အခန်း (၃၂၅)
Vol. 24 Ch. 325
ချင်းကျိုးပြည်နယ်။
ယွီဟွားဂိုဏ်း။
ခမ်းနားထည်ဝါသော ဝတ်ရုံထည်အား ဝတ်ဆင်ထားသည့် သြဇာအာဏာကြီးမားဟန် သက်လတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးသည် အမြင့်ဆုံးအဆောင်တော်တစ်ခု၏ လသာဆောင်တွင်ရပ်ကာ လက်များကိုနောက်ပစ်ထားလျက် ခမ်းနားသော ရှုခင်းကို ကြည့်ရင်း သက်ပြင်းချလိုက်သည်။ "အိမ်း၊ အချိန်က လူကိုမစောင့်ဘူးဆိုတာ အမှန်ပဲ"
“ဂိုဏ်းချုပ်၊ မရဏချောက်နက်ကနေ ဘာသတင်းရလဲ?” သူ့နောက်မှ အကြီးအကဲလျိုက မေးလိုက်သည်။
ယဲ့ကျွင်းလင်၏ မသေမျိုးအရှင်ကျင့်ကြံဆင့် ဖော်ထုတ်ခံရပြီးကတည်းက ပြင်ပတွင် အတင်းအဖျင်း ကောလဟလလှိုင်းများ ပြင်းထန်စွာရိုက်ခတ်ခဲ့ပြီး ထိုဂယက်တွင် ယွီဟွားဂိုဏ်းပင် ပါဝင်ပတ်သက်ခဲ့သည်။
အရှေ့ပိုင်းစီရင်စုရှိ ကျင့်ကြံသူအားလုံးသည် ယွီဟွားဂိုဏ်းနှင့် ရွှယ်ထျန်းဂိုဏ်းတို့၏ ရန်ငြှိုးရန်စအား အစအဆုံး သိရှိထားကြသည်ပင်။ ပိုရှင်းရှင်းပြောရရင် ယဲ့ကျွင်းလင်နဲ့ သူတို့ကြားက ရန်ငြှိုးရန်စပါပဲ။
ထိုသူ၏ ဂုဏ်သတင်း အထွဋ်အထိပ်သို့ ရောက်ရှိလာသည်နှင့်အမျှ ယခင်က သူနှင့် ပဋိပက္ခကြီးစွာ ဖြစ်ပွားခဲ့သော ယွီဟွားဂိုဏ်းသည်လည်း လူတကာ၏ပါးစပ်ဖျားတွင် မပါမဖြစ်နာမည်တစ်ခု ဖြစ်လာပြန်တော့၏။
ယဲ့ကျွင်းလင်၏ အစွမ်းအစများ ပိုမို ကြောက်မက်ဖွယ်ကောင်းလာလေလေ၊ ယွီဟွားဂိုဏ်း၏ အရင်ကလုပ်ရပ်များ မည်မျှမိုက်မဲတုံးအခဲ့သည်ကို ပိုမို သိသာထင်ရှားစေလေလေဖြစ်သည်။
ဘာကြောင့်များ ယွီဟွားဂိုဏ်းက အဲ့လူကို ဒေါသသွားဆွခဲ့ရတာလဲ? မသေမျိုးအရှင်အဖြစ်ကို ရောက်ရှိပြီးသား အဲ့လို ရှေးဟောင်းမြေခွေးအိုကြီးတစ်ကောင်ကိုတောင် သူတို့ ရန်သွားစရဲသေးတယ်? တကယ်တော့ သူတို့လည်း အစအဆုံးလှည့်စားခံခဲ့ရတာပါပဲ။ ဘယ်လောက်တောင် ရှက်စရာကောင်းလိုက်သလဲနော်? ကိုယ့်အဆင့်ကိုယ်မသိဘဲ ခြေရာသွားတိုင်းချင်ကြတာလေ။
(မြေခွေးအိုကြီးဆိုတာ ဉာဏ်များတဲ့အဘိုးကြီးလို့ ဆိုလိုတာပါ)
ယွီဟွားဂိုဏ်းသည် အရည်အချင်းရော ဂုဏ်သရေပါ ကျဆင်းနေပြီး အရှေ့ပိုင်းစီရင်စု၏ နံပါတစ် ကျင့်ကြံရေးအထွဋ်အမြတ်နေရာဟု ခေါ်ဆိုရန် အရည်အသွေးမပြည့်မီတော့ကြောင်း၊ ဤရာထူးကို ရွှယ်ထျန်းဂိုဏ်းသို့ ပေးအပ်သင့်ကြောင်းပင် အများက ပြောဆိုငြင်းခုန်ခဲ့ကြသေး၏။
ယွီဟွားဂိုဏ်းကား အတော်လေး နာမည်ပျက်လှလေပြီ။
ယွီဟွားဂိုဏ်း ဂိုဏ်းချုပ်က လေးနက်သော အသံဖြင့် ပြောလိုက်သည်။ “နတ်ဘုရားသံတမန်၏ တောင်းဆိုချက်အရ ကျုပ်တို့ စစ်ကြေညာအမိန့် ထုတ်ပြန်ရမယ်၊ အရှေ့ပိုင်းစီရင်စု ပြည်နယ်ဆယ့်လေးခု က အင်အားကြီးမားတဲ့ ကျင့်ကြံသူတွေအားလုံးကို စုစည်းပြီး မရဏချောက်နက်ကို တိုက်ခိုက်ဖို့ ကြီးမားတဲ့ ကျင့်ကြံသူ မဟာမိတ်တပ်ဖွဲ့ကြီးတစ်ခု တရားဝင် ဖွဲ့စည်းရမယ်။”
“အာ… ဒီဟာက…”
အကြီးအကဲလျို၏ မှိုင်းမှိန်မှိန် မျက်လုံးများ ပြူးကျယ်သွားပြီး အတော်လေး အံ့သြသွားဟန်ရှိသည်။
ဒါ ဘယ်လို ထူးဆန်းတဲ့ တောင်းဆိုမှုမျိုးလဲ?
သူတို့တွေ အသက်ရှင်ရတာ ငြီးငွေ့နေပြီလား?
“ဒီအချိန်မှာ ကျွန်တော်တို့က နှိမ့်ချကွယ်ဝှက်နေသင့်တာ မဟုတ်ဘူးလား? ဘာလို့ သူက သေဖို့အတွက် အဲ့လောက်အလျင်လိုနေတာလဲ? ကြယ်တံခါး အစီအစဉ်ကို ဒီလောက်အစောကြီး စွန့်လွှတ်တော့မလို့များလား?”
အကြီးအကဲလျိုသည် ပုံမှန်မဟုတ်သော တောင်းဆိုမှုကြောင့် ခေါင်းရှုပ်သွားရ၏။
လက်ရှိ မရဏချောက်နက်သည် အရှေ့ပိုင်းစီရင်စုကို စတင်တိုက်ခိုက်စဉ်ကလို ပြင်းထန်ပြီး အချိုးကျသော ဖွဲ့စည်းမှုမျိုး မရှိတော့ပါ။ နာကျင်ဖွယ်ရာ ရှုံးနိမ့်မှုများကို ဆက်တိုက်ခံစားရပြီးနောက် စိတ်ဓာတ်ရေးရာများမှာလည်း အင်မတန်ထိုးကျလျက်ရှိကာ ကျန်ရှိသမျှ စစ်တပ်များပင် အနိုင်နိုင်အသက်ဆက်နေရသည်အထိ။
ဆောင်းဦးရာသီအရောက်တွင် ပိုးကောင်တို့ မမြူးကြွနိုင်တော့သကဲ့သို့။
ထိုအချိန်တွင် သူတို့ခိုအောင်းရာ မြက်ခြောက်တောထဲ မီးစသွားပစ်လိုက်ပါက..
“အကြီးအကဲလျို၊ ခင်ဗျား ဘာပြောချင်လဲဆိုတာ ကျုပ်သိတယ်။ ယဲ့ကျွင်းလင်က မရဏချောက်နက်ဘုရင်အုပ်စုကို လူသိရှင်ကြား သတ်ပြီးကတည်းက လူသားမျိုးနွယ်ကျင့်ကြံသူတွေရဲ့ စိတ်ဓာတ်တွေ အများကြီး မြင့်တက်လာတယ်လေ။ ဒီကာလအတွင်းမှာ သူတို့က ကြီးမားတဲ့ တန်ပြန်တိုက်ခိုက်မှုတွေကိုတောင် စတင်နိုင်ခဲ့တယ်။ နေရာအနှံ့အပြားမှာ တပ်စွဲထားတဲ့ မရဏချောက်နက်တပ်တွေဟာလည်း တိုက်ပွဲစစချင်းမှာကို ပြိုလဲကုန်ကြပြီး အရင်က သိမ်းပိုက်ထားနိုင်ခဲ့တဲ့ နယ်မြေတွေကအစ ပြန်လည်သိမ်းယူခံနေရတဲ့ အခြေအနေပေါ့"
“အခြေအနေ ဒီအဆင့်ထိ ရောက်လာပြီဆိုမှတော့ ကြယ်တံခါးစီမံကိန်းက လုံးဝကျရှုံးသွားပြီလို့ ပြောလို့ရတယ်။”
ယွီဟွားဂိုဏ်း ဂိုဏ်းချုပ်သည် အံတင်းတင်းကြိတ်ကာ ဒေါသကလှိုက်တက်လာတော့၏။
သူကိုယ်တိုင်ပင် အခြေအနေများ ဒီလောက်မြန်မြန်ကြီး ထိန်းမနိုင်သိမ်းမရ ဖြစ်သွားပြီး အောင်ပွဲလမ်းမှ လုံးဝကြီးသွေဖယ်သွားလိမ့်မည်ဟု ထင်မထားခဲ့ပေ။
ယဲ့ကျွင်းလင်! ဒါတွေအားလုံး ယဲ့ကျွင်းလင် ကြောင့်ပဲ!!
ဘာလို့ ဒီလိုစွမ်းအားရှင်တစ်ယောက်က ကောက်ခါငင်ခါ ထပေါ်လာရတာလဲ?!
ထိုသတင်းကို ကြားခါစက ဘိုးဘေးကြီးငါးဦးပင် ထိန်းမရအောင်တုန်လှုပ်သွားခဲ့သည်အား သူမှတ်မိနေသေးသည်။
အထူးသဖြင့် ဘိုးဘေးကြီးထျန်းဟုန်မှာ မယုံနိုင်လောက်အောင် အံ့သြထိတ်လန့်နေခဲ့ခြင်းပင်။
ထိုယဲ့ကျွင်းလင်ဆိုသူမှာ ဟိုးအရင်ခေတ်တစ်ချိန်ကတည်းက အသက်ရှင်ကျန်ရစ်ခဲ့သော လူအိုကြီးတစ်ယောက်ဖြစ်လောက်မည်ဟု သူကထင်ကြေးပေးခဲ့၏။ အဘယ့်ကြောင့်ဆိုသော် သူရှင်သန်နေထိုင်ခဲ့သော ရှည်လျားထွေပြားလှသည့် ကာလပတ်လုံး အရှေ့ပိုင်းစီရင်စုတွင် ယဲ့မျိုးရိုး မသေမျိုးအရှင်ကို တစ်ကြိမ်တစ်ခါသော်မှ မကြားဖူးသောကြောင့်ပင်။
သို့ပေသည့် အခြေအနေက ဤမျှဆိုးရွားနေချိန်တွင် ထိုအကြောင်းကို စဥ်းစားနေဖို့ အချိန်မရှိပေ။
ဘာပဲဖြစ်ဖြစ် မသေမျိုးအရှင် လက်အောက်မှာ အားလုံးက ပုရွက်ဆိတ်တွေပဲလေ!
မသေမျိုးအရှင်ဆိုသည်မှာ စစ်တုရင်ကစားပွဲမှ ကစားသမားတစ်ဦးသာဖြစ်ပြီး သူတို့အားလုံးသည် ထားရာနေစေရာသွားရမည့် နယ်ရုပ်များသက်သက်သာ။
ထို့ကြောင့် သူတို့ယွီဟွားဂိုဏ်းအနေဖြင့် နောက်ထပ်လှည့်ကွက်တစ်ခုလောက် ထပ်သုံးချင်သေးသည် ဆိုလျှင်တောင် အတော်လေးသတိထားရဦးမည်သာ။
“ဒါဆို နတ်ဘုရားသံတမန်က ဘာလို့အဲ့လိုလုပ်ခိုင်းတာလဲခင်ဗျာ?” အကြီးအကဲလျိုက မသေချာမရေရာမှုများဖြင့် မေးလာသည်။
အစီအစဥ်က မျှော်လင့်ချက်မရှိတော့လို့ ယွီဟွားဂိုဏ်းကို အချိန်မီကိုယ်လွတ်ရုန်းစေချင်တာလား?
ဒါကြီးက နည်းနည်းတော့ ကြီးကျယ်လွန်းတယ်…
ယွီဟွားဂိုဏ်း ဂိုဏ်းချုပ်က လက်ကိုဝှေ့ယမ်းလိုက်သည်။ “ခင်ဗျား ဘာတွေးနေလဲဆိုတာ ကျုပ်သိတယ်။ အစတုန်းက ကျုပ်လည်း အလွန်ထူးဆန်းတယ်လို့ တွေးမိတာပဲ။ နတ်ဘုရားသံတမန်က လက်တုံ့ပြန်ခံရမှာကြောက်လို့များ အရေခွံပြောင်းခြုံပြီး ပုန်းအောင်းနေချင်တာလားလို့ တွေးမိသေးတယ်"
“ဒါပေမယ့် သူက မရဏချောက်နက်မှာ လျှို့ဝှက်ချက်တစ်ခု ရှိကြောင်း ကျုပ်ကို ပြောပြခဲ့တယ်။ အရှေ့ပိုင်းစီရင်စုက အင်အားကြီးမားတဲ့ ကျင့်ကြံသူတွေကို အဲဒီမှာ တစ်စုတစ်စည်းတည်း ဆွဲဆောင်နိုင်ရင် သူတို့အားလုံးကို ထောင်ချောက်ဆင်ပြီး သတ်ပစ်နိုင်မယ်လို့ သူ ယုံကြည်တယ်တဲ့။ ယဲ့ကျွင်းလင် လို မသေမျိုးအရှင်တစ်ပါးတောင် ချက်ချင်း ဖျက်ဆီးခံရလိမ့်မယ်တဲ့!”
“ဘာကြီး?!”
အကြီးအကဲလျို၏ မျက်လုံးများ ပြူးကျယ်သွားပြီး နှလုံးခုန်နှုန်းပင် ရပ်လုနီးပါး ဖြစ်သွားသည်။
ဒီသတင်းက အရမ်းကို တုန်လှုပ်စရာပဲ!
“ဟဲဟဲ၊ ကြောက်သွားပြီလား? ကျုပ်လည်း အဲဒီတုန်းက အတော်လန့်သွားသေးတာလေ။” ယွီဟွားဂိုဏ်း ဂိုဏ်းချုပ်က ခပ်ပြုံးပြုံးဆိုလာသည်။
“ဂိုဏ်းချုပ်၊ ဒီအစီအစဉ် အောင်မြင်ရင်တော့ အရှေ့ပိုင်းစီရင်စုတစ်ခုလုံးမှာ ကျွန်တော်တို့ကို ခုခံနိုင်တဲ့ အင်အားစုမရှိတော့ဘူး။ ဒီအတိုင်းဆို မင်းမဲ့တိုင်းပြည်လို အခြေအနေနဲ့ ရင်ဆိုင်ရလိမ့်မယ်။ အဲဒီနောက်ပိုင်း ကျွန်တော်တို့ ယွီဟွားဂိုဏ်းတစ်ခုတည်းကသာ လွှမ်းမိုးနိုင်တဲ့ အင်အားစုကြီး ဖြစ်လာပြီး ဘာမှထပ်ပူစရာ လိုတော့မယ်မထင်ဘူး!” အကြီးအကဲလျိုက အရူးအမူးပျော်ရွှင်မြူးထူးစွာဖြင့် တုံ့ပြန်လာသည်။
“မှန်တယ်”
ယွီဟွားဂိုဏ်း ဂိုဏ်းချုပ် ခေါင်းငြိမ့်လိုက်ရင်း သူ၏မျက်နှာတွင် ရက်စက်ကြမ်းကြုတ်သော အမူအရာ ပေါ်လာသည်။ “ပြင်ပအင်အားစုတွေက တကယ်ကို လျှို့ဝှက်လက်နက်တွေ တစ်ခုပြီးတစ်ခုရှိနေကြတာပဲ။ ကျုပ်တို့ ယွီဟွားဂိုဏ်း ရွေးချယ်မှုမမှားခဲ့ဘူး။ ဆိုရိုးစကားရှိတယ်လေ။ ပညာရှိဆိုတာ အခြေကို ဝေဖန်ဆန်းစစ်နိုင်ရသတဲ့။ တစ်လောကလုံး ယဲ့ကျွင်းလင်မှ ယဲ့ကျွင်းလင်ဆိုပြီး တစ်ဖက်ပိတ်ကိုးကွယ်နေကြမှတော့ သေဖို့ထိုက်တန်တာပေါ့"
ဤတစ်ပွဲတွင် ယွီဟွားဂိုဏ်းအတွက် နောက်ဆုတ်စရာမရှိ။ မတော်တဆ ရှုံးနိမ့်ပြီး သူတို့၏ လျှို့ဝှက်ပူးပေါင်းမှု ပေါ်ပေါက်သွားပါက အမြစ်ပြတ် ရှင်းလင်းဖျက်ဆီးခံရမည် မလွဲပေ။ သို့သော် အောင်မြင်ပါက စစ်မှန်သော မသေမျိုးဂိုဏ်းအဖြစ်သို့ ပြောင်းလဲသွားမည်ဖြစ်ပြီး အဆုံးမရှိသော စည်းစိမ်အာဏာတို့ကို ရရှိခံစားရမည်ဖြစ်ကာ သူတို့၏ တာအို လမ်းစဉ်သည် ထာဝစဥ် တည်တံ့ပြီး ဘယ်သောအခါမှ ပျက်စီးတော့မည်မဟုတ်ပေ!
ဒီတစ်ခါတော့ အောင်ပွဲဆီသွားဖို့ တစ်လမ်းပဲရှိတော့တယ်!