← Chapters

အခန်း (၃၃၄)

Vol. 24 Ch. 334

အခန်း (၃၃၄)

Vol. 24 Ch. 334

ယွီဟွားဂိုဏ်း၏ ကျင့်ကြံသူများ ရှူးခနဲဒေါသထွက်သွားကြသည်။ ဒါက သူတို့ခေါင်းပေါ် တက်နင်းနေတာ အသိသာကြီးပဲလေ။ သို့ပေသည့် ထိုကြောက်စရာပုဂ္ဂိုလ်၏ အမျိုးစုံလှသော ဘွဲ့ထူးဂုဏ်ထူးတို့ကို တွေးလိုက်မိချိန်တွင် မျက်စောင်းတစ်ချက်ပင် မထိုးရဲကြတော့ချေ။

ဝမ်ချန်းဝေ အရမ်း စိတ်ဓာတ်ကျလာသည်။

ငါ့ရဲ့ ဖြူစင်ရိုးသားတဲ့အပြုံးလေးကို အားမနာဘူးလား? ဘာလို့ မျက်နှာတည့်တည့်ကိုမှ ထပ်ရိုက်ရတာလဲ?!

စိတ်ခံစားမှုဆိုင်ရာ အသိဉာဏ်မရှိဘူးလား? အခြေအနေ အချိန်အခါ မကြည့်တတ်ဘူးလား?

ဝမ်ချန်းဝေ၏ နဖူးပေါ်မှ သွေးကြောများ ထောင်ထလာပေမယ့် မျက်နှာထက်တွင်တော့ ခပ်တောင့်တောင့်အပြုံးကြီးက ကျန်ရှိနေဆဲပင်။ “မသေမျိုးအရှင်ယဲ့က တော်တော်ဟာသပြောတတ်တာပဲ။ ကျွန်တော်တို့ယွီဟွားဂိုဏ်းမှာ ကျင့်ကြံသူကတော့ ဘယ်ရှားလိမ့်မလဲ?"

တွေ့ရာစကားများကို ပြောရင်း ဂုဏ်ယူဝံ့ကြွားဟန်လုပ်သင့်လား မျက်နှာကို ဘယ်လိုပုံစံထားသင့်သလဲသူမတွေးတတ်တော့ချေ။

အတွေးများက လွန်စွာရှုပ်ထွေးနေခဲ့သည်။

လက်တစ်ဆုပ်စာ မစင်ကို အတင်းအဓမ္မ ကျွေးပြီး အရသာရှိတယ်လို့ အတင်းပြောခိုင်းနေသလိုပဲ…

“ဪ၊ ဟုတ်သား၊ မင်းတို့ဂိုဏ်းရဲ့ ဦးစားပေးခံသားတော်က အရင်က ငါ့အားခွင်းနဲ့ တိုက်ခိုက်ပြီး ဆီးအိုးထဲ စိမ်လိုက်ရသေးတယ်မလား? သူရော မပါခဲ့ဘူးလား?” ယဲ့ကျွင်းလင် စူးစမ်းစွာ မေးလိုက်သည်။

ထိုချန်ရှောင်းဆိုသူ ဤပွဲကိုရောက်မလာကြောင်း သူအစောကတည်းက သတိထားမိ၏။

ရောက်လာခဲ့ရင် ခွင်းဖန်းရှူရှူးက ဘယ်လိုအရသာရှိလဲ မေးကြည့်ချင်သေးလို့ကို။

ဝမ်ချန်းဝေ၏ မျက်နှာမှာတော့ မှိုင်းညို့နေလေပြီ။ ထိုကိစ္စကြောင့် ယွီဟွားဂိုဏ်းအတွက် အတော်လေးသိက္ခာကျစရာ ဖြစ်ခဲ့တာပင်။ သူတို့၏ ဦးစားပေးခံ ပါရမီရှင်ကျင့်ကြံသူလေးက တစ်ပါးသူ၏စီးတော်ယာဥ်နှင့် ယှဥ်ချရာတွင် ရှုံးနိမ့်သွားခဲ့ကာ ထိုသူ၏ဆီးကိုပါ ဗိုက်ပြည့်အောင်သောက်ခဲ့ရသည်တဲ့။

တစ်ဖက်မှ ထိုကိစ္စကို ပေါ်ပေါ်တင်တင် ပြန်ပြောလာသော် ဝမ်ချန်းဝေမှာ ရှက်လွန်းလှသဖြင့် ခြေချောင်းများပင်ကုပ်ဝင်သွားရ၏။

“မသေမျိုးအရှင်ယဲ့ရဲ့ မေးခွန်းကိုကို ပြန်လည်ဖြေကြားရရင်၊ ကျွန်တော် ကျင့်ကြံသူချန်ကို ဂိုဏ်းမှာပဲထားခဲ့ရတဲ့ အကြောင်းရင်းက ဒီတစ်ခါ မရဏချောက်နက်မှာ ကျွန်တော် သေသွားခဲ့ရင် သူက ကျွန်တော့်နေရာကို ယူပြီး အခြေအနေအားလုံးကို ဟန်မပျက်ထိန်းသိမ်းထားနိုင်ဖို့ ဖြစ်ပါတယ်!”

ရုတ်တရတ်အကြံပေါက်ကာ ဝမ်ချန်းဝေ ရင်ကိုကော့လျက် ကြီးကြီးကျယ်ကျယ်စကားလုံးများကို ပစ်လွှတ်လိုက်ပြီး လူအများ၏နှလုံးသားကို တုန်ယင်လှုပ်ရှားစေခဲ့သည်။

လူတိုင်း၏ အကြည့်များ အထင်တကြီး ပြောင်းလဲသွားသည်ကို ခံစားရတော့ ဝမ်ချန်းဝေ တိတ်တဆိတ် ပျော်ရွှင်နေမိသည်။

ထိုအချိန်တွင် ယဲ့ကျွင်းလင်က နှစ်စက္ကန့်မျှစဥ်းစားပြီး ပြောလာသည်။ "ဆိုလိုတာက မင်းမွှေထားတဲ့ဇာတ်ရှုပ်တွေကိုရှင်းဖို့ သူကအဲ့မှာနေခဲ့ရတာပေါ့"

ဝမ်ချန်းဝေ: “?”

အရမ်းလွန်နေပြီ မဟုတ်ဘူးလား? နည်းနည်းပါးပါး မျက်နှာသာပေးပါဦး။

ပါးကို အကြိမ်ကြိမ် ဖြတ်ရိုက်ခံနေရသောကြောင့် ဝမ်ချန်းဝေ၏ အသည်း‌ရောနှလုံးပါ နာကျင်ခံစားနေခဲ့ရပေသည့် အရှေ့မှလူငယ်ကို ဘာမှပြန်မလုပ်နိုင်ခဲ့။

စစ်ဆင်ရေးအောင်မြင်ဖို့အတွက် ငါသည်းခံမှရမယ်!!!

ရွှယ်ဝူဟန်က ပတ်ပတ်လည်ကို ကြည့်ပြီး လက်သီးဆုပ်အရိုအသေပြုကာ ပြောလာသည်။ “အစ်ကိုကြီးယဲ့၊ အချိန်ကျပြီလို့ ထင်တယ်။ အခုပဲ မရဏချောက်နက်ကို ထွက်ခွာကြစို့လား?"

“ကျွန်တော် သဘောတူပါတယ်!” ဝမ်ချန်းဝေက စိတ်မရှည်စွာ ပြောလိုက်သည်။ အပြောခံရတာလည်း တော်သင့်လေပြီ။ မဟုတ်လျှင် နေရာတွင်ပင် ဒေါသထွက်လို့ လဲသေသွားလိမ့်မည်။

တစ်ချိန်တည်းမှာပင် ဝမ်ချန်းဝေသည် အလွန်ဝမ်းနည်းနေရ၏။ ယွီဟွားဂိုဏ်းသည် ဤတိုက်ပွဲကို ဦးဆောင်စတင်ခဲ့သူဖြစ်ကြောင်း ထင်ရှားသော်ငြား ထိုယဲ့မျိုးရိုးရောက်လာချိန်မှစ၍ မိမိမှာ အပြင်လူလို ဆက်ဆံခံနေရသည်လေ။

“ကောင်းပြီ၊ သွားကြစို့။” ယဲ့ကျွင်းလင်က လက်ကို ဂရုမစိုက်စွာ ဝှေ့ယမ်းလိုက်ပြီး သူ၏ လှဲလျောင်းခုံတွင် ပြန်ထိုင်ကာ နို့လက်ဖက်ရည်ကို ပိုက်ဖြင့်စုပ်သောက်ရင်း ညီလေးတို့၏စွမ်းဆောင်ရည်ကို အသာစောင့်ကြည့်ဦးမည့်ပုံ ပြင်လိုက်သည်။

“အားလုံးပဲ၊ အရှင်ယဲ့နောက်ကိုလိုက်ပြီး မရဏချောက်နက်ကို ဖြိုချကြစို့!” ရွှယ်ဝူဟန်၏ ဆောင်းရာသီကဲ့သို့ အေးစက်သော အသံက နေရာအနှံ့ ပဲ့တင်ထပ်သွားသည်။

ချက်ချင်းပင်။

မရေမတွက်နိုင်သော အံ့ဩဖွယ်အရှိန်အဝါများ နေရာအနှံ့အပြား ထွက်ပေါ်လာပြီး ကျယ်ပြောလှသော သမုဒ္ဒရာကဲ့သို့ စုဝေးလာကာ ကောင်းကင်ကို မှောက်လှန်၍ နေနှင့်လကို ဆွတ်ခူးရန် ဟန်ပြင်နေကြသကဲ့သို့။

“အရှင်ယဲ့နောက်ကို လိုက်ပြီး မရဏချောက်နက်ကို ဖြိုချကြစို့! အရှေ့ပိုင်းစီရင်စုအတွက် ငြိမ်းချမ်းရေးခေတ်ကို ဖန်တီးကြစို့!” ဖန်းသယ်ကျန့်က ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။

“သတ်!!!” မရေမတွက်နိုင်သော ကျင့်ကြံသူများမှာ သွေးများ ဆူပွက်လာပြီး သူတို့၏ မျက်လုံးများတွင် တိုက်ပွဲစိတ်ဓာတ်များက အားကောင်းစွာခိုဝင်နေခဲ့သည်။

တိုက်ပွဲအော်သံများက ကောင်းကင်ကို တုန်လှုပ်စေပြီး ရှန်းဟိုင်စစ်ဆေးရေးဂိတ် တစ်ခုလုံးအား အဆုံးမရှိ တုန်ခါသွားစေခဲ့၏။

အင်အားစုကြီးများစွာ ပေါင်းစပ်ဖွဲ့စည်းထားသော ဤအရှေ့ပိုင်းစီရင်စု မဟာမိတ်တပ်ဖွဲ့သည် ယခုအခါ ပစ်မှတ်တည်နေရာဖြစ်သော မရဏချောက်နက်ဆီသို့ ခမ်းနားထည်ဝါစွာ ချီတက်တော့ပေမည်…

All Chapters