← Chapters

ဒီဗိုင်းမိုးကြိုး၏ ဟင်းလင်းပြင် ဖြတ်ကျော်ခြင်း၊ ဆေဘာဓား ပျိုးထောင်ခြင်း နည်းလမ်း(၂)

Vol. 8 Ch. 119

ဒီဗိုင်းမိုးကြိုး၏ ဟင်းလင်းပြင် ဖြတ်ကျော်ခြင်း၊ ဆေဘာဓား ပျိုးထောင်ခြင်း နည်းလမ်း(၂)

Vol. 8 Ch. 119

ဒီဗိုင်းမိုးကြိုး၏ ဟင်းလင်းပြင်နှင့် နတ္ထိလွင်ပြင်ကို  ဖြတ်သန်းကာ လေဟာနယ်တွင် ခရီးသွားသကဲ့သို့  ချက်ချင်းပင် ဖြတ်သန်းသွားနိုင်သည်။

သို့ပေမယ့် ဤသည်မှာ အလွန်မြင့်မားသည့် အဆင့်တစ်ခုသို့ ရောက်ရှိမှသာလျှင် လုပ်ဆောင်နိုင်မည့်  အရာဖြစ်၏။

လက်ရှိ လီရွှမ်၏ ခွန်အားနှင့် ဟင်းလင်းပြင်နှင့် လေဟာနယ်ကို ဖြတ်သန်းရန်အတွက် ဖြစ်နိုင်ခြေမှာ အများကြီး လိုအပ်နေပါသေးသည်။

သို့ပေမယ့် အသုံးပြုလိုက်သည့် အချိန်၌ ၎င်းသည် ရွှီယန်၏ ကောင်းကင်လျှပ်စီး အလင်းထက် ပိုမို မြန်ဆန်ကာ မုန့်ချုံ၏ ဒေါသမိုးကြိုးထက် ပိုမိုကြီးစိုးပြီး ဒီဗိုင်းမိုးကြိုး၏ စွမ်းအားတို့ ပိုင်ဆိုင်ထားသကဲ့သို့ ရှိသည်။

'ကောင်းလိုက်တဲ့တပည့်တွေ... မင်းတို့တွေကြောင့် မင်းတို့ရဲ့ဆရာ ငါ.. ပြိုင်ဖက်ကင်းလာပြီ..'

လီရွှမ်က အလွန် စိတ်လှုပ်ရှားနေ၏။

စိတ်အခြေအနေ ကောင်းမွန်စွာဖြင့် လက်ကိုမြှောက်လိုက်သည်။ အစစ်အမှန် စွမ်းအင်စီးကြောင်းတစ်ခုက သေးငယ်သည့် လျှပ်စီးကြောင်းတစ်ခုနှယ် ပြောင်းလဲသွားပြီး ရှီအာ၏ ခန္ဓာကိုယ်အတွင်းသို့ ဝင်ရောက်သွားကာ သူ့ကို ကိုယ်တွင်းအင်္ဂါ သန့်စင်ခြင်း၌ အမြန်နှုန်း မြှင့်တင်မှုပြုကာ ကူညီပေးသည်။

ရှီအာကို အလွန် လျှင်မြန်စွာ ကြီးထွားနိုင်ရန်အတွက်  အတင်းဖိအားပေး လုပ်ဆောင်ခြင်း၏ မကောင်းသည့် သက်ရောက်မှုများမှာတော့ ပြဿနာတစ်ခုဟု မဆိုနိုင်ပေ။

ရှီအာ၏ ပါရမီမှာ ထိုမျှလောက်သာ ဖြစ်၏။ သူ၏ အခြေခံအား သက်ရောက်မည် မဟုတ်ပါ။

ရှီအာလည်း ရုတ်တရက် သူ၏ ကိုယ်တွင်းအင်္ဂါများ၌ လျှပ်စီးတို့ ဝန်းရံလာကြောင်းကို ခံစားလိုက်ရသည်။

နာကျင်ပေမယ့် ကိုယ်တွင်းအင်္ဂါ သန့်စင်သည့် အမြန်နှုန်းက စတင် မြင့်တက်လာခဲ့၏။ ချက်ချင်းပင် ဝမ်းသာသွားသည်။

'ငါ့ရဲ့ကိုယ်တွင်းအင်္ဂါ သန့်စင်မှု ပြီးမြောက်လုနီးပါး ရှိနေပြီ။ တစ်လအတွင်းမှာ သိုင်းပညာရဲ့ စတင်ခြင်းအဆင့်ကို ဝင်ရောက်ဖို့ ငါကြိုးစားရမယ်..'

ချီနှင့်သွေးအဆင့်မှည ဝေးကွာခြင်း မရှိတော့ပေ။

လီရွှမ်က ကုလားထိုင်ပေါ်မှ ချက်ချင်းပင် ပျောက်ကွယ်သွားပြီး မိုးကြိုးတစ်ခုကဲ့သို့ ရွှီယန်နှင့် မုန့်ချုံတို့၏ ရှေ့သို့ လျှပ်တစ်ပြက် သက်ဆင်းလာခဲ့သည်။

ရွှီယန်နှင့် မုန့်ချုံတို့ နှစ်ယောက်လုံး ထိတ်လန့်သွားကြ၏။

ဆရာ ဘယ်အချိန်က ရောက်လာခဲ့သနည်း။

ထိုအခိုက်အတန့်တွင် သူတို့သည် ထည်ဝါလှသည့် ဒီဗိုင်းစွမ်းအားကို ခံစားလိုက်ရပုံ ပေါ်သည်။

"မင်းတို့ရဲ့ ခွန်အားအဆင့်တွေအရ သဘာဝတရား၈ပါး ပုံကြမ်းအပေါ် နားလည်သဘောပေါက်နိုင်မှုက ဒီနေရာမှာ အကန့်အသတ်ကို ရောက်ခါနီးနေပြီ.."

"အဲ့ဒါကို အရမ်းကြီး စွဲလမ်းမနေနဲ့.. ပုံမှန်စီးကြောင်းအတိုင်းပဲသွား။ မင်းတို့ရဲ့ ခွန်အားအဆင့်တွေ မြင့်မားလာပြီး အတွေးအမြင်တွေ ကျယ်ပြန့်လာတဲ့အခါမှ ဉာဏ်အလင်းအသစ်တွေကို ထပ်ပြီးတော့ ရလာနိုင်လိမ့်မယ်.."

လီရွှမ်က ပတ်ဝန်းကျင်ကို ကြည့်ရှု့ပြီးနောက်  သဘာဝတရား၈ပါး ပုံကြမ်းအား ဖျက်ပစ်ပြီး ဖြစ်ကြောင်းကို တွေ့လိုက်ရသည်။

ရွှီယန်နှင့် မုန့်ချုံတို့၏ သဘာဝတရား၈ပါး ပုံကြမ်းအပေါ် လေ့လာမှုအား အဆုံးသတ်ပြီး ဖြစ်ကြောင်းကို နားလည်လိုက်သည်။ ထို့ကြောင့် စည်းကမ်းတင်းကြပ်သည့် ဆရာတစ်ယောက်၏ လေသံဖြင့် ပြောလိုက်ခြင်းဖြစ်၏။

"ဟုတ်ကဲ့ပါဆရာ.."

ရွှီယန်နှင့် မုန့်ချုံတို့က လေးစားစွာ ပြန်ကြားကြသည်။

"ဆရာ.. ဟူရှန်းနဲ့ ယှဉ်ပြိုင်နေတုန်းမှာ ကျွန်တော့်ရဲ့ ဆေဘာဓားသိုင်းက အကြမ်းထည် အားသက်သက်ကို သုံးနေတာနဲ့ပဲ တူနေတာကို တွေ့ရတယ်။ စစ်မှန်တဲ့ ခွန်အားကို မထုတ်ဖော်နိုင်ဘူး။ ဒါ့ကြောင့် ကျွန်တော် ဆေဘာဓားသိုင်းကို သင်ချင်တယ်.."

မုန့်ချုံက လေးစားစွာ ပြောသည်။

လီရွှမ်က ထိုကိစ္စအတွက် ပြင်ဆင်ပြီး ဖြစ်၏။ သင့်တော်သည့် အချိန်တစ်ခုကို ရှာဖွေကာ မုန့်ချုံကို သူဖန်တီးထားသည့် ဆေဘာအတတ်အား သင်ပေးမည်ဟု စီစဉ်ထားခဲ့သည်။ ထို့ကြောင့် မေး၏။

"ဆေဘာရဲ့ လမ်းစဉ်ကို မင်းဘယ်လိုထင်လဲ.."

မုန့်ချုံက ခဏတာ မှင်သက်သွားပြီးနောက်  စဉ်းစားသည်။

'ငါ့တို့ရဲ့ဆရာ.. သင်ကြားပေးတာက လမ်းစဉ်ပဲ။ သိုင်းပညာ မဟုတ်ဘူး။ သူ ငါ့ကို သင်ပေးမှာကလည်း  ဆေဘာဓားရဲ့ လမ်းစဉ်ပဲ ဖြစ်လိမ့်မယ်။ ဆေဘာရဲ့ လမ်းစဉ်က ဘာဖြစ်မလဲ..'

မုန့်ချုံက သူသယ်ဆောင်ထားသည့် ကြီးမားသည့် ဓားမော့ကြီးကို ဆွဲထုတ်ကာ ပြောသည်။

"‌ဆရာ.. ဆေဘာဓားရဲ့ လမ်းစဉ်က ရန်သူကို သတ်ဖြတ်ဖို့ပဲ။ ကြမ်းကြုတ်မှုနဲ့ ရက်စက်မှုကို သဘောဆောင်တယ်.. ဟုန်တယ်မလား.."

လီရွှမ်က လက်နှစ်ဖက်ကို နောက်သို့ပစ်ကာ လေထဲတွင်ရပ်ရင်းက ကြီးမြတ်သည့် ဆရာသခင်တစ်ပါး၏ အသွင်ဖြင့်ပြော၏။

"ငါတပည့်.. မင်းပြောနေတာက ဆေဘာရဲ့ ရက်စက်ကြမ်းကြုတ်မှုကိုပဲ။ ဆေဘာရဲ့ လမ်းစဉ်ကို မဟုတ်ဘူး.."

"ဆေဘာရဲ့လမ်းစဉ်က ကြမ်းကြုတ်မှုနဲ့ ရက်စက်မှုမှာပဲ ကန့်သတ်မနေဘူး.."

"ဆေဘာ ကိုင်ဆောင်သူ တစ်ယောက်က ဓားချက်တစ်ချက်နဲ့ လောကကြီးကို ပိုင်းခြားနိုင်တယ်။ ဓားတစ်ချက်နဲ့ ပြိုင်ဘက်ကင်းနိုင်တယ်.."

"ကောင်းကင်နဲ့ ကမ္ဘာမြေပြင် အကြားမှာ ရပ်ပြီး  လောကကို လွှမ်းမိုးကြီးစိုးနိုင်တယ်။ ရန်သူထောင်ချီကို ရင်ဆိုင်ရရင်တောင် အကြောက်တရားကင်းမဲ့စွာနဲ့ ရှေ့ကို ဆက်တက်နိုင်တယ်.."

လီရွှမ်၏ စကားကြောင့် မုန့်ချုံတစ်ယောက် သွေးများ ဆူလာခဲ့သည်။ သူ၏ မျက်နှာက စိတ်လှုပ်ရှားမှုဖြင့် အနည်းငယ် နီရဲလာခဲ့၏။

'ဓားတစ်ချက်နဲ့ လောကကြီးကို ပိုင်းခြားတယ်။ ဓားတစ်ချက်နဲ့ စကြာဝဠာကို ပိုင်းခြားတယ်။ ငါက ပြိုင်ဘက်ကင်းတယ်...'

စကားလုံးများအား ကိုယ့်ကိုယ်ကို ပြန်လည်ရေရွတ်ကာ ပိုမိုရေရွတ်လေလေ ၎င်းတို့၏ ကြီးစိုးမှုအား ပိုမိုခံစားရလေ ဖြစ်လာခဲ့သည်။

ဤသည်မှာ ဆေဘာ၏ လမ်းစဉ်ဖြစ်၏။ အလွန် စွမ်းအားကြီးမား လောက်ပါသည်။

"ဆရာ.. ကျေးဇူးပြုပြီး ကျွန်တော့်ကို သင်ကြားပေးပါ.."

မုန့်ချုံက စိတ်လှုပ်ရှားစွာ ပြောသည်။

"တာအိုမှာ နားလည်သဘောပေါက် လာတာပဲ ရှိတယ်။ မင်းရဲ့ဆရာက မင်းအတွက် တံခါးကိုပဲ ဖွင့်လှစ်ပေးနိုင်လိမ့်မယ်။ မင်းဘာသာ နားလည်မှုရပြီး အဲ့ဒီတံခါးထဲကို ခြေချနိုင်မလား ဆိုတာကတော့ ကိုယ့်ကိုယ်ကိုပဲ မူတည်လိမ့်မယ်.."

လီရွှမ်က သူ့ကိုနက်ရှိုင်းသည့် မျက်လုံးများ

ဖြင့် ကြည့်၏။

မုန့်ချုံက အသက်ကို နက်ရှိုင်းစွာရှူပြီး လေးစားစွာ ပြောသည်။

"တပည့် နားလည်ပါပြီ။ ဆရာကို စိတ်မပျက်စေရပါဘူး.."

"ကောင်းတယ်။ အရမ်းကောင်းတယ်.."

လီရွှမ်က ထောက်ခံစွာ ခေါင်းငြိမ့်သည်။

"ဆေဘာတာအိုရဲ့ လမ်းစဉ်အပေါ်ကို ဝင်ရောက်ရာမှာလည်း သူ့ရဲ့ ကိုယ်ပိုင်အခြေခံတွေ ရှိတယ်။ အဲ့ဒါက ဓားတာအိုလိုပဲ။ ဓားတာအိုမှာ ဆိုရင် သန့်စင်သော ဓားနှလုံးသားရှိတဲ့ လူတွေပဲ ဓားတာအိုရဲ့ လမ်းစဉ်ကို ဝင်ရောက်နိုင်ကြတယ်.."

"ဆေဘာတာအိုကတော့ တံခါးဝကို ခြေချနိုင်ဖို့အတွက် ပထမဆုံး မင်းရဲ့ ဆေဘာဝိဉာဉ်ကို နိုးထအောင်လုပ်ရမယ်.."

နောက်ဆုံးစကားတွင် လီရွှမ်၏ အသံက နက်ရှိုင်းကာ ပဲ့တင်ထပ်လာ၏။

'ဆေဘာဝိဉာဉ်ကို နိုးထရမှာလား..'

မုန့်ချုံက မှင်သက်သွားသည်။ သူက ဆေဘာတာအို လမ်းစဉ်ပေါ်သို့ ဝင်ရောက်ရန်အတွက် သန့်စင်သော  ဆေဘာနှလုံးသားအား လိုအပ်သည်ဟု ထင်ထားခဲ့တာပါ။ ဤသည်မှာ ဓားနှလုံးသားနှင့် အတူတူ ဖြစ်၏။

သို့ပေမယ့် တကယ်တော့ ဆေဘာဝိဉာဉ်ကို နိုးထရန် လိုအပ်သည်လား။

ဘေးရှိ ရွှီယန်လည်း မှင်သက်သွားသည်။

ထိုပုံကို တွေ့ရပြီးနောက် လီရွှမ်လည်း သူ၏တပည့်များသည် ဆေဘာတာအိုအတွက် သန့်စင်သော ဆေဘာနှလုံးသား ရှိရမည်ဟု ဓားနှလုံးသားကဲ့သို့ပင် ထင်နေကြောင်းအား နားလည်လိုက်သည်။

သူက စိတ်ထဲတွင် ပြုံး၏။

'ငါလျှောက်ပြီးတော့ တီထွင်တဲ့ သိုင်းစနစ်ကို ခန့်မှန်းဖို့လွယ်မယ် မထင်နဲ့..'

"ဆရာ ဆေဘာဝိဉာဉ်က ဘာလဲမသိဘူး.."

မုန့်ချုံက  အနည်းငယ် ပဟေဠိဖြစ်သွားသည်။

ဆေဘာတာအို၏ လမ်းစဉ်သို့ ဝင်ရောက်နိုင်ရန်အတွက် သန့်စင်သော ဆေဘာနှလုံးသားကို လိုအပ်ပါက သူ့အနေနှင့် ရွှီယန်၏ ခြေရာနောက်သို့ လိုက်ကာ အောင်မြင်မှုတို့ ရလာနိုင်ပါသည်။

သို့ရာတွင် ဆေဘာဝိဉာဉ်ကို နိုးထလာခြင်းမှာ သူ့အတွက် လုံးဝ မသိသည့် ကိစ္စတစ်ခု ဖြစ်၏။ ဆေဘာဝိဉာဉ်ဟူသည်မှာ မည်သည် ဖြစ်သနည်း။

"ဆေဘာဝိဉာဉ်ဆိုတာ ရိုးရိုးရှင်းရှင်းပြောရရင် ဆေဘာကို ဝိဉာဉ်တစ်ခု ပေးလိုက်တာပဲ.."

လီရွှမ်က နက်ရှိုင်းသည့်အသံဖြင့် ဆက်လက်ပြောသည်။

"ဒါက စိတ်အခြေအနေ တစ်ခုပဲ။ ငါ့လက်ထဲက ဆေဘာက ငါ့ရဲ့ ခန္ဓာကိုယ်လိုပဲ။ ဆေဘာက ထက်မြပေမယ့် ငါ့ကို မထိခိုက်စေနိုင်ဘူး.."

"ကောင်းကင်အောက်မှာရှိတဲ့ ဆေဘာအားလုံးတို့ ငါ့အတွက် သီဆိုကြပြီး ငါ့ကို ခစားကြတယ်..."

"အဲ့ဒါက ဓားနှလုံးသားနဲ့ တူညီတဲ့ အဓိပ္ပာယ်ရှိပုံ ပေါ်တယ်။ ဒါပေမယ့်လည်း ခြားနားတယ်.."

မုန့်ချုံက အတွေးနက်သွား၏။ နားထောင်ရတာ အားလုံးတို့မှာ ဆန်းကြယ်လွန်းလှပါသည်။

သူက လက်ထဲရှိ ဆေဘာကို ကြည့်သည်။ ၎င်းသည် အဖိုးတန် ဓားတစ်ချောင်း ဖြစ်ပေမယ့် သူ၏ အစိတ်အပိုင်းတစ်ခု ဖြစ်သည်ဟူသည့် ခံစားချက်မျိုးကို ခံစားရခြင်း မရှိပေ။

လီရွှမ်က ဆက်လက်ပြောသည်။

"ဆေဘာစိတ်ဝိဉာဉ် နိုးထခြင်းက ဆေဘာတာအိုရဲ့ အခြေခံပဲ။ ဆေဘာက ကြီးကြီးငယ်ငယ်.. ရှည်ရှည်တိုတို မင်းရဲ့စိတ်ကြိုက် အသုံးပြုနိုင်ပြီး လောကကြီးကို အုပ်စိုးနိုင်တယ်.."

မုန့်ချုံက မှင်သက်သွားသည်။ သူသည် ကြီးမားကျယ်ပြန့်သည့် ဓားမျိုးကို ကြိုက်၏။ အသုံးပြုသောအခါ ကြီးစိုးမှုနှင့် ကြမ်းကြုတ်မှုကို ခံစားနိုင်ပါသည်။

သို့ပေမယ့် တိုတောင်းသော ဆေဘာတစ်ချောင်းသာ ဆိုပါက တစ်မိုးအောက်တွင် အုပ်စိုးနိုင်သည့် အရှိန်အဟုန်တို့ ဘယ်မှာ ရှိမည်နည်း။ ဤသည်က ဆေဘာဓားသိုင်းနှင့် ဆေဘာလမ်းစဉ်တို့ အကြားရှိ ခြားနားချက်လေလား။

သူ၏ စိတ်ထဲတွင် ကောင်းကင်၏ အောက်ရှိ ကြီးစိုးသူတစ်ဦးကို မြင်တွေ့လာရပုံပေါ်၏။ ဓားတစ်ချက်နှင့် ကောင်းကင်က ပြိုလဲကာ ကမ္ဘာမြေက အက်ကွဲကုန်၏။ စကြာဝဠာတွင် အပျက်အစီးများကို ဖန်တီးသည်။

သူ၏ နှလုံးသားက အလွန်စိတ်လှုပ်ရှားလာပြီး မျက်လုံးများ၌ မျှော်လင့်တောင့်တမှုတို့ဖြင့် ပြည့်နက်လာခဲ့၏။

"ငါ ဆေဘာဝိဉာဉ်ကို နိုးထရမယ်။ ဆေဘာတာအို လမ်းစဉ် အပေါ်ကို ခြေချနိုင်ရမယ်.."

သူ၏ အသက်ရှူမှုက မြန်ဆန်လာခဲ့သည်။

"ဆရာ.. ကျွန်တော် ဆေဘာစိတ်ဝိဉာဉ်ကို ဘယ်လိုနိုးထအောင် လုပ်ရမလဲ.."

"ဆေဘာစိတ်ဝိဉာဉ်ကို နိုးထစေဖို့ဆိုတာ ကိုယ်ပိုင်နားလည်တဲ့ နက်နဲတဲ့ ဆန်းကြယ်မှုတွေကို ရှာဖွေမှုအပြင် အခြားနည်းလမ်းလည်း ရှိသေးတယ်.."

လီရွှမ်က ဆေဘာစိတ်ဝိဉာဉ်အား နိုးထစေမည့် နည်းလမ်းတစ်ခုကို ပြင်ဆင်ထားပြီး ဖြစ်သည်။ အောင်မြင်နိုင်ပြီလား ဟူသည်ကတော့ အားလုံးတို့မှာ မုန့်ချုံ၏ အပေါ်တွင်သာ မူတည်နေပါသည်။

"ဆရာ.. ဘာနည်းလမ်းလဲ မသိဘူး.."

မုန့်ချုံက စိတ်အားထက်သန်စွာ မေးသည်။ သဲလွန်စကင်းမဲ့စွာဖြင့် ဆန်းကြယ်နက်နဲမှု တို့ကို ရှာဖွေခြင်းထက် နည်းလမ်းရှိပါက ဖမ်းဆုပ်နိုင်ရန် ပိုမိုလွယ်ကူလာမှာပါ။

"နည်းလမ်းက ဆေဘာကို ပျိုးထောင်ဖို့ပဲ.."

လီရွှမ်က လေးနက်စွာ ဖြေကြားသည်။

မုန့်ချုံက မှင်သက်သွား၏။

'ဆေဘာကို ပျိုးထောင်ရမယ်။ ဘယ်လို ပျိုးထောင်ရမှာလဲ..'

သိုင်းလောကတွင်လည်း ဆေဘာကို ပျိုးထောင်ခြင်းဟူသည့် စကားတို့ ရှိပါသည်။ သို့ပေမယ့် ဤသည်မှာ အဖိုးတန်ဆေဘာကို ထိန်းသိမ်းထားခြင်းသာ ရှိ၏။

ဆရာပြောခဲ့သည့် ဆေဘာကို ပျိုးထောင်ခြင်းဟူသည့် အဓိပ္ပါယ်မှာတော့ သေချာပေါက် ထိုသို့ ဆိုလိုခြင်း မဟုတ်ပါ။

"ဆေဘာကို မင်းရဲ့ခန္ဓာကိုယ်နဲ့ ပျိုးထောင်ရမယ်။ ဆေဘာကို မင်းရဲ့နှလုံးသားနဲ့ ပျိုးထောင်ရမယ်။ ဆေဘာကို မင်းရဲ့စိတ်နဲ့ ပျိုးထောင်ရမယ်။ ဆေဘာကို မင်းကိုယ်တိုင်နဲ့ ပျိုးထောင်ရမယ်..."

လီရွှမ်၏ ပုံစံက လေးနက်နေပြီး ဖြေညှင်းစွာဖြင့် ပြောသည်။

"မင်းရဲ့ဆေဘာကို ဘယ်တော့မှ နောက်မှာ ချန်မထားရစ်နဲ့။ မင်းရဲ့ခန္ဓာကိုယ်၊ မင်းရဲ့နှလုံးသား၊ မင်းရဲ့စိတ်နဲ့ ပျိုးထောင်ရမယ်။ ဆေဘာက ကိုယ်ပဲ။ ကိုယ်က‌ ဆေဘာပဲ.."

"ဆေဘာထဲမှာ မင်းရဲ့ချီနဲ့သွေးတွေ ပျိုးထောင်ထားတယ်။ မင်းရဲ့ ခံစားချက်တွေ ပျိုးထောင်ထားတယ်။ မင်းရဲ့ နားလည်သဘောပေါက်မှုတွေ ပျိုးထောင်ထားတယ်..."

"တစ်နေ့မှာ မင်းရဲ့နှလုံးသားမှာ တစ်ခုခုကို ခံစားရလာပြီး ဆေဘာနဲ့ လူနဲ့ ဆက်သွယ်လာမယ်ဆိုရင် နှလုံးသားနဲ့ ဆေဘာက ထပ်တူကျပြီး ပေါင်းစည်းသွားလိမ့်မယ်။ ငါ့နှလုံးသားက ဆေဘာရဲ့ နှလုံးသားပဲ။ ငါ့ရဲ့စိတ်ဝိဉာဉ်က ဆေဘာရဲ့ စိတ်ဝိဉာဉ်ပဲ.."

"အဲ့ဒီ့ အခိုက်အတန့်မှာ မင်းရဲ့ ဆေဘာကို ဆွဲထုတ်လိုက်တဲ့အခါ ဆေဘာ စိတ်ဝိဉာဉ်က နိုးထလာလိမ့်မယ်.."

မုန့်ချုံက အံ့သြသွားသည်။ ဆေဘာ ပျိုးထောင်ခြင်းမှာ အလွန် နက်နဲလှသည်လား။

'လူနဲ့ဆေဘာနဲ့က ဆက်သွယ်နေတယ်။ နှလုံးသားနဲ့ ဆေဘာနဲ့က ပေါင်းစပ်နေတယ်။ ငါ့ရဲ့နှလုံးသားက ဆေဘာနှလုံးသားပဲ။ ငါ့ရဲ့စိတ်ဝိဉာဥ်က ဆေဘာစိတ်ဝိဉာဉ်ပဲ...'

မုန့်ချုံက တိုးညှင်းစွာဖြင့် ပြန်လည်ရေရွတ်၏။ သူက ပိုမိုရေရွတ်လေလေ နှလုံးသားထဲ၌ ပိုမိုအံ့ဩမှုကို ခံစားရလေ ဖြစ်လာခဲ့သည်။ ဆေဘာတာအို၏ စွမ်းအားနှင့် လျှို့ဝှက်ဆန်းကြယ်မှုကို အောက်မေ့နေမိ၏။

ဆေဘာစိတ်ဝိဉာဉ်အား  နိုးထခြင်းပင်လျှင် အလွန်နက်နဲကာ ခန့်မှန်းမရနိုင်အောင် ရှိနေပါသည်။

သူသည် ပိုမိုရေရွတ်လေလေ နှလုံးသားက ပိုမိုစိတ်လှုပ်ရှားလေ ဖြစ်လာပြီး ခန္ဓာကိုယ်အတွင်းရှိ သွေးနှင့်ချီတို့က ဆူပွက်လာခဲ့သည်။

"ဆရာ.. ကျွန်တော် သေချာပေါက် ဆေဘာကို  ပျိုးထောင်ပြီး ဆေဘာစိတ်ဝိဉာဉ်ကို နိုးထစေရပါမယ်.."

သူ၏ မျက်လုံးများထဲ၌ ပြတ်သားသည့် အကြည့်ဖြင့် ပြောသည်။

"ဒါဆိုရင် ဒီနေ့ကစပြီးတော့ ဆေဘာကို စပြီး ပျိုးထောင်တော့.."

လီရွှမ်က ခေါင်းငြိမ့်၏။

"ဟုတ်ကဲ့ပါ။ ဆရာ.."

မုန့်ချုံက အသက်ကို နက်ရှိုင်းစွာရှူပြီး သူ၏ ကျယ်ပြန့်သည့် ဓားကို ဓားအိမ်အတွင်းသို့ ထည့်လိုက်သည်။

ခါးတွင် တင်းကြပ်စွာ ချိတ်ဆွဲထားပြီး ဓားရိုးကို လက်တစ်ဖက်ဖြင့် ကိုင်ထား၏။

သို့ပေမယ့် မည်ကဲ့သို့ ဆေဘာကို ပျိုးထောင်ရမည်နည်း။

သူက အနည်းငယ် လမ်းပျောက်စွာ ခံစားနေရပြီ ဆရာဖြစ်သူကိုသာ ကြည့်မိ၏။

"ပထမဆုံး.. ဆေဘာကို မင်းရဲ့ ချီနဲ့သွေးနဲ့ ပျိုးထောင်ရမယ်။ ဒီအဖိုးတန် ဆေဘာဓားကို မင်းရဲ့ချီနဲ့သွေးကို အသုံးပြုပြီး ပျိုးထောင်။ ပြီးတော့ မင်းရဲ့ခန္ဓာကိုယ်၊ မင်းရဲ့ နှလုံးသား၊ မင်းရဲ့ စိတ်ဆန္ဒတွေနဲ့ ပျိုးထောင်...ဒါတွေအားလုံးက မင်းအပေါ်မှာပဲ မူတည်တယ်။ ချီနဲ့သွေးနဲ့ ပျိုးထောင်ရတာက လွယ်ကူတယ်။ ဒါပေမယ့် နှလုံးသားတွေ စိတ်ဆန္ဒတွေနဲ့ ပျိုးထောင်ကမှာက အောင်မြင်ဖို့ မင်းပေါ်မှာပဲ အားလုံးမူတည်တယ်.."

လီရွှမ်က လမ်းညွှန်ပေး၏။

"ဆရာ ကျွန်တော် နားလည်ပါပြီ.."

မုန့်ချုံက အသက်ကို နက်ရှိုင်းစွာရှူသည်။ သူ၏ လက်ဝါးအတွင်းရှိ ချီနှင့်သွေးက အဖိုးတန် ဆေဘာအတွင်းသို့ စီးဆင်းသွားပြီး သေသေချာချာ ပျိုးထောင်၏။

ဆေဘာမှ ပြောင်းလဲမှုများကို ခံစားကာ သူ၏နှလုံးသားနှင့် ဆေဘာကို မည်ကဲ့သို့  ပျိုးထောင်ရမည်နည်းဟု လမ်းကြောင်းကို ရှာဖွေသည်။

လီရွှမ်က ပြောလိုက်ပြန်၏။

"ကျင့်ကြံဖို့လည်း မမေ့နဲ့ဦး။ ဆေဘာကို စစ်မှန်စွာ ပျိုးထောင်ဖို့အတွက် မင်းရဲ့ ကျင့်ကြံမှုကိုလည်း လျစ်လျူရှုထားလို့ မရဘူး။ ကျင့်ကြံမှုကို ထိခိုက်စေတဲ့အထိ နစ်မြုပ်ထားတာက ဆေဘာကို စစ်မှန်စွာ ပျိုးထောင်နိုင်တာ မဟုတ်ဘူး.."

"မဟုတ်ရင် မင်းရဲ့ ဆေဘာကို ပျိုးထောင်နိုင်ခဲ့ရင်တောင် မင်းက အမှိုက်ပဲ ဖြစ်နေလိမ့်မယ်.."

"အဲ့လို ပျိုးထောင်ထားတဲ့ ဆေဘာက ယာယီပဲ နိုးထနိုင်တယ်.."

သူသည် မုန့်ချုံကို ကိစ္စတစ်ခုတည်း အပေါ်တွင် အာရုံထားနေပြီး ကျင့်ကြံခြင်းအား လျစ်လျူရှု့သွားမှာကို ကာကွယ်ရပေမည်။ ဤသည်က နွားရှေ့ ထွန်ကျူးခြင်းပင်။ ဆေဘာကို  ပျိုးထောင်ပြီး ဆေဘာစိတ်ဝိဉာဉ်ကို နိုးထစေခြင်းမှာ ဒုတိယသာ လိုက်၏။ ကျင့်ကြံခြင်းသာလျှင် ပထမဖြစ်သည်။

"ဆေဘာပျိုးထောင်တာက ရှေ့လျားတဲ့ လမ်းစဉ်တစ်ခုပဲ။ အားလုံးက နှလုံးသားအပေါ်မှာ မူတည်တယ်။ ချီနဲ့သွေးအဆင့်မှာ ပျိုးထောင်လို့ မအောင်မြင်ရင် မူလအဆင့်မှာ ဆက်ပြီးတော့ ပျိုးထောင်.."

"ဇွဲလုံ့လရှိတယ်ဆိုရင် အကျိုးအမြတ်တွေ ရလာလိမ့်မယ်။ တကယ်လို့ ကျင့်ကြံမှုကို ထိခိုက်စေမယ်ဆိုရင်တော့ နောက်ဆုံးမှာ အားလုံးက အလကားသက်သက် ဖြစ်ကုန်လိမ့်မယ်.."

လီရွှမ်၏ အသံက ကြီးမားသည့် ခေါင်းလောင်းတစ်ခုကဲ့သို့ ပဲ့တင်ထပ်လာခဲ့၏။ မုန့်ချုံ၏ နှလုံးသားကို တုန်ခါသွားစေသည်။

သူက ရုတ်တရက် သတိလည်လာခဲ့၏။ နဖူးမှ ချွေးစေးများ ထွက်လာခဲ့သည်။

'ကံကောင်းစွာပဲ။ ဆရာက ငါ့ကို သတိပေးခဲ့လို့။ မဟုတ်ရင် ငါ ဒီဟာမှာ နစ်မွန်းနေပြီး ကျင့်ကြံမှုကို လျစ်လျူရှု့မိလောက်တယ်..'

သူက လေးစားစွာ ပြောသည်။

"ကျေးဇူးတင်ပါတယ် ဆရာ.. ဆရာ့ရဲ့ သတိပေးမှုကြောင့် ကျွန်တော် နားလည်လိုက်ပါပြီ။ ကျွန်တော်သေချာပေါက် ကျင့်ကြံမှုကို မနှောင့်နှေးစေရပါဘူး.."

"အင်း.. ကြိုးကြိုးစားစား ကျင့်ကြံပြီး မင်းရဲ့ခွန်အားအဆင့်ကို မြင့်တက်အောင်လုပ်.. ဒါက အရေးအကြီးဆုံးပဲ.."

လီရွှမ်က ခေါင်းငြိမ့်သည်။ ပြောစရာရှိသည်တို့ကို ပြောကြားပြီးနောက် သူ၏ပုံရိပ်က ချက်ချင်းပင် ပျောက်ကွယ်သွား၏။

တူညီသည့် မူလအဆင့်တွင် ရှိနေသည့် ရွှီယန်ပင်လျှင် သူ၏ သဲလွန်စ တစ်စွန်းတစ်စကိုမှ အာရုံခံမိခြင်း မရှိပေ။

All Chapters