ကျန်းပေ့ဒေသ၏ ကြွယ်ဝမှုတစ်ဝက်
Vol. 2 Ch. 137
ဟိုင်တုန်းက ရှုအောင်း မသိသူ မရှိတဲ့ နာမည် …။
ဆရာချန်း ပေါ်မလာခင်ကဆိုလျှင် ရှုအောင်းသည် ကျန်းပေ့ဒေသရှိ သူဌေးကြီးများ၏ ခေါင်းဆောင်အဖြစ် ရှိနေခဲ့သည်။ ရှုအောင်း၏ ယောက္ခမဘက်မှ ထောက်ပံ့မှုအား ထည့်မတွက်လျှင်ပင် သူသည် ဟူတုန်းပြည်နယ်၏ ထန်ယွမ်ချင်နှင့် တန်းတူ ယှဉ်နိုင်သူ ဖြစ်သည်။
သူဌေးယန်နှင့် ရှုအောင်း နှစ်ယောက်လုံးသည် ဟိုင်ကျိုးမြို့မှ ဖြစ်သော်လည်း သူဌေးယန်သည် ရှုအောင်းကဲ့သို့ မြင့်မားလှသော ပုံရိပ် ရှိသူနှင့် မယှဉ်နိုင်ပါ။
ခြံဝန်းအတွင်းရှိ လူများသာမက အစည်းအဝေးခန်းထဲရှိ လူများပါ ပွက်လောရိုက်သွားသည်။ ချန်းကျန်းရှင်းသည် အံ့ဩမှုကြောင့် မတ်တပ် ရပ်လိုက်မိပြီး တံခါးဝသို့ ပြေးသွားသည်။ စားပွဲတွင် အဘိုးချန်း၏ ဦးလေးနှင့် အဖေတို့သာ ထိုင်လျက်သား ဆက်ရှိနေပြီး ကျန်လူများ အားလုံး ရှုအောင်းကို ကြိုဆိုရန် မတ်တတ် ရပ်လိုက်ကြသည်။
"ရှုအောင်း"
ချန်းရှောင်၏ မျက်လုံးများ အရောင် လက်သွားပြီး သူ့မျက်နှာပေါ်ရှိ ဝင့်ကြွားနေသည့် အပြုံးပင် အငွေ့ပျံသွားသည်။ ချန်းရှောင်သည် ထန်ယွမ်ချင်အတွက် အလုပ် လုပ်ပေးနေခြင်း ဖြစ်ရာ ထန်ယွမ်ချင်၏ ပြိုင်ဘက် ရှုအောင်းအား ကောင်းကောင်း သိပေသည်။
စက္ကန့်ပိုင်းအတွင်း လူစုကြီးတစ်စု ဝင်ပေါက်မှ တစ်ဆင့် ခြံဝန်း အတွင်း ဝင်လာသည်။
ထိုလူစုထံမှ ရှိန်လောက်စရာ အငွေ့အသက်များ ဖြာထွက်နေပြီး တစ်ချက် ကြည့်လိုက်ရုံနှင့်တင် အထင်ကရ ပုဂ္ဂိုလ်များ ဖြစ်ကြောင်း သိနိုင်သည်။ လူစု၏ ခေါင်းဆောင်မှာ အထက်တန်း ကျသော ဟန်ပန်နှင့် သက်လတ်ပိုင်း အရွယ် လူတစ်ယောက် ဖြစ်သည်။ ထိုလူ၏ ပုံပန်းသွင်ပြင်သည် ပညာတတ် ဆန်ပြီး တက္ကသိုလ်မှ ပါမောက္ခ တစ်ဦး အလား ထင်မှတ်ရသည်။
"တကယ်ကြီး ရှုအောင်းဟ"
သူဌေးယန်သည် ထိုင်ခုံတွင် ဆက်ထိုင် မနေရဲတော့ဘဲ ဧည့်သည်အား နှုတ်ဆက်ရန် အလျင်အမြန် ပြေးသွားလိုက်သည်။
"အစ်ကိုရှု ... ဒီကို ဘယ်လိုများ ရောက်လာတာလဲ"
သူဌေးယန်က ကပ်ဖားရပ်ဖား ပြုံး၍ မေးလိုက်သည်။
"အခုက နွေဦးပွဲတော်လေ ကျုပ်က ဆရာချန်းကို နှစ်သစ်ကူးလက်ဆောင် ပေးပြီး ဂုဏ်ပြုစကား ပြောဖို့ လာခဲ့တာ ..."
ရှုအောင်းက ပုံမှန်အတိုင်း ပြောသည်။
'ဆရာချန်း' ဟူသော ဝေါဟာရအား သုံးကြိမ်မြောက် ကြားရသည့်အခါ အားလုံးက ရှုအောင်းသည်လည်း ချန်းကျန်းရှင်းဆီသို့ လာရောက်ခြင်း မဟုတ်ဘဲ ချန်းဖန်အတွက် လာရောက်ခြင်း ဖြစ်ကြောင်း သိသွားကြပြီ ဖြစ်သည်။ လူတိုင်း၏ စိတ်ဝင်တစား အကြည့်များက ချန်းဖန်ထံသို့ စုပြုံ ရောက်ရှိလာသည်။
ချန်းအန်းသည် အဖြစ်အပျက်ကြောင့် အံ့အား သင့်ရလွန်း၍ လက်ထဲတွင် ကိုင်ထားသော လက်ဖက်ရည်ခွက်ပင် မှောက်ကျသွားသည်။ တစ်ဖက်တွင်လည်း ချန်းရှုသည် နောက်တစ်ကြိမ် မှင်တက် ကြောင်အ သွားရသည်။ အံ့ဩစရာများ တစ်ခုပြီး တစ်ခု ကြုံရလွန်း၍ ယခုနေ ကောင်းကင်ကြီး ပြိုကျလာလျှင်ပင် ထူးပြီး အံ့ဩနေမိမှာ မဟုတ်ဟု ထင်မိသည်။
ချန်းနဉ်ကတော့ ပါးစပ် အဟောင်းသားဖြင့်သာ ချန်းဖန်အား ကြည့်နေမိသည်။
ယန်ရှစ်ကောင်း၊ ကျန်းကျို့လင်၊ ရှုအောင်း …။
ဒီလောက်များတဲ့ သူဌေးကြီးတွေက ချန်းဖန်ကို နှစ်သစ်ကူး ဆုမွန်ကောင်း တောင်းပေးဖို့ ရောက်လာကြတယ် တဲ့လား။ ဘာလို့လဲ ချန်းဖန်က သူမ အမြဲ သိခဲ့တဲ့ သာမန် မောင်ဝမ်းကွဲ မဟုတ်ဘူးလား။
သူမသည် ချန်းဖန်အား ဦးညွှတ်ပြီး အစည်းအဝေး ခန်းမအတွင်း ဝင်သွားသော ရှုအောင်းအား လိုက်ကြည့်နေမိသည်။
"အကြီးအကဲချန်း ... သခင်ကြီးချန်း ... သူဌေးချန်း"
ရှုအောင်းသည် ခန်းမအတွင်းရှိ အရေးကြီး ပုဂ္ဂိုလ်များအား ဦးစွာ နှုတ်ဆက်လိုက်သည်။ ဒေသတစ်ခု၏ အာဏာ အရှိဆုံး စာရင်းဝင် လူတစ်ယောက်အနေနှင့် ရှုအောင်း၏ ဟန်ပန်က ယုံကြည်မှု အပြည့်ရှိသည်။ ချန်းကျန်းရှင်းပင်လျှင် ရှုအောင်းရှေ့၌ အမြှီးကုပ်နေသည်။
"ကြိုဆိုပါတယ် သူဌေးရှု ... ဟိုင်ကျိုးမြို့ကနေ ဒီအထိ လာခဲ့ပေးတာ ကျေးဇူးတင်ပါတယ် သူဌေးရှု ရောက်လာမယ်မှန်း ကြိုသိမထားလို့ ကောင်းကောင်း ဧည့်မခံနိုင်ရင် ခွင့်လွှတ်ပါဗျာ"
အဘိုးချန်းက တိတ်ဆိတ်နေသော အခြေအနေတွင် စတင် စကားပြောလိုက်သည်။
"ဟားဟား ... ဒါက ဆရာချန်းရဲ့ မိသားစု တွေ့ဆုံပွဲပဲလေ ကျုပ်အနေနဲ့ ကျိန်းသေပေါက် လာပြီး ဂုဏ်ပြုပေးရမှာပေါ့"
ရှုအောင်းသည် ကျယ်လောင်စွာ ရယ်မောရင်း ပြော၏။ ထို့နောက် သူက ချန်းကောရှင်းတို့ ဇနီးမောင်နှံ ဘက်သို့ လှည့်ကာ အလေးအနက် ဦးညွှတ် လိုက်သည်။
"လူကြီးမင်းချန်း ... ချန်းကတော် ... ပျော်ရွှင်စရာ နှစ်သစ်လေး ဖြစ်ပါစေဗျာ"
"ချန်းမိသားစု အဓွန့် ရှည်ပါစေ"
ရှုအောင်း နောက်တွင် ရပ်နေသော လူစုကလည်း အသေအချာ လေ့ကျင့် သင်ကြား ပေးထားသော စစ်သားများကဲ့သို့ တစ်ပြိုင်နက် ညီညာစွာ ဆုတောင်းပေးလေသည်။
ခြံဝန်းတစ်ခုလုံး အပ်ကျသံပင် မကြားရလောက်အောင် တိတ်ဆိတ်သွားပြီး ဘယ်သူကမှ စကားတခွန်း စမပြောရဲကြ။ ကျင်းမြို့တော်သည် ကျန်းပေ့ဒေသ၏ ပိုင်နက်အတွင်း ရှိသော မြို့မဟုတ် လေရာ ခြံဝန်းအတွင်းရှိ လူအများစုသည် ကျိုးထျန်ဟောက်တို့၊ ထိပ်ပြောင်ကြီး လျှိုတို့အား ကောင်းကောင်း မသိကြ။ သို့သော် ၎င်းတို့၏ ခက်ထန် မောက်မာသော မျက်နှာများကို ကြည့်ခြင်းဖြင့် ထိုလူများသည် ကျန်းပေ့ဒေသမှ ထိပ်တန်း ပုဂ္ဂိုလ်များဖြစ်ကြောင်း အလွယ်တကူ သိနိုင်သည်။
ချန်းကျန်းရှင်းသည် အပေါ်ယံတွင် တည်ငြိမ်ချင်ယောင် ဆောင်နေရသော်လည်း သွေးကြောများ ထင်းနေအောင် ဆုပ်ထားသော လက်သီးဆုပ်အား ကြည့်ခြင်းဖြင့် သူ၏ အတွင်းစိတ်တွင် ရှုပ်ထွေးနေသော ခံစားချက်များကို ရိပ်မိနိုင်သည်။
ရှုအောင်းသည် သူ့အား သာမန်ကာ လျှံကာမျှသာ နှုတ်ဆက်သွားသော်လည်း ချန်းဖန်၏ မိဘများကိုမူ အလေးအနက် ဦးညွှတ်၍ ဆုမွန်ကောင်းပင် တောင်းပေးလိုက်သေး၏။ ထိုမျှ ကွာခြားလှသော ဆက်ဆံပုံကား သံသယဖြစ်ဖွယ် ကောင်းလှသည်။
များပြားလှသော အထင်ကရ သူဌေးကြီးများ၏ ဦးညွှတ်ခြင်းအား ခံရသည့်အခါ ချန်းကောရှင်းတို့ ဇနီးမောင်နှံသည် ထိုင်နေရာမှ အလျင်အမြန် ထရပ်မိကြသည်။ ဝမ့်ရှောင်ယွင်က ပြောသည်။
"သူဌေးရှု ဒီလောက် ယဉ်ကျေးနေဖို့ မလိုပါဘူး ပြောရရင် ကျွန်မတို့က အခုမှ တွေ့ဖူးကြတာလေ"
"ဟားဟား ... ချန်းကတော် ... သူစိမ်းဆန်တဲ့ စကားတွေ မပြောပါနဲ့ဗျာ ကျုပ်တို့က အခုမှ အချင်းချင်း တွေ့ဖူးတာ ဆိုပေမဲ့ ခင်ဗျားရဲ့ ထူးချွန်လှတဲ့ သားလေးကို ကျန်းပေ့ဒေသ တစ်ခုလုံးက သိပြီး အရမ်းကို လေးစားနေကြတာပါ"
ရှုအောင်းက ဝမ့်ရှောင်ယွင်၏ စကားအား လက်မခံဘဲ ရှင်းပြသည်။
"ကျွန်မသား ချန်းဖန်"
လူတိုင်း မှင်တက်သွားကြသည်။
လူတိုင်းသည် ထိုအကြောင်းအား မျှော်လင့်ထားပြီး ဖြစ်သော်လည်း ရှုအောင်း၏ ပါးစပ်မှ ထုတ်ပြောလာသည်အထိ မယုံကြည်နိုင်သေးပေ။ အားလုံး၏ အတွေးထဲတွင် ချန်းဖန်သည် သာမန်ထက် ဘာမှ မပိုသော အထက်တန်း ကျောင်းသားလေး အဖြစ်သာ ရှိနေတာ ဖြစ်သည်။
"ရှင်တို့ လူမှား နေတာရော မဖြစ်နိုင်ဘူးလား အဲဒီကောင်လေး ချန်းဖန်က ခေါင်းမာပြီး ရိုင်းစိုင်းတဲ့ …"
ဒုတိယအန်တီသည် များများစားစား မစဉ်းစားဘဲ ပြောနေကျအတိုင်း ပြောချလိုက်သည်။
"ခင်ဗျား စကားပြောတာ ဆင်ခြင်"
ရှုအောင်း၏ မျက်နှာက တင်းမာသွားသည်။
ရှုအောင်းနောက်တွင် ရပ်နေသော ထိပ်ပြောင်ကြီးလျှိုက ခြိမ်းခြောက်သည့် အကြည့်များဖြင့် ဒုတိယ အန်တီအား သတိပေးလိုက်သည်။
"ကျန်းပေ့ ဒေသထဲမှာသာ စကားကို အခုလိုမျိုး လက်လွတ်စပယ် ပြောမိရင် ခင်ဗျား လွယ်မှာ မဟုတ်ဘူး"
ထိပ်ပြောင်ကြီး လျှိုအား ဘယ်သူမှ မသိကြသော်လည်း သူ၏ ခက်ထန်သော မျက်နှာက ရက်စက်တတ်သော စရိုက်ရှိသူ ဖြစ်ကြောင်း ပြသနေသည်။ ဒုတိယ အန်တီသည် ထို့ကဲ့သော ခြိမ်းခြောက်မှုမျိုး ဘယ်တုန်းကမှ မခံခဲ့ဖူးရာ ကြောက်လန့်တကြား ခေါင်းငုံ့သွားသည်။
"သူဌေးရှု.. ခင်ဗျားလူ ကျုပ်ဇနီးကို ခြိမ်းခြောက်နေတာကို ရပ်ခိုင်းပါ"
"ဆရာချန်းက ကျန်းပေ့ဒေသ တစ်ခုလုံးရဲ့ လေးစားရတဲ့ သူပဲ ဆရာချန်းကို မလေးမစား ပြောတဲ့သူက ကျုပ်ကို မလေးမစား ပြောတာနဲ့ အတူတူပဲလို့ ယူဆတယ်"
ရှုအောင်းက မတားသည့်အပြင် မောက်မာစွာ သတိပေးလိုက်သည်။
စိတ်မှန်သည့် ဘယ်သူကမှ ရှုအောင်းအား ပွင့်ပွင့်လင်းလင်း မလေးမစား မပြောရဲပေ။ ချန်းမိသားစု၏ စုပေါင်း အင်အားသည်ပင် ရှုအောင်း၏ အင်အားနှင့် ယှဉ်ပါက အလှမ်း ဝေးသည်ထက် ပိုသည်။
"ဦးလေးချန်း ... အန်တီဝမ့် ... ပျော်ရွှင်ဖွယ်ရာ နှစ်သစ်ကူးလေး ဖြစ်ပါစေရှင့်"
ရှုအောင်း၏ နောက်မှ အဖြူရောင် ဝတ်စုံဖြင့် မိန်းကလေး တစ်ယောက် ထွက်ပေါ်လာသည်။ သူမသည် အရပ် ရှည်ရှည်လေးနှင့် အလွန် ဆွဲဆောင်မှုရှိသည်။ သူမ မျက်နှာပေါ်ရှိ အပြုံး ချိုချိုလေးက သူမ၏ အလှအား နှစ်ဆ တိုးသွားစေသည်။
"ဦးလေးနဲ့ အန်တီတို့ နှစ်ယောက်လုံး နှစ်သစ်မှာ အရင့် အရင်ကထက် ပျော်ပျော်ရွှင်ရွှင်နဲ့ လေးရာသီလုံး ကောင်းကင်ဘုံက ကောင်းချီးပေးခြင်း ခံရပါစေနော်"
မိန်းကလေး၏ ဂီတသံကဲ့သို့ သာယာ နာပျော်ဖွယ် အသံချိုချိုလေးက ခြံဝန်း တစ်ခုလုံးသို့ ပျံ့နှံ့သွားသည်။ ဝမ့်ရှောင်ယွင်သည် မိန်းကလေး၏ ချစ်စဖွယ် ကောင်းမှုအား အလွန် သဘောကျသွားပြီး ရှေ့သို့တိုးကာ သူမ၏ လက်လေးအား ဆုပ်ကိုင်ရင်း မေးလိုက်သည်။
"ဆုတောင်းပေးတဲ့ အတိုင်း ပြည့်ပါစေကွယ် ဒါနဲ့ သမီးလေးရဲ့ နာမည်က ဘယ်သူများလဲ အန်တီ့ကို သိတာလား"
"သမီးနာမည်က ရှုယုံဖေးပါ ရှုအောင်းက သမီးရဲ့ အဖေ ပြီးတော့ ချန်းဖန်နဲ့ သမီးနဲ့က အတန်းဖော်တွေပါ"
ရှုယုံဖေးက ရှက်ပြုံးလေး တစ်ခုနှင့် ပြန်ဖြေလိုက်သည်။
"အန်တီဝမ့် ဒါက သမီးရဲ့ မုန့်ဖိုးနဲ့ ဝယ်လာတဲ့ လက်ဆောင်လေးပါ ကျေးဇူးပြုပြီး လက်ခံပေးပါနော်"
ရှုယုံဖေးသည် ပိုက်ဆံအိတ်ထဲမှ လက်ဆောင်ဗူးလေး တစ်ခုအား ထုတ်ကာပေးသည်။
ဝမ့်ရှောင်သည် ရှုယုံဖေး၏ မျှော်လင့်တကြီး ကြည့်နေသော မျက်လုံးလေးများကြောင့် မငြင်းရက်တော့ဘဲ လက်ခံလိုက်ရသည်။
ဗူးအတွင်း တွင်ကား Channelမှ အကန့်အသတ်နှင့် ထုတ်ထားသော နာရီဖြစ်သည်။ အများကြီး ဈေးမကြီးသော်လည်း ယွမ်တစ်သိန်း ကျော်ခန့်တော့ တန်ပေသည်။ ဝမ့်ရှောင်ယွင်က ကျေးဇူးတင်ကြောင်း ပြော၍ လက်ခံထားလိုက်သည်။
ထိုဖြစ်စဉ်အား မြင်လိုက်ရသော လူများမှာ လက်ရှိ အခြေအနေကို နားလည်နိုင်ရန် သဲလွန်စတစ်ခု ရရှိသွားကြသည်။
"ချန်းဖန်က ရှုအောင်းရဲ့သမီးနဲ့ တွဲနေတာပဲ"
"အဓိပ္ပါယ်ရှိသွားပြီ ဒါ့ကြောင့် ယန်ရှစ်ကောင်းနဲ့ ကျန်းကျို့လင်က ချန်းဖန်ဆီကို လာကြတာပဲ ဖြစ်ရမယ် အားလုံးက ရှုအောင်းကြောင့်ပဲ"
"အာ ... မဟုတ်မှလွဲရော ရှုအောင်းက သူ့သမီးနဲ့ ချန်းဖန်ရဲ့ မင်္ဂလာ ကိစ္စကို ဆွေးနွေးဖို့ ရောက်လာတာများလား"
လူစုထဲမှ တယောက်က ရယ်ကျဲကျဲနှင့် မေးလိုက်သည်။
ချန်းဖန်နှင့် ရှုယုံဖေးတို့သည် ဆယ့်ခုနှစ်နှစ် မျှသာ ရှိကြသေးသော်လည်း တချို့ မိသားစုများသည် ၎င်းတို့၏ သားသမီးများအား ငယ်ငယ်ရွယ်ရွယ်တည်းက စေ့စပ် ကြောင်းလမ်း ထားတတ်ကြသည်။
ချန်းမိသားစုဝင်များ အားလုံးသည် ချန်းကောရှင်းတို့ ဇနီးမောင်နှံအား ကြည့်လိုက်မိကြသည်။
ချန်းကောရှင်း၏ မျက်နှာက အခက် တွေ့နေသည့်ပုံ ပေါ်သည်။ သူက အရာရာကို ရိုးရိုးရှင်းရှင်းသာ တွေးတတ်သူ ဖြစ်ပြီး သားဖြစ်သူက အထက်တန်းကျောင်းသား အရွယ်လေးနှင့် ရည်းစား ရနေခြင်းအပေါ် မယုံကြည်နိုင်သလို ခံစားနေရသည်။ တစ်ဖက်တွင်တော့ ဝမ့်ရှောင်ယွင်က ရွှင်ပြုံးနေသည်။ ရှုယုံဖေး၏ ဆွဲဆောင်မှု ရှိသော မျက်နှာလေးနှင့် ချစ်စဖွယ် စိတ်ထားကြောင့် သူမက ချန်းဖန်အတွက် စိတ်ချသွားရသည်။
ပထမ အန်တီနှင့် ဒုတိယ အန်တီတို့၏ မျက်နှာများသည် မနာလိုမှုကြောင့် ရှုံ့မဲ့နေကြသည်။
ရှုအောင်း၏ သမီးကပင် ချန်းဖန်အား သဘောကျ ရလောက်အောင် ထိုကောင်စုတ်လေးက ဘာတွေများ တော်နေလို့လဲ။
သူမတို့ နှစ်ယောက် တူညီစွာ တွေးမိကြ၏။
အဘိုးချန်းနှင့် ချန်းကျန်းရှင်းတို့၏ ခေါင်းထဲတွင်မူ မေးခွန်းများ ပြည့်နှက်နေသည်။ ချန်းဖန်သည် ရှုအောင်း၏ သမီးနှင့် အမှန်တကယ် တွဲနေသည် ဆိုဦးတော့ ရှုအောင်းက ချန်းဖန်အပေါ် ထိုမျှအထိ လေးစားနေဖို့ မလိုအပ်ပေ။
'ပြီးတော့လည်း ရှုအောင်းရဲ့ စကားအရဆို ... ချန်းဖန်က ကျန်းပေ့ဒေသ တစ်ခုလုံးက လေးစားရတဲ့သူတဲ့'
ချန်းကျန်းရှင်းက တွေဝေ သွားပြန်သည်။
သို့သော် ချန်းကျန်းရှင်း၏ အတွေးတို့သည် ခြံဝန်းအတွင်း ထွက်ပေါ်လာသော ဆူညံသံများဖြင့် နှောင့်ယှက်ခြင်း ခံလိုက်ရသည်။
"ခိုင်လုံ လုပ်ငန်းစုက သူဌေးဟူ၊ ဝမ်ရှန့်လုပ်ငန်းစုက သူဌေးရူ၊ ချင်းပေ့ လုပ်ငန်းစုက သူဌေးကျန်းတို့ ရောက်လာပါတယ်"
သို့နှင့် ကျန်းပေ့ဒေသရှိ အကျော်အမော် သူဌေးကြီးများ အသီးသီး ထပ်မံ ရောက်ရှိလာကြသည်။ ထိုအထဲတွင် အစိုးရလုပ်ငန်း သုံးခု၏ ကိုယ်စားလှယ်များနှင့် မြို့တမြို့၏ အချမ်းသာဆုံး သူဌေးကြီး နှစ်ဦးပင် ပါဝင်သေးသည်။
သူဌေးကြီးများ အားလုံး ခြံဝန်း အတွင်း ဝင်လာကြသောအခါ တူညီသော အရာတစ်ခုအား အတိအကျ ပြုလုပ်ကြ၏။ ထိုအရာကား ချန်းဖန်ထံသို့ ဦးဆုံးသွားကာ အလေးအနက် ဦးညွှတ်လျက် နှစ်သစ် ဆုမွန်ကောင်း တောင်းပေးခြင်း ဖြစ်သည်။ ထို့နောက်မှ ခန်းမအတွင်းသို့ ဝင်ကာ ချန်းကောရှင်းတို့ ဇနီးမောင်နှံအား နှုတ်ဆက်ကြသည်။
ဆယ်မိနစ်မျှသော အချိန် အတောအတွင်းတွင် ချန်းမိသားစုကလန်၏ ခြံဝန်းအတွင်း၌ ကျန်းပေ့ဒေသမှ တစ်ဝက်ခန့်သော သူဌေးကြီးများ ရောက်ရှိနေကြပြီး ဖြစ်သည်။
လူတိုင်း၏ အကြည့်တို့သည် ချန်းဖန်ထံ၌သာ ဝေ့ဝဲနေတော့သည်။ ထိုအကြည့်များထဲ၌ အံ့ဩခြင်း၊ သံသဃ၊ အားကျခြင်း၊ မယုံကြည်နိုင်မှု၊ ဒေါသ စသဖြင့် ခံစားချက်မျိုးစုံ ရောပြွန်းနေကြသည်။ ချန်းဖန်ကမူ မည်သူ တစ်ဦးတစ်ယောက်၏ ခံစားချက်ကိုမှ ဂရုစိုက်မနေပေ။ တည်ငြိမ်၍ ခန့်မှန်းရခက်သော မျက်နှာနှင့် ထိုင်ခုံ၌ အေးအေးဆေးဆေး ထိုင်လို့နေသည်။
ချန်းရှုက သူ၏ ဝမ်းကွဲညီအား တိတ်တဆိတ် အကဲခတ် ကြည့်သော်လည်း ချန်းဖန်သည် သူဘယ်တုန်းကမှ မသိခဲ့ဖူးသော သူစိမ်း တစ်ယောက်ကဲ့သို့ ထူးဆန်းသော ခံစားချက်ကိုသာ ရ၏။
ရုတ်တရက် ချန်းရှုသည် မကြာသေးခင်ကမှ ချန်းဖန် ပြောခဲ့သော 'တွေ့ဆုံပွဲတွင် အဓိကအကျဆုံးလူ' ဟူသော စကားအား နားလည်လာသလိုလို ရှိသည်။
ချန်းအန်းသည် ခေါင်းကို ငုံ့ထားပြီး လက်ဖက်ရည် တစ်ခွက်အား ဖြည်းဖြည်းချင်း သောက်နေသည်။ တုန်ယင်နေသော လက်အား ကြိုးစားထိန်းရင်း စိတ်ထဲတွင် အော်ဟစ်နေမိ၏။
'ကျန်းပေ့ဒေသက ချမ်းသာတဲ့ သူတွေ ဘယ်လောက်ပဲ ဖိတ်ထားထား မင်းက အသုံးမကျတဲ့ သာမန် အထက်တန်းကျောင်းသား ဖြစ်နေတုန်းပဲ ... ချန်းဖန် မင်းအဖေကလည်း အသုံးမကျတဲ့ အရှုံးသမားပဲ ငါနဲ့ ငါ့အဖေကသာ ချန်းမိသားစုရဲ့ တစ်ခုတည်းသော မျှော်လင့်ချက်ကွ'
***