စစ်ဆင်ရေး စတင်
Vol. 24 Ch. 328
ဤသို့ဖြင့် အင်မတန် ကျွမ်းကျင်သော ပရော်ဖက်ရှင်နယ် ဝါဒဖြန့်သမား ၈၀၀,၀၀၀သည် အရှေ့တိုင်းစီရင်စုရှိ အမျိုးမျိုးသော တာအိုပြည်နယ်များတွင် နေ့ရောညပါ အရှိန်အဟုန်မြှင့် အလုပ်ကြိုးစားနေကြရာ ၎င်းတို့သည် ကျင့်ကြံသူ အများအပြားကို သွယ်ဝိုက်သောနည်းဖြင့် လွှမ်းမိုးခဲ့နိုင်ခဲ့ကြပေ၏။
ယွီဟွားဂိုဏ်းကို ထောက်ခံသော ဝါဒလှိုင်းတစ်ခုက လျင်မြန်စွာ ပျံ့နှံ့သွားခဲ့သည်။
အရှေ့တိုင်းဒေသတွင် လူသိရှင်ကြား အသိအမှတ်ပြုထားသော အစိုးရပိုင်သတင်းစာပင် ခေတ်ရေစီးအတိုင်းလိုက်ကာ အခွင့်အရေးကို အမိအရဆုပ်ကိုင်ပြီး ကျင့်ကြံသူလောက နေ့စဥ်သတင်းစာထုတ်ဝေမှု၏ အချို့အကြောင်းအရာများကို ယွီဟွားဂိုဏ်းအား အကူအညီပေးရန် ကြွေးကြော်စည်းရုံးမှုများအဖြစ် ပြောင်းလဲထည့်သွင်းပေးခဲ့လေသည်။
ကျင့်ကြံသူ အများအပြားသည် ယွီဟွားဂိုဏ်းတစ်ခုတည်း တိုက်ခိုက်ခြင်း မပြုသင့်ဘဲ အရှေ့တိုင်းဒေသ၏ အင်အားစုကြီးများအားလုံး ပူးပေါင်းကာ မရဏချောက်နက်ကို တဟုန်ထိုး ပူးပေါင်းတိုက်ခိုက်သင့်ကြောင်း ကြွေးကြော်သံများ ဖြန့်ဝေခဲ့ကြလေသည်။
ဂိုဏ်းဂဏများ၊ ဧကရာဇ်မင်းဆက်များ နှင့် မှူးမတ်မျိုးနွယ်စုများစွာတို့သည် ဤပြင်းထန်သော ဝါဒစည်းရုံးရေး၏ လွှမ်းမိုးခြင်းခံရပြီး အများပြည်သူ၏ထင်မြင်ချက်မှာလည်း သက်ရောက်မှုကြီးလှသောကြောင့် မတတ်သာစွာ ထုတ်ပြန်ကြေညာချက်များ ပြုလုပ်ခဲ့ရ၏။
၎င်းတို့သည် မရဏချောက်နက် စစ်ရေးခရီးစဉ်အတွက် မဟာမိတ်တပ်ဖွဲ့စေလွှတ်ရန် ဆန္ဒရှိကြောင်း ဖော်ပြခဲ့ကြသည်။
ယွီဟွားဂိုဏ်းချုပ်သည် လူတိုင်း၏ ကြင်နာရက်ရောမှုအတွက် ကျေးဇူးတင်ကြောင်း ဖော်ပြခဲ့ပြီး စုဝေးရာနေရာနှင့် အချိန်ကို လူသိရှင်ကြား ကြေညာခဲ့သည်။
အချိန်မှာ ထိုလ၏ ဆယ့်ငါးရက်မြောက်နေ့။
နေရာမှာ ရှန်းဟိုင်စစ်ဆေးရေးဂိတ် ဖြစ်သည်။
မရဏချောက်နက် စစ်ရေးခရီးစဉ်နှင့် ပတ်သက်၍ တစ်လောကလုံး ပွက်လောရိုက်အောင် ဆူညံနေချိန်တွင် ဟွမ်ကျိုးပြည်နယ်၊ ရွှယ်ထျန်းဂိုဏ်း၏ မြူခိုးတောင်ထိပ်ပေါ်၌။
ရွှီး၊ ရွှီး၊ ရွှီး!
အရောင်အမျိုးမျိုးရှိသော အလင်းတန်းများစွာသည် ပန်းအိုးအရွယ်လောက်ရှိသော ကျွန်းငယ်လေးမှ ထွက်ပေါ်လာပြီး မြေပြင်ပေါ်သို့ ဆင်းသက်ကာ သာမန်အရွယ်အစားရှိ လူပုံသဏ္ဌာန်များအဖြစ် ပြောင်းလဲသွားသည်။
ဂိုဏ်းချုပ် ရှယိုနျန်သည် လက်များကို နောက်ပစ်ထားလျက် ရပ်နေပြီး ကြောက်မက်ဖွယ်ကောင်းသော လျှပ်စီးကြောင်းများက မျက်လုံးများတွင် တဖျတ်ဖျတ်လက်နေကာ ခြိမ်းခြောက်နိုင်စွမ်းအပြည့်ပါသော စွမ်းအင်အငွေ့အသက်က သူ၏ကိုယ်ခန္ဓာတစ်ခုလုံးကို ဖုံးအုပ်ထား၏။
လျှပ်စီးတာအိုကို နားလည်သဘောပေါက်ပြီးနောက် ကျွန်းပေါ်တွင်နေထိုင်ခဲ့သမျှ ထိုကာလအတွင်း သူ၏ကျင့်ကြံဆင့်သည်ကား အံ့ဩဖွယ်ကောင်းလောက်အောင် တိုးတက်လာခဲ့သည်။ သူသည် ဘေးဒုက္ခကျော်လွှားခြင်း ကျင့်ကြံဆင့်တွင် ထိပ်တန်းကျင့်ကြံသူတစ်ဦး ဖြစ်နေပြီဖြစ်ပြီး မသေမျိုးအရှင်အဖြစ်သို့ ကူးပြောင်းရောက်ရှိရန် အချိန်တစ်ခုသာ လိုတော့သည်ပင်။
မသေမျိုးအရှင်အဖြစ်သို့ ရောက်ရှိရန် ပထမဆုံးအနေဖြင့် တာအိုကိုနားလည်ဖို့လိုအပ်သည်။ သူကဲ့သို့ လျှပ်စီးတာအိုလမ်းစဥ်ကို အာရုံစိုက်ကျင့်ကြံသော ကျင့်ကြံသူတစ်ဦးအတွက် ခွင်းလွင်နယ်မြေ၏ လောကနိယာမများ တဖြည်းဖြည်း ပြန်လည်ထွန်းတောက်ခိုင်မာလာချိန်၌ မသေမျိုးအဆင့်သို့တက်ရောက်ရန် အခွင့်ကောင်းတစ်ရပ် ရရှိမည်မလွဲပေ။
အခြား တောင်ထိပ်သခင်များအားလုံးသည်လည်း မသေမျိုးကျွန်းမှ အကျိုးအမြတ် အများအပြား ရရှိခဲ့ကြပြီး သူတို့၏ ကျင့်ကြံဆင့်နှင့် ကျင့်စဥ်ဆိုင်ရာခွန်အားများ သိသိသာသာ တိုးတက်လာခဲ့သည်။ ပုံပန်းသွင်ပြင်များမှာ လွန်စွာသက်ဝင်တက်ကြွလျက်ရှိကာ အရှိန်အဝါတို့မှာ မဝင်ခင်အချိန်ကနှင့် သိသိသာသာကွာခြားလျက်။
“ဟားဟားဟား၊ ငါ နောက်ဆုံးတော့ ထွက်လာပြီ! နောက်ဆုံးတော့ ထွက်လာရပြီ!” ဓားဝှက်တောင်ထိပ်သခင်က စိတ်လှုပ်ရှားစွာ အော်ဟစ်လိုက်သည်။
ကျွန်းပေါ်မှ ကြွက်သားအပြည့်ဖြင့် သားပိုက်ကောင်များက သူ့ကို ဖော့အိတ်ကြီးတစ်လုံးနှယ်သဘောထားကာ အားတိုင်း လက်ဝှေ့ထိုးကျင့်နေကြသည်အား ပြန်တွေးမိတိုင်း မျက်ရည်မကျဘဲ ငိုချချင်လာမိ၏။
သို့သော် အံ့ဩစရာကောင်းသည်ကား ထိုသို့ နေ့ရောညပါ ရိုက်နှက်ခံရသော်လည်း သူ၏ ကာယခန္ဓာမှာ အဆတစ်ထောင်မာကျောသော သံမဏိရုပ်တုအဖြစ် ထုဆစ်ခံထားရသကဲ့သို့ ခံစားရပြီး အပ်စိုက်ကုသရာတွင် အဓိကနေရာများဖြစ်သည့် သွေးကြောထုံးများနှင့် ကိုယ်တွင်းမာရီဒန်များမှာ အသစ်တစ်ဖန် ပြောင်းလဲပုံသွင်းခံလိုက်ရသကဲ့သို့ လန်းဆန်းသစ်လွင်လျက်ရှိလေသည်။
အရေးကြီးဆုံးတစ်ချက်မှာ ထိုသားပိုက်ကောင်၏ မသေမျိုးမစင်ကို စားပြီးနောက် မည်သို့ပင် ပြန်လည်အန်ထုတ်ပါသော်ငြား ကိုယ်ခန္ဓာတွင်း ခိုကပ်ကျန်ရှိနေခဲ့သော မသေမျိုးစွမ်းအင်သည် သူ၏ ကျင့်ကြံရေးအခြေခံအုတ်မြစ်နှင့် တာအိုအရိုးများကို ဆက်တိုက် အာဟာရဖြည့်တင်းပေးလျက် ကျင့်ကြံဆင့်အား အံ့ဖွယ်ကောင်းလောက်အောင် မြင့်တက်စေခဲ့လေသည်။
သူ့အတွက်တော့ မျှော်လင့်မထားသော ပျော်ရွှင်စရာ အဖြစ်အပျက်တစ်ခုပင်။ အဆိုးထဲမှအကောင်းဟု ဆိုရမည်ပေလား မပြောတတ်။
ဒါကြောင့် ဓားဝှက်တောင်ထိပ်သခင် ထိုနွေးထွေးလတ်ဆတ်သော မစင်အား အနည်းငယ်ထပ်စားလိုစိတ်ပင် ပေါက်ခဲ့မိသေး၏။
ဟုတ်ပါတယ်၊ ဒါက အတွေးသက်သက်ပဲ၊ လက်တွေ့ အကောင်အထည်ဖော်ဖို့တော့ လုံးဝ မဖြစ်နိုင်ပါဘူး!
“အော့၊ ဆရာတူအစ်ကိုကျန်း၊ ပါးစပ်က အရမ်းနံတာပဲတော့်၊ မသိရင် ချေးစားထားသလိုပဲ။” ထျန်းရှန်းတောင်ထွတ်သခင်မသည် အနံ့အသက်ကို အလွန်ထိလွယ်ရှလွယ်သူ ဖြစ်သောကြောင့် နှာခေါင်းပိတ်ကာ ရွံရှာဟန်မျက်နှာထားဖြင့် ဓားဝှက်တောင်ထိပ်သခင်ဘေးမှ အမြန်ခွာလိုက်သည်။
“အဓိပ္ပာယ်မရှိတာ! သတိထားနေ၊ မင်းကို အသရေဖျက်မှုနဲ့ တရားစွဲမပစ်ယ်!” ဓားဝှက်တောင်ထိပ်သခင်သည် ခဏကြောင်အသွားပြီးနောက် အမြီးနင်းခံလိုက်ရသကဲ့သို့ ကတ်ကတ်လန် ရန်ပြန်တွေ့လိုက်သည်။
“ဟုတ်ပါပြီ၊ ဟုတ်ပါပြီ၊ စကားမများကြနဲ့တော့ ရှယိုနျန် မတတ်သာစွာ ဝင်ရောက်ဖျန်ဖြေလိုက်ရသည်။
ထို့နောက် သူသည် ယဲ့ကျွင်းလင်ကို ကျေးဇူးတင်စွာကြည့်ကာ ပြောလာ၏။ “ညီလေးယဲ့ရဲ့ နောက်ထပ်ကျေးဇူးတစ်ခုပါပဲ။ အစ်ကိုကြီးတို့အထဲမှာ အကျိုးအမြတ်တွေ အများကြီးရခဲ့တယ်"
ယဲ့ကျွင်းလင်က လက်ကိုဝှေ့ယမ်းလိုက်သည်၊ “ကျွန်တော်က ခဏလောက် လမ်းလျှောက်ဖို့ပဲ ဝင်သွားရုံပါ။ အစ်ကိုကြီးတို့ကံကောင်းလို့သာ အကျိုးအမြတ်တွေ ရှာတွေ့ခဲ့တာပေါ့"
ရုတ်တရက် ပုံမှန်အားဖြင့် စကားတစီစီပြောတတ်သူ တပည့်ကျော်လီဝူကျယ် မျက်နှာညှိုးနေသည်ကို သတိပြုမိသောအခါ ယဲ့ကျွင်းလင် စပ်စပ်စုစုမေးလိုက်သည်။ “ရှောင်လီ၊ ဘာဖြစ်လို့လဲ?"
လီဝူကျယ်သည် စိတ်ပျက်အားငယ်စွာ ပြန်ပြောလာသည်။ “ဆရာသခင်၊ ကျွန်တော် အရင်ကသုံးခဲ့တဲ့ မဟာလင်းယုန်စီးတော်ယာဥ်ကြီးကို တွေ့ခဲ့တယ်။ ဒါပေမယ့် ဘယ်လောက်ပဲ ကြိုးစားကြိုးစား သူက ကျွန်တော့်ကို မမှတ်မိဘူးလေ"
(လင်းယုန်ကို အရင်အပိုင်းတွေမှာ သိမ်းငှက်လို့မှားရေးခဲ့မိတာ ဆောရီးပါရှင့်။ အခုကစပြီး ပြင်ရေးလိုက်ပါတယ်။)
“ဘယ်လိုအမျိုးအစားလဲ?” ယဲ့ကျွင်းလင်က မေးလိုက်သည်။
“မဟာလင်းယုန်ပါ” လီဝူကျယ်က မကွယ်မဝှက်ပြန်ဖြေလိုက်သည်။
ဓားဝှက်တောင်ထိပ်သခင်က လီဝူကျယ်၏ ပခုံးကို ပုတ်ကာ နှစ်သိမ့်ပေးသည်။ “ကိစ္စမရှိဘူးကွာ၊ ကိုယ့်ဘာသာ နောက်မဟာလင်းယုန်တစ်ကောင်ထပ်ရှာလိုက်မှာပေါ့။ မဟုတ်ဘူးလား?"
ထူးဆန်းသောနှစ်သိမ့်စကားကြီးကြောင့် လီဝူကျယ်ပင် ကြောင်တောင်တောင်ဖြစ်သွားရ၏။
“မတတ်နိုင်ဘူး၊ အဲဒီမှာရှိတဲ့ သတ္တဝါတွေအားလုံးက အရမ်းမောက်မာကြတယ်။ ဘာပဲဖြစ်ဖြစ် သူတို့က ထူးခြားတဲ့ နောက်ခံဇာတ်လမ်းတွေ ရှိနေတာသိထားရမယ်။ ငါတို့ဆီက မျက်နှာကောင်းရဖို့ နှိမ့်ချဆက်ဆံပေးနေမဲ့ကောင်တွေ မဟုတ်ဘူးလေ?” ဓားဝှက်တောင်ထိပ်သခင်က ဆက်ပြောသည်။
“မှန်တယ်”
ဟုန်ချန်ယဲ့က ထိုအကြောင်းကို ကောင်းကောင်းသိနားလည်ဟန်ဖြင့် ခေါင်းညိတ်ထောက်ခံလာ၏။
သူကိုယ်တိုင်လည်း ပစ်မှတ်ထားခံခဲ့ရတာပဲလေ။ ကြက်တွေ၊ ငါးတွေ၊ မြည်းတွေ တစ်ကောင်မှ ပုံမှန်ဟုတ်မနေဘူး။ အကုန်လုံးက အကောင်ကြီးကြီး အမြီးရှည်ရှည်တွေပဲ။
လီဝူကျယ်မှာ ထိုနှစ်သိမ့်စကားများကြား အလွန်စိတ်ပျက်သွားသော်လည်း တစ်ခုခုကို တွေးလိုက်မိသကဲ့သို့ မျက်လုံးများ ရုတ်ချည်းပြန်လည်တောက်ပလာကာ ကြုံးဝါးလိုက်သည်။ “မဟုတ်ဘူး၊ ကျွန်တော် ပိုပြီး သန်မာလာအောင် ကျင့်ကြံမယ်၊ ပြီးတော့ သူ့ ကျွန်တော့်ကို အမြန်ဆုံးမှတ်မိအောင် ကြိုးစားမယ်!”
သူ့တပည့် ထိုမဟာလင်းယုန်အား အလွန်စိတ်ဝင်စားနေသည်ကိုမြင်သော် ယဲ့ကျွင်းလင် ထပ်မစည်းရုံးတော့ဘဲ ရိုးရှင်းစွာသာ ဆုတောင်းပေးလိုက်သည်။ "ကံကောင်းပါစေ"
“ဟမ်?”
ရုတ်တရက် ဂိုဏ်းချုပ် ရှယိုနျန်၏ မျက်နှာအမူအရာ အနည်းငယ် ပြောင်းလဲသွားသည်။
“ဂိုဏ်းချုပ်၊ ဘာဖြစ်တာလဲ?” ဂိုဏ်းချုပ် မျက်နှာပျက်သွားသည်ကို သတိပြုမိသော် ထျန်းရှန်းတောင်ထွတ်သခင်မက မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။
ဂိုဏ်းချုပ် ရှယိုနျန်က လေးနက်သောအသံဖြင့် ပြောလာ၏။ “အကြီးအကဲတွေဆီက သတင်းတစ်ခုရထားတယ်။ ယွီဟွားဂိုဏ်းက မရဏချောက်နက်ကို ကျူးကျော်ပြီး နောင်လာမယ့် ဘေးအန္တရာယ်တွေကို အပြီးတိုင်ဖယ်ရှားဖို့ ပြင်ဆင်နေတယ်တဲ့!”
“ဘာ?!”