← Chapters

တစ်ယောက်ပြီး တစ်ယောက်

Vol. 2 Ch. 135

တစ်ယောက်ပြီး တစ်ယောက်

Vol. 2 Ch. 135

ဧည့်သည်ကား ချန်းဖန် ယခင် တတိယ သခင်ကြီးဝေ့နှင့် ဆရာဝူတို့ဖြင့် ပထမဆုံးတွေ့ဆုံစဉ် ကြုံခဲ့သူ ဖြစ်၏။ ချန်းဖန်၏လျှပ်စီးစွမ်းရည်ကို မြင်တွေ့ပြီး ကတည်းက သူဌေးယန်ကား ချန်းဖန်ကို အလွန် အထင်ကြီးနေပြီ ဖြစ်သည်။ ချန်းဖန်က နှင်းတောင်အစီအရင် တည်ဆောက်ရာတွင်လည်း သူက တန်ဖိုးရှိသော သတ္တုပစ္စည်းများစွာကို ထောက်ပံ့ခဲ့သေး၏။

သူဌေးယန်၏ နာမည်မှာ ယန်ရှစ်ကောင်း ဖြစ်သည်။ သူက မိမိကိုယ်ကို ရှောင်ယန် သို့မဟုတ် ဖက်တီးယန် ဟုသာ ခေါ်တွင်စေပြီး ချန်းဖန်၏ရှေ့တွင် သူဌေးယန်ဟု သုံးနှုန်းလိုခြင်း မရှိပေ။

“ဟုတ်တယ် အဲဒါ ကျွန်တော်ပါ  ဆရာချန်း”

သူဌေးယန်က ပြုံးလိုက်သည်။

“ ခင်ဗျား ဘာလို့ ဒီမှာ ရှိ‌နေတာလဲ ”

ချန်းဖန်က စိတ်ဝင်စားဟန်ဖြင့် မေးသည်။

ဖက်တီးယန်က သူ၏ မိသားစုနေအိမ်အထိ ခြေရာခံနိုင်သည်ကို သူ မအံ့သြပေ။ ချန်းမိသားစုကား ကျင်းမြို့‌တော်တွင် ဂုဏ်သတင်းကြီးမားရာ သူ၏ ပုဂ္ဂိုလ်ရေး ဝိသေသလက္ခဏာအား ထုတ်ဖော်လိုက်သည်နှင့် သူက ကျင်းမြို့‌တော် ချန်းမိသားစုမှ ဖြစ်မည်ကို အားလုံးက ခန့်မှန်း မိကြပေလိမ့်မည်။

“ကျုပ်က ဆရာချန်းကို ပျော်ရွှင်ဖွယ်နှစ်သစ်ကူးဖြစ်ပါစေလို့ လာဆုတောင်း ပေးတာပါ”

သူဌေးယန်က ပြုံးလျက်ပြောသည်။

ချန်းဖန်၏ ဂုဏ်သတင်းကား ကျန်း‌ပေ့ဒေသ၌ တစ်ဟုန်ထိုး ကျော်ကြားလာခဲ့၏။ ကောင်းကင်ရေစင် ‌ရောင်းချမှုမှာ သူ၏ လမ်းညွှန်မှု အောက်၌ ရှိရာ အားလုံးက သူနှင့် ကောင်းမွန်သော ဆက်ဆံရေး ရှိလိုကြ၏။ ဖက်တီးယန်ကား ညဏ်ကောင်းသူဖြစ်ရာ ချန်းဖန်အား ပထမဆုံး နှစ်သစ် ဆုတောင်းပေးနိုင်ရန် ကြိုတင် အစီအစဉ် ချထားခြင်းဖြစ်သည်။ ထိုစဉ်မှာပင် ဒုတိယဦးလေးက နောက်ဆုံး၌ ချန်းဖန်၏ စားပွဲသို့ ရောက်လာကာ အော်ဟစ်လိုက်သည်။

" သူဌေးယန်... သူဌေးယန်... ကျုပ်ကို စောင့်ပါဦး။”

ဒုတိယဦးလေးက စားပွဲဝိုင်းသို့ ရောက်လာသောအခါ သူက ချန်းဖန်အား အထင်သေး အမြင်သေးဟန်ဖြင့် တစ်ချက် ကြည့်ပြီးမှ ယန်ရှစ် ကောင်းဘက်သို့ လှည့်လျက်ပြောသည်။

“သူဌေးယန်... ကျုပ်နဲ့အတူ အစည်းအဝေး ခန်းထဲကို လိုက်ခဲ့လို့ ရမလား... ဒီစားပွဲဝိုင်းတွေက လူငယ်တွေ အတွက်ပဲ... ခင်ဗျားက ဂုဏ်သရေရှိ လူကြီးမင်းဖြစ်လို့ ဒီထက်ကောင်းတဲ့ နေရာမှာ ထိုင်သင့်ပါတယ်...”

သူ့အား အံ့အားသင့် စေသည်ကား မူလက ရို့ကျိုးဟန်ရနေသော ဖက်တီးယန်က သူ၏ ကျောကိုဆန့် ရင်ကို ကော့ကာ အထက်စီး လေသံဖြင့် ချန်းချန်ရှင်းအား ကြိမ်းမောင်းတော့သည်။

“ခင်ဗျားက ဘယ်သူမို့လို့လဲ... ကျုပ်က ဆရာချန်းနဲ့ စကားပြောနေတာ ခင်ဗျား မတွေ့ဘူးလား...”

ဒုတိယ ဦးလေးကား ဖက်တီးယန် ပြန်ပြောသော စကားကြောင့် အံ့အားသင့် သွားသည်။ သူက စက္ကန့်ပိုင်းမျှ မှင်တက် နေပြီးမှ ထပ်ပြောသည်။

“ ကျုပ်က ချန်းလုပ်ငန်းစုရဲ့ ကိုယ်စားလှယ်ပဲ... ခင်ဗျားက ကျုပ်ကို လာတွေ့တာ မဟုတ်ဘူးလား"

“ ဟင်း... ”

ဖက်တီးယန်က ချန်းချန်ရှင်းအား တစ်ချက်မျှပင် မကြည့်ဘဲ စိတ်ကြီးဝင်စွာဖြင့် ခေါင်းယမ်းသည်။ သူက ကိုယ်ကို အနည်းငယ်နှိမ့်ကာ ချန်းဖန်အား ပြုံးလျက်မေးသည်။

“ ဆရာချန်း...  ကျုပ်က ခင်ဗျားရဲ့ အဘိုးနဲ့အဖေကို သွားပြီး ဂါရဝ ပြုသင့်တယ် ထင်လား... ”

“ အင်း.. ဟုတ်တယ်... သွားလိုက်... ”

ချန်းဖန်က စိတ်မရှည်တော့ဟန်ဖြင့် လက်ဝှေ့ယမ်းသည်။

ဖက်တီးယန်က နောက်လှည့်ကာ မြန်မြန်ဆန်ဆန်ပင် ဒုတိယဦးလေးအား ဖြတ်ကျော်လျှက် အစည်းအဝေးခန်းသို့ ဦးတည်သွားလိုက်၏။

ဒုတိယ ဦးလေးကား ထိတ်လန့် သွားရသည်။ သူ၏မျက်လုံးထောင့်စွန်းက ဒေါသကြောင့် ကွေးညွတ် သွားသည်။ တခြားစားပွဲဝိုင်းမှ လူငယ်များမှာလည်း ထိတ်လန့်သွားကြသည်။

“ အဲ့ဒီ ဖက်တီးက ချန်းဖန်ဆီကို လာတာလား... ”

အတော်များများက မထင်မှတ်သော အခြေအနေအား အံ့အားသင့်နေကြသည်။

“ယန်လုပ်ငန်းစုက ချန်းလုပ်ငန်းစုထက် အင်အားမသေးဘူး... ဘာလို့ သူဌေးယန်က ချန်းဖန်ကို အရမ်းလေးစား နေရတာလဲ... ”

ချန်းရှုနှင့် ချန်းနင်တို့၏ခေါင်းထဲကို တူညီသော မေးခွန်းတစ်ခု ဝင်လာခဲ့၏။

ချန်းအန်း မျက်မှောင်ကြုတ်လိုက်သည်။ ဧည့်သည်မှာ ဝမ့်‌ရှောင်ယွင်နှင့် မည်သို့မှ မသက်ဆိုင်ကြောင်း ယတိပြတ် ပြောနိုင်ပေသည်။ မည်သို့ဆိုစေ ကျင်းရှို့လုပ်ငန်းစုမှာ အိမ်‌ခြံမြေ အကျိုးဆောင်လုပ်ငန်း ဖြစ်ပြီး ယန်လုပ်ငန်းစုမူကား အထည်အလိပ် လုပ်ငန်းစု ဖြစ်ရာ အချင်းချင်း သိကျွမ်းရန် မဖြစ်နိုင်ပေ။ သို့တိုင်အောင် အစည်းအဝေးခန်းထဲ၌ ထိုင်နေကြသော လူကြီးများမှာပင် ထူးဆန်းမှုကို ခံစားကြရသည်။

“သူဌေးယန်က ချန်းဖန်အတွက် လာတာလား...”

အန်တီအရွယ် မိန်းမ တစ်ယောက်က စိတ်ဝင်စားဟန်ဖြင့် မေးသည်။

“ အစ်ကို၃ရဲ့ မိတ်ဆွေတစ်ယောက်များလား...သူက အစ်ကို၃နဲ့နီးတဲ့ ချူကျိုးမြို့ကပဲ.. ”

ဦးလေး၄က စိတ်ရှုပ်ထွေးဟန်ဖြင့် မေးသည်။

အားလုံးက ချန်း‌ကောရှင်းအား တပြိုင်နက်တည်း လှမ်းကြည့်ကြသည်။ ချန်း‌ကောရှင်းကား တခြား စားပွဲဝိုင်းမှ လူများကဲ့သို့ အနည်းငယ်မျှပင် စိတ်ရှုပ်ထွေးခြင်း မရှိပေ။ သူကား ဝေးလံခေါင်ဖျား ဒေသတစ်ခုမှ လူလတ်တန်းစား တစ်ယောက်သာ ဖြစ်ပြီး ယန်ရှစ်ကောင်းကား မြို့ကြီးပြကြီးမှ သန်းကြွယ် သူဌေးဖြစ်၏။ သူက ယန်ရှစ်ကောင်းအား ပြင်ပ အခမ်းအနားများတွင် ကြိမ်ဖန်များစွာ တွေ့ဖူးသော်လည်း ယန်ရှစ်ကောင်းက သူ့အား သိမည်ဟုတော့ မထင်ပေ။

'တကယ်ပဲ သူက တတိယ သခင်ကြီးချန်းရဲ့ မိတ်ဆွေဆိုရင် ကျုပ်တို့အားလုံးက တတိယ သခင်ကြီးချန်းရဲ့ ကြွယ်ဝမှုကို ပြန်စဉ်းစားရတော့မှာပဲ... သူ့ဘဝကို နယ်မြို့ သေးသေး‌လေးမှာ အလဟဿ မဖြစ်စေခဲ့ဘူးပဲ...'

အချို့သောလူများက စိတ်ထဲတွင် တွေးတော တွက်ချက်နေကြသည်။

ယန်လုပ်ငန်းစုကား ချူကျိုးမြို့တွင် ဂုဏ်သတင်း ကျော်ဇော်၏။ သည်နေရာတွင် ရှိနေသူများထဲ၌ ယန်ရှစ်ကောင်းထက် ကြွယ်ဝသူမှာ သုံးယောက်ထက် မပိုပေ။ သူ၏ နာမည်မှာ ဟူတုန်းပြည်နယ် တစ်ခုလုံး ကျော်ကြားပေသည်။

သို့သော်လည်း နောက်ထပ် အဖြစ်အပျက်က သူတို့အား ထိတ်လန့်စေခဲ့၏။

သူဌေးယန်က ခန်းမထဲကို ဝင်လိုက်သည်နှင့် သူက ပထမဦးလေးအား ဖြတ်ကျော်သွားပြီးမှ ချန်း‌ကောရှင်းထံသို့ တန်းတန်းမတ်မတ် လျှောက်သွား၏။ သူက ခန္ဓာကိုယ်အား ကိုင်းညွတ်လိုက်ကာ လေးနက်စွာ အရိုအသေပေးသည်။

“ လူကြီးမင်းချန်းနဲ့ ချန်းကတော်... ခင်ဗျားတို့ ပျော်ရွှင်ဖွယ်နှစ်သစ် ဖြစ်ပါစေလို့ ကျုပ်ဆုတောင်း ပေးပါတယ်... ”

သန်းကြွယ်သူဌေးက ချန်း‌ကောရှင်းနှင့် သူ၏ဇနီးအား ဦးညွှတ်နေသည်ကို အားလုံးက အံ့အားသင့်စွာ ကြည့်နေကြသည်။

ရုတ်တရက် အပြောင်းအလဲက ချန်းဖန်၏ မိဘများအား မှင်တက် သွားစေသည်။ ချန်း‌ကောရှင်းက မြန်ဆန်စွာပင် သူဌေးယန်ကို တွဲထူကာ ပြောသည်။

" သူဌေးယန်... ခင်ဗျားက ကျုပ်ထက် လေးစားဖွယ်ကောင်းတဲ့ လူကြီးမင်းပါ... အာ.. ခင်ဗျား... ”

“ မဟုတ်... မဟုတ်ဘူး... ခင်ဗျားနဲ့ ဆရာချန်းတို့နဲ့ ယှဉ်ရင် ကျုပ်က ဘာမှ မဟုတ်ဘူး... ”

ယန်ရှစ်ကောင်းက ခေါင်းကို တွင်တွင်ခါသည်။ သူက လှပစွာ ထုတ်ပိုးထားသော လက်ဆောင်အား အိတ်ထဲမှ ထုတ်ကာ ဝမ့်‌ရှောင်ယွင်အား လက်နှစ်ဖက်ဖြင့် လေးစားစွာ ကမ်းပေးသည်။ သူက ချန်းမောင်နှံအတွက် နှစ်သစ် လက်ဆောင်ဟုလည်း ကြေညာသေးသည်။ မတတ်သာသည့် အဆုံး ဝမ့်‌ရှောင်ယွင်က လက်ဆောင်အား နားမလည်ခြင်း များစွာဖြင့် လက်ခံ လိုက်ရသည်။

“ကောင်းပြီ... ခင်ဗျားတို့ကို နှစ်သစ်မှာ ဆုတောင်း ပေးပြီးပြီ... ကျုပ်ကိစ္စလည်း ပြီးပြီဆိုတော့ ခင်ဗျားတို့ မိသားစုတွေ့ဆုံပွဲကို မနှောင့်ယှက် တော့ပါဘူး.. ကျုပ်သွားပြီ... ”

အားလုံးက ယန်ရှစ်ကောင်းအား ဆက်နေရန် တိုက်တွန်းကြသည့်တိုင် ယန်ရှစ်ကောင်းက အခန်းထဲမှ ထွက်သွားခဲ့သည်။

ယန်ရှစ်ကောင်း ထွက်သွားပြီးသည့်တိုင် လူအများစုမှာ ရုတ်တရက် ဖြစ်သွားသည့် ကိစ္စအပေါ် နားမလည် နိုင်ကြသေးပေ။ ဘာဖြစ်ခဲ့တာလဲ။ ယန်ရှစ်ကောင်းက အရှိန်အဝါကြီး ပုဂ္ဂိုလ် တစ်ယောက်နှင့်လည်း မတူ။ သူကား ဖောက်သည်ကို စိတ်‌ကျေနပ်အောင် လိုက်လျော ပေးနေသော လုပ်ငန်းရှင် တစ်ယောက်နှင့်သာ တူနေသည်။

ချန်းဖန်က ကျေနပ်ဟန်ဖြင့် ခေါင်းညိတ်သည်။ ဖက်တီးယန်က လက်ဆောင်ကို ပေးပြီးသည်နှင့် ထွက်သွားရာ သူ၏ ဉာဏ်ရည်ထက်မြက်မှုအား ချန်းဖန် သဘောကျသွားသည်။ ထိုမျှလောက်သော တိုတောင်းသော အချိန်က ချန်းဖန်၏ မိဘများအား စိတ်ကျဉ်းကြပ်စေခြင်း မရှိသလို မလိုလားအပ်သော ရှုပ်ထွေးမှုများလည်း မဖြစ်စေခဲ့ပေ။

“သူက ချူကျိုးမြို့က သူဌေးယန်ဆိုတာ သေချာလား... သူက အငှားသရုပ်ဆောင်တစ်ယောက်နဲ့ ဘာလို့ တူနေတာလဲ... ”

ဒုတိယအဒေါ်က သူ၏ ယောကျ်ားအား တီးတိုးပြောသည်။

သူမက တီးတိုးပြောရန် ကြိုးစားခဲ့သော်လည်း ခန်းမထဲမှ လူတိုင်းက သူမ၏ မှတ်ချက်ကို ကြားကြသည်။

ချန်း‌ကောရှင်းက မျက်နှာသေဖြင့် နေနေသော အချိန်၌ ဝမ့်‌ရှောင်ယွင်က နှာခေါင်းရှုံ့သည်။

“‌ကောရှင်းက ချူကျိုးမြို့နားမှာ နှစ်၂၀ကျော် အလုပ်လုပ်လာခဲ့တာ... သူ့ကို မမှတ်မိဘူးဆိုတာ မဖြစ်နိုင်ဘူး...”

“ဘယ်သူဌေးက သူ့လို ပြုမူလဲ... အစ်ကို၃က စီးပွားရေးသမားလို့ သူတွေးပုံရတယ်.... တခြား မဖြစ်နိုင်ဘူး...”

ဒုတိယ အဒေါ်က ပြောသည်။

“တော်လောက်ပြီ... ”

ချန်းကျန်းရှင်းက သုန်မှုန်စွာ ပြောသည်။

ပထမဦးလေးတွင်ပင် မေးခွန်းပေါင်းများစွာ ရှိပေသည်။ ချန်း‌ကောရှင်းကား ယခင်က ယန်ရှစ်ကောင်းကို တွေ့ဖူးသော တစ်ဦးတည်းသောသူ ဖြစ်သည်။ ထို့ကြောင့်လည်း သူက သံသဃ ဝင်မိခြင်း ဖြစ်သည်။ သို့သော်လည်း ဧည့်သည်က အငှား သရုပ်ဆောင် ဖြစ်သည့်တိုင် ယခုအချိန်တွင် စုံစမ်း ဖော်ထုတ်ရန် မသင့်သေးပေ။

“ ရှောင်ယွင်... သူ‌ဌေးယန်က ဘာပေးခဲ့တာလဲ ကြည့်ရအောင်… ”

အဒေါ်၄က မေးသည်။

အားလုံးက ဝမ့်‌ရှောင်ယွင်ကို မျှော်လင့်တကြီး ကြည့်ကြသည်။

ဝမ့်‌ရှောင်ယွင်၏စိတ်ထဲကို သံသယများ ဝင်လာခဲ့၏။ သူမကလည်း ယန်ရှစ်ကောင်းကို မတွေ့ဖူးပေ။ သို့သော်လည်း သူမ ယောက်ျား၏ ဆင်ခြင်တုံတရားကို သူမက ယုံကြည်ပေသည်။ သို့သော်လည်း သူဌေးယန်က တခြားသော အကြံအစည်ဖြင့် လူအများအကြား သူမအား ရယ်စရာ ဖြစ်အောင် တန်ဖိုးနည်းသော လက်ဆောင် ပေးခဲ့လျှင် မည်သို့ လုပ်မည်နည်း။

“အမှန်ပဲ ရှောင်ယွင်..သူက သန်းကြွယ် သူဌေးပဲ... သူက ဘယ်လို လက်ဆောင်မျိုးပေးမလဲ ငါတို့လည်း သိချင်တယ်...”

အဒေါ်၂က ပြောသည်။

လူအများကပိုမို၍ စိတ်ဝင် စားလာသည်တွင်သူမက ငြင်းပယ်၍ မရတော့ကြောင်း သူမ သိလိုက်သည်။

“ ကောင်းပြီ... ”

ဝမ်ရှောင်ယွန်က အံကြိတ်ကာ ဗူးအား ဖွင့်သည်။ ဘူးထဲ၌ကား အပြင်မှ ရွှေကွပ် ထားကာ ကြည်လင် တောက်ပြောင်နေသော ကျောက်စိမ်း လက်ကောက် တစ်စုံ ရှိနေသည်။

လက်ကောက် အစုံမှာ အစိမ်းရောင်ဖြစ်ပြီး အပြစ်အနာအဆာ ကင်းသည်။ ဝမ်ရှောင်ယွန်က လက်ကောက် နှစ်ကွင်းအား အသာမကာ အချင်းချင်း ထိခတ်ကြည့်လျင် ကြည်လင်သာယာသော ဂီတသံ တစ်ခု ထွက်လာသည်။ ထို့နောက် သူမက လက်ကောက်အား မြှောက်ကာ နေရောင်တွင် ထိုးကြည့်သည်။ လက်ကောက်ကား စိမ်းညို့နေ၏။

“ ဒီ လက်ကောက်တွေ... ”

သည်နေရာတွင် ရှိနေသူများ အားလုံးမှာ အထက်တန်းလွှာမှ ပုဂ္ဂိုလ်များ ဖြစ်ကြရာ ရတနာများနှင့် ပတ်သက်၍ ကောင်းကောင်း နားလည်ကြသည်။ လက်ကောက်၏ မြင့်မားသော အရည်အသွေးကြောင့် အားလုံးမှာ ပါးစပ် ဟသွားကြသည်။

“ အဲဒါ အရည်အသွေး အမြင့်ဆုံးမှာ ရှိတဲ့ ကျောက်စိမ်း လက်ကောက်မလား... ”

သူဌေးလီက ပြောသည်။

“ အဲ့ထက် တန်တယ်.... ဒါက အနာအဆာ ကင်းလွန်းတယ်... ငါထင်တယ်... ဒါက ဆယ်သန်းထက် မနည်းဘူး...”

‌နောက်သူဌေး တစ်ယောက်က ပြောသည်။

“ခဏနေဦး... ငါသတိရပြီ... ဒါက Christie’s မှာ ပြီးခဲ့တဲ့ ရက်သတ္တပတ် အနည်းငယ်က လေလံတင်ခဲ့တဲ့ ရတနာမလား... ဒီလက်ကောက်တွေကို 'နွေဦးဂီတ' လို့ ခေါ်တယ်...”

ရတနာနှင့် ပတ်သက်၍ ကျွမ်းကျင်ဟန် ရသူတစ်ယောက်က ပြောသည်။

“ဒီ နွေဦးဂီတ လက်ကောက် အစုံက 'လောင်ဖုန်းရှန့်' ရတနာပြခန်းမှာ ဆယ်စုနှစ် တစ်ခုကြာအောင် ပြခဲ့တာပဲ... ဒါက သန်းငါးဆယ်ကျော် တန်ကြေး ရှိတယ်... ကောလာဟလတွေအရ ဒါကို ကျန်း‌ပေ့‌ဒေသက သူဌေးတစ်ယောက် ဝယ်သွားခဲ့တာတဲ့...”

"နွေဦးဂီတ..."

"သန်းငါးဆယ်ကျော် တန်တယ်..."

"ကျန်းပေ့ဒေသက သူဌေးတစ်ယောက်က ဝယ်သွားတယ်..."

အားလုံး၏ မျက်လုံးများထဲ၌ အံ့အားသင့်ဟန်များ ဖြစ်ပေါ်လာသည်။ သေးငယ်သော လက်ဆောင် တစ်ခုက ထိုမျှ တန်ကြေးရှိမည်ဟု မည်သူ ထင်မှတ်မည်နည်း။ ထိုမျှ ကြွယ်ဝချမ်းသာမှု၊ ဤသို့ ရက်ရောမှု။

ယခုကား လက်ဆောင်ကို ပေးသူမှာ အမှန်တကယ်ပင် သူဌေးယန် ဖြစ်သည်ကို မည်သူမှ သံသယ မဖြစ်တော့။

သို့သော်လည်း အားလုံး၏ စိတ်ထဲသို့ နောက်ထပ် မေးခွန်းတစ်ခု ရောက်လာခဲ့သည်။ သန်းငါးဆယ်ကား ယန်ရှစ်ကောင်း အတွက်ပင် သေးငယ်သော တန်ဖိုးမဟုတ်ပေ။ သူက ဝမ့်‌ရှောင်ယွင်ကို အဘယ်ကြောင့် ထိုသို့ တန်ဖိုးမြင့် လက်ဆောင်ပေးရသနည်း။

အဒေါ်၄နှင့် အဒေါ်၂တို့မှာ မနာလိုခြင်းများ ပြည့်နေသော မျက်လုံးများဖြင့် ကြည့်နေကြသည်။

လှပသော ရတနာများမှာ မိန်းမများ၏ တပ်မက်ရာ ဖြစ်သည်။ အဒေါ်၂ကား သူမ၏ ယွမ်၇၀၀၀၀၀ တန်ဖိုးမျှသာ ရှိသော လက်ကောက်အား အင်္ကျီလက်ရှည်ဖြင့် ဖုံးကွယ်ရန်ပင် ကြိုးစားမိသည်။

“ကောရှင်း... ကျွန်မတို့ ဒါကို ပြန်ပေးဖို့လိုတယ်... ”

ဝမ့်‌ရှောင်ယွင်က ချန်း‌ကောရှင်းအား ကြည့်ကာ ပြောသည်။

ချန်းကီရှင်းက ခေါင်းယမ်းသည်။

" အခု မဟုတ်သေးဘူး… ”

မိသားစုတွေ့ဆုံပွဲ ပြီးသောအခါ သူက သူဌေးယန်ထံသို့ ကိုယ်တိုင် သွားရောက်ကာ အဘယ်ကြောင့် ထိုသို့လက်ဆောင်မျိုး ပေးရသည်ကို မေးပေမည်။ ချန်း‌ကောရှင်းကလည်း သူဌေးယန်မှာ သူ့အား လာတွေ့စဉ်က တိုက်ရိုက်မလာဘဲ ချန်းဖန်ထံ၌ ဦးစွာ ရပ်တန့်ခဲ့သည်ကို နားမလည်ခဲ့ပေ။ သူက ချန်းဖန်ကြောင့် ရောက်လာသည် များလား။ သူက မြန်ဆန်စွာပင် ခေါင်းယမ်းမိသည်။ ထိုသို့မဖြစ်နိုင်ပေ။ သူ၏သားနှင့် ပတ်သက်၍ သူက ကောင်းကောင်း သိပေသည်။

ကျန်ရှိသော ဧည့်သည်များ အားလုံးမှာကား မည်သို့မှ ထူးထူးခြားခြား မရှိပေ။ ဦးလေး၂က သက်ပြင်း တစ်ချက်ချကာ သူဌေးယန်မှာ ခြွင်းချက် ဖြစ်သည်ဟု တွေးလိုက်သည်။ ဧည့်သည်များ အလာကျဲသွားလျှင် ချန်းရှုက ယုံကြည်မှု ပြန်ရလာဟန်ဖြင့် ပြုံးသည်။

“ ရှောင်ဖန်.. မဆိုးဘူး.. မင်းမိသားစုက နောက်ဆုံးမှာ ဧည့်သည်ကောင်း တစ်ယောက် ရခဲ့တာပဲ... အရင်နှစ်ကထက် အကြီးကြီး တိုးတက် လာတယ်...”

သူ၏စကားမှ အထင်သေးမှုကို အားလုံးက ခံစားရသည်။

ချန်းအန်းက မျက်မှောင်ကြုတ် လိုက်သည်။ သူဌေးယန်ကား တစ်ဦးတည်းသော ထူးခြား ဧည့်သည် ဖြစ်သော်လည်း သူကား ဤနေရာတွင်ရှိသော ဧည့်သည် အများစုထက် လွှမ်းမိုး နိုင်စွမ်းရှိပေသည်။

'ငါက ဦးလေး‌ကောရှင်းကို လျှော့တွက်မိပြီထင်တယ်... '

ချန်းအန်းက မိမိကိုယ်ကို တွေးလိုက်သည်။ ယန်ရှစ်ကောင်း ‌ရောက်လာခဲ့သည့်တိုင် ချန်းအန်းက သူ့အဖေ၏ နေရာမှာ ခိုင်မာနေဆဲ ဖြစ်သည်ဟု ယုံကြည်ပေသည်။ သူက ထိုသို့ တွေးနေစဉ်မှာပင် တံခါးစောင့်က နောက်ထပ် ဧည့်သည် တစ်ယောက်ကို ကြေညာသည်။

"ချူကျိုးမြို့ ကျန်းတိလုပ်ငန်းစုရဲ့ သူဌေး ကျန်းကျို့လင် ရောက်လာပါတယ်..."

***

All Chapters