← Chapters

ပေါ်ပြူလာ ယဲ့ကျွင်းလင်

Vol. 24 Ch. 332

ပေါ်ပြူလာ ယဲ့ကျွင်းလင်

Vol. 24 Ch. 332

ရွှယ်ဝူဟန်၏ စိတ်အားထက်သန်သော အဖြေစကားကို ကြားလိုက်သောအခါ ပရိသတ်အားလုံး ပါးစပ်အဟောင်းသားဖြစ်သွားကြပြီး သူတို့၏ မျက်လုံးများတွင် မယုံကြည်နိုင်သော အမူအရာများ ပြည့်နှက်သွားရ၏။

ဒါက အေးစက်တည်ငြိမ်ပြီး မျက်နှာသေနှင့်သာ နေတတ်သည်ဟု နာမည်ကြီးသော ဝတ်ရုံဖြူ ဓားမသေမျိုးအရှင် ဟုတ်ပါသေးရဲ့လား။ အခုများတော့ ယဲ့ကျွင်းလင်ရဲ့ အချစ်တော်အိမ်မွေးခွေးလေးကျနေတာပဲနော်။

ဓားမသေမျိုးအရှင်တစ်ယောက်ရဲ့ ဂုဏ်သိက္ခာတွေ ဘယ်ရောက်သွားတာလဲ။

ဖြောင့်မတ်တည်ကြည်တဲ့ စိတ်နေစိတ်ထားလေးရော ဘယ်ရောက်သွားတာလဲ။

ဟမ်?!

ရွှယ်ဝူဟန်ကမူ သူသည်လည်း စစ်မှန်သော မသေမျိုးအရှင်တစ်ပါး ဖြစ်သော်လည်း သူနှင့် ယဲ့ကျွင်းလင် အကြား ခြားနားချက်မှာ ကြီးမားလှသည်ဟုသာ သတ်မှတ်ခံယူထားခြင်း ဖြစ်၏။

ရွှယ်ဝူဟန်ကိုယ်တိုင် ရိုကျိုးနာခံလှသည်ကို မြင်သော် ယဲ့ကျွင်းလင်အပေါ် လူတိုင်း၏ လေးစားမှုမှာ ပိုမိုနက်ရှိုင်းလာသည်။

“ဟဲဟဲ၊ အားလုံး ရောက်နေကြပြီပဲ”

ရွှီး!

ရုတ်တရက် ခါးအထိရှည်သော ငွေရောင်ဆံပင်ရှည်များဖြင့် လူအုပ်ထဲ ထင်းခနဲရှိလေအောင် ခန့်ညားချောမောလှပါသည့် လူငယ်တစ်ဦးသည် လက်များကို နောက်ပစ်ကာ ကောင်းကင်ထက် ထွက်ပေါ်လာ၏။ သူ၏ကိုယ်ခန္ဓာကို မသေမျိုးစွမ်းအင်လှိုင်းများ ဝန်းရံထားပြီး အသားအရေမှာ ကျောက်စိမ်းကဲ့သို့ ကြည်လင်ချောမွတ်ကာ တောက်ပသောမျက်လုံးများမှာ တည့်တည့်ကြည့်ဖို့ရန်ပင် ခဲယဥ်းလှသည်အထိ။

“မသေမျိုးအရှင်ယဲ့၊ ဂိုဏ်းချုပ်ကိုယ်စား အထူးနှုတ်ခွန်းဆက်သပါတယ်” ဖန်းသယ်ကျန့် က လေးစားစွာ ဦးညွှတ်ကာ ထပ်ဆင့်ပြောလာသည်။ “အဲဒီတုန်းက ကျွန်တော်တို့ ဓားဆင့်ခေါ် ဂိုဏ်းကို ကူညီပေးခဲ့တဲ့အတွက် ထပ်ပြီး ကျေးဇူးတင်ပါတယ်!”

ဖန်းသယ်ကျန့်သည် ယဲ့ကျွင်းလင် ကို ထပ်မံတွေ့မြင်ရသောအခါ နှလုံးသားထက် စိတ်ခံစားမှုများ ပြည့်နှက်ရောထွေးနေသည်။ အဲဒီတုန်းက ဓားဆင့်ခေါ် ဂိုဏ်းကို ဆင်းသက်လာသူ ဧည့်သည်တော်ဟာ စစ်မှန်သော မသေမျိုးအရှင်တစ်ပါး ဖြစ်နေလိမ့်မယ်လို့ ဘယ်သူက ထင်ခဲ့မိမှာလဲ?

တစ်ဖက်လူမှ မသေမျိုးမှော်ဓားတစ်လက်ကို အသုံးပြု၍ နေရာအနှံ့အပြား သောင်းကျန်းတိုက်ခိုက်ခဲ့သည့် မြင်ကွင်းကို ပြန်ပြောင်းသတိရမိသောအခါ ဖန်းသယ်ကျန့်သည် တစ်သက်တာမမေ့နိုင်စရာဟု ခံစားလိုက်ရပြီး တစ်ချိန်တည်းမှာပင် မိမိကိုယ်ကို အနည်းငယ် သိမ်ငယ်သွားရသည်။

တစ်ဖက်လူမှ မသေမျိုးမှော်လက်နက်ကို ထုတ်ယူအသုံးပြုလိုက်ကတည်းက မသေမျိုးအရှင်တစ်ပါးဖြစ်ကြောင်း ထင်ရှားနေပြီဖြစ်၏။ သူတို့ဘေးလူများကသာ မယုံကြည်နိုင်စွာ ထည့်မတွက်မိခဲ့ကြခြင်းပင်။

ဘေးဒုက္ခကျော်လွှားခြင်း ကျင့်ကြံသူတစ်ဦးက အိမ်ပြင်ထွက်သည့်အခါတိုင်း မသေမျိုးမှော်လက်နက်တစ်လက်ကို ကိုယ်နှင့်မကွာဆောင်ယူသွားသည့်အဖြစ်မျိုး ရှိနိုင်ပါမည်လား?

မင်းမှာရော အဲ့လိုလက်နက်ရှိလား?

ငါတော့ သေချာတယ်။ မရှိဘူး!

ယဲ့ကျွင်းလင်က လက်ကိုဝှေ့ယမ်းလိုက်သည်၊ “ဒီကိစ္စက ပြီးသွားပြီပဲ၊ ထပ်ပြောနေဖို့ မလိုအပ်ပါဘူး။”

“လူလိမ်…” ဖန်းသယ်ကျန့်ဘေးမှ ငန်းဝါရောင်ဝတ်စုံ ဝတ်ဆင်ထားသည့် လှပသိမ်မွေ့သော အမျိုးသမီးတစ်ဦးက မကျေမနပ်ဖြင့် နှုတ်ခမ်းဆူလိုက်ပြီး သူမ၏ မျက်လုံးကြီးများက လူအုပ်အလယ်မှ ထိုပြိုင်ဘက်ကင်းသော ပုံရိပ်ကို မလွှဲစတမ်းစိုက်ကြည့်လျက် ရှိ၏။

ကောင်းကင်နှင့်မြေကြီး စွမ်းအင်ပြန်လည်ဖြည့်ဆည်းနေသည့် ဤသို့အတက်ကာလမျိုးတွင် အန်းမြောင်ယိသည် မမျှော်လင့်ဘဲ ရှေးခေတ် မသေမျိုးအရှင်တစ်ပါး ပိုင်ဆိုင်သည်ဟု ယူဆရသော မသေမျိုးဂူ ထဲသို့ မတော်တဆ ရောက်ရှိသွားခဲ့သေးသည်။ မှော်ရတနာ အများအပြားကို ရရှိရုံသာမက သူမ၏ ကျင့်ကြံမှုအတွက် သင့်လျော်သော အဖိုးတန်ကျင့်စဥ်တစ်မျိုး ဖြစ်သည့် ကိုးဆင့်လည်ပတ်မှု ကျင့်စဥ်ကိုလည်း ရှာဖွေတွေ့ရှိခဲ့ပါ၏။

ဤ ကျင့်စဥ်သည် သူမ၏ ကြယ်တာရာမသေမျိုးခန္ဓာနှင့် အပြည့်အဝ ကိုက်ညီပြီး ကျင့်ကြံမှုကို နှစ်ဆ ပိုမိုထိရောက်စေခဲ့သည်။ အကျိုးကျေးဇူးအနေဖြင့် ခန္ဓာပေါင်းစည်းခြင်းအဆင့်မှ အထွဋ်အထိပ်သို့ တက်ရောက်ခြင်း အဆင့်ထိ ချက်ချင်း တိုးတက်ချိုးဖျက်နိုင်ခဲ့သည်။ ထို့နောက်တွင်လည်း အန်းမြောင်ယိသည် အားမလျှော့စတမ်း ကြိုးစားပမ်းစား ဆက်လက်ကျင့်ကြံခဲ့ရာ အံ့မခန်းဖွယ်ရာ တိုးတက်မှုများကို တွေ့ကြုံခဲ့ရပြီး မကြာသေးခင်ကပင် ဘေးဒုက္ခကျော်လွှားခြင်း အစောပိုင်းအဆင့်ထိ ချိုးဖျက်တက်ရောက်နိုင်ခဲ့ပေ၏။

မူလက အန်းမြောင်ယိမှာ မိမိ၏တိုးတက်မှုအတွက် အလွန်စိတ်လှုပ်ရှားနေပြီး နောက်ထပ် နည်းနည်းထပ်ကြိုးစားလိုက်ပါလျှင် ထိုသူကို အမှီလိုက်နိုင်ရုံမက ကျော်တက်ဖို့ပင်ဖြစ်နိုင်သေးသည်ဟု ထင်မှတ်ထားခဲ့၏။ သူမ အလိုချင်ဆုံးသော ရည်မှန်းချက်ပန်းတိုင်တစ်ခုကို အောင်မြင်ရန် နီးကပ်နေခဲ့လေပြီ။

သို့သော် ထိုအချိန်တွင် အံ့ဩဖွယ်ကောင်းသော သတင်းတစ်ခု ရောက်ရှိလာခဲ့ပြီး သူမ၏ လှပသော အိပ်မက်လေးကို ရက်ရက်စက်စက် ဖျက်ဆီးချေမှုန်းပစ်ခဲ့သည်။

ထိုလူသည် စစ်မှန်သော မသေမျိုးအရှင်တစ်ပါး ဟူ၏။

အန်းမြောင်ယိသည် ထိုအချိန်က စုပြုံဝင်ရောက်လာသော ခံစားချက်ပေါင်းစုံကို မည်သို့မည်ပုံဖော်ပြရမည်မှန်းကို မသိတော့ပါ။ ၎င်းသည် မရောက်နိုင်ဟု ထင်မှတ်စရာရှိသော ဧဝရတ်တောင်ထိပ်သို့ စိတ်အားထက်သန်မှုအားကိုးဖြင့် တက်လှမ်းနေရာမှ နောက်ထပ် ခြေလှမ်းအနည်းငယ် ထပ်လှမ်းနိုင်ခဲ့လျှင် ပန်းတိုင်နှင့် နီးစပ်တော့မည်ဟု ထင်မှတ်ကာ မျှော်လင့်တကြီး မော့ကြည့်လိုက်ချိန်၌ အရှေ့တွင် အရေအတွက်တစ်သိန်းမကသော တောင်အလွှာလွှာအဆင့်ဆင့်က ထပ်မံစောင့်ကြိုနေသကဲ့သို့…

ဤခံစားချက်ကို ကိုယ်တိုင်မှ မကြုံဖူးပါလျှင် မည်သူက စစ်မှန်စွာ နားလည်နိုင်မည်နည်း။

ထို့ကြောင့် ယဲ့ကျွင်းလင်ကို ထပ်မံတွေ့မြင်ရသောအခါ အန်းမြောင်ယိ၏ နှလုံးသားလေးမှာ အလွန်ရှုပ်ထွေးလျက်ရှိသည်။ တစ်ဖက်လူမှာ သူမထင်ထားသည်ထက် ပိုမိုအစွမ်းထက်နေခြင်းကို ပျော်ရွှင်ဝမ်းသာမိပါသော်ငြား သူမလိုက်မမီနိုင်မည်ကို စိုးရိမ်မိနေ၏။ မထိုက်တန်မည်ကို စိုးရွံ့မိနေ၏။

အလွန်ကွာခြားနေသည် မဟုတ်ပါလော။

“မသေမျိုးအရှင်ယဲ့၊ ကျွန်တော့်ကို မှတ်မိပါသေးလား?”

မဟာကျိုးဧကရာဇ်မင်းဆက်၏ အိမ်ရှေ့စံမင်းသားသည် လေးစားသမှုဖြင့် မြင်းပေါ်မှ ဆင်းလာပြီး နက်ရှိုင်းသောကြည်ညိုမှုဖြင့် တရိုတသေ ဦးညွှတ်ကာ ပြောလာသည်။ “အဲ့ဒီနေ့က အရှင်ကိုယ်တိုင် မသေမျိုးတေးဂီတကိုတီးခတ်ပြီး ကျွန်တော်တို့တိုင်းပြည်ကံကြမ္မာကို ကောင်းချီမင်္ဂလာများ တိုးပွားစေခဲ့ပါတယ်။ ကျွန်တော်တို့ ကျိုးပြည်ထောင်ဟာ အရှင်ယဲ့အပေါ်မှာ ကျေးဇူးကြွေးအကြီးကြီး တင်ရှိနေဆဲဖြစ်တာကြောင့် ဘယ်လိုပြန်ပေးဆပ်ရမလဲ မတွေးတတ်လောက်အောင်ပါပဲခင်ဗျာ!”

ယဲ့ကျွင်းလင်က ထိုသူ့ကို သေသေချာချာ ကြည့်ရှုစစ်ဆေးပြီးမှ သူမှတ်မိသောသူ မှန်ကန်ကြောင်း အတည်ပြုပြီး ခေါင်းညိတ်လိုက်သည်။ “အိမ်ရှေ့စံမင်းသားလည်း ကူညီဖို့ ရောက်လာတာလား?”

မရဏချောက်နက်သတ္တဝါများနှင့် သူစတင်၍ ထိပ်တိုက်ဆုံခဲ့ရသောနေရာမှာ မဟာကျိုးပြည်ထောင်ဖြစ်၏။ ထိုနေရာတွင် ဗျပ်စောင်းတီးခတ်ကာ ရန်သူကိုနှိမ်နင်းရင်း ကြယ်တံခါးအား စတင်တွေ့ရှိခဲ့သည်ကို မမေ့နိုင်သေးပါချေ။

မဟာကျိုး အိမ်ရှေ့စံမင်းသားက မကွယ်မဝှက် တုံ့ပြန်လိုက်သည်။ “အရင်က မရဏချောက်နက် စစ်တပ်ရဲ့ ကျူးကျော်မှုက ကျွန်တော့် မဟာကျိုးကို အတိုင်းအတာတစ်ခုထိ ရှုပ်ထွေးပျက်ပြားစေခဲ့ပါတယ်။ အခု ကာကွယ်မှုကနေ ထိုးစစ်အဖြစ် ပြောင်းလဲဖို့ အခွင့်အလမ်းရတော့ ကျွန်တော်ကိုယ်တိုင် စစ်တပ်ကို ဦးဆောင်ပြီး ကူညီရမှာ တာဝန်တစ်ရပ်ပါပဲ။ ကျိုးဧကရာဇ်ကလည်း ကျွန်တော့်ဆုံးဖြတ်ချက်ကို သဘောတူခဲ့ပါတယ်”

“ပြီးတော့ မသေမျိုးအရှင်ယဲ့ကို နောက်တစ်ကြိမ် ထပ်မံတွေ့မြင်ရခြင်းဟာ ကျွန်တော့်ရဲ့ အမြင့်ဆုံးသော ဂုဏ်သိက္ခာပါပဲ။ ကျွန်တော် ဒီအထိရောက်လာခဲ့သမျှ အချည်းနှီးမဖြစ်ခဲ့ဘူး ဆိုရပါမယ်!” စကားဆိုနေသည့် မဟာကျိုး အိမ်ရှေ့စံမင်းသား၏ မျက်လုံးများမှာ ပြင်းပြစွာ တောက်ပနေပြီး ယဲ့ကျွင်းလင်ကို လေးစားမှုအပြည့်ဖြင့် မော်ကြည့်နေခဲ့သည်၊

ထိုနေ့က ထိုမျှ အဓိပ္ပာယ်ပြည့်ဝ၍ နက်ရှိုင်းသော မသေမျိုးတေးဂီတကို တီးခတ်နိုင်သူတစ်ဦးသည် တာအိုကို ရရှိခဲ့ပြီးဖြစ်သည့် စစ်မှန်သော မသေမျိုးအရှင်တစ်ပါးသာ ဖြစ်ရမည်ကို သူအတော်စောစောတည်းက သဘောပေါက်ခဲ့သင့်သည်။ မသေမျိုးအရှင်ကို အထွဋ်အထိပ်သို့တက်‌ရောက်ခြင်းအဆင့် ကျင့်ကြံသူတစ်ဦးဟုသာ မှားယွင်းအဓိပ္ပာယ်ကောက်ခဲ့မိခြင်းမှာ သူ၏ တုံးအမိုက်မဲသော မျက်လုံးများ၏ အရည်အချင်းမပြည့်မီမှုသာ!

“မင်းသားက အရမ်းကြင်နာတတ်တာပဲ” ယဲ့ကျွင်းလင် ရိုးသားစွာ ထပ်ပေါင်းပြောလိုက်သည်။ “ခင်ဗျားတို့ မဟာကျိုးပြည်ထောင် ကျွန်တော့်ကို ဖိတ်ကျွေးတဲ့ ထမင်းက တော်တော်အရသာရှိတာ မှတ်မိသေးတယ်”

သူသည် မဟာကျိုး၏ နိုင်ငံအဆင့်ပွဲတော်ကို မှတ်မိနေဆဲဖြစ်ပြီး ကြွယ်ဝရက်ရောသော ပါဝင်ပစ္စည်းများနှင့် မမေ့နိုင်သော အရသာစုံကို တမ်းတမိဆဲပါပင်။

“မသေမျိုးအရှင်ယဲ့ စိတ်မရှိဘူးဆိုရင် မဟာကျိုးက အရှင့်ကို နေ့တိုင်း ထမင်းဖိတ်ကျွေးနိုင်ပါတယ်! အရှင်နှစ်သက်သလို သုံးဆောင်နိုင်ပါတယ်!” မဟာကျိုး အိမ်ရှေ့စံမင်းသားသည် အခွင့်အရေးကို ဆုပ်ကိုင်လိုက်ပြီး စိတ်လှုပ်ရှားမှုကြီးစွာဖြင့် တလေးတစား ဖိတ်ခေါ်လိုက်၏။

ဒီလို ထိပ်တန်းတကာ့ ထိပ်တန်း အထူးချွန်ဆုံးပုဂ္ဂိုလ်ကို ဆွဲဆောင်ဖို့အတွက် နိုင်ငံအဆင့်ပွဲတော်တစ်ခုတည်း မဟုတ်ဘဲ အကြိမ်ရာထောင် ကျင်းပရတော့ရော ဘာအရေးလဲ?

မဟာကျိုး အိမ်ရှေ့စံမင်းသားမှ မသေမျိုးအရှင်ယဲ့နှင့် တရင်းတနှီး စကားစမြည် ပြောဆိုနိုင်သည်ကို မြင်သောအခါ ပရိသတ်အများအပြားသည် မနာလိုအားကျစိတ်ဖြင့် ရူးမတတ်စိတ်တိုလာကြတော့၏။

သူတို့လည်း စကားစမြည်ပြောဆိုနိုင်ရန် အကြောင်းအရာတစ်ခုကို အလျင်အမြန် စဥ်းစားရှာဖွေကြရလေပြီ။

ဒါပေမဲ့ အပြန်အလှန်ဆက်ဆံမှုမရှိဖူးတဲ့ သူစိမ်းတစ်ယောက်ကို ဘာအကြောင်းနဲ့ စကားသွားစမလဲနော်။

ထိုစဉ်တွင် အ‌တော်လေး သရိုးသရီနိုင်သော စကားသံတစ်သံ ထွက်ပေါ်လာသည်။ “မသေမျိုးအရှင်ယဲ့၊ ခင်ဗျား ကျွန်တော့်နေအိမ်က ထွက်သွားပြီးကတည်းက အလွန်အမင်း လွမ်းဆွတ်နေခဲ့ရတာပါ။ ဒီနေ့ ခင်ဗျားရဲ့ ဂုဏ်သရေရှိတဲ့ ကိုယ်ရောင်ကိုယ်ဝါကို ထပ်မြင်လိုက်ရတော့ အလွန်ဝမ်းသာပီတိဖြစ်မိပါတယ်။ ကျွန်တော့်ကို မှတ်မိပါသေးသလား?”

စကားပြောသူမှာ ခါးအထိရှည်လျားသော ခရမ်းရောင်ဆံပင်ရှိသည့် အရပ်ရှည်ရှည် သက်လတ်ပိုင်း အမျိုးသားတစ်ဦးဖြစ်ပြီး ယဲ့ကျွင်းလင်ဘက်သို့ နှိမ့်ချရိုကျိုးစွာ ဦးညွှတ်လျက် တလေးတစားပြောဆိုနေခြင်းပင်။

ယဲ့ကျွင်းလင် တောင့်တင်းသွားရသည်။

ဒီလူက ဘယ်သူလဲ?

“မင်းက?” ယဲ့ကျွင်းလင်က မျက်မှောင်ကြုတ်လျက် သေချာစဥ်းစားရင်း ဒီလူသူ့ကို လှည့်စားဖို့ကြိုးစားနေခြင်းပေလားဟု မကျေမနပ်တွေးလိုက်သည်။

တင်းမာလာသော အခြေအနေကို မြင်‌သော် လင်ကျိုးပြည်နယ် ရွှယ်မိသားစု ဘိုးဘေးကြီးမှာ ကြောက်လန့်တကြားဖြစ်ကာ လျင်မြန်စွာ ထပ်ဖြည့်ပြောဆိုလိုက်သည်။ “ကျွန်တော်က လင်ကျိုး ရွှယ်မိသားစု ရဲ့ ဘိုးဘေးပါ။ ရွှယ်မိသားစု အရင်ကကျင်းပခဲ့တဲ့ ပွဲတော်တစ်ခုမှာ အရှင်ယဲ့ ကြွရောက်ခဲ့ဖူးပါတယ်။ အရှင်ယဲ့အတွက်နဲ့ ကျွန်တော့်ကလေးနှစ်‌ယောက်ကိုပါ ပေးဆပ်ခဲ့ရသေးတာလေ"

အားလုံး- “???”

ယဲ့ကျွင်းလင်သည် ထိုစကား၏ ပထမတစ်ဝက်လောက်မှာ အဆင်ပြေသေးသည်ဟု ထင်မှတ်မိသော်ငြား နောက်ပိုင်းကတော့ သိပ်မဟုတ်တော့။

မင်း ဘာပြောတာလဲ၊ ငါ့အတွက် ကလေးနှစ်ယောက်ကိုတောင် ပေးဆပ်ခဲ့ရတာဆိုတာကြီးက...

ကိုယ့်ကိစ္စကိုယ် ရှင်းစမ်း။

တစ်ဖက်လူ၏ သတ်ဖြတ်လိုသော မျက်လုံးများကို ခံစားရသောအခါ လင်ကျိုးပြည်နယ် ရွှယ်မိသားစု ဘိုးဘေးကြီးမှာ စကားမှားသွားသည်ကို ရုတ်တရက် သဘောပေါက်သွားပြီး မျက်ရည်တလည်လည်ဖြင့် အလျင်အမြန် ပြင်ဆင်လိုက်သည်။

“ကျွန်တော်၊ ကျွန်တော် ပြောတာက အဲဒီသားရဲနှစ်ကောင်က အရှင့်ရဲ့ ချစ်ရတဲ့ တပည့်ကို စော်ကားခဲ့တဲ့အတွက် ကျွန်တော်က ဖြောင့်မတ်မှန်ကန်မှုကို ရှေ့တန်းတင်ပြီး သူတို့ကို မိသားစုကနေ သုတ်သင်ဖယ်ရှားပစ်ခဲ့တာပါ!”

ရွှယ်မိသားစု၏ သားကြီး ရွှယ်ထျန်းယိသည် လီဝူကျယ်၏ ညီမကို ဖျက်ဆီးခဲ့ပြီး လီဝူကျယ်မှ ထိုသူကို လုပ်ကြံသတ်ဖြတ်ရန် ကြိုးစားခဲ့ခြင်းအား ယဲ့ကျွင်းလင် မှတ်မိပါသေး၏။ သူ၏ဖခင် ရွှယ်မိသားစု အကြီးအကဲသည် ရွှယ်ထျန်းယိကို အဆုံးစွန်ကာကွယ်ပေးခဲ့သော်ငြား နောက်ဆုံးတွင် ယဲ့ကျွင်းလင် ၏ အတင်းအကြပ်ဖိအားပေးမှုကို မခံနိုင်တော့စွာဖြင့် နှစ်ဦးစလုံးကို ရွှယ်ဘိုးဘေးကိုယ်တိုင် ရှင်းလင်းသုတ်သင်ခဲ့ရခြင်းပင်။

ဇာတ်လမ်းတစ်ခုလုံး နောက်ကြောင်းပြန်လာပြီးမှ ယဲ့ကျွင်းလင် မှတ်မိသွားခဲ့သည်။ သူ၏မျက်လုံးများမှ ရန်လိုစိတ်အနည်းငယ်လျော့ကျသွားပြီး ခပ်တင်းတင်းသတိပေးလိုက်သည်။ "အဘိုးကြီး၊ နောက်တစ်ခါ စကားမပြောခင် စကားအသွားအလာကို အရင်ဆုံး ရှင်းရှင်းလင်းလင်း စဉ်းစားဖို့ မှတ်ထား!”

“ဟုတ်ပါပြီ၊ ဟုတ်ပါပြီ၊ ကျွန်တော် အရှင်ယဲ့ကို မြင်လိုက်ရတာ အရမ်းစိတ်လှုပ်ရှားသွားလို့ မှားပြောမိတာပါ” ရွှယ်မိသားစုဘိုး‌ဘေး၏ တစ်ကိုယ်လုံးမှာ ချွေးများဖြင့် ရွှဲစိုနေပြီး မျက်နှာကြီးကိုလည်း အစွမ်းကုန်ဖြီးပြထားရသေး၏။

ဘယ်လောက်တောင် ရှက်စရာကောင်းလိုက်လဲ!

ရွှယ်ဘိုးဘေး၏ကျရှုံးမှုကို လူတိုင်းနှစ်ထောင်းအားရဖြစ်စွာဖြင့် မထီမဲ့မြင်လှောင်ပြုံးများကို ပေါ်တင်ပြသထားကြလေသည်။

"အဟမ်း အဟမ်း"

ဝမ်ချန်းဝေက ‘အခု ငါ့အလှည့်ပဲ’ ဟု တွေးကာ ချောင်းအနည်းငယ် ဟန့်လိုက်ပြီးနောက် လေးစားစွာ ဦးညွှတ်လိုက်၏။ သူ၏မျက်နှာတွင် နွေဦးရာသီကဲ့သို့ ကြည်နူးလန်းဆန်းဖွယ် အပြုံးတစ်ခု ထင်ပေါ်နေသည်၊ “ကျွန်တော်က ဝမ်ချန်းဝေ၊ ယွီဟွားဂိုဏ်းရဲ့ ဂိုဏ်းချုပ် ပါ။ မသေမျိုးအရှင်ယဲ့ကို နှုတ်ခွန်းဆက်သပါတယ်။”

ယွီဟွားဂိုဏ်းနှင့် ရွှယ်ထျန်းဂိုဏ်းတို့သည် ယခင်က ထိပ်တိုက်ရင်ဆိုင်ခဲ့ဖူးပြီး ယွီဟွားဂိုဏ်းမှာ ထိုတိုက်ပွဲကြောင့် ကြီးမားသော ဆုံးရှုံးမှုများနှင့် ဂုဏ်သိက္ခာကျဆင်းမှုများ ဖြစ်ပေါ်ခဲ့သော်လည်း ဤကဲ့သို့သော မျက်နှာချင်းဆိုင်ဆုံတွေ့ရသည့် ပွဲမျိုးတွင် ယွီဟွားဂိုဏ်းချုပ်မှာကား မိတ်ဆွေဟောင်းနှင့် ပြန်လည်ဆုံတွေ့ရသကဲ့သို့ ဝမ်းသာအယ်လဲ နှုတ်ဆက်နေမြဲပင်။

မသိသူများအတွက် ယွီဟွားဂိုဏ်းမှာ အတိတ်ကရန်ငြှိုးအားလုံးကို သင်ပုန်းချေခွင့်လွှတ်လိုက်ပြီဟု ထင်စရာရှိ၏။

တစ်နေရာလုံး တိတ်ဆိတ်နေသည်။

ဝမ်ချန်းဝေ၏ အပြုံးသည် မျက်နှာထက် ဆက်လက်တည်ရှိနေပြီး သူ၏ဟန်ဆောင်မှုမှာ အပိုအလိုမရှိ ကွက်တိကျစွာ ပြည့စုံ၏။ သူတော်စင်တစ်ဦးကဲ့သို့ စိတ်သဘောထားကြီးမားကြောင်းကို ပြသနေပြီး မျက်နှာအမူအရာသည် အတော်လေးဖော်ရွေသင့်လျော်ကာ ခေါင်းဆောင်တစ်ဦး၏ ထိုက်တန်သောဂုဏ်ပုဒ်ကို သက်သေထူနေသကဲ့သို့။

EQမြင့်တယ်ဆိုတာ ဒါမျိုးပေါ့ကွာ။

ခဏကြာသော်။

ယဲ့ကျွင်းလင်က လေးနက်သောလေသံဖြင့်‌ မေးလာသည်။ “ချန်းဝေ၊ လိုင်ဖူ ဘယ်မှာလဲ?”

“ဟမ်???”

ဝမ်ချန်းဝေ ဟန်မဆောင်နိုင်တော့စွာ နေရာတွင် တောင့်တင်းသွားပြီး သူ နားကြားမှားသည်ဟုပင် သံသယဝင်သွားရသည်။

လိုင်ဖူ ဆိုတာ ဘယ်သူကြီးလဲ။

နာမည်ကြီး တစ်ယောက်ယောက်လား?

“ပြော!” ယဲ့ကျွင်းလင်က သူ့ကို စူးစိုက်ကြည့်နေပြီး မသေမျိုးအရှင် အရှိန်အဝါဖြင့် ထပ်မံဖိအားပေးလိုက်သည်။

“ကျွန်တော်…” ဝမ်ချန်းဝေ၏ မျက်နှာသည် ကြောက်ရွံ့မှုဖြင့် ဖြူဖျော့သွားပြီး ပဲစေ့အရွယ် ချွေးစက်များ သူ၏နဖူးတွင် ထွက်ပေါ်လာသည်။ ပျာယာခတ်နေသော စိတ်အစဥ်ဖြင့် အရင်က သတ်ခဲ့သော ရန်သူများထဲတွင် လိုင်ဖူ အမည်ရှိသူ ပါခဲ့သေးသလားဟု ဦးနှောက်ခြောက်အောင် ပြန်လည်တွေးတောနေရလေသည်…

အဲ့လူက ဘယ်သူကြီးမလို့လဲ?

All Chapters