အရှုံးမရှိစစ်ပွဲ
Vol. 24 Ch. 324
(လျိုမျိုးရိုး အကြီးအကဲ နှစ်ယောက်ပါနေတဲ့အတွက် ယွီဟွားဂိုဏ်းက လျိုကို အကြီးအကဲလျိုလို့သုံးပြီး ကျွန်းသခင်ဟောင်းလျိုကို မဟာအကြီးအကဲလျိုလို့ သုံးပါမယ်)
“အားလုံးပဲ၊ ယွင်ရှန်းကျွန်းရဲ့ မိုးသောက်အလင်းရောင် တစ်ဖန်ထွက်ပေါ်လာပြီ။ ဒီခြံဝင်းတံခါး ပွင့်သွားတာကအစ ကံကြမ္မာပြန်လည် လည်ပတ်ခြင်းရဲ့ သင်္ကေတပါပဲ။ ကျွန်မတို့ရဲ့တည်ရှိမှုဟာ အရေးပေါ်အခြေအနေအတွက် ကျွန်းသခင်ဟောင်းချန်သွားပေးခဲ့တဲ့ အကူအညီတစ်ခုပါ။ နောင်မှာ ကျွန်းသခင်အသစ် ခွင်းလွင်နယ်မြေကို စောင့်ရှောက်ထိန်းသိမ်းတဲ့အခါ တတ်နိုင်သလောက် ပံ့ပိုးကူညီဖို့ မမေ့ကြပါနဲ့။”
မြစိမ်းရောင် မိုးမခကိုင်းများ လေထဲတွင် ယမ်းခါလို့နေပြီး ကြည်လင်ပြတ်သားသော အေးစက်စက်အသံတစ်ခုသည် မိုးမခပင်မှ ဖြည်းဖြည်းချင်း ထွက်ပေါ်လာကာ ခြံဝင်းအတွင်းတွင် ထင်ထင်ရှားရှား ပဲ့တင်ထပ်နေသည်။
“ဟီးဟော်…” မြည်းငယ်လေးသည် အကျင့်အတိုင်း ပြန်ခံပြောတော့မည်အပြု အအေးဓာတ်တစ်ခုက ရုတ်တရက် သူ့နှလုံးသားကို ဖုံးအုပ်လိုက်ပြီး ထွက်လာမည့် စကားလုံးတို့ကို ရပ်တန့်စေခဲ့သည်။ အခြေအနေကို ရိပ်စားမိစွာ မြည်းမျက်နှာရှည်မျောမျောတွင် လူတို့ကဲ့သို့ မြှောက်ပင့်သော အပြုံးတစ်ခု ပေါ်လာပြီး ချွင်းချက်မရှိ ထောက်ခံပေးလိုက်တော့၏။ “မစ္စလျိုဟာ တကယ်ကို ထိုးထွင်းသိမြင်နိုင်စွမ်း မြင့်တာပဲ။ လုံးဝမှန်တယ်!”
“ပြောစရာ တစ်ခုပဲ ရှိတယ်၊ ဒီကျွန်းသခင်အသစ်ရဲ့ ကျင့်ကြံမှုက တကယ်ကို အားနည်းလွန်းတယ်လေ။ သူက စစ်မှန်သော မသေမျိုး ဆဋ္ဌမကောင်းကင်အဆင့်မှာပဲ ရှိသေးတယ်။ အရင် ခွင်းလွင်နယ်မြေမှာဆို အလွန်ဆုံးမှ အမြှောက်စာနေရာလောက်ပဲ ရမယ်ထင်!”
“ကျွန်တော်တို့ တကယ်ပဲ သူ့အပေါ် မျှော်လင့်ချက်ထားလို့ရရဲ့လား?”
ကြက်မအိုကြီးသည် ပြန်မပြောခင် အတော်ကြာအောင် တုံ့ဆိုင်းနေခဲ့၏။ “ဒီကျွန်းသခင်အသစ်က စကားပြောကောင်းပေမယ့် သူ့ရဲ့ ကျင့်ကြံမှုက ညံ့ဖျင်းတာတော့ အဟုတ်ပဲ။ ဒါကြောင့် ခုနက သူမေးတာကို ဝန်မခံခဲ့တာ။”
“ပြီးတော့ အရေးကြီးဆုံးက ကျွန်တော်တို့ ဒီနေရာမှာ အကြာကြီး အလုံပိတ်ခံထားရတဲ့အတွက် အားလုံးရဲ့ စွမ်းရည်တွေနဲ့ နယ်ပယ်တွေကို ပြန်လည်ထူထောင်ဖို့ အချိန်လိုပါတယ်။ ကျွန်တော်တို့ရဲ့ ပုံစံအစစ်အမှန်တွေကို အချိန်မတိုင်ခင် ဖော်ထုတ်လိုက်ရင် ကျွန်းသခင်အသစ်က တာဝန်တွေခွဲဝေပေးလာတဲ့အခါ ပြန်လည်ထူထောင်ရေးအတွက် အချိန်မလုံလောက်တာမျိုး ဖြစ်လာနိုင်တယ်"
“မှန်တယ်” ခေါင်းဆောင်ငါးအိုကြီး တစ်ကောင် ရေပေါ်သို့ ပေါ်လာပြီး ထောက်ခံလိုက်သည်။ သူ၏အသံမှာ ရင့်ကျက်တည်ငြိမ်၏။ “အခု ခွင်းလွင်နယ်မြေ က ပြန်လည်ထူထောင်ရေးအဆင့်ကို ရောက်နေပြီ၊ ဒါပေမဲ့ ငါတို့နေတဲ့ကျွန်းကမ္ဘာရဲ့ စည်းမျဥ်းတွေကတော့ အပြည့်အစုံကို အသက်ဝင်နေဆဲပဲ။ အရမ်း အလျင်စလိုနိုင်ရင် ဘာကောင်းကျိုးမှ ရှိလာမှာမဟုတ်ဘူး"
“ရှင်တို့ စိုးရိမ်တာတွေကို ကျွန်မနားလည်ပါတယ်။”
မိုးမခကိုင်းများ လေထဲတွင် ယမ်းခါနေပြီး နွေဦး၏ စိမ်းလန်းစိုပြည့်မှုအပြည့်ဖြင့်။ ထွက်ပေါ်လာသော ကြည်လင်ပြတ်သားသည့် အသံသည် ခိုင်မာသော ဆုံးဖြတ်ချက်များဖြင့် ပြည့်နေ၏။ “ဒါပေမယ့် ကျွန်းသခင်လျိုရဲ့ ဆုံးဖြတ်ချက်ကို ကျွန်မယုံတယ်။ ဒါဟာ သူကိုယ်တိုင်စိစစ်ရွေးချယ်ထားတဲ့ ကျွန်းသခင်သစ်ပဲလေ။ အခုအားနည်းနေတော့ရော ဘာအရေးလဲ? လူတွေဆိုတာ အစဥ်အမြဲ တိုးတက်ကြီးထွားနေတာပဲမဟုတ်လား? ကျွန်မတို့ တာဝန်က လိုအပ်တဲ့အချိန်မှာ သူ့ကို ကူညီပေးဖို့ပဲ။ ကျွန်းသခင်လျိုကို ပေးခဲ့တဲ့ကတိဆိုလည်း မမှားဘူး"
မြည်းငယ်လေးက နားရွက်များ ကျုံ့ကာ သက်ပြင်းချလိုက်သည်။ “ဒီကျေးဇူးတရားကလည်း ပြီးအောင်ဆပ်ဖို့ရာ ခက်ခဲလိုက်တာ။ မြည်းသခင်က ခြံဝင်းထဲမှာ အမြဲတမ်း မနေချင်ဘူး။ အပြင်လောကကို တကယ် မြင်တွေ့ချင်တယ်။ ထောင်ပေါင်းများစွာသော လောကများစွာကို လှည့်လည်ခရီးထွက်ချင်တယ်၊ ပြီးတော့ မြည်းမလေးတွေနဲ့လည်း ဆုံတွေ့ချင်သေးတယ်လေ"
“ကတော် ကတော် ကတော်~!”
ကြက်မအိုကြီးက တောင်ပံတဖျတ်ဖျတ်ခတ်ကာ မဲ့ရွဲ့ပြောလိုက်သည်။ “မြည်းစုတ်ကများ၊ အပြစ်မဲ့တဲ့ မိန်းကလေးတွေကို သွားနှောင့်ယှက်ဖို့ မစဥ်းစားနဲ့။ ကျွန်းသခင်လျိုသာ အဲဒီတုန်းက မင်းကို မကာကွယ်ပေးခဲ့ဘူးဆိုရင် အဲဒီ မသေမျိုးပုဂ္ဂိုလ်အဆင့် သတ္တဝါတွေကြားမှာ မင်းသေသွားတာ ကြာလှလောက်ရောပေါ့။ ဒီအချိန်ဆို အရိုးတောင်ကျန်တော့မယ်မထင်ဘူး"
“အဖွား၊ အဲ့ကောင်အကြောင်းကို ကျွန်တော် ကောင်းကောင်းမှတ်မိသေးတယ်။ မြေကြီးပေါ် ဒူးထောက်၊ အမြီးကိုနန့်ပြီး ကျွန်းသခင်လျိုကို တောင်းပန်နေခဲ့တာ၊ မသေမျိုးကျွန်းထဲကို ဝင်ခွင့်ရဖို့အတွက်နဲ့လေ။ ဝင်ခွင့်လည်းပေးလိုက်ရော ကျေးဇူးတင်လွန်းလို့ မျက်ရည်တွေကျပြီး ထိုင်ရှိခိုးတော့တာပဲ!”
ထိုစကားကိုကြားသော်။
မြည်းငယ်လေး၏ မျက်လုံးများ ဒေါသဖြင့် ပြူးကျယ်သွားသည်။ သူ လုံးဝပြန်သတိမရချင်သော မှောင်မိုက်လှသည့် အတိတ်ဖြစ်ရပ်များပင်။ အခု ကြက်မအိုကြီးတို့အဖွဲ့က တက်ညီလက်ညီ ပြန်လည်ဖော်ထုတ်နေကြသောအခါ ဒေါသတကြီးဖြင့် ခေါင်းမှ အငွေ့ထောင်းထောင်းပင်ထမတတ် ပူလောင်လာသည်။
“မင်းနဲ့ မင်းရဲ့ အမျိုးအနွယ်တွေကရော ဘာတွေ ဂုဏ်ယူစရာကောင်းနေလို့လဲ? အဲဒီတုန်းက မင်းတို့ တစ်မျိုးလုံး တိုက်ပွဲမှာ ရှုံးနိမ့်ပြီး ဖီးနစ်မျိုးနွယ်ကနေ ထွက်ပြေးခဲ့ရတယ်လေ။ ထွက်ပြေးရင်းနဲ့ တချို့က သေကြ၊ တချို့က ဒဏ်ရာရကြ၊ ခွေးနေရာမရဆိုတာ မင်းတို့မှအစစ်။”
“ကျွန်းသခင်လျိုသာ မင်းတို့ကို သနားကြင်နာပြီး လက်ခံမထားခဲ့ရင် ဟိုးရှေးရှေးကတည်းက အရသာရှိတဲ့ ဟင်းပွဲတွေဘဝရောက်ပြီး မသေမျိုးဧကရာဇ်တွေ ပွဲတော်တည်တာ ခံလိုက်ရမှာပဲနော်!”
မြည်းငယ်လေးက အရှုံးမခံစွာ ပြန်ပက်လာ၏။
ရန်စကားကို ပြန်ကြားလိုက်ရသောအခါ ကြက်မအိုကြီးသည် ဒေါသဖြင့် တုန်ယင်လျက် နှစ်လှမ်းနောက်ဆုတ်သွားသော်ငြား အားမလျှော့စွာ ပြန်ပြောလာသည်။ “ဒါကြောင့်မို့လို့၊ ငါတို့ဖီးနစ်တစ်မျိုးလုံး ကျွန်းသခင်လျိုကို အရမ်းကျေးဇူးတင်တယ်။ မင်းလို ညည်းညူနေတဲ့အမှိုက်ကောင်မျိုး ငါတို့အမျိုးထဲမှာမပါဘူး!”
“ဟီးဟော်၊ မြည်းသခင်ဘဝက ညည်းညူလို့တောင် မရတော့ဘူးလား?!” မြည်းငယ်လေးက ဒေါသတကြီး ပြန်ပြောလေသည်။
“တော်ပြီ!”
ကြည်လင်ပြတ်သားသော အသံတစ်သံထွက်ပေါ်လာသည်။
မိုးမခပင်ကိုယ်တိုင် ဝင်ဟန့်လာမှသာ ကြက်မအိုကြီးနှင့် မြည်းငယ်လေးတို့လည်း နောက်ဆုံးတွင် တိတ်ဆိတ်သွားကြတော့၏။
မိုးမခပင်က အေးစက်စွာ ပြောလိုက်သည်။ “ဒီခြံဝင်းကို ရောက်လာတဲ့ ဘယ်သတ္တဝါမှာမဆို နောက်ကြောင်းဇာတ်လမ်းတွေ ပါလာပြီးသားပဲ။ ဘာလို့အဲ့ဒါတွေကို တစ်ဦးနဲ့တစ်ဦးတိုက်ခိုက်ဖို့ အသုံးပြုနေတာလဲ"
“ကျွန်မတို့က နေ့အလင်းကို မြင်နိုင်ပါသေးတယ်။ တစ်ချို့ဆိုရင် အတိတ်ကအမှားအယွင်းတွေကြောင့် အမှောင်ထဲမှာ ထာဝရအပိတ်ခံထားခဲ့ရတာလေ"
“သူနဲ့ နှိုင်းယှဉ်ရင် ကျွန်မတို့က ကံကောင်းတာပဲ!”
သူမ ပြောနေစဉ်။
အခြားသတ္တဝါများသည် ကြိုတင်ညှိနှိုင်းထားခြင်းမရှိပါဘဲ ခြောက်သွေ့သော ရေတွင်းဘက်သို့ တပြိုင်တည်း လှည့်ကြည့်လိုက်ကြသည်။
တောက်၊ တောက်၊ တောက်၊
မြည်းငယ်လေးသည် ခွာသံတတောက်တောက်ဖြင့် လျှောက်သွားပြီး ခေါင်းကို ရေတွင်းထဲသို့ ထိုးကြည့်လိုက်သည်။ ရေတွင်းအောက်ခြေတွင် မှောင်မိုက်နေပြီး ဗလာကျင်းသော လေဟာနယ်ဖြင့်သာ ပြည့်နှက်လျက်။
သူက ခပ်လှောင်လှောင်ပြောလိုက်သည်။ “ဒီကောင့်ဘဝကလည်း ဆိုးလိုက်တာ။ နှစ်ပေါင်းများစွာ ကြာသွားပြီ၊ သူအထဲမှာ ဘယ်လိုများနေနေလဲ မသိဘူး။”
“ဆိုးလိုက်တာတဲ့လား? အဲ့ကောင် အဲဒီတုန်းက လုပ်ခဲ့သမျှကို ပြန်တွေးကြည့်ရင် ကျွန်းသခင်က အသေမသတ်တာတောင် ကံကောင်းတယ်လို့ဆိုရမယ်!” ကြက်မအိုကြီးက ဒေါသတကြီး ပြောလိုက်သည်။
“ဒါကြောင့်မို့လို့၊ လက်ရှိဘဝကို ကျေနပ်ရောင့်ရဲကြပါ။ ကျင့်ကြံဆင့်တွေကိုလည်း ကောင်းကောင်း ပြန်လည်ထူထောင်ကြပါ။ နောက်ပိုင်းမှာ ရင်ဆိုင်ရမယ့် ရန်သူတွေက တကယ်ကို အင်အားကြီးမားလိမ့်မယ်” မိုးမခပင်က လေးနက်စွာ ပြောလာသည်။
“ဟုတ်ကဲ့၊ မစ္စလျို။” အားလုံး တညီတည်း ခေါင်းငြိမ့်လိုက်ကြသည်။
ခြံဝင်းအတွင်းတွင် တိတ်ဆိတ်အေးချမ်းမှု ပြန်လည်ရောက်ရှိလာခဲ့ပါသည်။