ပရော်ဖက်ရှင်နယ်တွေ
Vol. 24 Ch. 326
မကြာမီတွင် ယွီဟွားဂိုဏ်းမှ တုန်လှုပ်စရာ ကြေညာချက်တစ်ခု ထွက်ပေါ်လာသည်။
“တာအိုမိတ်ဆွေတို့၊ ကျွန်ုပ်တို့၏ ယွီဟွားဂိုဏ်းသည် သတ္တဝါအားလုံး၏ ဆင်းရဲဒုက္ခကို သနားကြင်နာသောအားဖြင့် မရဏချောက်နက်ကို ကျူးကျော်သိမ်းပိုက်ရန် ကြီးမားသောတပ်ဖွဲ့တစ်ခု စုစည်းနေပါသည်။ ကမ္ဘာလောကကြီးအတွက် ထာဝရငြိမ်းချမ်းမှုကို ယူဆောင်လာရန်နှင့် နောင်လာမည့်ဘေးများကို ပယ်ရှားရန် ဖြစ်ပါသည်!!!”
ဤအားကောင်းသော ကြေညာချက် ထုတ်ပြန်ပြီးကိုနောက် ၎င်းသည် အရှေ့ပိုင်းဒေသ ပြည်နယ်ဆယ့်လေးခု တစ်လျှောက် မုန်တိုင်းတစ်ခုကဲ့သို့ ပျံ့နှံ့သွားပြီး နေရာတိုင်းတွင် လှုပ်လှုပ်ခတ်ခတ် ဖြစ်စေခဲ့လေသည်။
ချက်ချင်းပင် ဆွေးနွေးမှုများ ဒီရေကဲ့သို့ မြင့်တက်ပြင်းထန်လာသည်။
“ဘုရား ဘုရား၊ ယွီဟွားဂိုဏ်းဟာ အရှေ့ပိုင်းစီရင်စုရဲ့ ဆယ်ပါးသော မသေမျိုးဂိုဏ်းကြီးများရဲ့ ခေါင်းဆောင်အဖြစ် ဂုဏ်သတင်းနှင့်အညီ သတ္တိဗျတ္တိကတော့ အံ့မခန်းပါပဲ။ သူတို့က မရဏချောက်နက်ရဲ့ ဘေးအန္တရာယ်ကို အပြီးအပိုင် ဖယ်ရှားဖို့ တကယ်ကို ဆုံးဖြတ်ထားကြတာ!”
“ဒီခမ်းနားတဲ့ စစ်ဆင်ရေးကြီးကို အကောင်အထည်ဖော်နိုင်မယ်ဆိုရင်တော့ ကြီးမားတဲ့ အောင်မြင်မှုတစ်ခု ဖြစ်လာမှာ သေချာတယ်!”
“ယွီဟွားဂိုဏ်းက အံ့ဩစရာပဲ၊ အတော်လေး ဦးစီးဦးဆောင်လိုစိတ်ရှိတယ်။”
…
ကြေညာချက်ထွက်လာသည်နှင့်အမျှ ယွီဟွားဂိုဏ်း၏ဂုဏ်သတင်းလည်း တစ်ဖန်ပြန်လည်မြင့်တက်လာလေသည်။
ယခင်က ရှိခဲ့ဖူးသော ပြက်လုံးများနှင့် သံသယများအားလုံးလည်း တမုဟုတ်ချင်း ပျောက်ကွယ်လွင့်ပြယ်သွားရပြီး လူအများ၏ ယုံကြည်မှုနှင့် အထင်အမြင်ကောင်းကို တစ်ဖန်ပြန်ရှိခဲ့လေသည်။
ပင်းကျိုးပြည်နယ်၊ နဂါးဖီးနစ် စားသောက်ဆိုင်
ထိုပြည်နယ်တွင် အရာအားလုံးက ဈေးကြီးကာ ပါဝင်ပစ္စည်းများလည်း ရှားပါးလှသဖြင့် အဆင့်နိမ့်ကျင့်ကြံသူများမှာ စားသောက်ဆိုင်များတွင် ထိုင်စားဖို့ရာ မတတ်နိုင်ကြ။
ဧည့်သည်များအားလုံး စားသောက်နေကြရင်း နောက်ဆုံးပေါ် ထိပ်တန်းသတင်းများကို အုပ်စုဖွဲ့ပြောဆိုနေခဲ့ကြသည်။
“ကြားပြီးပြီလား? ယွီဟွားဂိုဏ်းချုပ်က ဂိုဏ်းတစ်ခုလုံးရဲ့ အင်အားကိုသုံးပြီး မရဏချောက်နက်ကို ကိုယ်တိုင် တိုက်ခိုက်တော့မယ်တဲ့!”
“အမလေးတော်၊ အခုအချိန် အဲ့သတင်းကို မသိတဲ့သူ ဘယ်သူရှိမလဲ? ဒီသတင်းက ကျင့်ကြံသူလောက နေ့စဥ်သတင်းစာမျက်နှာဖုံးမှာ ရက်ပေါင်းများစွာ ဆက်တိုက် ပါလာတာလေ!”
“အဲဒီ မုန်းစရာကောင်းတဲ့ မရဏချောက်နက်သားတွေ ဒီတစ်ခါတော့ အဆုံးသတ်တော့မှာ သေချာတယ်။ အဆုံးသတ်ဖို့လည်း ထိုက်တန်ပါတယ်။ စဉ်းစားမိရုံနဲ့ကို အားရစရာကောင်းနေပြီ!”
“သူတို့ လုံးဝပြိုလဲပြီး မရဏချောက်နက်ထဲကို ပြန်ဆုတ်ခွာသွားပြီဆိုပေမယ့် အဲ့နေရာက တိုက်စစ်ထိုးဖို့တော့ အတော်လေးခက်ခဲမယ့်နေရာပဲနော်။ အတွင်းမှာ ဘယ်လို အန္တရာယ်တွေ ဝှက်ထားလဲ ဘယ်သူသိနိုင်မလဲ?”
“မှန်တယ်။ ဘာပဲဖြစ်ဖြစ် မရဏချောက်နက်ဆိုတာ အချိန်အကြာကြီး တည်ရှိလာခဲ့တာ။ လူသားမျိုးနွယ်ရဲ့ ရှေးဟောင်းစွမ်းအားရှင်တွေကို သူတို့ကို ချောက်ထဲထိမောင်းထုတ်နိုင်ခဲ့ပေမယ့် အပြီးတိုင်မနှိမ်နင်းခဲ့ဘူးဆိုကတည်းက ဘယ်လောက်တောင် ခက်ခဲလိုက်လို့ဖြစ်မလဲ"
လူတိုင်း၏ ဆွေးနွေးမှုသည် ယွီဟွားဂိုဏ်း၏ စစ်ဆင်ရေးကြေညာချက် အကြောင်းသာပင်။
အကယ်၍ အရှေ့ပိုင်းစီရင်စုတွင် ထိပ်တန်းရှာဖွေမှုစာရင်းဟု ခေါ်သော နည်းပညာတစ်ခုရှိခဲ့ပါက ဤအဖြစ်အပျက်သည် ထိပ်ဆုံးနေရာတွင် သေချာပေါက် ရှိနေမည်ဖြစ်သည်။
ဆွေးနွေးမှုများမှ လူတိုင်း၏ တညီတည်း ထောက်ခံသော သဘောထားကိုလည်း မြင်တွေ့နိုင်သည်။
ဒုန်း!
ရုတ်တရက် ကိုယ်လုံးကိုယ်ထည်ကြီးမားပြီး ကျောတွင် ဓားရှည်ကြီးတစ်ခု လွယ်ထားသော အရပ်ရှည်ရှည် လူတစ်ဦးသည် စားပွဲကို ပြင်းပြင်းထန်ထန် ရိုက်ချလိုက်ပြီး ရုတ်တရက် မတ်တပ်ရပ်ကာ အသံကျယ်ကျယ်ဖြင့် အော်ပြောလိုက်သည်။
“တာအိုမိတ်ဆွေတို့၊ ယွီဟွားဂိုဏ်းက ဒီလို ကိုယ်ကျိုးစွန့်စိတ်ဓာတ်မျိုး ရှိနေတာ၊ ကျွန်တော်တို့လည်း တစ်ခုခု လုပ်ပေးသင့်တယ် မဟုတ်ဘူးလား?!”
သူ့အသံမှာ အလွန်ကျယ်လောင်ပြီး ထို ခေတ်စားနေသော သတင်းခေါင်းစဉ်နှင့် ပေါင်းစပ်လိုက်သောအခါ ဆူညံနေသော စားသောက်ဆိုင်တစ်ခုလုံး ချက်ချင်း တိတ်ကျသွားသည်။
လူတိုင်း၏အမူအရာမှာ အံ့သြတကြီးဖြစ်သွားကြဟန်ပင်။
တစ်ချိန်တည်းမှာပင် ရာနှင့်ချီသော နတ်ဘုရားအာရုံများ ထိုသူ့အပေါ် တပြိုင်တည်း စူးစိုက်ကျရောက်လာကြသော်လည်း သူကတော့ ကြောက်ရွံ့ခြင်းမရှိဘဲ တောင့်တောင့်မတ်မတ် ဆက်ရပ်နေသည်။
“အစ်ကိုကြီးက ဘာကိုပြောချင်တာလဲ?”
လူအုပ်ထဲမှ မျောက်နှင့်တူသော ပိန်ခြောက်ခြောက် လူတစ်ဦးသည် မတ်တပ်ထရပ်ကာ လက်သီးဆုပ်အရိုအသေပြုပြီး တလေးတစား အမေးရှိလာ၏။
ထိုအရပ်ရှည်ရှည်လူ၏ မျက်လုံးများက တည်ကြည်ရှင်းလင်းပြီး မျက်ခုံးများတွင် ဖြောင့်မတ်ခြင်း အပြည့်ရှိကာ လေးနက်သောအသံဖြင့် ပြောလိုက်သည်။ “အခု မရဏချောက်နက်က အားအပျော့ဆုံး အခြေအနေမှာ ရှိနေတာ၊ ကျုပ်တို့အားလုံး ဒီအခွင့်အရေးကို အရယူပြီး ယွီဟွားဂိုဏ်း နောက်ကနေ မရဏချောက်နက်ထဲထိ ရန်သူကို အလုံးအရင်း ဝင်သတ်ပေးကြရမှာပေါ့"
“ဒါက…” ပိန်ခြောက်ခြောက်လူလည်း စဥ်စားခန်းဝင်သွားဟန်ရှိ၏။
ပတ်ဝန်းကျင်မှ လူအုပ်ကြီးသည် တစ်ယောက်ကိုတစ်ယောက် လှည့်ကြည့်ပြီး အနည်းငယ် စိုးရိမ်နေကြသည်။
ယွီဟွားဂိုဏ်း၏ စစ်ကြေညာချက်နှင့် ပတ်သက်ပြီး ကျင့်ကြံသူ အများစုကတော့ ပွဲကြည့်ချင်ရုံသက်သက်သာပင်။ ကိုယ်တိုင်ဝင်ပါပြီး သတ်ဖြတ်နှိမ်နင်းခံရမည့် အဖြစ်မျိုးကို မည်သူမှ မလိုလားကြပါ။
မရဏချောက်နက်တပ်ဖွဲ့လည်း အကြီးအကျယ်အရေးနိမ့်ပြီး ပြန်ဆုတ်သွားရပြီဖြစ်တာကြောင့် နောက်ကျူးကျော်မှုတစ်ခုကိုစဖို့ နှစ်ပေါင်းထောင်ချီ ထပ်မံပြင်ဆင်ရပေဦးမည်။
ယခု ခွင်းလွင်၏ရွှေခေတ်လည်း တစ်ဖန်ပြန်ရောက်လာပြီဖြစ်သောကြောင့် ဤသို့ ကောင်းချီးပေးခံကာလမျိုးတွင် မည်သူမျှ မစွန့်စားလိုကြပေ။
အသက်ပေးဖို့ တန်သည်ဟု မခံစားရချေ။
စားသောက်ဆိုင်ထဲမှ ဧည့်သည်အားလုံးက ထိုသို့သာ ခံယူသည်။
ထောက်ခံတာက ထောက်ခံတာပဲ၊ ပိုက်ဆံနဲ့ ပစ္စည်း ပံ့ပို့ပေးရမှာက ကိစ္စမရှိဘူး၊ ဒါပေမယ့် အသက်စွန့်ရမယ်ဆိုရင်တော့…
ပိန်ခြောက်ခြောက်လူက သက်ပြင်းချကာ မတတ်သာစွာ ပြောလိုက်သည်။ “ဒီအစ်ကို ပြောချင်တာကို ကျွန်တော် နားလည်ပါတယ်။ ဒါပေမယ့် အရာရာက ခင်ဗျားထင်သလောက် မရိုးရှင်းနေဘူး၊ လူတိုင်းမှာ သူတို့ရဲ့ ကိုယ်ပိုင်အခက်အခဲတွေ ရှိပါတယ်။”
“ဟားဟားဟားဟားဟား!”
အရပ်ရှည်ရှည်လူသည် ခေါင်းမော့ကာ တဟားဟားရယ်မောလိုက်ပြီး ထိုရယ်သံတွင် လှောင်ပြောင်မှုအပြည့် ပါဝင်နေသောကြောင့် လူအများ တဖြည်းဖြည်းမျက်နှာပျက်လာကြ၏။
ပိန်ခြောက်ခြောက်လူက မျက်မှောင်ကြုတ်ကာ မကျေမနပ်မေးလိုက်သည်။ “မင်း ဘာရယ်တာလဲ?”
“မင်းတို့ရဲ့ သူရဲဘောကြောင်မှုကို ငါရယ်နေတာလေ!”
“မင်းတို့အားလုံး သေရမှာ ကြောက်နေလွန်းလို့ကို ငါရယ်ချင်တာ!”
“မင်းတို့ရဲ့ ကွက်တိကျလွန်းတဲ့ ဟန်ဆောင်မျက်နှာဖုံးတွေကိုလည်း ငါရယ်တယ်ကွာ!”
အရပ်ရှည်ရှည်လူသည် မည်သူတစ်ဦးတစ်ယောက်ကိုမှ မျက်လုံးထဲထည့်ဟန်မရှိဘဲ ဒေါသတကြီး ဆဲဆိုအော်ဟစ်နေလေသည်။
ဗုံး~!
ချက်ချင်းပင် ကြောက်မက်ဖွယ်ကောင်းသော ချီစွမ်းအင်တစ်ခု ပေါက်ကွဲထွက်လာပြီး လူသတ်လိုသော အငွေ့အသက်များက သူ့အပေါ် စုစည်းလာသည်။
စားသောက်ဆိုင်အတွင်းရှိ အပူချိန်သည် ရုတ်တရက် ရေခဲမှတ်သို့ ကျဆင်းသွားပြီး ရောက်ရှိနေသော ဧည့်သည်များအားလုံး ဒေါသထွက်နေကြကာ ထိုယဉ်ကျေးမှုမရှိသောလူကို သင်ခန်းစာပေးချင်နေကြသည်။
သို့တိုင် အရပ်ရှည်ရှည်လူသည် ကြောက်ရွံ့ခြင်းမရှိဘဲ ခေါင်းကို ခပ်မြင့်မြင့်မော့ပြီး ရင်ဘတ်ကို ကော့ကာ တောက်ပသောမျက်လုံးများဖြင့် မကြောက်မရွံ့ပြုံးရယ်လျက် ဆက်မေးသည်။
“ဘာလဲ? နာသွားကြတာလား?”
“မရဏချောက်နက်က သားရဲတွေကို တိုက်ခိုက်မယ့်အစား အမှန်တရားကို ပြောတဲ့ ငါ့ကို သတ်ချင်နေတာလား? ဒီနေရာမှကျ သတ္တိသိပ်ရှိနေကြတယ်ပေါ့လေ"
“လာစမ်း၊ ငါ့ကို သတ်လိုက်စမ်း! ငါ့သေခြင်းက မင်းတို့ရဲ့ အသိတရားကို နှိုးဆွပေးနိုင်မယ်ဆိုရင် ရဲရဲကြီး အသေခံလိုက်ဦးမယ်!”
ထိုစကားကို ကြားသောအခါ လူတိုင်း၏မျက်နှာများ ရှက်စိတ်ဖြင့် ပူလောင်သွားပြီး မည်သူမှ စတင်လှုပ်ရှားရဲခြင်း မရှိတော့ပေ။
ပိန်ခြောက်ခြောက်လူက လေးနက်သောအသံဖြင့် ပြောလိုက်သည်။ “အစ်ကိုကြီး၊ စိတ်မလောပါနဲ့။ ယွီဟွားဂိုဏ်းက မရဏချောက်နက် ကို နှိမ်နင်းဖို့ ပြင်ဆင်နေတာကို လူတိုင်း အရမ်းဝမ်းသာနေကြတယ်။ လူအများ သူတို့ရဲ့ ခွန်အားတွေကို ပေးဆပ်ကူညီဖို့ ဆန္ဒရှိတယ်လို့ ကျွန်တော်တော့ ယုံကြည်တယ်။”
“အဓိပ္ပာယ်မရှိတာ!”
အရပ်ရှည်ရှည်လူက ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။ “မင်းတို့ အပြင်လောကကို လိမ်ချင်ရင်တောင် ကိုယ်ကိုယ်ကိုယ်တော့ မလိမ်ကြစမ်းနဲ့!”
“မင်းတို့ခေါင်းထဲ ဘာတွေတွေးနေလဲဆိုတာ ငါ မသိဘူးလို့များ ထင်နေတာလား? မရဏချောက်နက် က ဆက်လက်ခြိမ်းခြောက်နိုင်စွမ်း မရှိတော့ဘူးလို့ တွေးပြီး မင်းတို့ အရင်လိုပဲ အေးအေးဆေးဆေး ပြန်နေချင်ကြတာမဟုတ်လား!”
“ဘာပဲဖြစ်ဖြစ်၊ ယွီဟွားဂိုဏ်း အနိုင်ရရင်တော့ လူတိုင်း ပျော်ရွှင်ကြလိမ့်မယ်။ ရှုံးနိမ့်ပြန်တော့လည်း ဘာဆုံးရှုံးမှုမှ ရှိမလာတော့ဘူးပေါ့ကွာ!”
သူတို့၏ အတွင်းစိတ်မှ အတွေးများ ပေါ်ပေါက်သွားသည်ကို မြင်သောအခါ လူတိုင်းသည် ရှက်ရွံ့စွာဖြင့် မြေကြီးထဲတွင်းတူးအောင်းနေချင်စိတ်သာ ပေါက်လာကြတော့၏။
“ယွီဟွားဂိုဏ်းကတော့ သူ့ရဲ့ မူလအင်အားကို ထိန်းသိမ်းထားလို့ရတာတောင် မရဏချောက်နက် ကို နှိမ်နင်းဖို့ စစ်တပ်ကြီးကို ဖွဲ့စည်းခဲ့တာ ဘာလို့လဲ? ကမ္ဘာလောကကြီးရဲ့ ငြိမ်းချမ်းရေးအတွက်၊ ကျုပ်တို့ရဲ့ နောက်လာမယ့် မျိုးဆက်တွေအတွက် သာယာဝပြောတဲ့လမ်းကြောင်းတစ်ခုကို ဖန်တီးပေးဖို့ မဟုတ်ဘူးလား!”
“ငါ မင်းတို့ကို မေးမယ်၊ ဒါ ဘယ်လောက်တောင် မြင့်မြတ်ပြီး ဖြောင့်မတ်လိုက်တဲ့ လုပ်ရပ်လဲ!”
“မင်းတို့ကရော? မင်းတို့က နောက်တန်းမှာပဲ ပုန်းနေဖို့ပဲ တတ်တယ်၊ ပျော်ရွှင်ငြိမ်းချမ်းမှုတွေကြားမှာ နစ်မွန်းနေတယ်၊ သူရဲဘောကြောင်တဲ့ ဘဝတစ်ခုကို ရှင်သန်နေတယ်! ပြီးတော့ စစ်ဆင်ရေးကိုကျ ထောက်ခံတယ်လို့ ဆက်အော်နေရဲသေးတယ်။ မင်းတို့မှာ အရှက်မရှိကြဘူးလား?!”
အရပ်ရှည်ရှည်လူက ဒေါသတကြီးဖြင့် တံတွေးစင်မတတ် ပြောဆိုလာ၏။