြန်လာပြီးတော့ ထပ်ကြည့်တယ်။ ပြီးတော့... ပြန်ပြီးတော့ ထွက်သွားတယ်..."

"ဒါပဲလား.."

"ဒါပါပဲ။ အခြားဘာမှ မလုပ်ပါဘူး။ ရွှီယန်ထက်  ကြည့်နိုင်တဲ့အချိန်က ပိုပြီးတော့ တိုတောင်းတာပဲ ရှိတာ.."

ထိုစကားကို ကြားရပြီးနောက် ဧကရာဇ်ချီက အနည်းငယ် စိတ်သက်သာရာ ရသွားသည်။ သို့ပေမယ့် အကြောင်းပြချက်အချို့ကြောင့်  မောင်းမ တစ်ယောက်လောက်ကို ပေးဆောင်နိုင်ခြင်း မရှိသည့်အတွက် အနည်းငယ် နောင်တရစွာ ခံစားရလေ၏။

သူသာ စွမ်းအားကြီး ပုဂ္ဂိုလ်ကို မောင်းမတစ်ယောက်လောက်အား ပေးကာ တစ်ဖက်လူက လက်ခံလိုက်ပါက ဒီအတိုင်း အလကား ယူမည်တော့ မဟုတ်လောက်ပါ။

"ချီး.."

ဧကရာဇ်ချီက နှလုံးသားထဲတွင် ကျိန်ဆဲသည်။

'ငါက ဧကရာဇ်တစ်ပါးပဲ.. ဘာလို့ ဒီလောက်တောင်မှ နိမ့်ကျနေရတာလဲ..'

ဤသည်မှာ အလွန်ဒေါသထွက်ဖို့ ကောင်းလှပါသည်။ ဘာပဲဖြစ်ဖြစ် မောင်းမဆောင်ရှိ ကိစ္စများမှာ ဖုံးကွယ်လို့မရပေ။ အမတ်ကြီးများသာ သိရှိသွားပါက သူတို့အားလုံး ဧကရာဇ်ကို ထူးဆန်းစွာ ကြည့်ရှု့ကြမှာ ဖြစ်သည်။

ဧကရာဇ်ချီမှာ အလွန် ပေါက်ကွဲထွက်ချင် နေပါပြီ။ ဤသည်မှာ မည်ကဲ့သို့သော စွမ်းအားကြီး ပုဂ္ဂိုလ်ဖြစ်သနည်း။

ထိုနှစ်ယောက်ကို သူ၏ ပုန်ကန်ထကြွသည့် သားက ဒီနေရာကို ခေါ်ဆောင်လာခဲ့ခြင်း ဖြစ်သည်။ ထိုကဲ့သို့ တွေးမိပြီးနောက် ဧကရာဇ်ချီက ဒေါသတကြီးဖြင့် အမိန့်တစ်ခုကို ထုတ်ပြန်၏။

"သွား.. ငါ့ရဲ့ ပုန်ကန်ထကြွတဲ့ အကြီးဆုံးသားကို သွားဖမ်းလှည့်။ ငါသူ့ကို ကြိမ်ဒဏ် အချက်၃၀လောက် ကိုယ်တိုင် ရိုက်ရမယ်.."

မိန်းမစိုးခေါင်းဆောင်က တုံ့ဆိုင်းစွာ ပြောသည်။ "အရှင်မင်းကြီး.. အကြီးဆုံးမင်းသား မနေ့ကပဲ မြို့တော်ကနေ ထွက်သွားပါတယ်.."

ဧကရာဇ်ချီက တိတ်ဆိတ်သွား၏။

အကြီးဆုံးမင်းသားသည် ပထမတွင် အိမ်တွင်သာ ထိုင်ပြီး အားမာန်တို့ ပျောက်ဆုံးစွာဖြင့် အချိန်ဖြုန်းနေပါသည်။ သို့ပေမယ့် စွမ်းအားကြီး ဆရာသခင်၏ မောင်းမဆောင်သို့ သွားရောက်သည့် သတင်းကို ကြားရပြီးနောက် ချက်ချင်းပင် လန့်ဖြန့်သွားပြီး သူ၏မျက်နှာက အကြောက်တရားတို့ဖြင့် ဖြူရော်လာခဲ့၏။

ထိုပုဂ္ဂိုလ် နှစ်ယောက်တို့ကို သူက ခေါ်လာခြင်း ဖြစ်သည်။ ထပ်မံ အပြစ်ပေးခံရတော့မည်အား ခန့်မှန်းမိပြီးနောက် အလျှင်စလိုဖြင့် တော်ဝင်မြို့တော်မှ ထွက်ခွာသွားခဲ့၏။ ဒီမြို့တော်တွင် ဆက်လက် နေနိုင်ခြင်း မရှိတော့ပေ။

ရှဲ့လင်ဖုန်းသည် သူ၏ စိတ်အခြေအနေတို့ တိုးတက်လာသည်ဟု ခံစားရ၏။ သူသည် မိန်းမလှများ၏ ဆွဲဆောင်မှုကို ခံရခြင်း မရှိတော့ပေ။

တစ်နေ့တွင် ကောရုန်ရှန်က သူ့ဆီသို့ သတင်းတစ်ခု ပါးလာ၏။ ရွှီယန်၏ လျှို့ဝှက်ဆန်းကြယ်သည့် ဆရာဖြစ်သူက သူ့ကို လာရောက်တွေ့ဆုံခွင့် ပြုသည်ဟု ဖြစ်သည်။

ချက်ချင်းပင် ဝမ်းသာစွာဖြင့် ဟူရှန်းနှင့်အတူ သုံဟယ်စီရင်စုသို့ သွားရောက်ကာ ဆရာကြီးနှင့် တွေ့ဆုံသည်။

"သခင်လေး.. အခုတလော ချီဧကရာဇ်ရဲ့ မောင်းမဆောင်ထဲကိုဘဲ ဘယ်သွားနေတယ်ဆို။ မောင်းမဘယ်နှစ်ယောက်နဲ့များ အိပ်ခဲ့လဲမသိဘူး.."

ဟူရှန်းက သိလိုစွာမေးသည်။

ရှဲ့လင်ဖုန်း၏ မျက်နှာက မဲမှောင်သွားပြီး ပြော၏။ "မဟုတ်တာ မပြောနဲ့။ ငါ.. ရှဲ့လင်ဖုန်းက ဘယ်လိုလုပ်ပြီး အဲ့လိုလူမျိုး ဖြစ်မှာလဲ။ ငါအဲ့ဒီကို သွားတယ်ဆိုတာက စိတ်ကို သွားလေ့ကျင့်တာပဲ.."

ဟူရှန်းက သံသယဖြင့် ကြည့်သည်။

"သခင်လေးက  စိတ်ကို ဘယ်လိုမျိုး လေ့ကျင့်ခဲ့လို့လဲ.."

ရှဲ့လင်ဖုန်းက စိတ်အားထက်သန်စွာဖြင့် ပြောသည်။

"ဒီရက်တွေအတွင်းမှာ ငါတိုးတက်မှုအချို့ ရှိလာခဲ့တယ်။ နှလုံးသားထဲမှာ မိန်းမမရှိတဲ့ စိတ်အခြေအနေနဲ့ တော်တော်လေး နီးကပ်နေပြီ ထင်တယ်.."

ဟူရှန်း "???.."

"ဟူရှန်း မင်းနားမလည်ပါဘူး။ ဒီစိတ်အခြေအနေက ကိုယ့်ဘာသာပဲ နားလည်အောင် လုပ်လို့ရတာ။ သူများကို ဖော်ထုတ်ရှင်းပြနေလို့ မရဘူး။ နားလည်သွားပြီဆိုရင်လည်း သိုင်းတာအိုရဲ့ လမ်းစဉ်က မင်းရဲ့ မျက်စိရှေ့ကို ရောက်လာပြီပဲ.."

ရှဲ့လင်ဖုန်းက နှလုံးသားထဲတွင် မျှော်လင့်စွာ ပြော၏။

နှစ်ယောက်သားသည် ရပ်တန့်ခြင်းမရှိဘဲ  မြို့တော်ဆီမှ သုံဟယ်စီရင်စုရှိ ယွင်ရှန်းမြို့ငယ်ဆီသို့ ခရီးနှင်ခဲ့ကြသည်။

ယွင်ရှန်းမြို့ငယ်၏ အပြင်ဘက်တွင်... ရွှီယန်နှင့် မုန့်ချုံတို့က စောင့်စားနေ၏။

"အကိုရှဲ့.."

ရှဲ့လင်ဖုန်းနှင့်  သူ့လူတို့ဟာ ရောက်ရှိလာကြသည်။

"ညီလေးရွှီ ကျေးဇူးတင်ပါတယ်.."

ရှဲ့လင်ဖုန်းက စိတ်လှုပ်ရှားစွာ ပြောသည်။

"ရပါတယ်.."

ရွှီယန်က မုန့်ချုံ၏ ပုခုံးကိုပုတ်ကာ ပြော၏။

"မင်းကို မိတ်ဆက်ပေးရဦးမယ်။ ဒါက ငါ့ရဲ့ ဂျူနီယာညီလေး မုန့်ချုံ.."

"ဒါဆို.. ညီလေးမုန့်ချုံကို တွေ့ရတာ ဝမ်းသာပါတယ်.."

ရှဲ့လင်ဖုန်းနှင့် သူ့လူတို့က လက်သီးနှစ်ဖက်ကို ဆုပ်ကာ နှုတ်ဆက်ကြသည်။

"အခွင့်အရေးရှိရင် ငါတို့တွေ ယှဉ်ပြိုင်ကြည့်ကြမလား.." မုန့်ချုံကပြော၏။ သူက စမ်းသပ်ကြည့်ရန် စိတ်အားထက်သန်နေပါသည်။

"ကောင်းပြီလေ.."

ရှဲ့လင်ဖုန်းက ခေါင်းငြိမ့်သည်။ သူ၏ နှလုံးသားထဲတွင် တိတ်တဆိတ် အံ့သြသွား၏။

မုန့်ချုံက သူ့ကို လူသားသဏ္ဍာန် သားရဲတစ်ကောင်အလား ကြမ်းကြုတ်သည့် ခံစားချက်တစ်ခုအား ပေးစွမ်းနေပါသည်။ တိုက်ခိုက်မှု မပြုခင်တွေပင် လူတစ်ယောက်သည် မုန့်ချုံ၏ ခန္ဓာကိုယ် သံမဏီထက်ပင် မာကျောမှုကို ခံစားနိုင်စွမ်း ရှိ၏။

အတွင်းဘက်နယ်မြေရှိ ပထမအဆင့် သိုင်းသမားများပင်လျှင် သူ၏ ရုပ်ပိုင်းဆိုင်ရာ ခံနိုင်ရည်ကို ချိုးဖျက်နိုင်ရန် ခက်ခဲနေလောက်မှာပါ။

'ဒါက သိုင်းပညာရဲ့ အနှစ်သာရလား... ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်နဲ့တင် ပထမအဆင့် သိုင်းသမားတစ်ယောက်ကို ရင်ဆိုင်လို့ရတယ်..'

ရှဲ့လင်ဖုန်းက တိတ်တဆိတ် တွေးတောမိ၏။

ခြံဝန်းငယ်အတွင်းတွင် လီရွှမ်က ကုလားထိုင်တစ်ခုပေါ်တွင် ထိုင်ပြီး ကျောက်စိမ်းအဆောင်နှင့် ကစားနေပါသည်။

ရှဲ့လင်ဖုန်းနှင့် ဟူရှန်းတို့ ရောက်ရှိလာတော့ ပေမည်။ သူသည် အတွင်းဘက်နယ်မြေရှိ သိုင်းကျင့်စဉ်များကို ရရှိရန်အတွက် လက်တကမ်းသာ လိုတော့၏။

ရှဲ့လင်ဖုန်းနှင့် ဟူရှန်းတို့ နှစ်ယောက်စလုံးမှာ သိုင်းသခင်အဆင့် သိုင်းသမားများ ဖြစ်ကြပြီး စွမ်းအားကြီးမားသည့် ဓားသခင် ချောက်ကမ်းပါးမှ ဖြစ်ကြသည်။

သူတို့၏ ကျင့်စဉ်များသည် အတွင်းဘက်နယ်မြေရှိ  သာမန်ကျင့်စဉ်များနှင့် မတူဘဲ ထိပ်တန်းအဆင့်၌ ရှိနေမှာပါ။

နောက်ဆုံးတွင် သူလည်း အတွင်းဘက်နယ်မြေမှ ကျင့်စဉ်များ၏ သဘောသဘာဝကို သိရှိကာ ကိုယ်ပိုင် သိုင်းပညာအတွက် ကိုးကားချက်အချို့ကို ရရှိလာပေတော့မည်။

ဘာပဲဖြစ်ဖြစ် ရွှယ့်ဝူရှင်း၏ သွေးနတ်ဆိုးကျမ်းမှာ ပြီးပြည့်စုံခြင်း မရှိပေ။ ၎င်းတွင် အကျိုးပြုမှုများ ရှိပေမယ့် ကန့်သတ်ချက်များစွာလည်း ရှိနေပါသည်။

"သူတို့ ရောက်လာကြပြီ.."

လီရွှမ်က သူ့ကိုယ်သူ ပိုမို အေးဆေးကာ သက်တောင့်သက်သာရှိသည့်  အနေအထားသို့ ပြောင်းလိုက်သည်။

လျှို့ဝှက်ဆန်းကြယ်သည့် အငွေ့အသက်က ခန္ဓာကိုယ်တွင် လွှမ်းခြုံလာ၏။ လက်ထဲရှိ  ကျောက်စိမ်းအဆောင်ပင်လျှင် လျှို့ဝှက်ဆန်းကြယ်လာသည့်ပုံ ရှိသည်။

"အကိုရှဲ့.. ကျေးဇူးပြုပြီး.."

ရွှီယန်က တံခါးကို ဖွင့်ပြီးနောက် အတွင်းထဲသို့ ဝင်ရန် လက်ဟန်ပြသည်။

ရှဲ့လင်ဖုန်းနှင့် ဟူရှန်းတို့က  စိတ်ထဲတွင် တင်းကြပ်စွာ ရှိနေကြ၏။ သူတို့သည် နောက်ဆုံးတွင် လျှို့ဝှက်ဆန်းကြယ်သည့် ပုဂ္ဂိုလ်ကြီးနှင့် တွေ့ဆုံနိုင်ပေတော့မည်။ အသက်ကို နက်ရှိုင်းစွာရှူပြီး တံခါးဝမှ ခြေလှမ်းလိုက်၏။

အတွင်းသို့ ဝင်လျှင်ဝင်ခြင်း ရှဲ့လင်ဖုန်းနှင့် ဟူရှန်းတို့ နှစ်‌ယောက်သား မှင်သက်သွားကြပြီး သူတို့၏ မျက်နှာပေါ်၌ ထိတ်လန့်မှုတို့ ပေါ်လာကြသည်။ ခြံဝန်းအတွင်းတွင် လူငယ်တစ်ယောက်က ကုလားထိုင်ပေါ်တွင် ထိုင်နေပြီး သက်တောင့်သက်သာနှင့် အေးအေးလူလူ ရှိနေပါသည်။

လက်ထဲတွင် ကျောက်စိမ်းအဆောင်တစ်ခုကို ကစားနေ၏။ တစ်ချက်ကြည့်သည်နှင့် ထိုလူငယ်၏ ခန္ဓာကိုယ်တွင် မြင့်မြတ်သော အလင်းတစ်ခု ရစ်သိုင်းနေသည့်ပုံ ရှိသည်။

ကြီးမြတ်စွာ လင်းလက်နေပြီး တိုင်းတာ၍ မရအောင် လျှို့ဝှက်ဆန်းကြယ်ကာ ထည်ဝါလှသည်။ သူသည် လောကကြီး၏ အလွန်တွင် ရှိနေပြီး အချိန်တိုက်စားမှု၏ ပြင်ပသို့ ရောက်ရှိနေသည် ထင်ရသည်။

ချက်ချင်းပင် ရှဲ့လင်ဖုန်းနှင့် ဟူရှန်းတို့ ငိုင်တိုင်သွားကြသည်။

"စွမ်းအားကြီးပုဂ္ဂိုလ်.."

"အနှိုင်းမဲ့တဲ့ စွမ်းအားကြီး ပုဂ္ဂိုလ်တစ်ယောက်ပဲ.."

သူတို့က မနေနိုင်ဘဲ ဒူးထောက်သွားကြသည်။

"ရှဲ့လင်ဖုန်းနဲ့ ဟူရှန်းတို့က ဆရာကြီးကို အရိုအသေပေးပါတယ်.."

"ဘုန်း ဘုန်း ဘုန်း.."

ဦးခေါင်းများကို မြေနှင့်တိုက်ကာ သုံးကြိမ် ဦးချကြသည်။

ရွှီယန်နှင့် မုန့်ချုံတို့က မှင်သက်သွားကြ၏။ ရောက်ရှိလာသည်နှင့် ယခုကဲ့သို့ အမြင့်မားဆုံးသော အရိုအသေပေးမှုကို ပြုလုပ်ကြသည်လား။ ဦးချသည့် အသံများမှာ သူတို့ တပည့်ဖြစ်လာစဉ်က ထပ်ပင် ပိုမို ကျယ်လောင်ပါသည်။ မြေပြင်ပေါ်တွင် ချိုင့်ငယ်တို့ပင် ပေါ်လာစေခဲ့၏။

ဆရာဖြစ်သူကို မော့ကြည့်လိုက်ကြ၏။ ပုံမှန်အတိုင်းပင်ယ အနှိုင်းမဲ့စွာ ရှိနေပါသည်။

လီရွှမ်က တိတ်တဆိတ် ဝမ်းသာသွားသည်။ ဒီလျှို့ဝှက်ဆန်းကြယ်သည့် အငွေ့အသက်က အမှန်တကယ်ကို အံ့သြဖို့ ကောင်းလှ၏။ ယခုကဲ့သို့သော သက်ရောက်မှုတစ်ခု ရှိနေပါသည်။

"ထကြ.."

သူ၏အသံက တည်ငြိမ်ကာ မည်သည့် ခံစားချက်မှ ပါဝင်ခြင်း မရှိသကဲ့သို့ ရှိနေ၏။

"ဟုတ်ကဲ့ပါ ဆရာကြီး.."

ရှဲ့လင်ဖုန်းနှင့် ဟူရှန်းတို့က လေးစားစွာဖြင့် မတ်တပ်ရပ်ကြသည်။ သူတို့ဟာ အသံကျယ်ကျယ် အသက်ရှူရဲခြင်းပင် မရှိပေ။

သို့ပေမယ့် နှလုံးသားထဲတွင် အလွန်စိတ်လှုပ်ရှားနေကြ၏။ ဤသည်မှာ ကြီးမားသည့် အခွင့်အလမ်းတစ်ခု ဖြစ်ပါသည်။

ယခုကဲ့သို့ ပုဂ္ဂိုလ်ကြီးဆီမှ အကြံဉာဏ် အချို့လောက်ကို ရရှိနိုင်သည်နှင့် အကျိုးအမြတ်များစွာကို ရရှိမှာ အသေအချာ ဖြစ်၏။

All Chapters