EQဆိုတာဘာလဲ နားမလည်ဘူးလား
Vol. 24 Ch. 333
လူတိုင်း၏ မျက်နှာအမူအရာများ မျိုးစုံပြောင်းလဲသွားသည်။
ယဲ့ကျွင်းလင် ပြောတဲ့ လိုင်ဖူဆိုတာ သူ့မိတ်ဆွေ ဒါမှမဟုတ် ဆွေမျိုးတစ်ယောက်ယောက်များလား?
အခြေအနေက နည်းနည်းတော့ ပြင်းထန်နေပြီနော်။
ယွီဟွားဂိုဏ်း ဂိုဏ်းချုပ်တော့ ပြဿနာကြီးထဲ ရောက်နေပုံပဲ။
မသေမျိုးအရှင်တစ်ဦး၏ ကြောက်မက်ဖွယ်ကောင်းသော ဖိအားကို ရင်ဆိုင်ရသောအခါ ဝမ်ချန်းဝေ ဟန်မဆောင်နိုင်လောက်အောင် အားနည်းသွားရ၏။ အရိုးများ ကျွတ်ထွက်မတတ် ဖျစ်ညှစ်ခံနေရပြီး သွေးစီးဆင်းမှုပါ ရပ်တန့်သွားသကဲ့သို့ ခံစားရကာ နက်ရှိုင်းသော ကြောက်ရွံ့မှုနှင့် အင်အားမဲ့ခြင်းကို မကြုံစဖူး ခံစားလိုက်ရလေသည်။
အားနည်းပြီး အကူအညီမဲ့တဲ့ ခံစားချက်။
“အကြီးအကဲလျို၊ မြန်မြန် ကူညီပါဦး။ ကျွန်တော် အရင်က သတ်ခဲ့တဲ့ ရန်သူတွေထဲမှာ လိုင်ဖူ ဆိုတဲ့သူ ရှိခဲ့လား?!”
ဝမ်ချန်းဝေ စိတ်ပူပန်စွာဖြင့် တိတ်တဆိတ် အသံပို့လိုက်သည်။ မရေမတွက်နိုင်သော လူများစွာကို သတ်ခဲ့ဖူးသောကြောင့် ဤအခြေအနေတွင် ပထမဆုံးဝင်သောအတွေးမှာ ဝေခွဲမရဖြစ်ခြင်းပင်။
ဘာပဲဖြစ်ဖြစ် မသေမျိုးအရှင်ဆိုတာ အကြောင်းပြချက်မရှိဘဲ ဒေါသမထွက်ဘူး။ အကြောင်းရင်းတစ်ခုတော့ ရှိကိုရှိရမယ်။
အဲဒီတုန်းက ခြေရာလက်ရာ သေချာမရှင်းခဲ့မိလို့လား? တစ်ဖက်လူက မသေမျိုးကျင့်စဥ်သုံးပြီး တရားခံအစစ်ကို ဖော်ထုတ်နိုင်ခဲ့တာလား?
ဒီလိုလည်း ဖြစ်နိုင်တာပဲ။
အကြီးအကဲလျိုလည်း ရုတ်တရက် ဖြစ်ပေါ်လာသော အခြေအနေကြောင့် ထိတ်လန့်စွာဖြင့် ခြေမကိုင်မိ လက်မကိုင်မိ ဖြစ်လျက်ရှိသည်။ ဂိုဏ်းချုပ်၏ အလောတကြီးမေးခွန်းကို ရင်ဆိုင်လိုက်ရသော် သူခေါင်းကိုသာ ပြုတ်ထွက်မတတ် ခါယမ်းပြလိုက်မိ၏။
ငါ့ကို လာမမေးနဲ့၊ ငါ ဘာမှမသိဘူး။
“လူကြီးမင်းဝမ်၊ ခင်ဗျား အစ်ကိုကြီးယဲ့ရဲ့ မိတ်ဆွေကို လာထိရဲလောက်အောင် သတ္တိရှိလိမ့်မယ်လို့ ကျွန်တော် မထင်ခဲ့ဘူး”
အခြေအနေကို မြင်တော့ ရွှယ်ဝူဟန် ၏ မျက်လုံးများ အေးစက်သွားပြီး သူ့လေသံမှာ အေးခဲကာ ခြိမ်းခြောက်လိုဟန်အပြည့်ပါသည်။ “လိုင်ဖူဆိုတဲ့ ရောင်းရင်းကို ခင်ဗျား ဘယ်မှာဖွက်ထားလဲ၊ ရိုးရိုးသားသား ဝန်ခံစမ်း!”
ဒုန်း!
နောက်ထပ် မသေမျိုး ဖိအားလှိုင်းတစ်ခု သူ့ကို လွှမ်းခြုံလာသည်။ ဝမ်ချန်းဝေသည် ဆက်လက်မထိန်းချုပ်နိုင်တော့ဘဲ မြေပြင်ပေါ်တွင် ဒူးထောက်ကျသွားရ၏။ ချွေးအေးများ ပါးပြင်ပေါ် စီးကျနေပြီး မျက်နှာအမူအရာမှာ ဝမ်းချုပ်နေသူတစ်ဦးကဲ့သို့ အတော်လေးမသက်မသာရှိလျက်။ သူ အတော်လေး စိတ်ပျက်အားငယ်လျက်ရှိလေပြီ။
ကျေးဇူးပြုပြီး တစ်ယောက်ယောက် ပြောပြပါဦး၊ လိုင်ဖူ ဆိုတာ ဘယ်သူလဲ?!!
အဓိကအချက်က အဲ့ဒီလူကို ငါမှ လုံးဝမမှတ်မိတာ။ ဒီတိုင်းပဲ အပြစ်ဝန်ခံလိုက်ရတော့မလား?
“လူကြီးမင်းဝမ်၊ ခင်ဗျား ဘာလို့ဆက်ပြီး တင်းခံနေသေးတာလဲ? လိုင်ဖူ ဆိုတဲ့ ရောင်းရင်းကို မြန်မြန် လွှတ်ပေးလိုက်ပါ။ ဒီအတိုင်းဆို ကျွန်တော်တို့အချင်းချင်း ပြန်လည်ညှိနှိုင်းလို့ ရပါသေးတယ်” ဖန်းသယ်ကျန့် က မကြည့်ရက်တော့ဘဲ ရိုးသားစွာ အကြံပေးလိုက်သည်။
“ဟုတ်တယ်၊ ဟုတ်တယ်၊ မြန်မြန် လွှတ်ပေးလိုက်။ ကြာရင် ပြဿနာတွေ ဒီ့ထက်ပိုရှုပ်ကုန်လိမ့်မယ်။ ဟူး!” အခြားသူများကလည်း ထောက်ခံ ပြောဆိုကြသည်။
ယွီဟွားဂိုဏ်းမှ တပည့်များနှင့် အကြီးအကဲများပင် မသေမျိုးအရှင်နှစ်ပါး အမျက်တော်ထွက်ကာ လက်စားချေမည်ကို ကြောက်ရွံ့ကုန်ကြပြီး လိုင်ဖူကို အသက်ချမ်းသာရာရပေးလိုက်ဖို့ ဝမ်ချန်းဝေအား ဝိုင်းဝန်းတောင်းဆိုကြကုန်တော့၏။
အကျပ်ရိုက်နေသော ဝမ်ချန်းဝေမှာ ဒေါသထွက်လွန်း၍ သွေးအန်မတတ်ပင်။ တစ်ကိုယ်လုံး တုန်ရီနေပြီး မျက်နှာတွင် ဒေါသအမျက်များနှင့် ကြံရာမရမှုများ ပြည့်နှက်နေသည်။ ထို့နောက် ရှိသမျှခွန်အားကိုစုစည်းကာ အားကုန်အော်ဟစ်လိုက်သည်။ “ကောင်းကင်နဲ့ မြေကြီးကို သက်သေထားပြီး ကျိန်ဆိုပါတယ်၊ လိုင်ဖူ ဆိုတာ ဘယ်သူမှန်း ကျွန်တော် တကယ်မသိပါဘူး!!!”
“ဟမ့်၊ ခေါင်းမာလိုက်တာ!” ရွှယ်ဝူဟန် ဒေါသထွက်သွားသည်။ ထို့နောက် သူ၏ လက်ညှိုးနှစ်ချောင်းကို ထောင်လိုက်ရာ ဓားစွမ်းအင်က ပတ်ဝန်းကျင်ကို ဖြန့်ကျက်လွှမ်းခြုံသွားပြီး အရှေ့မှလူကို သင်ခန်းစာပေးရန် အသင့်ဖြစ်နေပုံပင်။
“နေဦး”
ယဲ့ကျွင်းလင်က လက်ကို ဝှေ့ယမ်းကာ သူ့ကို တားလိုက်သည်။
“အစ်ကိုကြီးယဲ့၊ စိတ်မပူပါနဲ့။ လိုင်ဖူဘယ်မှာလဲဆိုတာ ကျွန်တော်မရရအောင် ကူညီဖော်ထုတ်ပေးမယ်!” ရွှယ်ဝူဟန်က ယုံကြည်ချက်အပြည့်ဖြင့် ပြောလိုက်သည်။
“အဟမ်း အဟမ်း"
ယဲ့ကျွင်းလင်က ချောင်းအနည်းငယ် ဟန့်လိုက်ပြီး ရှင်းပြလိုက်သည်။ “တောင်းပန်ရတော့မှာပါပဲ။ ကျွန်တော် ခုနက အတိတ်ကာလတွေမှာ ပြန်လည်နစ်မျောမိသွားလို့ပါ။ ဒီ လူကြီးမင်းဝမ် ရဲ့ နာမည်က ကျွန်တော့်ရဲ့ ကွယ်လွန်သွားပြီဖြစ်တဲ့ သူငယ်ချင်းဟောင်းတစ်ဦးကို သတိရစေလို့ပါ။ ကျေးဇူးပြုပြီး ခွင့်လွှတ်ပေးပါဦး"
“အယ်၊ ဒါက…”
ထိုရှင်းလင်းချက်ကို ကြားသော် လူတိုင်း ကျောက်ရုပ်လို တောင့်တင်းသွားကြသည်။
အစောကပဲ လက်စားချေတိုက်ပွဲကြီး ထဖြစ်တော့မလို အခြေအနေက ဒီလိုပဲ အဆုံးသတ်သွားတယ်တဲ့လား?
ဒါဆို လူကြီးမင်းဝမ်ကို အားလုံးက နားလည်မှုလွဲခဲ့ကြတာပေါ့။
ဖိနှိပ်ထားသော စွမ်းအင်များ ပြန်လည်ပျောက်ကွယ်သွားမှ ဝမ်ချန်းဝေလည်း အချုပ်အနှောင်မှ လွတ်ကင်းပေါ့ပါးသွားရတော့၏။ ထိုသူက ခေါင်းကိုငုံ့ထားကာ ကြွက်သားမျှင်များကအစ တဆတ်ဆတ်တုန်နေပြီး မျက်လုံးများလည်း နီရဲနေသလို မေးရိုးပါထင်းထွက်နေအောင် အံတင်းတင်းကြိတ်ထားသည်။
မင်း ယဲ့မျိုးရိုး၊ ငါ့ကိုလာကစားနေတာမဟုတ်လား?
ဒီလို အကျိုးအကြောင်းမဆီလျော်လှတဲ့ အကြောင်းပြချက်မျိုးက ဘာသဘောလဲ?
ခွေးပဲယုံလိမ့်မယ်။
ဝမ်ချန်းဝေသည် ယဲ့ကျွင်းလင်အား မနာလိုမုန်းတီးသူများ လက်ရှိ သူမတရားခံခဲ့ရသည့် အခြေအနေနှင့် ပက်သက်ပြီး အခွင့်ကောင်းယူ ပြောဆိုပြစ်တင်ကြမည်အား မျှော်လင့်စောင့်စားရင်း စိတ်ထဲမှ တိတ်တဆိတ်လှောင်ပြောင်နေမိသည်။
နောက်တစ်စက္ကန့်တွင် လူအုပ်ကြီးထံမှ စကားသံများ ပေါက်ကွဲထွက်လာပြီး လေထုတစ်ခုလုံးကို လွှမ်းမိုးသွားသည်။
“အရှင်ယဲ့ဟာ သစ္စာရှိပြီး ဖြောင့်မတ်တယ်။ တကယ်ကို ကျွန်တော်တို့ ခေတ်ရဲ့ စံနမူနာပဲ!”
“အိုး၊ လိုင်ဖူဆိုတဲ့ ရောင်းရင်းမှာတော့ သူ့ဘဝတစ်လျှောက်လုံး ချန်းဝေရဲ့ ဖမ်းဆီးနှိပ်စက်ခြင်းကို ခံခဲ့ရမှာပဲ။ ဘယ်လောက်တောင် ဆိုးရွားလိုက်တဲ့ ကံကြမ္မာလဲ။”
“ချန်းဝေ သောက်ကျိုးနဲ၊ ဘာလို့ လိုင်ဖူကို သတ်ရတာလဲ? ဒီကောင် တကယ် လူမဆန်တာပဲ!”
“ဟူးဟူး၊ ကျွန်တော် မျက်ရည်ကျနေပြီ။ နာမည်လေးကြားရုံနဲ့ ဒီလောက်စိတ်လွတ်သွားတာ။ အရှင်ယဲ့ဟာ ဘယ်လောက်တောင် ကြင်နာတတ်ပြီး မိတ်ဆွေသူငယ်ချင်းကို တန်ဖိုးထားတတ်တဲ့သူလဲ?!”
…
တွေးထင်ထားသည်နှင့် လားလားမှမသက်ဆိုင်သော မှတ်ချက်များကို ကြားရသောအခါ ဝမ်ချန်းဝေ၏ စိတ်ထဲတွင် မရေမတွက်နိုင်သော မေးခွန်းများ ပေါ်လာပြီး မိမိရှင်သန်နေသော ဘဝကိုပင် အစစ်အမှန်မှဟုတ်ပါရဲ့လား သံသယဝင်လာမိ၏။
ဒီလောကမှာ တရားမျှတမှုဆိုတာရော ရှိသေးရဲ့လား?
အခုကိစ္စမှာ ငါဝမ်ချန်းဝေက မတရားခံရသူလေ!!!
မင်း ယဲ့မျိုးရိုးကောင်၊ ကျင့်ကြံဆင့်လေးပိုမြင့်နေရုံနဲ့ ဘာမဆိုလုပ်ကြံလိမ်လည်ပြောလို့ ရပြီထင်နေလား?
ဝမ်ချန်းဝေသည် မြေခွေးအိုကြီးထံမှ အကြောင်းမဲ့လှည့်စားခံလိုက်ရသည့် ခံစားချက်ဖြင့် အင်အားနည်းခြင်းနှင့် ဒေါသထွက်ခြင်းကို တစ်ပြိုင်တည်းခံစားနေရသော်ငြား ပြန်လှန်တုံ့ပြန်ဖို့ နည်းလမ်းမရှိ ဖြစ်နေခဲ့ရသည်။
ဘာမှပြန်လုပ်လို့မရတာကို ဒေါသအထွက်ဆုံးပဲ။
ခွင်းဖန်းပေါ်မှ အုပ်စုကလည်း ပွဲကြည့်နေကြသည်။
လီဝူကျယ် သက်ပြင်းတစ်ချက်ချလိုက်၏။ “လိုင်ဖူဆိုတဲ့ ရောင်းရင်းကို ဒီလောက်နှစ်တွေအများကြီးကြာတာတောင် မှတ်မိနေသေးပုံထောက်ရင် ဆရာသခင်အတွက် အတော်လေးအရေးကြီးတဲ့လူ ဖြစ်လောက်မယ့်ပုံပဲ"
ဟုန်ချန်ယဲ့၏ မျက်နှာအမူအရာက ထူးဆန်းနေသည်။ သူ၏ အလိုအလျောက် သိမြင်ခံစားစိတ်အရ တစ်ခုခုကတော့ လွဲမှားနေသလိုပင်။
"ဒီလိုအဖြစ်အပျက်တွေ ရှိခဲ့တာကိုး၊ အစ်ကိုကြီးယဲ့ရဲ့ခံစားချက်ကို တကယ်ပဲ နားလည်ပေးနိုင်ပါတယ်"
ရွှယ်ဝူဟန် ခေါင်းညိတ်လိုက်ပြီး သူ့မျက်နှာအမူအရာက အစောကနှင့် ကွဲပြားစွာ သိသိသာသာ ပျော့ပျောင်းလာသည်။ ထို့နောက် မြေပြင်ပေါ်တွင် ဒူးတစ်ဖက်ထောက်ကျနေသော သက်လတ်ပိုင်းအမျိုးသားကို စိုက်ကြည့်ကာ အလေးအနက်မေးလိုက်၏။ “လူကြီးမင်းဝမ်၊ ခင်ဗျားလည်း နားလည်ပေးနိုင်မယ်လို့ ကျွန်တော် ယူဆပါတယ်နော်?”
ဝမ်ချန်းဝေ စိတ်ထဲမှ ကျိန်ဆဲလိုက်မိသည်။ “မင်းအမေကို နားလည်ပေးလိုက်လေ!”
သို့ပေသည့် တစ်ဖက်လူ၏မျက်နှာရှေ့တည့်တည့်တွင် ထုတ်ပြောလို့ရသည့်စကားမဟုတ်။ မသေမျိုးအရှင်ကို စော်ကားလို့မဖြစ်။ စော်ကားမိလျှင် သေဖို့တစ်လမ်းသာ ကျန်ပေတော့မည်။
ဝမ်ချန်းဝေ စိတ်ကို အတတ်နိုင်ဆုံး ငြိမ်သက်အောင် ထိန်းညှိလိုက်သည်။ အကြိမ်ပေါင်းများစွာ အသက်ပြင်းပြင်း ရှူပြီးနောက် ဖြည်းဖြည်းချင်း ထရပ်လိုက်ကာ ခေါင်းကိုမော့၍ ကြည်လင်တောက်ပစွာ ပြုံးပြလိုက်သည်။ အစောက ခံစားခဲ့ရသော မကျေနပ်မှုများ လေနှင့်အတူ ပျောက်ကွယ်သွားသကဲ့သို့ သူစကားဆိုလိုက်သည်။
“လွန်လေပြီးတဲ့ရောင်းရင်းကို သတိရတတ်တာ သဘာဝပဲလေ၊ ကျွန်တော် အပြည့်အဝ နားလည်ပါတယ်!”
စစ်မှန်တဲ့ ယောက်က်ျားတစ်ယောက်ဟာ အခြေအနေကိုလိုက်ပြီး သင့်တင့်လျောက်ပတ်အောင် ရှင်သန်နိုင်စွမ်းရှိရမယ်။ နောက်ပြီး သူ့လို စိတ်ပိုင်းဆိုင်ရာ အကိုင်အတွယ် အထိန်းအချုပ် ကျွမ်းကျင်သူတစ်ဦးအနေဖြင့် ဤအခြေအနေလောက်ကို မကိုင်တွယ်နိုင်စရာ အကြောင်းမရှိ။
အကြီးအကဲလျိုက စိတ်ထဲမှ တိတ်တဆိတ်ချီးကျူးလိုက်သည်။ "ဒါပဲလေ၊ ချန်းဝေ!”
အဆင့်အတန်းဆိုတာ ဒါပဲလေ!
ဝမ်ချန်းဝေ၏အပြုံးမှာ အစောကအတိုင်း နွေဦးလေနုအေးလေးလို ပြန်လည်လန်းဆန်းသက်ဝင်နေရာ သံသယဝင်စရာ မြူမှုန်ပင်မရှိ။
ရှေးအဆိုတစ်ခုရှိတယ်မလား။ "ပြုံးနေတဲ့လူရဲ့မျက်နှာကို ဘယ်သူမှဖြတ်မရိုက်နိုင်ဘူး"တဲ့။
ငါဒီလောက်တောင် ပြုံးရွှင်သဘောကောင်းပြနေမှတော့ မင်းငါ့ကို ဘယ်လိုပစ်မှတ်ထပ်ထားမလဲ? ယဲ့ကျွင်းလင်!
တပ်သားပေါင်းသိန်းချီပါဝင်သော ယွီဟွားဂိုဏ်းတပ်ဖွဲ့ကို ယဲ့ကျွင်းလင်တစ်ချက်ဝေ့ကြည့်ရင်း တစ်ခုခုအား သတိရလိုက်မိသလို ပြောသည်။ “ဂိုဏ်းကြီးတွေရဲ့ အားသာချက်ကတော့ မကုန်မခမ်းနိုင်သောပါပဲလား။ ငါ မင်းတို့ဘက်က တပ်မကြီးတစ်ခုလုံးကို ချေမှုန်းဖျက်ဆီးခဲ့တာတောင် လူတွေဒီလောက်များများ ထပ်စုနိုင်သေးတာပဲ။ မဆိုးဘူး မဆိုးဘူး"
ဝမ်ချန်းဝေ: “…”
“အမ်” လူတိုင်း အချင်းချင်း လှည့်ကြည့်လိုက်ကြသည်။ ဒါက ချီးကျူးတာလား ဒါမှမဟုတ် စော်ကားတာလား?