← Chapters

မရဏချောက်နက် ပြိုကွဲလေပြီ

Vol. 24 Ch. 335

မရဏချောက်နက် ပြိုကွဲလေပြီ

Vol. 24 Ch. 335

အားမာန်ပြည့်ဝသော အရှေ့ပိုင်းစီရင်စု မဟာမိတ်တပ်ဖွဲ့ကို ကြည့်ပြီး ဝမ်ချန်းဝေ ၏ နှလုံးသားသည် မယုံနိုင်လောက်အောင် တုန်ယင်လှုပ်ရှားနေ၏။ သူ၏ မျက်လုံးများက တဖျတ်ဖျတ်တောက်ပနေကာ မိမိပြင်ဆင်ထားသော ထောင်ချောက်ထဲသို့ တည့်တည့်ဝင်ရောက်တော့မည့် တိရစ္ဆာန်အုပ်ကြီးအား ကြည့်နေသကဲ့သို့ လောဘရောင်ပြောင်လက်နေလျက်။

ထို့နောက် သူ၏ အကြည့်က ခွင်းဖန်းဘက်သို့ ရောက်ရှိသွားပြီး အဆုံးမရှိသော သတ်ဖြတ်လိုစိတ်များ စိတ်အတွင်းတွင် လှိုင်းထန်လာသည်။

ယဲ့မျိုးရိုး၊ မင်း ဘယ်လောက်ကြာအောင် မာနကြီးနေနိုင်ဦးမလဲ ကြည့်ကြသေးတာပေါ့။ မကြာခင် မင်းရဲ့ လုပ်ရပ်တွေအတွက် ကြီးမားတဲ့ လျော်ကြေးတစ်ခုကို ပေးရလိမ့်မယ်။

မသေမျိုးအရှင်တစ်ပါးကို ထောင်ချောင်ဆင်ပြီး သတ်နိုင်တော့မည်ဟု တွေးလိုက်သည်နှင့် ဝမ်ချန်းဝေ၏နှုတ်ခမ်းထောင့်များ ထိန်းမရအောင် ကွေးညွှတ်သွားခဲ့သည်။

ဒီအချိန်ကိုရောက်ဖို့ သူ အရမ်း မျှော်လင့်စောင့်စားနေခဲ့ရတာ!

ဒုန်းဒုန်း…

ကြီးမားသော တိမ်တိုက်ထုများသည် အစွမ်းထက်သော အရှိန်အဝါပြင်းအားကြောင့် ပြိုကွဲသွားရလေ၏။ ထူထပ်သိပ်သည်းသော အရှေ့ပိုင်းစီရင်စု မဟာမိတ်တပ်ဖွဲ့ ဖြတ်သန်းသွားရာ နေရာတိုင်းတွင် မည်သူမျှ တားဆီး၍မရနိုင်သော ခံစားချက်ကို ဖန်တီးဖြန့်ကျက်လျက်ရှိကာ စစ်တပ်ကြီးတစ်ခုလုံးက ကောင်းကင်ကို ဖုံးကွယ်ကာဆီးထားတော့လေသည်။

မကြာမီပင် ကြီးမားသော ခရမ်းရင့်ရောင် လေပွေကြီးတစ်ခု အရှေ့တွင် ထွက်ပေါ်လာပြီး လေထဲတွင် တွဲခိုရပ်ဆိုင်းနေသကဲ့သို့။ ထိုလေပွေကြီး၏ ပတ်လည်တွင် သက်ရှိသတ္တဝါ တစ်ကောင်တလေပင် မတွေ့ရပဲ မြေပြင်မှာလည်း ခြောက်သွေ့အက်ကွဲလျက်။

ထူးဆန်းသည်မှာ အပြင်ဘက်တွင် နေ့ခင်းကြောင်တောင် ဖြစ်နေသော်လည်း ဤခရမ်းရင့်ရောင် လေပွေကြီး တည်ရှိရာ ထိုနေရာတွင် ကောင်းကင်သည် မှင်နက်ဆိုးထားသကဲ့သို့ အလင်းရောင်ဖောက်မဝင်နိုင်အောင် မည်းမှောင်နေခဲ့ပြီး တိမ်များအတွင်း လျှပ်စီးတဖျတ်ဖျတ်နှင့် မိုးချုန်းသံများ ရံဖန်ရံခါ ထွက်ပေါ်လာတတ်သည်။ ပိုမိုနီးကပ်စွာ ကြည့်လိုက်ပါက လျှပ်စီးကြောင်းများ၏အရောင်မှာ သွေးနီရောင်ဖြစ်နေခြင်းကို မြင်နိုင်ပေမည်။

ဤကြောက်မက်ဖွယ်ကောင်းသော မြင်ကွင်းသည် သာမန်လူများကို အလိုလိုနေရင်း စိတ်ခြောက်ခြားစေလောက်အောင် စွမ်းဆောင်နိုင်သည်။

“မရဏချောက်နက်က ကျွန်တော်တို့ အရှေ့မှာတင်ပဲ!” ရွှယ်ဝူဟန်က မျက်လုံးများကို မှေးကျဉ်းလိုက်ပြီး အရှေ့ပိုင်းစီရင်စု၏ ဘိုးဘေးတို့လက်ထက်တစ်လျှောက်လုံး သတိထားစောင့်ကြည့်ခဲ့ရသည့် တားမြစ်နယ်မြေကို စူးစိုက်အကဲခတ်နေလိုက်၏။

“အရှေ့ပိုင်းစီရင်စု ၏မှာ အန္တရာယ်အရှိဆုံး နေရာလို့ သတ်မှတ်ထားတာနဲ့ ကိုက်ညီပါပေတယ်။ ပထမတစ်ချက်ကြည့်လိုက်ရုံနဲ့ နှလုံးခုန်မြန်စေတဲ့ ခံစားချက်ကိုပေးတယ်” ဖန်းသယ်ကျန့် က လေးနက်စွာ မှတ်ချက်ချလိုက်သည်။

ဒဏ္ဍာရီအရ မရဏချောက်နက်အတွင်း၌ မျိုးနွယ်စုပေါင်း တစ်ရာရှိပြီး ဘေးဒုက္ခကျော်လွှားခြင်း ကျင့်ကြံဆင့် ဘုရင်များစွာကို မွေးထုတ်ပေးနိုင်ခဲ့သည်။ ဝိညာဥ်မျိုးနွယ်စုသည် အဆင့်အတန်းအမြင့်ဆုံး အလေးစားခံရဆုံးဖြစ်ပြီး အလွန်အားကောင်းသော ပေါင်းစည်းညီညွတ်မှုကိုလည်း ပိုင်ဆိုင်ထား၏။ လူသားမျိုးနွယ်စု စွမ်းအားရှင်တို့မှာ ထိုသူတို့နှင့် အကြိမ်ပေါင်းများစွာ တိုက်ခိုက်ခဲ့ကြပြီး တွန်းလှန်မောင်းထုတ်နိုင်ခဲ့ကြသော်လည်း ဤနယ်စည်းတွင် အမြဲတမ်း ရပ်တန့်ခဲ့ကြပြီး အတွင်းသို့ ဝင်ရောက်စုံစမ်းရန် ဘယ်တော့မှ မကြိုးစားခဲ့ကြပေ။ ခန့်မှန်းထားလို့ မရနိုင်သော အကျိုးဆက်များကို ကြောက်ရွံ့ကြသောကြောင့်ဖြစ်ပေမည်။

“ဟမ့်၊ ဘာကြောက်စရာရှိလဲ? အရင်က မရဏချောက်နက်က အရှေ့ပိုင်းစီရင်စု ဆယ့်လေးပြည်နယ်ကို စစ်တပ်ပို့ပြီး သောင်းကျန်းခဲ့တာ၊ ဒါပေမယ့် ပုန်းအောင်းနေရာကနေ ထွက်မလာရဲလောက်အောင် ရိုက်နှက်ခံလိုက်ရပြီးပြီ။ အခု ကျွန်မတို့အားလုံးလည်း ပေါင်းစည်းထားပြီးပြီဆိုမှတော့ မနိုင်နိုင်စရာ အကြောင်းမရှိဘူး!” အန်းမြောင်ယိက သူမ၏ လက်သီးသေးသေးလေးတွေကို ဝှေ့ယမ်းလိုက်ပြီး မျက်နှာလှလှလေးက တိုက်ပွဲစိတ်ဓာတ်အပြည့်ဖြင့် ရဲသွေးကြွလျက်ရှိသည်။

“ပြီးတော့၊ ကျွန်မတို့မှာ အရှင်ယဲ့လည်း ရှိနေသေးတယ်!” ပြောရင်းဆိုရင်း အန်းမြောင်ယိက သူမ၏ လှပသော မျက်လုံးကြီးများကို ပုတ်ခတ်ပုတ်ခတ်လုပ်လိုက်ပြီး ခွင်းဖန်းဘက်သို့ လှည့်ကြည့်လိုက်သည်။

“ဒါ မှန်တယ်” ဖန်းသယ်ကျန့် ထိုစကားကြောင့် စိတ်အေးသွားပြီး မုတ်ဆိတ်ကို ပွတ်သပ်ကာ ပြုံးလိုက်သည်။

ပရိသတ်ထဲက ကျင့်ကြံသူ အများအပြားလည်း ထိုအတွေးကိုယ်စီ ရှိကြသည်ပင်။ အရှင်ယဲ့သည်ကား သူတို့ မရဏချောက်နက်ကို တိုက်ခိုက်ရခြင်း အကြောင်းရင်း၏ အကြီးမားဆုံး အားကိုးအားထားရာပင်။

စစ်တပ်ကြီးက မရဏချောက်နက်ကို ချဥ်းကပ်လာချိန်တွင်။

မရဏချောက်နက်၏ ဝင်ပေါက်ကို စောင့်ကြပ်နေသော ဝိညာဥ်အဆင့်တက်ခြင်း မရဏချောက်နက်သတ္တဝါ နှစ်ကောင်က လူသားမျိုးနွယ်စုတို့၏ နီးကပ်လာမှုကို အာရုံခံမိသကဲ့သို့ လှံရှည်များကိုစွဲကိုင်ကာ ကြိမ်းဝါးရင်း ခုန်ထွက်လာသည်။ “မရဏချောက်နက်ကို ကျူးကျော်သူ ဘယ်သူမဆို မညှာမတာ သတ်ပစ်မယ်!”

သို့သော် သူတို့ အပြင်ဘက်သို့ ထွက်လာပြီး အရှေ့မှ မြင်ကွင်းကို မြင်လိုက်ရသောအခါ ကြောက်လန့်တကြား တောင့်တင်းသွားကြရ၏။

ဒီလို ကြီးမားလှတဲ့ ကျင့်ကြံသူ စစ်တပ်ကြီးက သူတို့ဆီရောက်လာတာတဲ့လား?

ဟုတ်ကဲ့။ စကားမှားသွားတာပါ။ တောင်းပန်ပါတယ်။

မရဏချောက်နက်သတ္တဝါ နှစ်ကောင်မှာ ဘာစကားမှ ထပ်မပြောတော့ဘဲ ကြောက်လန့်တကြား လှည့်ပြေးကြလေသည်။

“ဟမ့်၊ ‌ပြေးချင်သေးတာလား?” ဒေါသကိုဖောက်ထုတ်ဖို့ နည်းလမ်းရှာနေသူ ဝမ်ချန်းဝေက အခွင့်အရေးကို အမိအရဆုပ်ကိုင်ကာ ဝတ်ရုံလက်ဖျားစကို တစ်ချက်ခါလိုက်သည်။ ကြောက်မက်ဖွယ်ကောင်းလှသော လေပြင်းတစ်သုတ် ဘယ်ကနေဘယ်လို ထွက်ပေါ်လာမှန်းမသိ ရောက်ရှိလာကာ ထွက်ပြေးသွားသော သတ္တဝါနှစ်ကောင်အား သပ်ရပ်တိကျစွာ တစ်စစီစုတ်ဖြဲလိုက်တော့၏။

“ဂိုဏ်းချုပ်ဝမ်၊ ကောင်းတယ်!” တစ်ယောက်ယောက်က အားပေးလိုက်သည်။

ဝမ်ချန်းဝေက ဖြောင့်မတ်၍ သူရဲကောင်းဆန်သောအသံဖြင့် ပြင်းထန်စွာကြွေးကြော်လိုက်သည်။၊ “ဒါက အစပဲရှိသေးတယ်။ ဒီနေ့၊ ကျုပ်ဝမ်ချန်းဝေ မရဏချောက်နက်ကို သွေးချောင်းစီးစေရမယ်! အသက်ပေးသွားရတဲ့ ညီအစ်ကိုတွေအတွက် လက်စားချေပေးရမယ်!”

မုန်တိုင်းထန်သော မိုးခြိမ်းသံလို ‌ကြွေးကြော်သံက အရပ်မျက်နှာအနှံ့ ပဲ့တင်ထပ်သွားသည်။

“ကောင်းတယ်!!!”

လူတိုင်း၏ စိတ်ခံစားချက်များ ပွင့်ထွက်လာပြီး တိုက်ပွဲဝင်စိတ်ဓာတ်များဖြင့် ပြည့်လျှံလျက် မရဏချောက်နက်လေပွေထဲသို့ တစ်ယောက်ပြီးတစ်ယောက် ပြေးဝင်သွားကြသည်။

ကြီးမားစွာ စုဝေးထားသော အရှေ့ပိုင်းစီရင်စု မဟာမိတ်တပ်ဖွဲ့သည် ဖြောင့်တန်းသော လှံရှည်ကြီးတစ်စင်းအလား ပုံသဏ္ဍာန် ပြောင်းလဲသွားခဲ့သည်။

လှံရှည်ကို အားကုန်ပစ်သွင်းလိုက်သကဲ့သို့။

လူတိုင်းသည် တားဆီးဖို့ မဖြစ်နိုင်တော့သကဲ့သို့။ ကြောက်ရွံ့ခြင်း အလျဥ်းမရှိ။

“ဟဲဟဲ၊ ဒီတိရစ္ဆာန်တွေ နောက်ဆုံးတော့ ငါးစာကိုချိတ်မိသွားပြီ” ဝမ်ချန်းဝေမှာ အောင်ပွဲအစပျိုးမြင်ကွင်းကိုကြည့်ရင်း အလွန်စိတ်လှုပ်ရှားနေမိသည်။

အရှေ့ပိုင်းစီရင်စု မဟာမိတ်တပ်ဖွဲ့ မရဏချောက်နက်ထဲကို ဝင်ရောက်သည်နှင့် စီမံကိန်း၏ အရေးကြီးဆုံးအဆင့်ကို ဆက်လုပ်ဆောင်လိမ့်မည်!

ရွှီးရွှီးရွှီး~

မရေမတွက်နိုင်သော ဓားပျံစီးပုံရိပ်များ၊ ပျံသန်းနေသော စစ်သင်္ဘောပျံများနှင့် စစ်သင်္ဘောများက မရဏချောက်နက်ထဲသို့ အသုတ်လိုက် ဝင်ရောက်လာကြ၏။

သူတို့၏ မျက်လုံးများက ပထမဆုံး မြင်တွေ့လိုက်ရသည်မှာ မှောင်မိုက်ပြီး နေရောင်မဖောက်သော ကမ္ဘာတစ်ခုဖြစ်လေသည်။

ကောင်းကင်တွင် ဖြူဖျော့သော လခြမ်းအတုတစ်ခု မြင့်မြင့်ဆိုင်းငံ့နေပြီး အေးခဲသော အရှိန်အဝါ ကို ထုတ်လွှတ်နေကာ ပတ်ပတ်လည်တွင် အနက်ရောင်သဲမှုန်များဖြင့် ဖုံးလွှမ်းထားသော ခြောက်သွေ့ကျယ်ပြန့်သည့် လွင်ပြင်တစ်ခု ရှိနေသည်။

ကြည့်ရုံနဲ့တင် စိတ်ဓာတ်ကျချင်စရာကောင်းလိုက်တာ။ ကြာကြာနေရင် စိတ်ပိုင်းဆိုင်ရာတွေ ချို့ယွင်းကုန်လာတော့မှာပဲ။

“ဒါက မရဏချောက်နက်ရဲ့ အတွင်းပိုင်းပုံစံတဲ့လား” သူတို့အားလုံး၏ ဦးရေပြားများ အနည်းငယ်စပ်ဖျဥ်းဖျဥ်းဖြစ်လာကာ စိတ်မသက်သာမှုကို ပြင်းပြင်းထန်ထန် ခံစားမိရ၏။

ဒီနေရာနဲ့ ယှဉ်ရင် သူတို့နေတဲ့နေရာကမှ တကယ်ကို နိဗ္ဗာန်ဘုံပါပဲ!

ထိုအချိန်တွင်။

ကျယ်ပြန့်သော မရဏမြေပေါ်တွင် ထိုမျှကြီးမားသိပ်သည်းသော လူသားမျိုးနွယ်စု စစ်တပ် ရုတ်တရက် ပေါ်လာပြီး မရေမတွက်နိုင်သော အရှိန်အဝါများ ပေါင်းစည်းကာ ကောင်းကင်သို့ တည့်တည့်တက်သွားရာမှ ကောင်းကင်တစ်ခုလုံးကို မှောက်လှန်လုနီးပါး ဖိအားပြင်းပြင်းအား ဖန်တီးသည်။

အနီးအနားရှိ မရဏချောက်နက်သတ္တဝါ အချို့ ကြောက်လန့်တကြားဖြစ်ကာ မယုံကြည်နိုင်ဟန် မျက်နှာအမူအရာများဖြင့် နတ်ဆိုးအသိစိတ်ကို ဖြန့်ကျက်အာရုံခံရင်း ဆောက်တည်ရာမရ ဖြစ်ကုန်ကြတော့၏။

“အိုး ဘုရားရေ၊ လူသားမျိုးနွယ်စုက တကယ်ကြီး ကျူးကျော်လာတာလား?!”

မရေမတွက်နိုင်သော အော်ဟစ်သံများ ထွက်ပေါ်လာပြီး ပတ်ဝန်းကျင်ရှိ မြို့ပြနိုင်ငံများစွာသည် ပွက်လောရိုက်ဆူညံကုန်ကြကာ ကြောက်ရွံ့မှုများက ဖြန်းခနဲကူးစက်ပျံ့နှံ့သွားလေသည်။

စစ်ပွဲမတိုင်မီကဆိုလျှင် လူသားမျိုးနွယ်စု တစ်ဦးဦး မရဏချောက်နက်ထဲသို့ ကျူးကျော်ဝင်ရောက်လာပါက အရပ်လေးမျက်နှာမှ သတ္တဝါများ၏ ဝန်းရံတိုက်ခိုက်နှိပ်စက်ခြင်းကို ခံရပေလိမ့်မည်။

သို့သော် ပြဿနာမှာ စစ်ပွဲတွင် အကြီးအကျယ် ရှုံးနိမ့်ပြီးနောက် မရဏချောက်နက်သည် အဘက်ဘက်မှ ကြီးမားသော ဆုံးရှုံးဆုတ်ယုတ်မှုများကို ကြုံတွေ့ခဲ့ရပြီး မျိုးနွယ်စုအသီးသီးသည် ကျဆုံးသွားရသော လူငယ်မျိုးဆက်သစ်များ၏ လစ်လပ်မှုကြောင့် စိတ်ဓာတ်တို့က အောက်ဆုံးသို့ ထိုးကျနေခဲ့သည်။

ထို့ကြောင့် အရှေ့ပိုင်းစီရင်စု မဟာမိတ်တပ်ဖွဲ့က မရဏချောက်နက် အတွင်းထဲထိ ရုတ်တရတ် ကျူးကျော်လာကြောင်း သိရသောအခါ သတ္တဝါ အများအပြားသည် ထိတ်လန့်ရုံသာမက ပြင်းပြင်းထန်ထန် ကြောက်ရွံ့တုန်လှုပ်ကြကုန်တော့၏။

မိမိတို့လုပ်ခဲ့သမျှအတွက် ပြစ်ဒဏ်ခံစားကြရတော့မည်လော။

All Chapters