← Chapters

အခန်း (၃၂၉)

Vol. 24 Ch. 329

အခန်း (၃၂၉)

Vol. 24 Ch. 329

လူတိုင်း အလွန်အံ့ဩသွားကြသည်။ ဒါဟာ သမိုင်းမှာ မှတ်ကျောက်တင်ရလောက်မယ့် မဟာတိုက်ပွဲကြီးပဲ!

လူသားမျိုးနွယ်၏ ရှေးဟောင်းစွမ်းအားရှင်များစွာ မရဏချောက်နက်သတ္တဝါတွေကို အကြိမ်ပေါင်းများစွာ တိုက်ထုတ်ပြီး မရဏချောက်နက်အထဲထိ ပြန်လည်ဆုတ်ခွာပုန်းအောင်းစေခဲ့သည့် သမိုင်းမှတ်တမ်း များစွာရှိသည်။ သို့ပေမယ့် မရဏချောက်နက်ထဲရှိ လိုက်လံကျူးကျော်ဖူးသူ မရှိခဲ့ပေ။ ယခုတော့ မသေမျိုးဂိုဏ်းတစ်ဂိုဏ်းက ထိုစစ်ဆင်ရေးအား အကောင်အထည်ဖော်ပေတော့မည်။

ဒါ သမိုင်းတစ်လျှောက်လုံးမှာ ပထမဆုံးအကြိမ်ပဲ!

အရင်တစ်ချိန်ကလည်း မရဏချောက်နက်တပ်ဖွဲ့များ ကျူးကျော်လာလေတိုင်း လူသားမျိုးနွယ်များက အားကုန်သုံးကာ ပြန်လည်တိုက်ထုတ်ခဲ့ကြပေသည့် ထို မှောင်မိုက်ဆန်းကြယ်သော သတ္တဝါတို့၏ အသိုက်အမြုံထဲထိ စွန့်စွန့်စားစား ဝင်ရောက်ရှင်းလင်းဖို့အထိတော့ မည်သူမျှ မတွေးရဲခဲ့ကြပေ။

မဆင်မခြင် ကျူးကျော်ဝင်ရောက်ရာမှ ထိခိုက်ဒဏ်ရာ ကြီးကြီးမားမားရရှိကာ မိမိတို့၏ကျင့်ကြံဆင့်ခွန်အား နိမ့်ကျဆုတ်ယုတ်သွားခဲ့ပါက သက်ဆိုင်ရာအင်အားစု၏ အဆင့်အတန်းလည်း ကျဆင်းမည်ဖြစ်သလို အရေခြုံထားသော ရန်သူတို့၏ အခွင့်ကောင်းယူတိုက်ခိုက်ခြင်းကိုလည်း ခံရနိုင်သည်။

အကျိုး‌ကျေးဇူးထက် အားနည်းချက်က ပိုများနေခဲ့သည်။

ထို့ကြောင့် မရဏချောက်နက်ကို သူတို့ နှစ်ပေါင်းများစွာအထိ အဓွန့်ရှည်တည်တံ့ခွင့်ပေးခဲ့သည်။ ထိုသတ္တဝါများ အင်အားပြထကြွလာပြန်လျှင်လည်း နောက်တစ်ဖန် တိုက်ထုတ်လိုက်ရုံသာပင်။

ခေတ်အဆက်ဆက် လက်လျှော့လာခဲ့ကြသော စစ်ဆင်ရေးတစ်ခုဖြစ်သောကြောင့် ယွီဟွားဂိုဏ်း၏ ကြေညာချက်က လူတိုင်းကို အကြီးအကျယ် အံ့အားသင့်စေခဲ့ခြင်းဖြစ်၏။

“ဒီ ယွီဟွားဂိုဏ်းက ကြည့်ရတာတော့ တော်တော်လေးအချိုးပြေလာတာပဲ။ ငါတို့နဲ့ ရန်ငြိုးရှိတာမှန်ပေမယ့် အခုလိုကျပြန်တော့ တော်တော် သတ္တိရှိတယ်လို့ ခံစားမိတယ်” ဓားဝှက်တောင်ထိပ်သခင် က အံ့ဩစွာ ပြောလိုက်သည်။

“ပြဿနာက အပြင်ဘက်မှာ ဝါဒလှိုင်းတွေ အပြင်းအထန် ပေါ်ပေါက်လာနေတာ။ နေရာအနှံ့က အင်အားစုတွေက ယွီဟွားဂိုဏ်းကို ကူညီဖို့၊ အရှေ့တိုင်းစီရင်စု မဟာမိတ်တပ်ဖွဲ့ ဖွဲ့စည်းဖို့၊ ပြီးတော့ ဒီစစ်ရေးခရီးစဉ်မှာ ပါဝင်ပူးပေါင်းဖို့ ဆန္ဒရှိကြောင်း ဖော်ပြနေကြတယ်!”

“ပြီးတော့ ရွှယ်ထျန်းဂိုဏ်းရဲ့ လက်ရှိ ဂုဏ်သတင်းနဲ့ အဆင့်အတန်းအရ ရှောင်ဖယ်နေဖို့ကလည်း မဖြစ်ပြန်ဘူး။ ဒါကြောင့်…” ဂိုဏ်းချုပ် ရှယိုနျန် စဥ်းစားခန်းဝင်နေသည်။

ရွှယ်ထျန်းဂိုဏ်း၏ လက်ရှိအခြေအနေအရ အရှေ့ပိုင်းစီရင်စုတွင် ဒုတိယအကြီးဆုံး မသေမျိုးဂိုဏ်းဆိုသည့် ခေါင်းစဥ်ဂုဏ်ပုဒ်နှင့် အတော်လေးထိုက်တန်ကိုက်ညီနေပြီပင်။ လုပ်ရပ်တိုင်းကို သေချာဂရုတစိုက် စောင့်ကြည့်ခံနေရသည့် ကာလမျိုး၌ ဦးစီးဦးဆောင်လုပ်ပြဖို့ နှောင့်နှေးမိပါက သေချာပေါက် အထင်အမြင်သေးခံရမည် မလွဲ။

“အဲ့ဒီလိုလား?” ယဲ့ကျွင်းလင်၏ မျက်လုံးများ တဖျတ်ဖျတ်လက်သွားသည်။ အရင်ပွဲတုန်းက သူသတ်ခဲ့သော ဘုရင်တန့်ယိုနှင့် ထိုသူ၏နှုတ်ထွက်နာမည် သံတမန်ဆိုသူအား ဖျတ်ခနဲ သတိရလိုက်မိ၏။

ယွီဟွားဂိုဏ်းမှ မရဏချောက်နက်ကို ကျူးကျော်အမြစ်ဖြတ်ဖို့ ရုတ်တရတ်ကြီး ခမ်းနားကြီးကျယ်စွာ ကြေညာချက်ထုတ်ပြန်လိုက်သည့် ကိစ္စအား ယဲ့ကျွင်းလင်စိတ်ထဲ နည်းနည်းထူးဆန်းနေမိသည်။

【တင်၊ ပိုင်ရှင် ရှင့်၊ မရဏ‌ချောက်နက်ကို ဝင်ရောက်ပြီး ပူးပေါင်းစစ်ဆင်ရေးကို သွားရောက်လေ့လာမယ်ဆိုရင် မမျှော်လင့်ထားလောက်အောင် ကောင်းမွန်တဲ့ဆုလာဘ်တွေ ရရှိပါမယ်နော်။】

စနစ်အသိပေးသံကား အချိန်ကိုက်မြည်လာခဲ့သည်။

ယဲ့ကျွင်းလင် ပြုံးလိုက်သည်။ ထိုကြောက်စရာကောင်းသော နေရာသို့ သွားရောက်လည်ပတ်ရန် အချိန်ကျလေပြီ။

“ဂိုဏ်းချုပ်၊ ကျွန်တော် ရွှယ်ထျန်းဂိုဏ်းကို ကိုယ်စားပြုပြီး မရဏချောက်နက်ဆီ သွားပါ့မယ်” ယဲ့ကျွင်းလင်က ပြောလိုက်သည်။

“ညီလေးယဲ့၊ လုံးဝ မဖြစ်ဘူး! မင်းကတော့ ဂိုဏ်းထဲမှာပဲနေပြီး အတွင်းရေးကိစ္စတွေကို ကြီးကြပ်သင့်တယ်။ စစ်ဆင်ရေးက ငါနဲ့ တခြားတောင်ထိပ်သခင်တွေ သွားလိုက်လို့ဖြစ်တာပဲ” ဂိုဏ်းချုပ် ရှယိုနျန် က လျင်မြန်စွာ တုံ့ပြန်လာသည်။

သူ၏အမြင်တွင် ညီလေးယဲ့သည်ကား ရွှယ်ထျန်းဂိုဏ်း၏ အဓိကမျှော်လင့်ချက်ကြီးဖြစ်၏။ သူတို့အားလုံး သေဆုံးသွားလျှင်ပင် ဒီဆရာတူညီလေးသာ ဆက်ရှိနေသေးပါက ရွှယ်ထျန်းဂိုဏ်း၏အင်အားမှာ ကျဆင်းလိမ့်မည်မဟုတ်။ သို့သော် ဆရာတူညီလေး မတော်တဆမှုတစ်ခုခုဖြင့် ကြုံတွေ့ရပါက ရွှယ်ထျန်းဂိုဏ်းအတွက် အစားထိုးမရသော ဆုံးရှုံးမှုကြီးတစ်ခု ဖြစ်လာပေမည်။

“မလိုပါဘူး၊ ကျွန်တော် ဆုံးဖြတ်ပြီးပြီ” ယဲ့ကျွင်းလင်က ယတိပြတ်ဆိုလိုက်သည်။

“ဒါဆို…” ဂိုဏ်းချုပ် ရှယိုနျန်လည်း မငြင်းဆန်နိုင်တော့ပေ။

“ဂိုဏ်းချုပ်၊ မောင်လေးယဲ့ရဲ့ ဆန္ဒအတိုင်းပဲ လုပ်လိုက်ပါ။ သူ့ရဲ့ ကျင့်ကြံဆင့်စွမ်းရည်နဲ့ဆိုရင် အဲဒီ ကြောက်စရာကောင်းတဲ့ မရဏချောက်နက်မှာ သူ့ကို ဘယ်သတ္တဝါက ခြိမ်းခြောက်နိုင်မှာတဲ့လဲ?” ထျန်းရှန်းတောင်ထွတ်သခင်မက ယုံကြည်စိတ်ချစွာ ပြောလိုက်သည်။

“အင်း၊ ကောင်းပြီ၊ အရာရာတိုင်းမှာ သတိထားပါ” ဂိုဏ်းချုပ် ရှယိုနျန်က အပြုံးဖြင့် မှာကြားလိုက်သည်။ ငြင်းဆန်စရာ အကြောင်းပြချက်လည်း မရှိတော့ပါချေ။

“ဟားဟား၊ ကျွန်တော်တို့ဘက်က ဆုံးရှုံးထားရတဲ့ ကျင့်ကြံသူတွေအတွက် လက်စားချေချင်နေတာ ကြာပြီ။ ဒီတစ်ခါ ဆရာသခင်နဲ့အတူ မရဏချောက်နက်ထဲကိုသွားရတာ တစ်သက်မှတစ်ခါ ရှားပါးလိုက်တဲ့ အခွင့်အရေးပဲ!”

လီဝူကျယ်သည် အလွန်စိတ်လှုပ်ရှားနေပြီး ခါးတွင်ရှိသော ဓားအိမ်ကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားကာ သူ၏မျက်လုံးများတွင် တိုက်ခိုက်သတ်ဖြတ်လိုဟန် တိုက်ပွဲဝင်စိတ်ဓာတ်များက တဖျတ်ဖျတ်လက်လို့နေသည်။

“အဲဒီအချိန်ကျရင် ကျွန်တော် လုံးဝကို အရူးအမူး တိုက်ခိုက်ပစ်မယ်!”

ယဲ့ကျွင်းလင် လက်မောင်းကို အဆွဲခံလိုက်ရသည်။ သူငုံ့ကြည့်လိုက်သောအခါ ဆံပင်ငွေရောင်ဖြင့် မိန်းမငယ်လေးတစ်ဦးက သူမ၏ နူးညံ့လှပသော ချစ်စဖွယ် မျက်နှာလေးကို မော့ကာ မျှော်လင့်တကြီးဖြင့် ပြောလာ၏။ “ဆရာသခင်၊ အပြင်သွားဆော့မှာလား? ရှုရှုကို ခေါ်သွားပါဦး။”

ယဲ့ကျွင်းလင် ပြုံးလိုက်ပြီး ပုရှောင်ရှီး၏ ခေါင်းကိုပုတ်ကာ ပြောလိုက်သည်။ “ကောင်းပြီ၊ ဆရာသခင် မင်းကို မရဏချောက်နက်ဆီ တစ်ရက်တာခရီးစဉ် ခေါ်သွားပေးမယ်၊ ငါတို့ဆရာတပည့်အုပ်စုအတွက် အမှတ်တရခရီးစဥ်ပေါ့"

ပုရှောင်ရှီးသည် ပျော်ရွှင်စွာဖြင့် လက်များကိုမြှောက်ကာ အော်ဟစ်လိုက်သည်။ “ဟေး၊ အပြင်ထွက်ပြီး ဆော့လို့ရပြီ!”

“ဪ၊ ဟုတ်သား၊ ဒါဆို ရှုရှု စားစရာတွေ အများကြီးလုပ်ရမယ်၊ ပြီးတော့ ဆရာသခင် အကြိုက်ဆုံး နို့လက်ဖက်ရည်လည်း ဖျော်ခဲ့ရမယ်” ပုရှောင်ရှီး ပွစိပွစိပြောရင်း ချက်ချင်းအလုပ်ရှုပ်သွားတော့လေ၏။

ရှယိုနျန်နှင့် အခြားသူများသည် တစ်ယောက်ကိုတစ်ယောက် နားမလည်နိုင်စွာ လှည့်ကြည့်လိုက်ကြရသည်။

သွားရမှာက မရဏချောက်နက်နော်၊ သမိုင်းကြောင်းများအရ လျှို့ဝှက်ဆန်းကြယ်မှု အများပြားဆုံးနဲ့ အန္တရာယ်အရှိဆုံးလို့ သတ်မှတ်ထားကြတဲ့နေရာပဲ။

မင်းတို့ပဲ တည်ငြိမ်အေးဆေးနေလိုက်ကြ။

နေ့ရက်များ တစ်ရက်ပြီးတစ်ရက် ကုန်ဆုံးသွားသည်။

မကြာမီပင် သတ်မှတ်ထားသောအချိန် ၁၅ရက်နေ့သို့ ရောက်ရှိလာလေပြီ။

အရှေ့ပိုင်းစီရင်စုတစ်ခုလုံး ကျွက်ကျွက်ညံ ဆူပွက်နေပြီး အရပ်လေးမျက်နှာမှ သူရဲကောင်းများ တစ်နေရာတည်းတွင် အတူတကွ စုဝေးခဲ့ကြသည်။

ဧရာမ စစ်သင်္ဘောပျံကြီးများ ထူထပ်သိပ်သည်းစွာ တစ်ညီတစ်ညွတ်တည်း ထွက်ခွာလာကြပြီး ကျင့်ကြံသူ အများအပြားသည် ဓားပျံစီးခြင်း သို့မဟုတ် စီးတော်ယာဥ်များ စီးနင်းခြင်းစသည်ဖြင့် ကိုယ်ပိုင်နည်းလမ်းအသီးသီးကို အသုံးပြုကာ မြစ်ချောင်းငယ်လေးများ ပင်လယ်ကြီးထဲ တစ်စုတည်းစီးဝင်သွားကြသကဲ့သို့ စုဝေးရာနေရာဖြစ်သော ရှန်းဟိုင်စစ်ဆေးရေးဂိတ်ဆီ ဦးတည်သွားရောက်ကြကုန်၏။

All Chapters