← Chapters

သူဌေးကြီးများ စုစည်းခြင်း

Vol. 2 Ch. 136

သူဌေးကြီးများ စုစည်းခြင်း

Vol. 2 Ch. 136

“သူဌေးကျန်းက ဘယ်သူလဲ... ...”

“ကျန်းတိ လုပ်ငန်းစုကို ပိုင်တဲ့သူပေါ့...”

“ချူကျိုးမြို့က ကျန်းကျို့လင်မလား..... အဘိုးကြီး ကျန်းမလား... သူက ဒီကို ဘာလာလုပ်တာလဲ...”

အစည်းအဝေးခန်း အပြင်ဘက်မှ လူငယ်များမှာ ဘာဖြစ်နေသည်ကို မရိပ်မိခင်တွင်ပင် အတွင်း၌ ထိုင်နေကြသော လူကြီးများမှာ စိတ်လှုပ်ရှား လာခဲ့ကြ၏။ ကျန်းကျို့လင်ကား ကျန်းပေ့‌ ဒေသတစ်ခုလုံးတွင် နာမည်ကျော်ကြားသူ ဖြစ်သည်။ သူက ဟူတုန်း‌ဒေသတွင် အချမ်းသာဆုံး လူ၅၀ထဲမှ တစ်ယောက် ဖြစ်သည်မှာ ယုံမှားဖွယ်ရာ မရှိပေ။

ရှန်းရုန်ဟွာ၏ ဝမ်ရုန်လုပ်ငန်းစုကသာ တစ်မြို့တည်း၌ ရှိမနေခဲ့လျှင် သူကား ချူကျိုးမြို့၌ အချမ်းသာဆုံး ဖြစ်မည်မှာ သေချာ၏။ သူက မြို့တစ်ဝက်၏ တန်ဖိုးမျှကို ကြွယ်ဝချမ်းသာသူ ဖြစ်ရာ သူ့နာမည်ပြောင်မှာ မြို့တစ်ဝက် ဖြစ်နေသည်မှာ မထူးဆန်းပေ။

နောက်လိုက် အ‌ဖော်သင်းပင်းများဖြင့် ဝန်းရံလျှက် ကျန်းကျို့လင်က ခြံဝင်းထဲသို့ ဝင်လာခဲ့သည်။ အဘိုးအိုကား တရုတ်ရိုးရာ အဝတ်အစားကို ဝတ်ဆင်ထားကာ ငွေရောင်ဆံပင်များဖြင့် အသက်ခုနစ်ဆယ် ဝန်းကျင်ဟု ထင်ရသည်။ သို့သော်လည်း သူကား လူငယ်တစ်ယောက်အလား သွက်လက် လန်းဆန်းနေသည်။

“သူက တကယ်ပဲ ကျန်းကျို့လင်ပဲ... မိသားစုထဲမှာ သူနဲ့ အဆက်အစပ် ရှိတဲ့သူ တစ်ယောက်တလေကိုမှ ငါမသိပါလား...”

ချန်းအန်းကား ကျန်းပေ့ဒေသမှ သူဌေးတစ်ယောက် သူတို့ မိသားစု တွေ့ဆုံပွဲသို့ လာရောက်ခဲ့ခြင်း အပေါ် အံ့အားသင့်နေသည်။

ချန်းနဉ်မူကား သည်အဘိုးအိုမှာ တခြားထူးဆန်းသည့် ဧည့်သည်ကဲ့သို့ ချန်းဖန်အတွက် ရောက်လာခြင်းများလားဟု သံသယ ဝင်နေသည်။

“အဘိုးကြီးကျန်း... ကြိုဆိုပါတယ်... ဒီကို ဘာလို့ ရောက်လာတာပါလဲ... ”

ဦးလေး၂က မြန်ဆန်စွာပင် တံခါးဝတွင် အဘိုးအိုအား နှုတ်ဆက် ကြိုဆိုသည်။

တွေ့ဆုံပွဲကို လာတက်သူများထဲ၌ မည်သူကမှ သည်အဘိုးအို၏ ကြွယ်ဝမှုအား မယှဉ်နိုင်ကြပေ။ ထို့ကြောင့် ဦးလေး၂၊ အဒေါ်၄နှင့် တခြားဧည့်သည်များက အဘိုးအိုအား နှုတ်ဆက်ရန် အတွက် ဦးလေး၂၏ နောက်၌ တန်းစီကြသည်။

ထိုင်ခုံတွင် သည်အတိုင်း ဆက်လက် ထိုင်နေကြသူများမှာကား ချန်းကျန်းရှင်း၊ သန်းကြွယ် သူဌေးယန်၊ ချန်းရှောင်နှင့် တခြားသော မိသားစု အကြီးအကဲ အနည်းငယ်တို့ ဖြစ်ကြသည်။

“ တွေ့ရတာ ဝမ်းသာပါတယ်.. သူဌေးချန်း... ”

ကျန်းကျို့လင်က ခေါင်းညိတ်သည်။ ကျန်းကျို့လင်နှင့် ချန်းချန်ရှင်းတို့ နှစ်ယောက်လုံးမှာ စီးပွားရေး ကိစ္စရပ်အချို့၌ အကြိမ်အနည်းငယ် တွေ့မြင်ဖူးကြပေသည်။ သို့သော်လည်း ဦးလေး၂နှင့် မတူသည်ကား ကျန်းကျို့လင်မှာ သာမန်ဘဝမှ လုပ်ငန်းများ အောင်မြင်ကာ ချမ်းသာ ကြွယ်ဝလာသူ ဖြစ်သည်။ သူကား မိသားစုကြွယ်ဝမှုကို သည်အတိုင်းဆက်ခံခဲ့သော ချန်းချန်ရှင်းထက် များစွာ လေးစားဖွယ် ကောင်းပေသည်။

“ကျုပ်က ဆရာချန်းကို နှစ်သစ်ကူး ဆုတောင်းပေးမလို့ လာခဲ့တာပါ... ”

ကျန်းကျို့လင်က နက်ရှိုင်းကာ သြဇာရှိသော အသံဖြင့် ပြောသည်။

“ဆရာချန်း....”

ချန်းချန်ရှင်းကား နားမလည်ပေ။

“ဘယ်တစ်ယောက်လဲ ... ခင်ဗျားက ကျုပ်အစ်ကို ချန်းကျန်းရှင်းကို ပြောတာလား...”

ချန်းချန်ရှင်း၏ ‌ခေါင်းထဲတွင် ချန်းဟွိုက်အန်းနှင့် ချန်းကျန်းရှင်း တို့ကသာ အဘိုးကြီးကျန်း၏ အာရုံကို ဆွဲဆောင်နိုင်စွမ်းသော ဂုဏ်သတင်းများကို ပိုင်ဆိုင်သူများ ဖြစ်ကြသည်။ သို့သော်လည်း ချန်းဟွိုက်အန်းကား အနားယူပြီး ဖြစ်ရာ ထိုလူမှာ ချန်းကျန်းရှင်းသာ ဖြစ်ရမည်ဟု သူတွေးသည်။

အစည်းအဝေး ခန်းထဲတွင် ချန်းကျန်းရှင်းက ဧည့်သည်ကို တွေ့ဆုံရန် အဆင်သင့် ပြင်ထားပြီး ဖြစ်သည်။

သူက မိမိကိုယ်ကို စိတ်ငြိမ်အောင် လုပ်လိုက်ပြီးနောက် အဘိုးကြီးမှာ သူ့အား စီးပွားရေးနှင့် ပတ်သက်သော ကိစ္စရပ်များအား ဆွေးနွေး ပြောဆိုလိမ့်မည်ဟု တွေးမိသည်။ မည်သို့ဆိုစေ ချန်းကျန်းရှင်း၏ အဆင့်ဖြင့် သူဌေးတစ်ဦးက သူနှင့် ပြောဆို ဆွေးနွေးခြင်းမှာ သိပ်ထူးဆန်း သည်တော့ မဟုတ်ပေ။

“ကျွန်မတို့ အစ်ကိုကြီးက ရာထူး တိုး‌တော့မှာ သေချာတယ်... ကြည့်လိုက်... ကျန်း‌ပေ့‌ဒေသက သန်းကြွယ် သူဌေးတောင်မှ သူ့ဆီကို လာတွေ့ရတယ်....”

အဒေါ်၄က မနာလိုစွာ ပြောသည်။

အဒေါ်၄၏ စကားကို ကြားလျှင် သူဌေးယန်က ချန်းကျင်းရှင်းအား ဂုဏ်ပြုစကားဆိုသည်။

“ကျုပ်က အဘိုးကြီးကျန်းရဲ့ နာမည်ကို ကြားဖူးတယ်... သူက သူ့အချိန်တွေနဲ့ ထိုက်တန်တယ်လို့ မထင်ရင် ဘယ်သူ့ကိုမှ သွားတွေ့တာ မဟုတ်ဘူး"

“ ခင်ဗျားက ကျုပ်ကို အရမ်း အထင်ကြီးနေပြီ... ”

ချန်းကျန်းရှင်းက တည်ငြိမ်စွာဖြင့် ပြောသည်။ တစ်ချိန်တည်းမှာပင် အဒေါ်အကြီးဆုံး၏ မျက်နှာတွင်ကား အပြုံးတု တစ်ခု ပေါ်လာပြီးဖြစ်သည်။

ဝမ့်‌ရှောင်ယွင်၏ မျက်လုံးများကား အထင်ကြီး အားကျခြင်းများဖြင့် ပြည့်နှက်နေသည်။ သူမက သူမ၏ ခင်ပွားသည်အား ကြည့်ကာ စိတ်ပျက်ရ၏။ ချန်း‌ကောရှင်းကား ဖြောင့်မတ်သူ ဖြစ်၏။ သို့သော်လည်း သူကား သူ၏ ကောင်းကျိုးကိုပင် လျှစ်လျူရှု နိုင်လောက်အောင် အလွန်ခေါင်းမာ လွန်းပေသည်။ အခြေအနေနှင့် အချိန်အခါကို လိုက်၍ မည်သည့်အချိန်တွင် သူက ခေါင်းငုံ့ရမည်ကို နားလည်လျှင် သူသည်လည်း အထိုက်အလျောက် အောင်မြင် ပေလိမ့်မည်။

“အစ်ကိုချန်းအန်းရဲ့ မိသားစုကတော့ သေချာပေါက် အမြင့်ရောက်တော့မှာပဲ...”

ချန်းရှုက အားကျစွာ ပြောသည်။

ချန်းမိသားစုထက် ကြွယ်ဝ ချမ်းသာကာ ဂုဏ်သရေရှိသော လူကြီးမင်း တစ်ယောက်က ပထမ ဦးလေးအား လာရောက် တွေ့ဆုံခြင်းက ချန်းရှုအား သူ့မိသားစုနှင့် ချန်းအန်းတို့ကို ဝေးကွာသော ခံစားချက် ရစေသည်။

ချန်းအန်းက ဘာမှ မပြောသော်လည်း သူ့မျက်လုံးထဲမှ အရောင်က သူ့ထံ၌ ဖြစ်ပေါ်လာနေသော မာနတရားအား ထင်ဟပ်နေသည်။

သို့သော်လည်း စက္ကန့်ပိုင်းအတွင်း ချန်းနဉ်မှာ မသက်မသာ ခံစားလာရသည်။

“ ဖက်တီးယန်ကလည်း ချန်းဖန်ကို ဆရာချန်းလို့ ခေါ်တာ ငါ သတိထားမိတယ်... ”

[T/N - ဒီနေရာမှာ 'ဆရာချန်း' ဆိုတာက 'Sir' ဆိုတဲ့ ဆရာပါ။ 'Master' ဆိုတဲ့ ဆရာ မဟုတ်ပါဘူး။ ဒါကြောင့် ချန်းနဉ်တို့က ချန်းဖန်ကို ကျန်းပေ့ဒေသရဲ့ ဆရာချန်းမှန်း မရိပ်မိ ကြသေးတာပါ။]

သူမက ချန်းဖန်အား လှမ်းကြည့်လျှင် ကောင်လေးက ဟင်းရည်အား ပါးစပ်တွင် တေ့ကာ အရသာခံနေပြီး ပတ်ဝန်းကျင်မှ ကိစ္စရပ်များအား ဂရုစိုက်နေဟန်မရပေ။

“ ငါများ မှားတာလား… ”

ချန်းနဉ် အမှုမဲ့ အမှတ်မဲ့ ထားလိုက်စဉ်မှာပဲ အဘိုးအိုကျန်းက ခေါင်းယမ်းကာ ပြောသည်။

" ကျုပ်က မင်းအစ်ကိုကြီး ဆီလာတာ မဟုတ်ဘူး... ကျုပ်က ဆရာချန်းဖန် ဆီလာတာ...”

“ ဘယ်သူ... ချန်းဖန်… ဟုတ်လား... ......”

ချန်းချန်ရှင်း၏အပြုံးက အေးခဲသွားသလို တခြားလူများလည်း ထိုနည်းတူဖြစ်၏။ ချန်းရှုမှာ အံ့အားသင့် လွန်းသောကြောင့် ပါးစပ်ဟနေပြီး ချန်းအန်းက စားနေသော အသားချောင်းကို ထိတ်လန့်တကြား လွှတ်ချမိသည်။

ချန်းနဉ်မှာ သူမ၏ ခံစားချက် မမှားကြောင်း စိတ်ထဲတွင် တွေးမိကာ သူမက မှားယွင်း သွားပါစေကြောင်း ဆုတောင်းမိ၏။

အဘိုးကြီးကျန်း၏ ‌ကြေညာမှုတွင် ဂုဏ်သရေရှိ လူကြီးမင်းများ အားလုံးမှာ အချင်းချင်း တီးတိုး ပြောဆိုကြတော့သည်။

“ ချန်းဖန်က ဘယ်သူလဲ... ဒီလိုလူ ချန်းမိသားစုမှာ ရှိတယ်လို့လည်း မကြားမိပါလား... ”

“သူက အဘိုးချန်းရဲ့ ဆွေမျိုး နီးစပ်ထဲက တစ်ယောက်များလား... အဘိုးချန်းနဲ့ ကျန်းကျို့လင်တို့က အသက်အတူတူဆိုတော့ ဖြစ်နိုင်တာပဲ မလား...”

ကလေးတစ်ယောက်က သူသိသည်ဟူသော ပုံဟန်ဖြင့် ပြောသည်။

“ ချန်းဖန်က ကျုပ်အစ်ကို၃ပဲ.. သူက အထက်တန်းကျောင်းသား .. ”

“ထွက်သွားစမ်း... မြို့တစ်ဝက် ကျန်းကျို့လင်က ချူးကျိုးမြို့ကနေ ဒီအထိ ခရီးနှင်လာတာ အထက်တန်းကျောင်းသား တစ်ယောက်ကို နှစ်သစ်ကူးဆုတောင်းပေးဖို့ ဟုတ်လား......... ”

ဧည့်သည် အများအပြားက ကလေး၏စကားကို အလေးမထားကြပေ။ သို့သော်လည်း သူတို့မြင်လိုက်သော မြင်ကွင်းတွင် အားလုံး၏ ပါးစပ်များ ဟသွားကြသည်။

ကျန်းကျို့လင်က လူအများအား တွန်းဖယ်ကာ ချန်းဖန်၏ စားပွဲဝိုင်းထံသို့ လှမ်းလာခဲ့သည်။ ထို့နောက် သူက လေးစားစွာ ဦးညွှတ်လျက်ပြောသည်။

“ ဆရာချန်း… ကျို့လင်က ဆရာချန်းအတွက် ပျော်ရွှင်ဖွယ်နှစ်သစ် ဖြစ်ပါစေလို့ လာရောက် ဆုတောင်းပေးပါတယ်... ”

ဆံပင်များ ဖြူဖွေးနေသည့်တိုင် ကျန်းကျို့လင်ကား ချန်းဖန်ကို တပည့်မှ ဆရာတစ်ယောက်အား ရိုကျိုးသော ဟန်ပန်ဖြင့် ပြောနေသည်။

“ အာ... ခင်ဗျား ရောက်လာတာပဲ... ”

ချန်းဖန်က အံ့အားသင့်ဟန် မရပေ။ သူက ယန်ရှစ်ကောင်း ရောက်လာသည်ကို မြင်ကတည်းက တခြားသူဌေးများလည်း ရောက်လာနိုင်သည်ကို သိထားပြီးဖြစ်သည်။

' ငါ့မျက်နှာဖုံးကို ဆက်ပြီး ကြာကြာ ထိန်းသိမ်း မထားနိုင်လောက်တော့ဘူး'

ချန်းဖန်က တွေးလိုက်သည်။ သို့သော်လည်း သူစိတ်ထဲ သိပ်အလေးအနက် မထားပေ။ သူ၏ မိဘများကား မိသားစုထဲတွင် နိမ့်ကျနေခဲ့သည်မှာ လုံလောက်ပြီ ဖြစ်၏။ ထို့အပြင် သူ၏တကယ့် သရုပ်မှန်အား ထုတ်ဖော်ခြင်းကလည်း ပြဿနာ သိပ်မရှိပေ။ အဘိုးချန်း၏ ‌သေဆုံးမည့်ရက် နီးကပ်လာပြီ ဖြစ်သောကြောင့် သူ၏အဘိုးအား အမှန်တရားကို ပြောရန် ဆုံးဖြတ်ထားပြီး မဟုတ်ပါလား။

“ထိုင်ပါ.. ”

“ဟုတ်ကဲ့... ”

ကျန်းကျို့လင်က ချန်းဖန် ပြောသည့်အတိုင်း ထိုင်သည်။ ချန်းရှုက အဘိုးကြီးကျန်းအား နေရာဖယ်ပေးရကာ တစ်ဖက်တွင် ချန်းဖန်အား ဒေါသတကြီး ကြည့်နေမိသည်။

“ဘာဖြစ်နေတာလဲ... ငါအိပ်မက်မက်နေတာလား... ”

အဘိုးကြီးကျန်းက ပထမ ဦးလေးအား လာရောက်တွေ့ဆုံရမည် မဟုတ်ပေဘူးလား။ အဘယ်ကြောင့် သူက ချန်းဖန်နှင့် စကားပြောနေသနည်း။ ချန်းချန်ရှင်းမှာလည်း ဘာဖြစ်နေသည်ကို ကောင်းကောင်း နားမလည်တော့ပေ။ သူက သတိထားသော လေသံဖြင့် ပြောသည်။

“သူဌေးကျန်း... ခင်ဗျားက ကျုပ်တူကို...”

“မှန်တာပေါ့... ဆရာချန်းက ကျန်း‌ပေ့‌ဒေသ တစ်ခုလုံးမှာ နာမည်ကျော်ပဲ... နွေဦးရာသီပွဲတော်မှာ သူ့ကိုလာပြီး ဂါရဝပြုတာ ဖြစ်သင့်တာပဲ မလား ”

ကျန်းကျို့လင်က ထူးမခြားနားစွာ ပြောသည်။

“သူက... ဆရာချန်း... နာမည်ကျော်... ...”

ဦးလေး၂ကား ချန်းဖန်ကို သေသေချာချာ ကြည့်သော်လည်း လူငယ်လေးနှင့် ပတ်သက်၍ မည်သည့် ထူးခြားချက်မှ မတွေ့ရပေ။ လူငယ်လေးကား ယခင်ကဲ့သို့ပင် စိတ်အနှောင့်အယှက် ဖြစ်ဖွယ် အေးစက်စက် မျက်နှာထားနှင့် ရှိနေဆဲပင်။

ချန်းဖန်က အောင်မြင်ဖြစ်ထွန်းမည်ဟုလည်း သူတစ်ခါမှ မယုံကြည်ဖူးပေ။ ချန်းဖန်အပေါ် မယုံကြည်သူမှာ သူတစ်ယောက်တည်းလည်း မဟုတ်ပေ။ တစ်မိသားစုလုံးဖြစ်ကာ အဘိုးချန်းပင် ခြွင်းချက်မရှိပေ။ သူတို့က ချန်းဖန် မည်သို့ကြီးပြင်း လာသည်ကို ကောင်းကောင်း သိနားလည်ကြကာ ချန်းဖန်ကား အလိုလိုက် ခံထားရသော ကောင်ဆိုးလေး တစ်ယောက်သာ ဖြစ်ပေသည်။

“ ရှောင်ဖန်... ဘာဖြစ်နေတာလဲ... ”

အန်းရာက ထိတ်လန့်ဟန်ဖြင့် မေးသည်။

သူက သူဌေးကို မသိသော်လည်း ယခု သူမ၏ရှေ့မှ ကျန်းကျို့လင်ကား နာမည်ကျော် ပုဂ္ဂိုလ်ဖြစ်သည်။ သူမက သူ့အား ရုပ်သံများတွင် မကြာခဏ တွေ့ဖူး၏။ ထိုသို့သော ဂုဏ်ကျက်သရေရှိ လူကြီးမင်းတစ်ယောက်က အဘယ်ကြောင့် ချန်းဖန်အား လာတွေ့ရသနည်း။

“ ဆရာချန်းက ကျုပ်အသက်သခင်ပဲ... ကျုပ်ကျေးဇူးရှင်ပဲ... ကျုပ် ကျန်းကျို့လင်က ဘယ်တော့မှ ဒါကို မေ့မှာ မဟုတ်ဘူး... ”

ကျန်းကျို့လင်က လေးနက်စွာ ပြောသည်။ ကျန်းကျို့လင်၏ အဖြေက သူတို့အား ပိုမို၍ စိတ်ရှုပ်ထွေးစေသည်။ အသက်သခင်ဟူသော စကားရပ်က အဘယ် အဓိပ္ပာယ်နည်း။ ချန်းဖန်ကား အထက်တန်းကျောင်းသား တစ်ယောက်မျှသာ ဖြစ်သည်။ သူက သန်းကြွယ်သူဌေး တစ်ယောက်ကို မည်သို့ ကယ်တင်နိုင်မည်နည်း။

အားလုံးက မည်သို့ ပြောရမည်မသိ ဖြစ်နေသည်။ သူတို့ မသိသည်ကား ကျန်းကျို့လင်က ချန်းဖန်၏ စွမ်းအင်ကို မြင်တွေ့ ပြီးနောက်ပိုင်း လူငယ်လေးကား အလွန်အမင်း အထင်ကြီး ‌လေးစားခဲ့ခြင်းပင်။ နောက်ပိုင်း ချန်းဖန်က သူ့အား မှော်ရတနာနှင့် ကောင်းကင်ရေစင်တို့ကို ပေးခဲ့‌သေးရာ သူ၏ ကျန်းမာရေးကို အလွန်တိုးတက် ‌ကောင်းမွန်စေခဲ့သည်။ သူက ကောင်းကင် ရေစင်ကို စတင်သုံးစွဲ ခဲ့ကတည်းက လူငယ်တစ်ယောက် အလား တက်ကြွလန်းဆန်းနေခဲ့၏။ ငယ်ရွယ် နုပျိုခြင်းထက် ကောင်းမွန်သော လက်ဆောင် မရှိပေ။

ထိုစဉ်မှာပင် ခြံဝင်းထဲမှ လူတိုင်းက ချန်းကျန်းရှင်းနှင့် ချန်းဖန်တို့အား တစ်လှည့်စီ ကြည့်ကာ ထူးဆန်းသော အမူအရာများ ဖြစ်နေကြသည်။ သူ‌ဌေးယန်မှာ သူ၏မှားယွင်း ဂုဏ်ပြုခြင်းအား ပြန်လည် ရယူလိုသော်လည်း ငြိမ်သက်နေရ၏။ ချန်းကျန်းရှင်းက တည်ငြိမ်အောင် စိတ်ထိန်း ထားသော်လည်း သူ၏ခေါင်းထဲတွင် မေးခွန်းများ တစ်ခုပြီးတစ်ခု လှည့်ပတ် လာနေသည်။

'ညီ၃ရဲ့ မိသားစုက ကျန်းကျို့လင်နဲ့ ဘယ်လို အဆက်အစပ်ရှိတာလဲ... ဒါပေမဲ့ အခု ကြည့်ရတာ ကျန်းကျို့လင်က ချန်း‌ကောရှင်းဆီကို လာတာလည်း မဟုတ်ဘူး... သူက ချန်းဖန်အတွက် လာတာပဲ... ဒါက မဖြစ်နိုင်တာ... သူဌေးတစ်ယောက်က ကောင်လေး တစ်ယောက်ကို ဘာလို့ဦးညွှတ်ရမှာလဲ... '

ချန်း‌ကောရှင်းနှင့် ဝမ့်‌ရှောင်ယွင်တို့၏ စိတ်နှလုံးများမှာလည်း အံ့အားသင့်ခြင်းများ၊ မေးခွန်းများဖြင့် ပြည့်နှက်နေသည်။ ချန်းဖန်ကား သူတို့သားဖြစ်ရာ တခြားလူများထက် သူတို့၏ သားအကြောင်းကို ကောင်းကောင်း သိပေသည်။ သို့တိုင်အောင် သူတို့မှာလည်း ဘာဖြစ်နေသည်ကို နားမလည်ပေ။

“ကျန်းကျို့လင်က ရူးသွားတာလား... သူက ဘာလို့ မိသားစု ခေါင်းဆောင်အစား ကလေးတစ်ယောက်ကို အာရုံစိုက်နေရတာလဲ...”

အဒေါ်အကြီးဆုံးက သဘောမကျစွာ ပြောသည်။ သူမကား သူမ၏ ခင်ပွန်းသည်လို စိတ်မရှည်ရာ သူမ၏ မျက်နှာမှာ ဒေါသကြောင့် နီရဲလာတော့သည်။

“ သူက ရှောင်ဖန်အတွက် လာတာ တကယ်ဖြစ်ကောင်းဖြစ်နိုင်တာပဲ... ”

အဘိုးချန်းက ဖြည်းညင်းစွာ ပြောသည်။

ချန်းဟွိုက်အန်းမှာ သူ၏မြေး တစ်ခုခု ထူးခြားနေသည်ကို ခံစားမိပေသည်။ ယခု အမှန်တရားကို သိရမည့် အချိန်ဖြစ်၏။

“ သူက ချန်းဖန်ဆီကို လာတာ...... အဲဒီ ကောင်စုတ်လေးဆီကို......... ”

အဒေါ်ကြီးက စိတ်ဆိုးစွာ ပြောသည်။ သူမတစ်ယောက်တည်း မယုံကြည်နိုင် ဖြစ်နေသည် မဟုတ်ပေ။ ချန်းဖန်၏မိဘများပင် ယုံကြည်ရ ခက်ခဲနေသည်။

သို့သော်လည်း အဒေါ်ကြီး ထပ်မပြောရသေးခင်ပင် တံခါးစောင့်က ထပ်မံ၍ အော်ဟစ် လိုက်သည်။

" ချူကျိုးမြို့၊ ထျန်းဟွာ ‌ဖျော်ဖြေရေး လုပ်ငန်းစုမှ ကျောက်ထျန်းဟွာ ရောက်လာပါတယ်...”

"ချင်းရွှေမြို့၊ အိမ်ခြံမြေ အကျိုးဆောင် လုပ်ငန်းမှ သူဌေးလျှိုကောတုန်း ရောက်လာပါတယ်.."

"ထျန်းဟယ်မြို့၊ ယွမ်ကန်းလုပ်ငန်းစုမှ သူဌေးဟန်ထျန်းရှန် ရောက်လာပါတယ်"

“ဟိုင်ကျိုးမြို့၊ တုန်းဝမ်လုပ်ငန်းစုမှ သူဌေးရှုအောင်း ရောက်လာပါတယ်"

တစ်ယောက်ပြီး တစ်ယောက် ရောက်လာသော ဧည့်သည်များ၏ နာမည်များကို ကြားသည်တွင် လူအုပ်ကြီးမှာ ဆူညံပွတ်လော ရိုက်သွားသည်။ သူဌေးယန်က သူ၏ထိုင်ခုံမှ ထခုန်က ပြောလိုက်မိသည်။

“ရှု‌‌အောင်းက ဘာလို့ ဒီကို ရောက်လာတာလဲ...”

***

[T/N- ပြီးခဲ့တဲ့လမှာ စာစဉ် ပုံမှန် မထွက်ဖြစ်တဲ့ အတွက် ‌တောင်းပန်ပါတယ်။ ဘာသာပြန်သူလည်း ဘယ်လိုမှ မအားလို့ပါ။ ဒီတစ်ခေါက် စာစဉ်၁၀ကိုလည်း နောက်ကျမယ်လို့ ကြိုပြောထားပါတယ်။ စာစဉ်၁၁မှ စပြီး ဒီလမှာတော့ တစ်ပတ်တစ်အုပ် ပုံမှန် ထွက်အောင်ရေးမှာပါ။ သည်းခံပြီး ‌စောင့်ဖတ်ပေးတဲ့ လူတွေအားလုံးကို စိတ်ရင်းနဲ့ ‌ကျေးဇူး အများကြီး တင်ပါတယ်။]

***

All Chapters