အခန်း (၃၃၀)
Vol. 24 Ch. 330
ရှန်းဟိုင်စစ်ဆေးရေးဂိတ်။
ဤနေရာရှိ မြေမျက်နှာပြင်သည် မညီမညာမတ်စောက်ပြီး မှောင်မိုက်သော တောင်တန်းများကား ဧရာမ နဂါးကြီးများကဲ့သို့ ကွေ့ကောက်လိမ်ပတ်နေကာ ခမ်းနားထည်ဝါသော အသွင်အပြင်တစ်ခုကို ထုတ်လွှတ်နေသည်။ ၎င်း၏နောက်ကွယ်တွင် ကျယ်ပြောလှသော ပင်လယ်ပြင်ကြီးရှိပြီး လှိုင်းလုံးများမှာ တစ်ခါတစ်ရံ မီတာများစွာအထိ မြင့်တက်လာကာ သန္တာကျောက်တန်းများအား ပြင်းထန်စွာ ရိုက်ခတ်လို့နေ၏။
ဤနေရာတွင် အလွန်ထူးခြားသည့်တစ်ချက်မှာ မြောက်ဘက် လီငါးဆယ်အကွာခန့်တွင် လူသားမျိုးနွယ်၏ တားမြစ်နယ်မြေဖြစ်သော မရဏချောက်နက် တည်ရှိနေခြင်းပင်။ ၎င်းသည် အရှေ့ပိုင်းစီရင်စု၏ ပြည်နယ်ဆယ့်လေးခုလုံးနှင့် သီးခြားတည်ရှိနေသောနေရာတစ်ခု ဖြစ်ပေ၏။
အရှေ့ပိုင်းစီရင်စု မဟာမိတ်တပ်ဖွဲ့၏ အဓိက စီစဉ်သူအနေဖြင့် ယွီဟွားဂိုဏ်းချုပ်သည် သူ၏ အကြီးအကဲများ၊ တပည့်သားများနှင့်အတူ စုဝေးရာနေရာသို့ စောစီးစွာ ရောက်ရှိနေခဲ့သည်။
လူအုပ်ကြီးသည် တောင်ပေါ်နေရာအနှံ့အပြားတွင် ဖြန့်ကျက်ရပ်တည်နေကြပြီး ဂိုဏ်းကို ကိုယ်စားပြုသော နဖူးစည်းစာတန်းတစ်ခုအား လေထဲတွင် လွင့်ထူလို့ထားသည်။ “ယွီဟွားဂိုဏ်း” ဟူသော စာလုံးသုံးလုံးမှာ စစ်မှန်စွာ ရွှေရောင်တောက်ပနေပြီး အထူးတလည် ထင်ရှားလှ၏။
“ဂိုဏ်းချုပ်၊ လက်ရှိ အခြေအနေတွေက အရမ်းချောမွေ့နေပါတယ်”
မီးခိုးရောင်ဝတ်ရုံ ဝတ်ဆင်ထားပြီး ဆံပင်ဖြူ၊ မုတ်ဆိတ်ဖြူများဖြင့် အကြီးအကဲလျိုသည် ရှားရှားပါးပါး အားအင်အပြည့်ဖြင့် ရွှင်လန်းတက်ကြွလျက်သား။ သူ၏ မျက်နှာတွင် အရေးအကြောင်းများအပြည့်ဖြင့် ထိုသို့ပါးစပ်နားရွက်ချိတ်မတတ် ပြုံးနေသောအခါ လူတစ်ဖက်သားကို ကျောစိမ့်တုန်လှုပ်စေသည်။
ယွီဟွားဂိုဏ်းချုပ်၏ မျက်လုံးများမှာ ကြယ်တာရာများ လွှမ်းခြုံထားသော ညအမှောင်ကဲ့သို့ နက်ရှိုင်းတောက်ပပြီး လက်များကို နောက်ပစ်ထားကာ လှံတစ်ချောင်းကဲ့သို့ ခိုင်ခိုင်မတ်မတ်ရပ်နေသည်။ မသေမျိုးအရှင်အဖြစ်သို့ အချိန်မရွေး ဝုန်းခနဲရောက်ရှိသွားတော့မည့်အလား ထူးခြားသည့် အရှိန်အဝါတစ်ခုကိုလည်း ထုတ်လွှတ်နေသေး၏။
အကြီးအကဲလျို၏ စကားများကိုနားထောင်ရင်း ယွီဟွားဂိုဏ်းချုပ်၏ နှုတ်ခမ်းမှ လှောင်ပြုံးတစ်ခု ထွက်ပေါ်လာသည်။
မှန်ပါသည်။ မကြာသေးမီက လောကတစ်ခွင် ကြီးမားသော ဝါဒလှိုင်းများ ဖြစ်ပေါ်ရခြင်း၏ အကြောင်းရင်းမှာ သူ၏ လျှို့ဝှက်ငှားရမ်းထားသော ပရော်ဖက်ရှင်နယ် ဝါဒဖြန့်သမား ၈၀၀,၀၀၀ တို့ ပရော်ဖက်ရှင်နယ်ကျကျ လှုံ့ဆော်သွေးထိုးပေးနိုင်ခြင်း၏ ရလဒ်တစ်ခုပင် ဖြစ်လေသည်။
အသုံးပြုခဲ့ရသော အဆင့်မြင့် စိတ်ဝိညာဉ်ကျောက်များစွာကြောင့် ဂိုဏ်းချုပ်ဖြစ်သူပင် အတော်လေးနှမြောတသနှင့် စိတ်နှလုံးနာကျင်ခဲ့ရသော်ငြား အစီအစဉ် အောင်မြင်ခဲ့သရွေ့ အရာအားလုံးမှာ ပေးဆပ်ရထိုက်တန်ပါလိမ့်မည်။
ငါးကြီးကြီးရလိုလျှင် အစာကောင်းကောင်းတော့ ချပေးနိုင်ရမည်သာ။
အစီအစဉ်မှာ အတော်လေးထိရောက်လွှမ်းမိုးနိုင်ခဲ့ပြီး ဖြစ်လေရာ လက်ရှိတွင် အရှေ့ပိုင်းစီရင်စု၏ အမျိုးမျိုးသော ကျင့်ကြံမှု အင်အားစုများမှ မဟာမိတ်တပ်ဖွဲ့တို့ ရှန်းဟိုင်စစ်ဆေးရေးဂိတ်သို့ ရောက်ရှိလာမည့်အချိန်အား စောင့်ဆိုင်းနေရန်သာ လိုအပ်ပေတော့၏။
နောက်ဆုံးအဆင့် တစ်နည်းအားဖြင့် စစ်ဆင်ရေးတစ်ခုလုံး၏ အရေးပါဆုံး အဆင့်ကတော့ ၎င်းတို့အားလုံးကို မရဏချောက်နက်ထဲသို့ ဆွဲဆောင်ခေါ်ယူကာ အမြစ်ပြတ်ချေမှုန်းနိုင်ရန်ပင် ဖြစ်သည်။
အစီအစဉ်သာ ချောမွေ့ပါက အရှေ့ပိုင်းစီရင်စု ပြည်နယ်ဆယ့်လေးခုသည် အဖိုးတန်ကျင့်ကြံသူများစွာကို ဆုံးရှုံးလိုက်ရမည်ဖြစ်ပြီး မျိုးဆက်ပြတ်ခြင်း၊ အမွေအနှစ် ပျက်စီးခြင်းတို့နှင့်အတူ ဆုတ်ယုတ်ကျဆင်းမှုကိုပါ တစ်ပါတည်း ခံစားရတော့ပေမည်။
ပြန်လည်နာလန်ထူရန် အခွင့်အလမ်းရော မျှော်လင့်ချက်ပါ မရှိတော့သည့် အခြေအနေပင်။
ယွီဟွားဂိုဏ်းချုပ်သည် ကောင်းကင်သို့မော့ကြည့်ရင်း သက်ပြင်းတစ်ချက်ချကာ ကရုဏာသက်ဟန်ဖြင့် ညည်းညူလာ၏။ “ဟင်း၊ မြေအောက်ကမ္ဘာ(ငရဲ)မှာ သူတို့ ငါ့ကို အပြစ်မတင်ကြဖို့ မျှော်လင့်ပါတယ်။ ဒါတွေအားလုံးဟာ မတတ်သာလို့ ရွေးချယ်ခဲ့ရတာတွေပါပဲ"
အနောက်တွင်ရှိသော အကြီးအကဲလျိုကလည်း ခေါင်းညိတ်သဘောတူလိုက်ပြီး လေးနက်စွာ ထောက်ခံလာသည်။ “ဂိုဏ်းချုပ် လုပ်နေရတာတွေ အားလုံးက အခြေအနေအရပါပဲ။ ဘာအပြစ်မှ မရှိပါဘူး။ အပြစ်တင်လိုတင် ကိုယ်ရဲ့မကောင်းတဲ့ကံကြမ္မာကိုသာ တင်ကြဖို့ရှိပါတော့တယ်!”
“အင်းပေါ့”
ယွီဟွားဂိုဏ်းချုပ်က သူ့ကို လှည့်ကြည့်ကာ ကျေးဇူးတင်စွာ ခေါင်းညိတ်ပြလိုက်သည်။
မဆိုးဘူး၊ ဒီအဘိုးကြီး လူတွေကို နှစ်သိမ့်တတ်သားပဲ။
“ဂိုဏ်းချုပ်၊ မြန်မြန်ကြည့်ပါဦး၊ သူတို့ ရောက်လာပြီ!” အကြီးအကဲလျိုမှ လျင်မြန်စွာ သတိပေးလိုက်သည်။
တူ…!!!
ကြီးမားသော အရိပ်တစ်ခုက ရှန်းဟိုင်စစ်ဆေးရေးဂိတ် တစ်ခုလုံးကို ဖုံးလွှမ်းလာသည်။ အနီးကပ်ကြည့်လိုက်သောအခါ ၎င်းအရိပ်ကြီးမှာ ကောင်းကင်တွင် ရွက်လွှင့်ပျံသန်းနေသော ကြီးကျယ်ခမ်းနားလှသည့် စစ်သင်္ဘောပျံများစွာ ဖြစ်နေသည်ပင်။
ထူထပ်သိပ်သည်းသော ကျင့်ကြံသူ အများအပြားသည် ကုန်းပတ်ပေါ်တွင် စုရပ်နေကြပြီး ဓားရှည်များကို အသီးသီး ကိုင်ဆောင်ထားကာ သူတို့၏ မျက်လုံးများတွင် ပြင်းထန်သော တိုက်ပွဲစိတ်ဓာတ်က မီးတောက်များအလား တောက်လောင်လျက်ရှိ၏။
ဧကရာဇ်မင်းဆက်များကို ကိုယ်စားပြုသော စစ်တပ်အသီးသီးလည်း ရောက်ရှိနေပြီး စစ်သားရဲများကို စီးနင်းကာ လှံရှည်များ ကိုင်ဆောင်ထားကြသည်။ သံမဏိသံချပ်ကာများ ဝတ်ဆင်ထားပြီး လေနှင့်အတူ လွင့်ခါနေသော စစ်အလံများက ကောင်းကင်ပြင်ကျယ်ကိုပင် ဖုံးလွှမ်းကာရံတော့မတတ်။
အဆင့်မြင့် ကျင့်ကြံသူများစွာ တစ်ဦးပြီးတစ်ဦး ရောက်ရှိလာကြပြီး သူတို့၏ ကိုယ်ခန္ဓာမှ ဖြန့်ကျက်နေသော အရှိန်အဝါတို့က ကောင်းကင်ကို အလှဆင်ထားသော ကြယ်များကဲ့သို့ မျက်စိပသာဒရှိလှကာ ကျယ်ပြောလှသော ချီစွမ်းအင်ကို စုပေါင်းထုတ်လွှတ်နေသည်။
“အဇူရီဧကရာဇ်မင်းဆက် ကူညီရန် ရောက်ရှိလာပါပြီ!!!”
“ပင်လယ်ပြင်ကျယ်ဂိုဏ်း ကူညီရန် ရောက်ရှိလာပါပြီ!!!”
“ရွှမ်ကျီးဓားဂိုဏ်း ကူညီရန် ရောက်ရှိလာပါပြီ!!!”
“ဓားဆင့်ခေါ်ဂိုဏ်း ကူညီရန် ရောက်ရှိလာပါပြီ!!!”
“မဟာကျိုးပြည်ထောင် မင်းဆက် ကူညီရန် ရောက်ရှိလာပါပြီ!!!”
“လင်ကျိုးပြည်နယ်မှ ရွှယ်မိသားစု ကူညီရန် ရောက်ရှိလာပါပြီ!!!”
…
ကောင်းကင်ထက်မှ ရေတွက်မရနိုင်သော အော်ဟစ်ကြေညာသံများ ထွက်ပေါ်လာပြီး အဆုံးမရှိသော စစ်ပွဲအားမာန်တို့ အပြည့်ပါဝင်ကာ ကောင်းကင်တစ်ခုလုံးကို တုန်ခါယိမ်းယိုင်စေတော့မတတ်။
ပတ်ပတ်လည်ကို ကြည့်လိုက်သောအခါ အရှေ့ပိုင်းစီရင်စု၏ ထိပ်တန်းပုဂ္ဂိုလ်တို့စုစည်းရာ မဟာမိတ်တပ်ဖွဲ့ကြီးသည် အလွန်အစွမ်းထက်သော အရှိန်အဝါကို ထုတ်လွှတ်နေပြီး ပြည့်နှက်နေသော ချီစွမ်းအင်တို့က ရှန်းဟိုင်စစ်ဆေးရေးဂိတ်ရှိ နေရာတိုင်းကို လွှမ်းခြုံထားသည်။
ချောက်ကမ်းပါးစွန်းတွင် ရပ်ကာ မြင်ကွင်းကို ခြုံကြည့်ရင်း ယွီဟွားဂိုဏ်းချုပ်သည် မျက်လုံးများကို ကျဉ်းမြောင်းလိုက်၏။ သူ၏ မျက်လုံးများတွင် ထက်ရှသော အလင်းတပြက် ဖျတ်ခနဲလက်သွားပြီး နှုတ်ခမ်းများ မထိန်းချုပ်နိုင်ဘဲ ကွေးညွှတ်သွားပြီးမှ လျင်မြန်စွာ ပုံမှန်အတိုင်း ပြန်လည်တည်တံ့သွားသည်။
ကြီးမားသော လောကဓံမုန်တိုင်းများကို ဖြတ်ကျော်တိုက်ခိုက်ခဲ့ပြီးမှ အာဏာရှိသော ရာထူးတစ်ခုကို ကိုင်စွဲဖမ်းဆုပ်နိုင်ခဲ့သူဖြစ်လေရာ ဤမျှအရေးကြီးသော အခါသမယတွင် မည်သို့ ပြုမူရမည်ကို သူသေချာသိသည်။
လူအုပ်ကြီး၏ စောင့်ကြည့်မှုအောက်တွင် အာဏာဟိတ်ဟန် အပြည့်ရှိသော သက်လတ်ပိုင်းအရွယ် အမျိုးသားသည် အရိုအသေပြု ဦးညွှတ်လိုက်ပြီး ရိုးသားစစ်မှန်သော လေသံဖြင့် ပြောလာ၏။ “ယွီဟွားဂိုဏ်းကို လာရောက်အားဖြည့်ကူညီကြသော တာအိုမိတ်ဆွေ အပေါင်းတို့အား ကျေးဇူးတင်ရှိပါသည်!”
ဤသို့သော အချိန်မျိုးတွင် သင့်လျော်သော ကျင့်ဝတ်ကို လိုက်နာခြင်း၊ ကိုယ့်ကိုယ်ကို နှိမ့်ချခြင်းနှင့် အထူးတလည် လေးစားမှုပေးခြင်းတို့သည် လူတိုင်း၏ ယုံကြည်မှုနှင့် အကောင်းမြင်စိတ်ကို သေချာပေါက် မြှင့်တင်နိုင်ပေမည်။
ဒါမျိုးကို စိတ်ခံစားမှုဆိုင်ရာ ဉာဏ်ရည်(EQ) လို့ခေါ်တယ်!
“ဂိုဏ်းချုပ်ဝမ်၊ ခင်ဗျားက အရမ်း ယဉ်ကျေးတာပဲ။ ယွီဟွားဂိုဏ်းကို ကူညီတယ်ဆိုတာ ကိုယ်နေထိုင်ရာ လောကကြီးရဲ့ တက်လမ်းကိုရှင်းလင်းတာနဲ့ ဘာမှမခြားပါဘူး” ဓားဆင့်ခေါ်ဂိုဏ်းမှ ဖန်းသယ်ကျန့်က တုံ့ပြန်လာသည်။
“မှန်တယ်!”
လူတိုင်း ခေါင်းညိတ်လိုက်ကြသည်။
“ယွီဟွားဂိုဏ်းက မရဏချောက်နက်ကို တိုက်ခိုက်ဖို့ ဆုံးဖြတ်ထားတဲ့အတွက် ကျွန်တော်တို့ အပြည့်အဝ ထောက်ခံမှုပေးရမှာ တာဝန်ပါပဲ။ ဒီတိုက်ပွဲက ကျွန်တော်တို့ လူသားမျိုးနွယ်ရဲ့ ဂုဏ်သိက္ခာနဲ့ သက်ဆိုင်တဲ့အတွက် အလွဲအချော်တစ်ခုတလေ ရှိလို့မဖြစ်ပါဘူး"
ဆောင်းတွင်းလေညင်းတစ်ဖြတ် တိုက်ခတ်သွားသကဲ့သို့ အေးစက်စက်အသံတစ်ခုက အရပ်မျက်နှာအားလုံးကို ပဲ့တင်ထပ်သွားသည်။
စကားပြောသူမှာ ဖြူစွတ်သောဝတ်ရုံအား ဝတ်ဆင်ထားသည့် ခန့်ညားသော အမျိုးသားတစ်ဦးဖြစ်ပြီး ဓားတစ်ချောင်း ကိုင်ကာ မတ်တပ်ရပ်နေ၏။ သူ၏ မျက်လုံးများမှာ တောက်ပသော နေမင်းကြီးကဲ့သို့ ရောင်ဝါထွန်းလင်းနေပြီး သူ၏ ခန္ဓာကိုယ်မှ မသေမျိုးစွမ်းအင် ချီလှိုင်းများ ထွက်ပေါ်နေသည်။
ဤပုဂ္ဂိုလ်မှာ အသစ်တက်ရောက်လာသော ဓားမသေမျိုးအရှင် ရွှယ်ဝူဟန် ဖြစ်သည်!
သူ၏နောက်တွင် ရွှမ်ကျီးဓားဂိုဏ်း၏ ဓားကျင့်ကြံသူ အဖွဲ့သည် သတိအနေအထားဖြင့် မတ်မတ်ရပ်နေကြပြီး မျက်လုံးများက စိတ်အားထက်သန်စွာ တောက်ပလန်းဆန်းနေသည်။ စစ်မှန်သော ဓားမသေမျိုးအရှင်မှ ကိုယ်တိုင် ဦးဆောင်လာခြင်းဖြစ်သောကြောင့် စိတ်မလှုပ်ရှားဘဲ မနေနိုင်ပါချေ။
ရွှယ်ဝူဟန် စကားဝင်ပြောသည်ကို မြင်သောအခါ ယွီဟွားဂိုဏ်းချုပ် ဝမ်ချန်းဝေ၏ မျက်နှာထား အနည်းငယ် ပြောင်းလဲသွားပြီး နဖူးတွင် ချွေးစေးများ ပျံတက်လာသည်။ ပေါ့ဆရဲခြင်းမရှိဘဲ လက်သီးဆုပ်အရိုအသေပြုကာ တုံ့ပြန်လိုက်၏။ “ဓားမသေမျိုးအရှင် ရွှယ် ပြောတာ မှန်ပါပေတယ်”
သူတို့ကျင့်ကြံရေးလောကတွင် ဆိုရိုးစကားပင် ရှိသည်မဟုတ်လော။ မသေမျိုးအရှင်တစ်ပါး၏ လက်ဝါးအောက်တွင် ကျန်သူအားလုံးသည် ပုရွက်ဆိတ်များသာ ဖြစ်သည်။
သူ၏ ရာထူးဂုဏ်သိမ် မည်မျှမြင့်မားပါသော်ငြား ကျင့်ကြံဆင့်ကတော့ ဘေးဒုက္ခကျော်လွှားခြင်း အဆင့်သာ ရှိနေသေးသည်ပင်။ မသေမျိုးအရှင် အဖြစ်သို့ မရောက်ရှိသေးသရွေ့ စကားထဲထည့်ပြောလောက်စရာ အဆင့်အတန်းမျိုး မဟုတ်သေးပေ။
ဓားတာအိုလမ်းစဥ်မှ တစ်ဆင့် မသေမျိုးအရှင်အဖြစ်သို့ ရောက်ရှိခဲ့သော စွမ်းအားရှင်ကို ရင်ဆိုင်ရသောအခါ ဝမ်ချန်းဝေသည် မိမိ၏ သေးငယ်အားနည်းလှသော ဖြစ်တည်မှုအား ရှင်းလင်းစွာ ခံစားခဲ့ရသည်။ တစ်ဖက်လူမှ ဖိအားကို တမင်တကာ ထုတ်လွှတ်ခြင်း မရှိသော်လည်း စကားဆိုရုံမျှဖြင့် ဦးရေပြားတို့ကျဥ်တက်ကာ မွေးညင်းများထောင်မတ်လာသည်အား ခံစားမိလိုက်၏။
“ဟမ့်၊ မင်းက ဓားမသေမျိုးအရှင် ဆိုရင်ရော ဘာဖြစ်လဲ? သံတမန်ရဲ့ထောင်ချောက်ထဲ မင်းကို ဆွဲသွင်းလိုက်နိုင်တာနဲ့ သေလိုသေ ရှင်လိုရှင် ငါတို့လက်ခုပ်ထဲရောက်သွားရမှာပဲလေ!” ဝမ်ချန်းဝေ က လျှို့ဝှက်စွာ တွေးလိုက်သည်။