← Chapters

အခန်း (၃၃၁)

Vol. 24 Ch. 331

အခန်း (၃၃၁)

Vol. 24 Ch. 331

“ဟားဟား၊ ဓားမသေမျိုးအရှင်ရွှယ် ပါ ပါလာမှာတော့ ငါတို့က ဘာကို ကြောက်ရမှာလဲ?”

“စိတ်ချပါ၊ ဒီနေ့ တာအိုမိတ်ဆွေ အားလုံး စုဝေးခဲ့ကြပြီဆိုတော့ ဒီတိုက်ပွဲ အောင်ပွဲခံနိုင်မှာ သေချာတယ်!”

“တကယ်တော့ အရှင်ယဲ့လည်း ရှိနေရင် ပိုပြီးတောင် စိတ်ချရလိမ့်မယ်!”

“နေစမ်းပါဦး၊ အရှင်ယဲ့ က ဘယ်မှာလဲ? ရွှယ်ထျန်းဂိုဏ်းက ပါဝင်ပူးပေါင်းဖို့ ရည်ရွယ်ချက် မရှိဘူးလား?”

ဆွေးနွေးစကားသံများ ရုတ်တရက် ပေါ်ပေါက်လာပြီး ရွှယ်ထျန်းဂိုဏ်းကို အထူးသဖြင့် ယဲ့ကျွင်းလင်ကို ဦးတည်ပြောဆိုနေကြခြင်းပင်။

ထိုသူသည် အရှေ့ပိုင်းစီရင်စု၏ အစွမ်းအထက်ဆုံး မသေမျိုးအရှင်တစ်ပါးဖြစ်၏။ ဤအထူးတလည်ရှိလှသော အခိုက်အတန့်တွင် သူသာ လာရောက်ကူညီပါက စစ်သည်တော်တို့ ပိုမိုစိတ်ဓာတ်အားပြည့်တက်ကြွကြပေမည်။

ယဲ့ကျွင်းလင်၏တည်ရှိမှုက ထိုမျှအရေးပါလေသည်။

ဆွေးနွေးမှုများကို ကြားရသောအခါ ဝမ်ချန်းဝေလည်း စိတ်ထဲ မရှင်းမရှင်း ဖြစ်လာရ၏။

ဤအစီအစဉ်၏ အကြီးဆုံးပန်းတိုင်က ထိုသူကိုဖယ်ရှားဖို့သာပင်။ သူသာပါမလာလျှင် အစီအစဥ်တစ်ဝက်ကျရှုံးသည်ဟုပင် ဆိုနိုင်ပေလိမ့်မည်

“အဟမ်း၊ အားလုံးပဲ၊ မထိတ်လန့်ကြပါနဲ့”

ဝမ်ချန်းဝေ ချောင်းတစ်ချက်ဟန့်ကာ လေးနက်စွာ ပြောလိုက်သည်။ “မသေမျိုးအရှင်ယဲ့ က ငါတို့စုပေါင်းအင်အားနဲ့ မရဏချောက်နက်ကို အလွယ်တကူ နှိမ်နင်းနိုင်မယ်လို့ တွက်ချက်ထားပြီးသား ဖြစ်လို့ လာမကူတာ ဖြစ်နိုင်ပါတယ်။"

ဤစကားများသည် လူအများကို နှစ်သိမ့်ရာရောက်ပြီး တစ်ဖက်လူ၏ ဂုဏ်သိက္ခာကိုလည်း ထိန်းသိမ်းပေးရာကျ၏။ စကားပြောအနုပညာဆိုသည်မှာ လိုရင်လိုသလို အသုံးပြုလို့ရသော လက်နက်ပုန်းတစ်ခုသာ။

ထိုစကားအဆုံး၌ လူအများမှာ ယွီဟွားဂိုဏ်းချုပ်၏ စကားအလှပညာနှင့် စိတ်ပိုင်းဆိုင်ရာအဆင့်အတန်းအား မချီးကျူးဘဲမနေနိုင်ကြတော့ပေ။

“အကြီးအကဲယဲ့၊ ခင်ဗျား တကယ် မလာတော့ဘူးလား?” ရွှယ်ဝူဟန် သက်ပြင်းချကာ ရေရွတ်လိုက်ပြီး နောင်တအနည်းငယ် ရမိသည်။ ထိုပုဂ္ဂိုလ်နှင့်အတူ တိုက်ခိုက်ရန် သူ မျှော်လင့်ထားခဲ့သည်ပင်။

ဒုန်း…

ထိုအချိန်တွင် ကောင်းကင်မှ လျှပ်စီးမိုးကြိုးသံကဲ့သို့ ကျယ်လောက်သော အသံကြီးတစ်သံ ထွက်ပေါ်လာပြီး ခမ်းနားကြီးကျယ်၍ အာဏာပြင်းထန်သည့် ဘုရင်တစ်ပါး၏ အရှိန်အဝါက လူအများကို အံ့အားသင့်စေလောက်အောင် ပျံ့နှံ့လာခဲ့သည်။

ဝေလငါးပြာ၏အော်သံနှင့် ဆင်တူသော သတ္တဝါမြည်ကြွေးသံတစ်ချက် အဝေးမှ ထွက်ပေါ်လာပြီး ကျင့်ကြံသူ အများအပြားကို မခံနိုင်လောက်အောင် နားအူစေကာ ကိုယ်ထဲမှ ချီစွမ်းအင်လှိုင်းများပင် မငြိမ်မသက် ဘောင်ဘင်ခတ်လာရ၏။

ကောင်းကင်ကို ဖုံးကွယ်နိုင်လောက်အောင် ကြီးမားလှသော ဒဏ္ဍာရီလာ သတ္တဝါကြီးတစ်ကောင် ပေါ်ထွက်လာပြီး ၎င်း၏အတောင်ပံများကို မှန်မှန်ခတ်ကာ ပြင်းထန်သော လေစီးကြောင်းများကို ဖြစ်ပေါ်စေသည်။ ပတ်ဝန်းကျင်ရှိ လေဟာနယ်တွင် သာမန်မျက်စိဖြင့် မြင်နိုင်လောက်သော စွမ်းအင်လှိုင်းကြီးများ လွင့်ပျံလာလေရာ ကြောက်မက်ဖွယ်ကောင်လှသည်ပင်။

အဆင့်မြင့် အိမ်မွေးတိရစ္ဆာန်အစားအစာများ ကျွေးမွေးပြီးနောက် အားခွင်းသည် ဘေးဒုက္ခ‌ကျော်လွှားခြင်း ကျင့်ကြံဆင့်သို့ လျင်မြန်စွာ တိုးတက်လာခဲ့သည်။ ၎င်းသည် ယခင်ကထက် ပိုမိုအားကောင်းပြီး ခမ်းနားထည်ဝါသော ဖိအားကို သယ်ဆောင်လာကာ သခင်ဖြစ်သူ မသေမျိုးအရှင်၏ ပေါ်ထွက်လာမှုအား ဂုဏ်သိက္ခာပြည့်ဖြင့် တင့်တယ်ကျော့မော့စေ၏။

ချက်ချင်းပင်။

အခြားကျင့်ကြံသူများ၏ စီးတော်ယာဥ်များအားလုံးသည် ဆက်နွယ်မှုတစ်ခုခုထံမှ ဖိနှိပ်ခံရသကဲ့သို့ ခံစားရပြီး ကြောက်လန့်တကြား တုန်ရီလာကြကာ ဆောက်တည်ရာမရ ဖြစ်ကုန်ကြတော့သည်။

“ငါ၊ ငါ မှတ်မိပြီ! ဒါက မသေမျိုးအရှင်ယဲ့ရဲ့ စီးတော်ယာဥ် ခွင်းဖန်းပဲ!” တစ်စုံတစ်ဦးက အော်ဟစ်လိုက်သည်။

“ဘုရားရေ၊ ဘေးဒုက္ခကျော်လွှားခြင်း ပြီးပြည့်စုံခြင်း အဆင့်ရှိတဲ့ နတ်ဆိုးဧကရာဇ်တစ်ပါးက လူတစ်ယောက်ရဲ့ စီးတော်ယာဥ် ဖြစ်နေတာ တကယ်ကို မယုံနိုင်စရာပဲ” နောက်တစ်ဦးက အံ့ဩတုန်လှုပ်စွာ တီးတိုးပြောလိုက်သည်။

“စီးတော်ယာဥ် ဖြစ်တော့ရော ဘာဖြစ်လဲ? ဒါက မသေမျိုးအရှင်ယဲ့ရဲ့ စီးတော်ယာဥ်ပဲလေ! မသေမျိုးအရှင်တစ်ပါးရဲ့ စီးတော်ယာဥ်ဖြစ်ရတာက ရှက်စရာလား?!”

ရုတ်တရက် လူအုပ်ထဲမှ အသံတစ်ခု ထွက်ပေါ်လာသည်။

ဒီလိုကျတော့လည်း ဟုတ်သားပဲ။ လူတိုင်း တွေးလိုက်မိသည်။

ဟုတ်တယ်၊ နတ်ဆိုးဧကရာဇ် ဆိုတော့ရော ဘာဖြစ်လဲ? မသေမျိုးအရှင်တစ်ပါးအတွက် စီးတော်ယာဥ် ဖြစ်ပေးရတာ အဆင့်အတန်းနိမ့်ကျစရာ အကြောင်းမှမရှိတာ။ ပိုပြီးအဆင့်မြင့်သွားတယ်ဆိုမှ ယုတ္တိကျသေးတယ်။

“အခွင့်အရေးသာရရင် ကျွန်မလည်း မသေမျိုးအရှင်ယဲ့ရဲ့ စီးတော်ယာဥ်လေးတစ်စီး ဖြစ်ချင်လိုက်တာ” ကျော့ရှင်းနုပျိုသော အမျိုးသမီး ကျင့်ကြံသူတစ်ဦးက ပါးပြင်များနီရဲလျက် တီးတိုးရေရွတ်လိုက်သည်။

ရွှီးရွှီးရွှီး~!

ခွင်းဖန်းက ခမ်းနားကြီးကျယ်စွာ ဝင်ရောက်လာသည်နှင့်အမျှ ရေတွက်မရနိုင်သော အင်အားစုကြီးများမှာ ကြိုတင်တိုင်ပင်ထားကြသကဲ့သို့ ဂရုတစိုက် လမ်းဖယ်ပေးကာ လေးစားစွာ စောင့်ကြည့်နေကြသည်။

“ဂိုဏ်းချုပ်၊ သူ ရောက်လာပြီ…” အကြီးအကဲလျို တံတွေးတစ်ချက်မျိုချလိုက်ပြီး သူ၏နှလုံးသားမှာ တုန်ယင်နေသည်။ ဓားဆင့်ခေါ်ဂိုဏ်းတွင် ထိပ်တိုက်တွေ့ခဲ့သည့်မြင်ကွင်းကို ပြန်အမှတ်ရရင်း အကြီးအကဲလျို ‌ကျောချမ်းသွားရ၏။

“ဟမ့်၊ ကြီးကျယ်လိုက်ပုံများ!” ဝမ်ချန်းဝေ အလွန်မကျေမနပ်ဖြစ်နေသည်။ အကြောင်းမှာ တစ်ဖက်လူ၏ စီးတော်ယာဥ်ကျင့်ကြံဆင့်က သူနှင့်တူညီနေသောကြောင့်ပင်။

သူ့လို ဂုဏ်သိက္ခာကြီးမားတဲ့ ယွီဟွားဂိုဏ်းချုပ်က တစ်ခြားလူတစ်ယောက်ရဲ့ စီးတော်ယာဥ်နဲ့ ဘာကြောင့်နှိုင်းယှဥ်နေရမှာတဲ့လဲ?

ဝမ်ချန်းဝေ၏ နှလုံးသားထက် ရှုပ်ထွေးသော စိတ်ခံစားချက်များဖြင့် ပြည့်နှက်နေချိန်တွင် ခွင်းဖန်းသည်ကား ရှန်းဟိုင်စစ်ဆေးရေးဂိတ် အပေါ်သို့ ရောက်ရှိနေပြီဖြစ်ပြီး ၎င်း၏ တောက်ပသော မျက်လုံးများမှာ နေမင်းနှစ်စင်းကဲ့သို့ ယွီဟွားဂိုဏ်းအုပ်စုအား တည့်တည့်စိုက်ကြည့်နေခဲ့သည်။

“အယ်…”

ယွီဟွားဂိုဏ်း၏ တပည့်များနှင့် အကြီးအကဲများမှာ ပစ်မှတ်အနေအထားတွင် ကြောက်ရွံ့တုန်လှုပ်ကာ ဒူးများပင်တုန်လာရသည်။

အရှေ့စီရင်စု၏ ကျင့်ကြံရေးနယ်မြေ အထွဋ်အမြတ်ဂိုဏ်းတစ်ခုအဖြစ် မည်သူ့ကိုမဆို မောက်မာနိုင်သော်လည်း ရွှယ်ထျန်းဂိုဏ်းကိုတော့ ပုခုံးချင်း မယှဥ်ရဲလှပါချေ။

“အာခွင်းရေ၊ အေးဆေးပေါ့၊ သူများကို ကြောက်အောင် မလုပ်ရဘူး” ကြည်လင်သောအသံတစ်သံက ခွင်းဖန်းအပေါ်မှ သဲ့သဲ့လေးထွက်ပေါ်လာသည်။

“အစ်ကိုကြီးယဲ့၊ ထပ်တွေ့ဆုံရတာ ဂုဏ်ယူပါတယ်!” ရွှယ်ဝူဟန်က စိတ်လှုပ်ရှားစွာ စတင်နှုတ်ဆက်လိုက်သည်။

ယဲ့ကျွင်းလင်သည် ပဉ္စမကောင်းကင်အဆင့် စစ်မှန်သော မသေမျိုးအရှင်တစ်ပါးနှင့် နှိုင်းယှဥ်နိုင်သော မီးတောက်နဂါးကို တံတွေးတစ်ချက်ဖြင့် ငြိမ်းသတ်ချေမှုန်းခဲ့သည်အား မြင်လိုက်ပြီးကတည်းက ထိုပုဂ္ဂိုလ်အပေါ် သူ၏လေးစားမှုမှာ အတိုင်းအဆမရှိ မြင့်တက်လာခဲ့၏။

ထို့အပြင် ဤသူသည် သူ့ကို ဓားမသေမျိုးအရှင်တစ်ပါး ဖြစ်လာစေရန် လမ်းညွှန်ပေးခဲ့သော ဆရာသခင်ဖြစ်ပြီး သူ၏ အသက်သခင် ကျေးဇူးရှင်လည်း ဖြစ်ပြန်သည်!

“မင်းက ဘယ်သူလဲ? ဪ၊ ငါမှတ်မိပြီ၊ ရှောင်ရွှယ်လား၊ ဟုတ်တယ်မလား?” ရင်းနှီးသောအသံတစ်သံက ရုတ်ချည်း ထွက်ပေါ်လာသည်။

ဤနှုတ်ခွန်းဆက်စကားသည် လူတိုင်းကို ချက်ချင်း တောင့်တင်းသွားစေ၏။

နာမည်ကျော် ဝတ်ရုံဖြူ ဓားမသေမျိုးအရှင် ရွှယ်ဝူဟန်ကို ဘယ်လိုခေါ်လိုက်တယ်? ရှောင်ရွှယ် ဟုတ်လား?…

(ကိုယ့်ထက်အငယ် ဂျူနီယာလေးတွေကိုမှ ရှောင်တပ်ခေါ်ကြတာပါ။ မြန်မာလိုဆို ရွှယ်လေး ဒါမှမဟုတ် ညီလေးရွှယ်ပေါ့)

ရွှယ်ဝူဟန်တစ်ယောက် မကျေမနပ်ဖြင့် စတင်ပေါက်ကွဲတော့မည်ဟု လူတိုင်းအထင်ရှိနေကြချိန် ရွှယ်ဝူဟန်က မြူးကြွပြုံးရွှင်စွာဖြင့် ပြန်ဖြေလိုက်သည်။

"ဟုတ်ပါ့ဗျာ!"

All Chapters