အခန်း (၃၂၇)
Vol. 24 Ch. 327
“တော်လောက်ပြီ!”
လူတိုင်း၏ ဂုဏ်သိက္ခာများ ပျက်စီးပြိုလဲလုနီးပါးဖြစ်ပြီး ပြန်လှန်ပြောတော့မည့် အချိန်တွင် ပိန်ခြောက်ခြောက်လူက ဒေါသတကြီးဖြင့် မျက်လုံးများကိုပြူးကျယ်ကာ ပြန်မေးလိုက်သည်။
“မင်းကရော ဘာလို့ဒီလောက်တောင် ဖြောင့်မတ်တည်ကြည်ပြနေတာလဲ? ဒီစစ်ပွဲမှာ မင်းရော အသက်စွန့်ပြီး ပါဝင်ရဲလား?”
လူတိုင်း ဒေါသတကြီး ခေါင်းညိတ်ထောက်ခံလိုက်ကြသည်။
“ငါ အသက်ပေးရဲတယ်!”
မထင်မှတ်ဘဲ အရပ်ရှည်ရှည်လူသည် ရင်ဘတ်ကိုပုတ်ကာ ခိုင်မာတည်မြဲသောအကြည့်ဖြင့် အော်ဟစ်လိုက်၏။
“ငါ အသက်ပေးရဲရခြင်း အကြောင်းက ဒုက္ခရောက်ခဲ့ကြတဲ့၊ ရန်သူရဲ့လက်အောက်မှာ ဖိနှိပ်အနိုင်ကျင့်ခံခဲ့ရတဲ့ လူပေါင်းများစွာအတွက် တရားမျှတမှုကို ရှာဖွေချင်လို့ပဲ။ သူတို့ စီးဆင်းခဲ့ရတဲ့ သွေးတွေကို အချည်းနှီး မဖြစ်စေချင်ဘူး!”
“ကိုယ့်ကိုယ်ကိုယ် အဆုံးမရှိ အပြစ်တင်ပြီး နောင်တရနေရတဲ့ ညတွေကို ထပ်မလိုချင်တော့ဘူး!”
“ယွီဟွားဂိုဏ်းက တာအိုမိတ်ဆွေတွေဟာ တစ်ယောက်တည်း တိုက်ခိုက်နေရတာ မဟုတ်ဘူး၊ ငါတို့လို ရည်မှန်းချက်ကြီးမားတဲ့ ကျင့်ကြံသူအစစ်အမှန်တွေလည်း ရှိသေးတယ်၊ ငါတို့လည်း လူသားမျိုးနွယ်ရဲ့ ဂုဏ်သိက္ခာကို ပြန်လည်အဖတ်ဆယ်ဖို့ ဆန္ဒရှိကြောင်း သူတို့ကို သိစေချင်တယ်!”
သူ၏ စိတ်အားထက်သန်ပြီး သူရဲကောင်းဆန်သော အသံသည် စားသောက်ဆိုင်တစ်ခုလုံးတွင် ပဲ့တင်ထပ်သွားပြီး လူတိုင်း၏ နှလုံးသားထက်သို့ ရှင်းလင်းစွာ ရောက်ရှိသွားသည်။
သူတို့အားလုံး တုန်ယင်နေသောနှလုံးသားဖြင့် အတွေးများစွာ ဘောင်ဘင်ခတ်လျက်ရှိကြ၏။
“လူကြီးမင်းတို့၊ ဂရုစိုက်နေရစ်ကြပါ!”
အရပ်ရှည်ရှည်လူသည် ခိုင်မာသော ကျောပြင်ပုံရိပ်ကို ချန်ထားခဲ့ကာ ပြတ်ပြတ်သားသား လှည့်ထွက်သွားခဲ့သည်။
ပိန်ခြောက်ခြောက်လူသည်လည်း ထွက်ခွာသွားသော ကျောပြင်ကို ကြည့်ရင်း အတွေးများကြား ပျောက်ဆုံးနေခဲ့သည်။
စက္ကန့်အနည်းငယ်ကြာပြီးနောက် ထိုသူသည် သက်ပြင်းချကာ ထွက်သွားသောသူထံ ဦးတည်၍ အရိုအသေပြုလိုက်၏။ “အများကြီး သင်ယူခဲ့ရပါတယ်။”
ထို့နောက် စားသောက်ဆိုင်မှ ထွက်ခွာဟန်ပြင်လေသည်။
“တာအိုမိတ်ဆွေ၊ ဘယ်ကိုသွားမလို့လဲ?” သက်လတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးက အံ့ဩစွာ မရေမရာမေးလိုက်သည်။
ပိန်ခြောက်ခြောက်လူက လေးနက်သောအသံဖြင့် ပြောလိုက်သည်။ “ကျွန်တော် ဂိုဏ်းကိုပြန်ပြီး လူတိုင်းကို စည်းရုံးပြီး မရဏချောက်နက်ကို နှိမ်နင်းဖို့ ကျွန်တော်တို့ရဲ့ ခွန်အားတွေကို ပူးပေါင်းပံ့ပိုးပေးမယ်လို့ တွေးထားပါတယ်"
“ဒါက…” သက်လတ်ပိုင်းအရွယ် အမျိုးသား၏ နှလုံးသားသည် လှုပ်ရှားသွားသည်။
တကယ်ကြီးလားဟ?
လူတိုင်း၏ စောင့်ကြည့်နေသော မျက်လုံးများအောက်တွင် ပိန်ခြောက်ခြောက်လူသည် စားသောက်ဆိုင်ဝင်ပေါက်သို့ လျှောက်သွားပြီး ရုတ်တရက် ရပ်တန့်ကာ လှည့်လာပြီး အလေးအနက် ပြောလာ၏။ “ကျွန်တော် ပြောစရာတစ်ခု ရှိတယ်။ ပြောသင့် မပြောသင့်တော့ သေချာမသိဘူး။”
“တာအိုမိတ်ဆွေ၊ ပြောလိုက်ပါ!” လူတိုင်း နားရွက်စွင့်ကာ သေချာ နားထောင်လာကြ၏။
ပိန်ခြောက်ခြောက်လူက ဧည့်သည်အုပ်စုကို ကြည့်ကာ ပြောလိုက်သည်။
“အခုကစပြီး ခင်ဗျားတို့ တစ်သက်လုံး သူရဲဘောကြောင်သူ ဖြစ်ချင်လား၊ ဒါမှမဟုတ် သူရဲကောင်းအဖြစ် နာမည်ကျန်ရှိနေခဲ့ချင်သလားဆိုတာ ခင်ဗျားတို့ ကိုယ်တိုင်ပဲ ဆုံးဖြတ်ရမှာ။ ကိုယ့်စိတ်ကိုယ် လိပ်ပြာလုံဖို့တော့ လိုအပ်ပါတယ်"
ထိုသို့ပြောပြီး သူ လှည့်ထွက်သွားသည်။
စားသောက်ဆိုင်သည် သေလောက်အောင် တိတ်ဆိတ်နေပြီး အပ်ကျသံကိုပင် ကြားနိုင်လောက်အောင်ပင်။
လူအများ အံကြိတ်ထားကြကာ လက်သီးဆုပ်များလည်း တုန်ယင်နေပြီး နှလုံးသားတို့ အပြင်းအထန် ရုန်းကန်လှုပ်ရှားနေကြသည်။
ဒီခံစားချက်ကြီးက တကယ်ကို မကောင်းဘူး!
“ငါသွားပြီ!”
ခဏကြာပြီးနောက် ကျယ်လောင်သောအော်သံတစ်ခု ထွက်ပေါ်လာသည်။
ခမ်းနားသော ပိုးထည်ဝတ်ရုံကို ဝတ်ဆင်ထားပြီး မြင့်မြတ်သန့်စင်သော ရုပ်ရည်ရှိသည့် လူငယ်တစ်ဦးသည် စားပွဲကိုရိုက်ချကာ မတ်တပ်ထရပ်လိုက်သည်။ သူ၏မျက်လုံးများတွင် စိတ်အားထက်သန်မှု မီးလျှံနှစ်ခု တောက်လောင်နေပြီး ခန္ဓာကိုယ်တစ်ခုလုံးတွင် သွေးပူများစီးဆင်းနေသကဲ့သို့ ခံစားရ၏။
“သခင်လေး၊ ဘယ်ကိုသွားမလို့လဲ?” ဘေးစားပွဲမှ ဧည့်သည်တစ်ဦးက သတိကြီးစွာ မေးလိုက်သည်။
“ကျွန်တော် ဖခင်ဧကရာဇ်မင်းကြီးထံကို သဝဏ်လွှာတင်ပြီး ယွီဟွားဂိုဏ်းရဲ့ မရဏချောက်နက်စစ်ဆင်ရေးမှာ ကူညီဖို့ တပ်ကူတွေ စေလွှတ်ခိုင်းတော့မယ်!” ထိုစကားပြောပြီးနောက် နောက်ခံကြီးကြီးတစ်ခု ရှိပုံရသော ထိုလူငယ်သည် အခြွေအရံအနည်းငယ်နှင့်အတူ စားသောက်ဆိုင်မှ အလျင်အမြန် ထွက်ခွာသွားတော့၏။
“ငါသွားပြီ!”
“ငါလည်း သွားပြီ!”
…
ချက်ချင်းပင် ကွင်းဆက်တစ်ခု ပျံ့နှံ့သွားသကဲ့သို့ ဧည့်သည်များစွာသည် ဆုံးဖြတ်ချက် အခိုင်အမာချကာ တစ်ယောက်ပြီးတစ်ယောက် စားသောက်ဆိုင်မှ ထွက်ခွာသွားကြသည်။
ဤနေရာတွင် စားသောက်နိုင်သူများမှာ ချမ်းသာပြီး သြဇာကြီးမားသူများဖြစ်ကာ နောက်ခံကောင်းကောင်းကိုလည်း ပိုင်ဆိုင်ထားကြသည်ပင်။ သူတို့အားလုံးသည် ပြင်းထန်သော ယုံကြည်မှုများကို စွဲကိုင်လျက် နေရပ်သို့ပြန်ကာ သက်ဆိုင်ရာ မိသားစုများ၊ ဂိုဏ်းများ၊ မင်းဆက်များထံ ယွီဟွားဂိုဏ်းကိုကူညီဖို့ အသည်းအသန် တိုက်တွန်းကုန်ကြတော့၏။
မကြာမီတွင် စားသောက်ဆိုင်ရှိ ဧည့်သည်အားလုံး ထွက်ခွာသွားကြသည်။
စာပွဲထိုးလေး ကြောင်အသွားသည်- “ဆရာ၊ ဘာလို့ သူတို့…”
သူ့ဘေးတွင် ဝဝဖိုင့်ဖိုင့် ဗိုက်ပူပူ သက်လတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးသည် မျက်ရည်များစီးကျကာ ရှိုက်ကြီးတငင်ငိုယိုရင်း ပြောလိုက်သည်။ “ကောင်လေး၊ မင်း မသိဘူးလား? ဒါကို အဆင့်အတန်းလို့ခေါ်တယ်ကွ"
“ပြဿနာက သူတို့ အားလုံး ထွက်သွားကြပြီလေ၊ ပိုက်ဆံ ဘယ်သူရှင်းမှာလဲ?”
“အယ်?!”
တစ်ချိန်တည်းမှာပင်။
စားသောက်ဆိုင်မှ အဝေး တိတ်ဆိတ်သော လမ်းကျဉ်းလေးတစ်ခုတွင်။
အရပ်ရှည်ရှည်လူက ရယ်မောလိုက်သည်။ “ဘယ်လိုလဲ? ခုနက ငါ့ရဲ့ စိတ်ခံစားချက်တွေ ပြည့်စုံလုံလောက်ရဲ့လား?”
“အဆင်ပြေပါတယ်၊ နောက်တစ်ခါ သတိထားပြောပါဦး။ တစ်ယောက်ယောက်က ဒေါသထွက်ပြီး တကယ်ထလုပ်လိုက်မှာ ကြောက်ရတယ်" ပိန်ခြောက်ခြောက်လူက ပြောလိုက်သည်။
"အာ ငါအရမ်း ဇာတ်ကောင်ထဲနစ်မြုပ်သွားလို့ သတိမထားမိလိုက်တာဖြစ်မယ်"
“ဟဲဟဲ၊ သတိထားမှ ဘေးကင်းမယ်လေ။ ဘာပဲဖြစ်ဖြစ် ငါတို့ လုပ်နေတာ မသမာအလုပ်ပဲ။”
“ဒီတစ်ခါ အလုပ်အပ်တဲ့တစ်ယောက်က တကယ်ကို ချမ်းသာတယ်။ သူက ငါတို့ လုပ်ဖော်ကိုင်ဖက် ၈၀၀,၀၀၀ ကို တစ်ပြိုင်နက်တည်း ငှားတာ၊ ယွီဟွားဂိုဏ်းရဲ့ စစ်ဆင်ရေးအတွက် အရှိန်အဟုန်မြှင့်တင်ဖို့တဲ့။ မင်းပြောကြည့် မဟုတ်မှလွဲရော…”
“ပါးစပ်ပိတ်! ငါတို့ ကတိသစ္စာ ကျိန်ဆိုထားတာလေ။ သတင်းပေါက်ကြားရင် ဘာဖြစ်မလဲ မင်းသိတယ်မလား?!”
“မှန်တယ်၊ မှန်တယ်၊ မှန်တယ်၊ ငါ့မှတ်ဉာဏ်ကလည်း ဆိုးရွားလိုက်တာ။ မြန်မြန်နေရာရွှေ့ကြစို့ ကိုယ့်လူ"
“တစ်ခုမှတ်ထား။ ဖောက်သည်က ဘယ်သူဖြစ်ဖြစ် ငါတို့က ပိုက်ဆံယူပြီး အလုပ်လုပ်ရုံပဲ။ ခေတ်ရေစီးကြောင်းကို ဖန်တီးတဲ့နေရာမှာတော့ ငါတို့က ပရော်ဖက်ရှင်နယ်တွေပဲလေ!”
(ခေတ်ရေစီးကြောင်း = Trend)