ဒီခြံဝန်းထဲကသတ္တဝါတိုင်းမှာ ကြီးမြတ်တဲ့ မူလဇစ်မြစ်တွေရှိကြတယ်
Vol. 24 Ch. 323
“ဆရာသခင်၊ ကျွန်တော့်ကို ကယ်ပါ!” ဟုန်ချန်ယဲ့သည် ထိတ်လန့်နေဆဲအချိန်တွင် ရင်းနှီးသော ပုံရိပ်ကို မြင်တွေ့လိုက်သောအခါ အသက်ကယ်ကောက်ရိုးတစ်မျှင်ကို ဖမ်းဆုပ်လိုက်သကဲ့သို့ အသံကုန်အော်ဟစ်လိုက်တော့၏။
ကြက်အုပ်တစ်အုပ်နှင့် မြည်းငယ်လေးတစ်ကောင်သည် အနောက်ကို တစ်ပြိုင်နက်တည်း လှည့်ကြည့်လိုက်ကြပြီး ယဲ့ကျွင်းလင်ကို မြင်သောအခါ ဓာတ်လိုက်သကဲ့သို့ တုံ့ခနဲဖြစ်ကာ သူတို့၏ခြေလှမ်းများ ရပ်တန့်သွားသည်။
လေထုသည် ချက်ချင်း တောင့်ခဲသွားတော့၏။
ယဲ့ကျွင်းလင် အနည်းငယ် နားမလည်နိုင်ဖြစ်သွားသည်။ ဤအိမ်မွေးတိရစ္ဆာန်များ အဘယ်ကြောင့် ဤမျှ ထူးဆန်းနေရသနည်း။
၎င်းတို့အနက်မှ ကြက်မအိုကြီး တစ်ကောင်သည် ယဲ့ကျွင်းလင်ရှေ့သို့ သတိကြီးကြီးဖြင့် ရောက်ရှိလာပြီး တစ်ခုခုကို အတည်ပြုလိုသည့်အလား အနားတိုးကပ်လာသည်။ အတည်ပြုပြီးသည်နှင့် မျက်လုံးများမှ မျက်ရည်များ ရုတ်တရက် စီးကျလာပြီး တောင်ပံများကို စိတ်လှုပ်ရှားစွာ ခတ်ကာ ခေါင်းကို မြှောက်၍ ကတော် ကတော်ဟု ထအော်လိုက်သည်။
“ကတော် ကတော် ကတော်!!!”
ချက်ချင်းပင် ခြံဝင်းတစ်ခုလုံး ဆူညံသွားသည်။
ရေကန်ထဲရှိ ငါးများသည် ဝမ်းသာအားရ ခုန်ပေါက်နေကြပြီး ကြက်အုပ်ကြီးက ယဲ့ကျွင်းလင်ကို စိတ်လှုပ်ရှားစွာ ဝိုင်းရံနေကြသည်။ မြည်းငယ်လေးပင် ပတတ်ရပ်ကာ ကခုန်နေတော့၏။
၎င်းတို့သည် ဤလူငယ်ရောက်ရှိလာခြင်းကို ဝမ်းသာအားရ ကြိုဆိုနေကြကြောင်း သိသာထင်ရှားလှ၏။
“စိတ်ဝင်စားစရာပဲ၊ ဟားဟား။” ယဲ့ကျွင်းလင်လည်း ဤမြင်ကွင်းကို မြင်ပြီး ပျော်ရွှင်မြူးထူးသွားသည်။
တစ်ချိန်တည်းမှာပင် ဟုန်ချန်ယဲ့ကို အဓိပ္ပာယ်ပါပါဖြင့် စောင်းငဲ့ကြည့်လိုက်ရာ “မင်းက ဘာကိုကြောက်နေတာလဲ” ဟူသော မေးခွန်းကို အသံတိတ်မေးနေသကဲ့သို့။
ခြံထောင့်တစ်နေရာရှိ ဟုန်ချန်ယဲ့ မျက်နှာတွင် လုံးဝနားမလည်နိုင်သော အမူအရာ ပေါ်လွင်နေသည်။
ဘာတွေဖြစ်နေတာလဲ?
ဒီကောင်တွေ မျက်နှာလုပ်နေကြတာလား?
ယဲ့ကျွင်းလင်၏ ခပ်လှောင်လှောင်အကြည့်ကို သတိပြုမိသောအခါ ဟုန်ချန်ယဲ့သည် မိမိ၏ဂုဏ်သရေကို အကြီးအကျယ်ထိခိုက်ခံလိုက်ရသည်ဟု ခံစားလိုက်ရ၏။
သူ အမြန် ဆင်ခြေပေးလိုက်သည်။ “ဆရာသခင်၊ သူတို့ ဘယ်လောက်ကြောက်စရာကောင်းလဲဆိုတာ ဆရာသခင် မသိပါဘူး!”
“ဒီကြက်တွေရဲ့ ပုံစံအစစ်က ဖီးနစ်ငှက်တွေပါ၊ ရေကန်ထဲက ငါးတွေက ခြေငါးချောင်းနဂါးတွေ၊ အဲဒီ မြည်းကလည်း ဧရာမ နတ်ဆိုးကြီးတစ်ပါးပါ၊ မြေပြင်ပေါ်က မြက်အိုးလေးကတောင် မသေမျိုးတွေကို အသေသတ်နိုင်တဲ့ အပင်တစ်မျိုးပါနော်!”
သူ ဤသို့ပြောလိုက်သည်နှင့်။
ယဲ့ကျွင်းလင် အံ့ဩသွားသည်။ တကယ်ကြီးလား?
သူသည် အိမ်မွေးတိရစ္ဆာန်များကို သေချာ ဂရုတစိုက် ကြည့်ရှုစစ်ဆေးလိုက်သည်။
စဉ်းစားကြည့်ပါလျှင်လည်း သစ်တောနက်ကြီးအလယ်တွင် ရိုးရိုးရှင်းရှင်း ခြံဝန်းတစ်ခု တည်ရှိနေသည်။ ကျွန်း၏ အုပ်စိုးသူပုဂ္ဂိုလ်ကြီး နေထိုင်ခဲ့ရာနေရာ ဖြစ်ပေမည်။ ဤနေရာတွင် နေထိုင်နိုင်သော သတ္တဝါများသည်လည်း အပေါ်ယံတွင် မြင်ရသလောက် ရိုးရှင်းပါ့မည်လား?
ထို့အပြင် သူတို့သည် ရှေးခေတ်တစ်ချိန်ကတည်းက ယခုအချိန်အထိ အသက်ရှင်ကျန်ရစ်ခဲ့ကြသည်ပင်!
ယဲ့ကျွင်းလင် ဒူးတစ်ဖက်ထောက်ထိုင်လိုက်ပြီး မေးစေ့ကိုပွတ်ကာ အရှေ့တွင်ရှိသော ကြက်မအိုကြီး ကို ကြည့်ရှုလိုက်သည်။ သို့သော် သူ မည်သို့ပင်ကြည့်ကြည့် သူမသည် အလွန်ရိုးရှင်းပြီး ထူးခြားမှုမရှိပေ။
တစ်ဖက်လူ၏ ခေါင်းဆောင်အကြီးအကဲဖြစ်ဟန်တူသော ဂုဏ်သိက္ခာကို ထောက်ထားလျက် ယဲ့ကျွင်းလင် ယဥ်ကျေးပျူငှာစွာ စကားစလိုက်သည်။ “ကြက်မမလေး၊ မင်းက အရမ်းလှတာပဲ!”
“ကတော် ကတော် ကတော်!”
ကြက်မအိုကြီးသည် ကျေနပ်အားရစွာ တောင်ပံများကိုခတ်လိုက်ပုံမှာ လူငယ်လေး၏ ချီးမွမ်းခြင်းကို အလွန်နှစ်သက်ပုံရသည်။
“ဪ၊ တကယ် နားလည်တာပဲ။”
ယဲ့ကျွင်းလင် စိတ်ဝင်စားစွာ ပြောလိုက်သည်။ “ဒါဆို မင်းကို မေးပါရစေ၊ ငါ့တပည့် ခုနက ပြောတာ တကယ်လား?”
“ကတော်?” ကြက်မအိုကြီးသည် သူမ၏ခေါင်းကို စောင်းလိုက်ပြီး နားမလည်ဟန် ပြန်ကြည့်လာ၏။
ယဲ့ကျွင်းလင် အခြားအိမ်မွေးတိရစ္ဆာန်များကို ကြည့်လိုက်ရာ အားလုံး နားမလည်ပါးမလည်ဟန်ဖြင့်သာ ပြန်ကြည့်လာကြ၏။
“ဆရာသခင်၊ သူတို့ အားလုံး လိမ်နေတာ!”
ဟုန်ချန်ယဲ့ ဒေါသတကြီးဖြင့် စွပ်စွဲလိုက်သည်။ မကြာသေးမီကမှ ခံစားခဲ့ရသော ကြောက်လန့်မှုကို ယခုချိန်ထိ မေ့ပျောက်နိုင်စွမ်းမရှိသေးပေ။
ဤအိမ်မွေးတိရစ္ဆာန်များအားလုံး ယခုမှ ငတုံးရုပ်ဖမ်းနေသည်ကို မြင်သောအခါ ဟုန်ချန်ယဲ့ ချက်ချင်းပင် ဒေါသဖြင့် တုန်ရီလာသည်။
ထိုစကားကိုကြားသောအခါ ယဲ့ကျွင်းလင် စဥ်းစားခန်းဝင်လိုက်ပြီး တစ်စုံတစ်ခုကို ခန့်မှန်းလိုက်မိ၏။
မြည်းငယ်လေးဘက်သို့ လှည့်လိုက်သောအခါ ယဲ့ကျွင်းလင်၏ မျက်လုံးများ လင်းလက်လာသည်။ ထိုမြည်းလေးထံ လျှောက်သွားကာ ၎င်း၏ခေါင်းကို ပုတ်ပြီး စနောက်လိုက်၏။ "အပြာရောင်လေး ပြန်တွေ့ကြပြန်ပြီ"
တတိယမြောက် စမ်းသပ်မှုတွင် သူ ရရှိခဲ့သော ထူးခြားသည့် မြည်းငယ်လေးသည် ဤ မြည်းငယ်လေး ၏ ပုံစံမူကို အခြေခံထားသည်အား အသေအချာပြောနိုင်၏။ ၎င်းသည် လျိုဟွမ်းရှုကိုယ်တိုင် ရည်ညွှန်းပြီး တမင်တကာ ထည့်သွင်းထားသော တောင်ပေါ်ဇာတ်ကောင်တစ်ခု ဖြစ်ရမည်။
မြည်းငယ်လေး ခေါင်းရှုပ်သွားရသည်။ ငါတို့ ခုမှ ပထမဆုံးအကြိမ်တွေ့တာလေ၊ ဘာလို့ “ပြန်တွေ့ကြပြန်ပြီ” လို့ ပြောတာလဲ?
“ဟီးဟော် ဟီးဟော်!” မြည်းငယ်လေးမှာ အပြာရောင်လေးဟူသောအမည်ကို မကျေနပ်ဟန်ဖြင့် အော်ဟစ်လိုက်သည်။ ထိုနာမည်မှာ အရှိန်အဝါတစ်စက်မှမရှိ။
ယဲ့ကျွင်းလင် မျက်နှာကြီးမည်းသွားသည်။ ဤမြည်းအော်သံသည် အလွန်စိတ်အနှောက်အယှက်ဖြစ်စရာကောင်းလှ၏။ လူတစ်ယောက်ကို ကျိန်ဆဲနေသည့်အလား။
သူသည် စမ်းသပ်ပွဲမှ မြည်းငယ်လေးကို သတိရလိုက်သည်။ ၎င်းသည် အစမှအဆုံးထိ ဒီလိုအသံမျိုးဖြင့် တစ်ခါမှမအော်ခဲ့ပေ။ အသံချိန်ညှိမှုတွင် အလွဲအချော်ရှိသွားဟန်တူ၏။
“မင်း နောက်ထပ်အော်ရင် မင်းကို မြည်းသား ပန်ကိတ်လုပ်စားပစ်မယ်!” ယဲ့ကျွင်းလင် မကျေမနပ် ပြောလိုက်သည်။
“ဟ…” မြည်းငယ်လေး လန့်သွားပြီး ချက်ချင်း ပါးစပ်ပိတ်သွားသည်။
ယဲ့ကျွင်းလင်သည် မြေပြင်ပေါ်သို့ ပြုတ်ကျနေသော ရွံ့အိုးကို ကောက်ယူကာ ကျောက်စားပွဲပေါ်သို့ ပြန်တင်လိုက်သည်။ ရွံ့အိုးထဲရှိ မြက်ပင်များသည် လူငယ်၏ရောက်ရှိခြင်းကို ဂါရဝပြုသည့်အလား အထူးတလည် မတ်မတ်ရပ်နေကြ၏။
“မင်းတို့ မပြောချင်ရင်လည်း ငါအတင်းမမေးတော့ဘူး။ တစ်နေ့နေ့တော့ ကိုယ့်သဘောနဲ့ကိုယ် ထုတ်ပြောပြလိမ့်မယ်လို့ ငါယုံတယ်။”
ယဲ့ကျွင်းလင်သည် ခြံဝင်းပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်ရှုလိုက်ပြီး ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။
“ရှောင်ဟုန်”
“တပည့် ဒီမှာပါ!”
“သွားကြစို့”
“အယ်၊ အခုပြန်တော့မလို့လား?”
“မင်း မလိုက်ချင်ဘူးလား? ဒါဆို သူတို့နဲ့ အတူနေခဲ့ပေါ့။”
ယဲ့ကျွင်းလင် ပြောပြောဆိုဆိုနှင့် ခြံဝင်းအပြင်သို့ထွက်ကာ သစ်သားတံခါးကို ပိတ်တော့မည်ပြု၏။
“မလုပ်ပါနဲ့၊ မလုပ်ပါနဲ့၊ ကျွန်တော် လာပါပြီ! အခုပဲ လာပါပြီ!” ဟုန်ချန်ယဲ့သည် အိမ်မွေးတိရစ္ဆာန်အုပ်စုကို လှည့်ကြည့်လိုက်ပြီး ကြောက်မက်ဖွယ်မြင်ကွင်းကို ပြန်လည်မြင်ယောင်ကာ ဖြူဆုတ်နေသောမျက်နှာဖြင့် အနောက်မှကျားလိုက်သကဲ့သို့ ထွက်ပြေးသွားလေသည်။
ကျွီ၊ သစ်သားတံခါး ပြန်ပိတ်သွားသည်။
ယဲ့ကျွင်းလင်သည် လက်များကို နောက်သို့ပစ်ကာ လမ်းလျှောက်နေသည်။ တည်ငြိမ်သောအသွင်ဖြင့် နောက်သို့ တစ်ချက်ပြန်လှည့်ကြည့်လိုက်ရာ သူ၏မျက်နှာတွင် အဓိပ္ပာယ်ပြည့်ဝသော အကြည့်တစ်ခု ရှိနေ၏။
“ဆရာသခင်…” ဟုန်ချန်ယဲ့သည် ဆရာသခင် တစ်ခုခုကို သေချာပေါက် သိထားကြောင်း ပြောနိုင်၏။ ထို့ကြောင့် သူသည် ခြံဝင်းထဲတွင် ဇွတ်အတင်း ဖိအားပေးခြင်းမပြုခဲ့သည်ပင်။
“မမေးနဲ့။ နားလည်နိုင်စွမ်းရှိရင် အလိုလို နားလည်လိမ့်မယ်!”
ယဲ့ကျွင်းလင် ပခုံးတွန့်ပြလိုက်ပြီး ထွက်ခွာသွားသည်။
ဟုန်ချန်ယဲ့သည် စက္ကန့်အနည်းငယ်မျှ ကြောင်ရပ်နေပြီးမှ အပြေးလိုက်ကာ တီးတိုးရေရွတ်လိုက်သည်။ “စကားထာဝှက်လို့ကို မပြီးနိုင်တော့ဘူး"
ခေါင်းလှည့်ကာ ခြံဝင်းငယ်လေးကို တစ်ချက်ကြည့်မိလိုက်သော် မထိန်းနိုင်စွာ တစ်ချက်တုန်သွားရပြန်၏။
ကြောက်စရာကောင်းလွန်းသည်။
အရင်က အလယ်ပိုင်းစီရင်စုမှ သူ့အပေါင်းအပါ မသေမျိုးအရှင်အုပ်စုသာ ထိုခြံဝင်းတွင်း ဝင်သွားမိပါက ငိုယိုအော်ဟစ်၍ ပြန်ထွက်လာရမည်မလွဲပေ။
ဤခြံဝင်းငယ်လေးသည် ခွင်းလွင်နယ်မြေ၏ အန္တရာယ်အရှိဆုံး တားမြစ်နယ်မြေပင် ဖြစ်သည်။
ခုနက ဖြစ်ပျက်ခဲ့သည်များအား ပြန်သတိရမိသောအခါ ယဲ့ကျွင်းလင်၏ မျက်လုံးများ တဖျတ်ဖျတ်တောက်ပလာသည်။
ယုတ္တိရှိရှိ ပြောရလျှင် သူသည် မသေမျိုးကျွန်းကို အမွေဆက်ခံထားသော ကျွန်းသခင်သစ် ဖြစ်သောကြောင့် ဤနေရာတွင် မည်သူမျှ မငြင်းဆန်နိုင်သော အုပ်ချုပ်သူတစ်ဦး ဖြစ်သင့်သော်လည်း ထိုခြံဝင်းမှာတော့ သူ၏ ထိန်းချုပ်မှုအပြင်ဘက်သို့ ရောက်ရှိနေသည်ဟု ခံစားခဲ့ရ၏။
“အမြင့်ဆုံးအာဏာရဖို့အတွက် စံနှုန်း မပြည့်မီသေးတာများလား?” ယဲ့ကျွင်းလင် စဉ်းစားလိုက်သည်။
အကြောင်းရင်းများစွာ လှည့်ပတ်စဉ်းစားပြီးနောက် ထိုတစ်ခုကသာ ဖြစ်နိုင်ချေရှိသည်ပင်။
သူ နားလည်လိုက်သည်။ ထိုခြံဝင်းထဲရှိ ကြက်များ၊ ငါးများနှင့် မြည်းငယ်လေး၊ ထိုမြက်အိုးနှင့် မိုးမခပင်ပင်လျှင် ကြီးမြတ်သော မူလဇစ်မြစ်တစ်ခုစီ ရှိနေသည်ပင်။
အကြောင်းပြချက်အချို့ကြောင့် ၎င်းတို့သည် ထိုခြံဝင်းထဲတွင်သာ နေထိုင်နိုင်ပြီး ခွင့်ပြုချက်မရဘဲ ထွက်ခွာခွင့်မရှိပေ။ ၎င်းတို့သည် သူ့အပေါ် ဤမျှ ဖော်ရွေပြီး စိတ်အားထက်သန်ပြနေခြင်းမှာ သူ့ကို ကျွန်းသခင်အသစ်အဖြစ် အသိအမှတ်ပြုသောကြောင့် ဖြစ်နိုင်သည်။
“ပြောဖို့ အချိန်မကျသေးဘူးထင်ပြီး ငါ့ဆီက တစ်ခုခုကို ဖုံးကွယ်ထားကြတာလား?”
“ထားလိုက်ပါတော့၊ ကျွန်းပေါ်က အရာအားလုံးက ငါ့အမိန့်အောက်မှာပဲ။ သူတို့ ဒီမှာ နေထိုင်နေသရွေ့ တစ်နေ့နေ့ကျရင် ငါ့ကို အမှန်အတိုင်း ပြောပြရမှာပဲ။”
ယဲ့ကျွင်းလင် ထိုသို့သာ ရှင်းရှင်းလင်းလင်း တွေးလိုက်ပြီး သီချင်းတစ်ပုဒ်ကို တီးတိုးညည်းဆိုနေသည်။
မင်းဘက်က ဖြည်းဖြည်းသွားချင်မှတော့ ကိုယ်လည်းမလောပါဘူးကွယ်...
စောင့်ဆိုင်းပေးရမှာပေါ့!
ခြံဝင်းထဲတွင်။
“ကတော် ကတော် ကတော်!”
ကြည်လင်သော ကြက်တွန်သံ ထွက်ပေါ်လာသည်။
ကြက်မအိုကြီးသည် သူမ၏ရင်ဘတ်ကို ကော့ထားပြီး အတော်ပင် မာနကြီးနေပုံရ၏။ “တွေ့လား? ကျွန်းသခင်အသစ်က အဖွားကို လှတယ်လို့ ချီးမွမ်းသွားတာ!”
“ကျွန်းသခင်အသစ် မှန်တယ်။ အဖွားဖီးနစ်က လှတာပဲကို!” ကြက်တစ်ကောင်က မြှောက်ပင့်လိုက်သည်။
“ဒီကျွန်းသခင်အသစ်က တကယ် အမြင်ရှိတာပဲ၊ အရင်တစ်ယောက်က တစ်ခါမှ အဲလို ချီးမွမ်းတာမျိုး မလုပ်ခဲ့ဖူးဘူး။ ကွာခြားလိုက်ပုံများ” ကြက်မအိုကြီးက သက်ပြင်းချလိုက်သည်။
ယဲ့ကျွင်းလင်၏ “ကြက်မမလေး၊ မင်းက အရမ်းလှတာပဲ” ဟူသော စကားစုသည် ဤမသေမျိုးဖီးနစ်အိုကြီး၏ နှစ်သက်မှုကို ပိုင်နိုင်စွာ ရရှိခဲ့သည်ပင်။
“ဟီးဟော် အရမ်းနာကျင်တယ်။ ဒီကျွန်းသခင်အသစ်ရဲ့ စိတ်နေစိတ်ထားက လျိုမျိုးရိုးလောက်တောင်မကောင်းဘူး။ သူ ငါ့ကို မြည်းသားပန်ကိတ် လုပ်ချင်တယ်တဲ့!”
မြည်းငယ်လေးက ညည်းညူလိုက်သည် - “ပြီးတော့ သူက ငါ့ကို အပြာရောင်လေးလို့တောင် ခေါ်သွားသေးတယ်။ ဘာနာမည်ကြီးလဲ?!”
“ဟမ့်၊ အဲ့လောက်နဲ့ ကျေနပ်လိုက်စမ်းပါ။ နင့်အကျင့်ကို ဘယ်သူကသည်းခံနိုင်မှာလဲ?” ကြက်မအိုကြီး က လှောင်ပြောင်လိုက်သည်။ သူမသည် “ကြက်မကြီး၊ မင်း အရမ်းလှတာပဲ” ဟူသော စကားကြောင့် ရရှိခဲ့သော ယဲ့ကျွင်းလင်ကို အတော်လေးအကောင်းမြင်နေဟန်ပင်။
“ထွီ!”
မြည်းငယ်လေးက တံတွေးတစ်ချက်ထွေးချလိုက်ပြီး မထီမဲ့မြင် ပြောလိုက်သည် ။ “မင်းကတော့ ကျွန်းသခင်အသစ်ဘက်ကို အရမ်းမြန်မြန် ပါသွားတာပဲနော်။ မင်းပုံစံက အခု ကြက်တစ်ကောင်ပဲဆိုတာ မသိဘူးလား? ဘယ်သူက ကြက်တစ်ကောင်ကို လှတယ်လို့ ထင်မှာလဲ? သူပြောတာကို တကယ်ယုံနေတာတော့ မဟုတ်ပါဘူးနော်"
ထိုစကားကို ကြားသောအခါ။
ကြက်မအိုကြီး ချက်ချင်း ဒေါသထွက်လာပြီး တိုက်ခိုက်မည့်ဟန် ပြင်လိုက်သည်။ “မြည်းစုတ်ကောင်က ရိုက်ခံချင်နေတာလား?”
“လာရိုက်လေ ဟီးဟော်!” မြည်းငယ်လေးက ခေါင်းတခါခါဖြင့် ရန်စလိုက်သည်။
နတ်ဆိုးဟောင်းကြီးတစ်ပါးအနေဖြင့် မသေမျိုးဖီးနစ်အိုကြီးကို ကြောက်နေစရာ အကြောင်းမရှိ။
“အဖွား ဖီးနစ်၊ ကျွန်တော်တို့ ကူညီပေးမယ်!” စွမ်းအားအပြည့်ရှိသော ကြက်အုပ်တစ်အုပ် တောင်ပံများခတ်ကာ ပျံသန်းထွက်လာပြီး မြည်းငယ်လေးကို ပြင်းပြင်းထန်ထန် ထိုးသုတ်ဖို့ အသင့်ပြင်ထားကြလေသည်။
“လာစမ်းပါ၊ လာစမ်းပါ၊ မြည်းသခင်က မင်းတို့ ကြက်ပေါက်လေးတွေကို တစ်ကောင်ချင်းစီ ကန်ပစ်မယ်!” မြည်းငယ်လေးက ၎င်း၏ တောက်ပသော အနက်ရောင် ဘယ်ဘက်ခွာကို မြှောက်ကာ ဂုဏ်ယူစွာ ပြောလိုက်သည်။
“တိုက်ကြ! တိုက်ကြ!”
ရေကန်ပေါ်တွင် ရွှေရောင်ငါးများသည် ပူဖောင်းများတဖူးဖူးမှုတ်ကာ ပွဲကြည့်ရတော့မည့်အရေး ပျော်ပါးနေကြဟန်ပင်။
ရွံ့အိုးထဲရှိ မြက်ခင်းငယ်များသည်လည်း ရွေ့လျားလာပြီး အကြိတ်အနယ်အားပေးလာကြ၏။
“အားလုံး တိတ်ကြစမ်း"
ထိုအချိန်တွင် ကြည်လင်ပြတ်သားပြီး အေးစက်သော အမျိုးသမီးအသံတစ်သံ ရုတ်တရက် ထွက်ပေါ်လာပြီး မငြင်းဆန်နိုင်သော သြဇာအာဏာ အရှိန်အဝါတစ်ခု ပါရှိသည်။
ချက်ချင်းပင်။
ဆူညံနေသော ခြံဝင်းသည် သေလောက်အောင် တိတ်ကျသွားတော့၏။
ငါးများသည် ကြောက်လန့်တကြားဖြင့် ခေါင်းများကို ရေထဲပြန်ငုပ်လိုက်ကြကာ မြက်ပင်များလည်း သတိဆွဲကာ မတ်မတ်ရပ်လိုက်ကြသည်။
အဖွား ကြက်မအိုကြီး ဖြစ်စေ၊ မာနကြီးသော မြည်းငယ်လေး ဖြစ်စေ၊ ဆောင်းရာသီပိုးကောင်များကဲ့သို့ တစ်ပြိုင်တည်းတိတ်ကျကာ စကားတစ်ခွန်းပင် မဟရဲကြတော့ချေ။
သူတို့၏ မျက်လုံးများတွင် ကြောက်ရွံ့မှုများဖြင့် ပြည့်နှက်နေပြီး မိုးမခပင်ဘက်သို့ သတိကြီးစွာ လှည့်ကြည့်လိုက်ကြသည်။
ထိုမိုးမခပင်သည် ခြံဝင်းတစ်ခုလုံးတွင် အဆင့်အမြင့်ဆုံး သတ္တဝါပင်ဖြစ်လေ၏။