← Chapters

ဇိမ်ခံကားတွေ အများကြီးပဲ

Vol. 2 Ch. 138

ဇိမ်ခံကားတွေ အများကြီးပဲ

Vol. 2 Ch. 138

ချန်းကျန်းရှင်းသည် ခန်းမအလယ်ရှိ စားပွဲ၌ တိတ်ဆိတ်စွာ ထိုင်နေသည်။ အခြေအနေက တစ်စထက် တစ်စ ရှုပ်ထွေးလာသောကြောင့် သူက အလွန် သိချင်စိတ် ပြင်းပြနေသော ဆန္ဒအား ချုပ်တီးနေရသည်။

ချန်းကျန်းရှင်းက ချန်းဖန်၏ ရုတ်တရက် ကျော်ကြား လာမှုအား လက်မခံနိုင်သေးပေ။ ချန်းအိမ်တော်တွင် ချန်းအန်းအား တောင်းပန်ခိုင်းစဉ်က ချန်းဖန်၏ မျက်နှာပေါ်တွင် ရှိနေသည့် အထင်အမြင် သေးသည့် အကြည့်တို့ကို သူမှတ်မိနေသေးသည်။

'ငါက ချန်းမိသားစုရဲ့ အကြီးအကဲ ဖြစ်တဲ့အပြင် ကျင်းမြို့တော်မှာဆိုလည်း ဂုဏ်သရေရှိ အရာရှိ တယောက်ပဲ အထက်တန်း ကျောင်းသားလေးကို ကြောက်နေစရာလား'

ထိုသို့အတွေးနှင့် ချန်းကျန်းရှင်း၏ ပျောက်ဆုံးသွားသော ယုံကြည်မှု တချို့ ပြန်လည် ရရှိလာသည်။

ကံကောင်းစွာနှင့် ချန်းမိသားစုရွာသည် ကျင်းမြို့တော်၏ ပိုင်နက်အတွင်း ရှိနေသည်။ ချန်းကျန်းရှင်းသည် ကျင်းမြို့တော်တွင် နက်ရှိုင်းသော အဆက်အသွယ် တချို့ ရှိထားပြီး ထိုအချက်ကပင် ချန်းကျန်းရှင်းအား ကျန်းပေ့ ဒေသရှိ သူဌေး များကြီးနှင့် စကားပြောရန် ယုံကြည်မှု မြင့်တက်သွားစေသည်။

"သူဌေးကျန်း ... တွေ့ရတာ ဝမ်းသာပါတယ်"

"တွေ့ရတာ ဝမ်းသာတယ်ဗျာ သူဌေးရှု "

"ကျေးဇူးပြုပြီး ... ဒီမှာထိုင်ပါ သူဌေးလု"

ချန်းကျန်းရှင်းသည် စိတ်တည်ငြိမ်အောင် ထား၍ ဧည့်သည်များအား ခြံဝန်းထဲမှ ခန်းမ အတွင်းသို့ ပို့ဆောင်ပေးလိုက်သည်။ ဧည့်သည်များကား ချန်းလုပ်ငန်းစုထက် အဆများစွာ ကြီးသော လုပ်ငန်းစုများ၏ ပိုင်ရှင်များ ဖြစ်ကြရာ သူ့အနေနှင့် ဂရုစိုက်ဖို့ လိုသည်။ ထိုလူများရှေ့တွင် ကိုယ့်ကိုယ်ကိုယ် အရှက်ရအောင် ပြုမူမိပါက သူ့ပုံရိပ်မှာ အဖတ် ဆယ်မရအောင် ကျဆင်း သွားပေလိမ့်မည်။

ချန်းကျန်းရှင်းနှင့် အတွေးတူနေသော စတုတ္ထ ဦးလေး၊ သူ့ဇနီးနှင့် အခြားသော ချန်းမိသားစုဝင်များသည်လည်း သကာရည် လောင်းထားသော အပြုံးကြီး များဖြင့် ဧည့်သည်များအား ကြိုဆိုကြသည်။

သို့သော်လည်း သူဌေးကြီးများသည် ထိုလူများအား အသိအမှတ်ပြုရုံ တစ်ချက်မျှသာ ကြည့်သွားကြပြီး ချန်းဖန်၏ မိဘများထံသို့ အလုအယက်သွားကာ တန်ဖိုးကြီး လက်ဆောင်များ ပေးအပ်ကြသည်။ လက်ဆောင်များက တစ်စထက် တစ်စ ပို၍ ဈေးကြီးသော လက်ဆောင်များ ဖြစ်လာသည်။

သန်းချီတန်သော လက်ပတ်နာရီ၊ ကျင်းမြို့တော်အတွင်း တည်ရှိသော စမ်းချောင်းတုပါသည့် စံအိမ်၊ နိုင်ငံခြားတိုင်းပြည်ရှိ မြေကွက် စသည်ဖြင့် ကြားလိုက်ရုံနှင့်တင် သရေယိုစရာ ကောင်းလှသည်။

တစ်ယောက်ပြီး တစ်ယောက်ထံမှ လက်ဆောင်များ မနားတမ်း လက်ခံနေရသော ချန်းကောရှင်းနှင့် ဝမ့်ရှောင်ယွင်တို့မှာ ဆွံ့အနေကြသည်။

ရှုယုံဖေးသည် ဝမ့်ရှောင်ယွင်၏ ဘေး၌ မတ်တတ်ရပ်လျက် သူဌေးကြီးများ ထံမှ လက်ဆောင်များအား စိစစ် ပေးနေသည်မှာ ချွေးမ တစ်ယောက် လုပ်ရမည့် ဝတ္တရားကို ဆောင်ရွက်နေသည့် အလား။

ချန်းဖန်အား နှစ်သစ် ဆုမွန်ကောင်း တောင်းပေးရန် ရောက်လာကြသော သူဌေးများသည် ရှုယုံဖေးအား ကောင်းကောင်း သိကြပြီး သူမနှင့် ချန်းဖန် ကြားရှိ ပြေပြစ်သော ဆက်ဆံရေးကိုလည်း သတိထားမိကြသည်။

"ရှောင်ဖေး ... ဒီလက်ဆောင်တွေကို ဘာလို့ လက်ခံထားလိုက်တာလဲ ဒါက အရမ်း များလွန်းတယ် ဘယ်နည်းနဲ့ ဖြစ်ဖြစ် သူတို့ဆီကို ပြန်ပေးရမယ်"

ဝမ့်ရှောင်ယွင်က ပြောသည်။ သူမကိုယ်တိုင်သည် မိသားစုကြီးတစ်ခုတွင် ကြီးပြင်းလာပြီး လက်ရှိ လုပ်ငန်းစုကြီး တစ်ခုအား ဦးစီးနေသော်လည်း ထိုမျှ တန်ဖိုးကြီးလှသော လက်ဆောင် အများအပြားကို လက်ခံထားရန် စိတ်မသန့်ပေ။

ထိုလက်ဆောင်များ၏ စုစုပေါင်း တန်ဖိုးသည် ကျင်းရှို့ လုပ်ငန်းစုကဲ့သို့ နောက်ထပ် လုပ်ငန်းစုတစ်ခု တည်ထောင်ရန်ပင် လုံလောက်နေသည်။

"ဘာမှမဖြစ်ပါဘူး အန်တီရဲ့ ဒါတွေက အစ်ကိုဖန်အတွက် ဂုဏ်ပြုပေးကြတဲ့ လက်ဆောင်တွေပဲလေ စိတ်သန့်သန့်နဲ့သာ ယူထားလိုက်နော်"

ရှုယုံဖေးက အပြုံးလေးနှင့် ဖျောင်းဖြသည်။

"ရှောင်ဖေး ... အန်တီ့ကို အမှန်အတိုင်းပြော ရှောင်ဖန် ဘာတွေ လုပ်နေတာလဲ"

ဝမ့်ရှောင်ယွင်သည် ခန်းမအတွင်းရှိ ဧည့်သည်များအား တစ်ချက် ဝေ့ကြည့်ပြီးနောက် ရှုယုံဖေး၏ လက်မောင်းအား ကိုင်ကာ အလေးအနက် မေးမိ၏။

ဝမ့်ရှောင်ယွင် စိုးရိမ်နေသည်မှာ ချန်းဖန်က သူမမသိအောင် ဝမ့်မိသားစုနှင့် ပြန်ဆက်သွယ် နေသလားဟု တွေးမိသွား၍ ဖြစ်သည်။

ဝမ့်မိသားစုသည် တရုတ်ပြည် တစ်ပြည်လုံးတွင်ပင် ထိပ်တန်းမိသားစု စာရင်း ဝင်သည်။ သို့ဖြစ်ရာ ချန်းဖန်က သူသည် ဝမ့်မိသားစုမှ သွေးရင်းမျိုးဆက် တစ်ဦး ဖြစ်ကြောင်း အရိပ်အမြွက် ပြောလိုက်ပါက ကျန်းပေ့ဒေသ အတွင်းရှိ သူဌေးကြီးများ အားလုံးက ချန်းဖန်အား ဖားယား လာကြမှာ ဖြစ်သည်။ သို့သော် ဝမ့်ရှောင်ယွင်ရော၊ ချန်းကောရှင်းရော ဘယ်သူကမှ ဝမ့်မိသားစုနှင့် ပြန်လည် ဆက်သွယ်လိုစိတ် မရှိပေ။

"အာ ... သမီးအဖေက ဒီအကြောင်းတွေကို အစ်ကိုဖန်ရဲ့ ခွင့်ပြုချက် မရှိဘဲ ပြန်မပြောရဘူးလို့ မှာထားတယ်"

ရှုယုံဖေးသည် သူမနှုတ်ခမ်းလေးအား ကိုက်လျက် ကူကယ်ရာမဲ့စွာ ပြန်ပြောလာ၏။

"အန်တီဝမ့် ... သမီး ပြောနိုင်တာ တစ်ခုတော့ ရှိတယ် အစ်ကိုဖန်က တကယ်ကို တော်တဲ့သူပါ အခုဆိုရင် အစ်ကိုဖန်က ကျန်းပေ့ဒေသ တစ်ခုလုံးမှာ အာဏာ အရှိဆုံးသူပဲ ရှန်းရုန်ဟွာနဲ့တောင် ယှဉ်လို့ ရနေပြီ"

"ရှန်းရုန်ဟွာ"

ဝမ့်ရှောင်ယွင် ပင့်သက် ရှိုက်မိသွားသည်။

ရှန်းရုန်ဟွာသည် ဟူတုန်း ပြည်နယ်တွင် မသိသူ မရှိသော နာမည်ကျော် သူဌေးကြီး ဖြစ်သည်။ သူပိုင်‌ဆိုင်သော 'ဝမ်ရုန်' အိမ်ခြံမြေ လုပ်ငန်းစုသည် ကျုံးဟိုင်မြို့တွင် အခွဲတစ်ခု ဖွင့်ထားပြီး ကျင်းရှို့လုပ်ငန်းစု၏ အဓိကပြိုင်ဘက်ဆိုလည်း မမှားပေ။ နှစ်အတန်ကြာအောင် ရှန်းရုန်ဟွာ၏ လုပ်ငန်းနှင့် ယှဉ်ပြိုင်လာခဲ့သောကြောင့် ဝမ့်ရှောင်ယွင်သည် ရှန်းရုန်ဟွာ မည်မျှ အင်အား ကြီးမားကြောင်း ကောင်းကောင်း သိသည်။

သူမ၏ လုပ်ငန်းစုသည် ဝမ်ရုန် လုပ်ငန်းစုနှင့် ယှဉ်သော် ကလေး ကစားစရာလေးသာ ဖြစ်သည်။

သို့သော်လည်း အထက်တန်း ကျောင်းသားသာ ရှိသေးသော သူမသားက ရှန်းရုန်ဟွာနှင့် တန်းတူ အင်အား ကြီးမားနေသည် တဲ့လား။

"မဖြစ်နိုင်ဘူး ရှောင်ဖန်က ဆယ့်ရှစ်နှစ်တောင် ပြည့်သေးတာ မဟုတ်ဘူး သူက အခုမှ အထက်တန်း ကျောင်းသားလေးပဲ ရှိသေးတာလေ"

ဝမ့်ရှောင်ယွင်က လက်တွေ့ကျကျ တွေးတတ်သူ ဖြစ်သည်နှင့်အညီ မယုံကြည်ပေ။

‌"‌ရှောင်ဖန်က နည်းပညာ ကုမ္ပဏီတစ်ခု ဖွင့်ထားတာများလား"

ဝမ့်ရှောင်ယွင် ရေရွတ်မိ၏။ စီးပွားရေး လောကထဲတွင် တစ်ရှိန်ထိုး အောင်မြင်လာသော ဖြတ်မြင်း အများစုသည် နည်းပညာ ကုမ္ပဏီများဖြင့် အစပြုခြင်း ဖြစ်သောကြောင့် ဝမ့်ရှောင်ယွင်က ထိုသို့ တွေးမိတာ ဖြစ်သည်။

"မဟုတ်ဘူး အကိုဖန်ရဲ့ အလုပ်က အဲဒါထက် အများကြီး ပိုမိုက်တယ်"

ရှုယုံဖေးသည် သူမပါးစပ်အား လက်လေးဖြင့် အုပ်ကာ ရယ်ရင်း ပြန်ဖြေ၏။

ရှုယုံဖေးက သူမအဖေ ပြောပြသော အကြောင်းအရာအား မှတ်မိနေသေး၏။ ချန်းဖန်သည် သာမန်ရေအား ရောဂါ ပေါင်းစုံ ကုသနိုင်သော ဆေးရည် အဖြစ် ပြောင်းလဲကာ ယွမ်ဘီလီယမ်နှင့် ချီ၍ တန်သော စီးပွားရေး အဆောက်အအုံ တစ်ခု ဖန်တီးထားသည်ဟု ဆိုသည်။ သူမ ကိုယ်တိုင်ပင် တစ်နှစ်ပတ်လုံး ပင်ပင်ပန်းပန်း အလုပ် လုပ်ခဲ့သော်လည်း သရုပ်ဆောင်ကြေး ယွမ်တစ်သန်းခန့်သာ ရသည်။ ထိုပိုက်ဆံထဲမှ ဝမ့်ရှောင်ယွင်အား လက်ဆောင်ပေးရန် နာရီကို ဝယ်ခဲ့ခြင်း ဖြစ်သည်။

ချန်းဖန်ကတော့ အိမ်တွင် အေးအေးဆေးဆေး နားနေရင်း အိတ်ထဲသို့ မရေမတွက်နိုင်သော ပိုက်ဆံများ ဝင်လာမည့် အချိန်အား စောင့်နေရုံသာ။ ထိုမျှ အံ့ဩချီးကျူးဖွယ် ကောင်းသော စီးပွားရေး လုပ်ငန်းမျိုး ထပ်မရှိနိုင်တော့‌။

ရှုယုံဖေး၏ စကားကြောင့် ဝမ့်ရှောင်ယွင်မှာ သံသဃ ဝင်နေရာမှ တစ်ဖန် အံ့ဩ ရပြန်သည်။ သူမလည်း ဒီထက်ပို၍ မတွေးတတ်တော့ပေ။

ချန်းမိသားစုရွာ၏ ဝင်ပေါက် အနီးရှိ၊ အတန်ငယ် မြင့်သော တောင်ကုန်းလေး တစ်ခုပေါ်၌ ...။

လူအိုကြီးတယောက်သည် ကျောက်တုံး တစ်တုံးပေါ်၌ ဟန်ကျပန်းကျ ထိုင်နေပြီး ကလေးတစ်သိုက်က လူအိုကြီး၏ ပတ်လည်တွင် ဝန်းရံနေ‌သည်။

လူအိုကြီး၏ အသားအရည်သည် ပြင်းပြင်းထန်ထန် နေလောင်ခံထားရ သကဲ့သို့ ရှုံ့တွနေသည်။ သူက ဟောင်းနွမ်းနေသော စစ်တပ်ဝတ်စုံအား ဝတ်ဆင်ထားပြီး ဆေးရွက်ကြီးဖြင့် လိပ်ထားသော ဆေးတံတစ်ခုကို ခဲလျက်ရှိသည်။

ပတ်လည်တွင် ဝန်းရံနေသော ကလေးများက လူအိုကြီးအား 'အရိုးအိုကြီး ချန်း' ဟူ၍ ခေါ်ကြသည်။ ထိုလူကြီးသည် တစ်ချိန်တုန်းက ဩဇာအာဏာ ကြီးမားသော လူတယောက်၏ ယာဉ်မောင်း ဖြစ်ခဲ့ဖူးသည်ဟု ပြောကြသည်။ ထို့နောက်တွင် အကြောင်းတစ်ခုကြောင့် မွေးရပ်မြေသို့ ပြန်လာပြီး အဘိုးချန်းဟွိုက်အန်း၏ ယာဉ်မောင်း အဖြစ် အလုပ်လုပ်ခဲ့သည်။

ယခုတွင်တော့ ထိုအလုပ်မှလည်း အနားယူလိုက်ကာ ချန်းမိသားစု ရွာတွင်သာ နေတော့သည်။ ကလေးများက သူ့အား အရိုးအိုကြီးချန်းဟု နာမည် ပေးထားကြခြင်း ဖြစ်သည်။

အရိုးအိုကြီးချန်း၏ သားသမီးများသည် ကျင်းမြို့တော်တွင် အလုပ်လုပ်နေကြပြီး ရွာသို့ ပြန်လာခဲသောကြောင့် လူအိုကြီးသည် ရွာရှိ ကလေးငယ်များနှင့် အချိန်ဖြုန်းရင်း ပျင်းရိမှုကို ဖြေဖျောက်နေဟန် ရသည်။

အရိုးအိုကြီးချန်းတွင် အလွန် မှတ်ဉာဏ်ကောင်းသော ဦးနှောက် ရှိသည်အား တစ်ရွာလုံး သိကြသည်။ သူ ယာဉ်မောင်း လုပ်ခဲ့ဖူးသော အလုပ်ရှင်တိုင်း၏ ကားနံပါတ်များအား အလွတ် မှတ်မိရုံသာမက ကားနံပါတ်ပြားနှင့် လိုင်စင် နံပါတ်ကို မြင်လိုက်ရုံနှင့်တင် ပိုင်ရှင်၏ နာမည်၊ အသက်၊ ချမ်းသာ ကြွယ်ဝမှုများ အကြောင်း လက်တန်း ပြောပြနိုင်သည်။

ယနေ့တွင် ကလေးတစ်သိုက်သည် အရိုးအိုကြီးချန်းနှင့် အတူ တောင်ကုန်း‌လေး‌၏ အ‌ပေါ်မှ တစ်ဆင့် ပါကင်ထိုးထားသော တန်ဖိုးကြီး ကားများအား ငေးကြည့်နေကြသည်။

"အဲဒီ အချိန်တုန်းက ... ငါက တစ်မြို့လုံးမှာ အချမ်းသာဆုံး သူရဲ့ ကားကို မောင်းပေးခဲ့ရတာ.. သာမန်ညောင်ည ‌သူဌေးလေးတွေဆိုရင် ငါ့ကို လေးလေးစားစား ဆက်ဆံကြရတယ်"

အရိုးအိုကြီးချန်းက အတိတ်နေ့ရက်များအား လွမ်းဆွတ်ဟန်နှင့် တမ်းတမ်းတတ ပြောသည်။

"ခင်ဗျား အဲ့အကြောင်းပဲ ထပ်ပြောနေပြန်ပြီ။ တစ်ချိန်က တစ်မြို့လုံးမှာ အချမ်းသာဆုံးလူရဲ့ ကားကို မောင်းပေးခဲ့ရဖူးတယ် ဆိုရင် အခုကျတော့ ဘာလို့ မွဲပြာကျနေတာတုံး"

ဖြတ်သွားဖြတ်လာ တစ်ယောက်က အရိုးအိုကြီးချန်းအား လှမ်းစနောက်သွားသည်။

ထိုလူ၏ စကားကိုကြားသော် အရိုးအိုကြီးချန်းမှာ ခေါင်းငိုက်စိုက် ကျသွားပြီး မသက်မသာ ရေရွတ်မိသည်။

"မင်းတို့ ဘာမှ မသိပါဘူး အဲဒီအချိန်တုန်းက ပြဿနာ တစ်ခုထဲကို ငါ ... ငါ ... ဝင်ပါမိခဲ့လို့ အလုပ်ထွက်ခဲ့ရတာ"

အရိုးအိုကြီးချန်းသည် လူအများ သူ့အား စနောက် လှောင်ပြောင်ချိန်တိုင်း ထိုစကားကိုသာ ပြောလေ့ရှိသည်။ မည်သည့် ပြဿနာထဲသို့ ဝင်ပါမိခဲ့သည်လဲဟု မေးလျှင်တော့ ဘယ်တော့မှ ရေရေရာရာ မဖြေဘဲ တိတ်ဆိတ်သွားပြန်သည်။

"ချန်းမိသားစုက တနှစ်ထက်တနှစ် တိုးတက်လာတာပဲ"

"ဟိုမှာရပ်ထားတဲ့ ကားတွေကိုကြည့် လွန်ခဲ့တဲ့ နှစ်နှစ်ကဆိုရင် မိသားစု တွေ့ဆုံပွဲကို လာတဲ့သူတွေက Volkswagen Passat ကားလောက်ပဲ စီးလာနိုင်ကြတာ၊ အခုတော့ BMWတို့ Mercedesတို့ Cadillacတို့ ဖြစ်ကုန်ကြပြီ Lincolnတောင် ပါလိုက်သေးတယ်"

အရိုအိုကြီးချန်းက ရပ်ထားသော ကားများကို ကြည့်ရင်း ပြောလိုက်သည်။

"အရိုးအိုကြီးချန်း ... ဟိုကားကိုကြည့် Rနှစ်လုံး အမှတ် တံဆိပ်နဲ့ နံပါတ်ပြားမှာ J88888လို့ ရေးထားတယ် အဲဒါ ဘာကားလဲဟင်"

ကလေးအုပ်စုထဲမှ တစ်ယောက်က မေးသည်။

"အဲဒါက Rolls-Royceလို့ ခေါ်တယ် သူ့ရဲ့တန်ကြေးက အနည်းဆုံး ယွမ်ငါးသန်းပဲ"

အရိုအိုကြီးချန်းက နှုတ်ခမ်းတွင် ခဲထားသော ဆေးတံမှ ‌အငွေ့များအား မှုတ်ထုတ်လိုက်ရင်း ပြန်ဖြေသည်။

"စိတ်ဝင်စားစရာပဲ ... ကျန်းပေ့ဒေသက ကျော်ကြားလှတဲ့ သူဌေးကြီးတွေက ဘယ်လိုကြောင့် ဒီနေရာကို ရောက်လာကြပါလိမ့်။ အကြီးအကဲချန်းရဲ့ ဩဇာအာဏာက ကျန်းပေ့ဒေသက သူဌေးကြီးတွေကို ဖိတ်ခေါ်နိုင်လောက်အောင် ကြီးမားသွားတာလား"

အရိုးအိုကြီးချန်းက တွေးဆဆဖြင့် တစ်ယောက်တည်း ရေရွတ်မိသည်။

ရုတ်တရက် ကလေးတစ်ယောက်က အော်လိုက်သည်။

"အရိုအိုကြီးချန်း ... ဟိုနားမှာ ရပ်ထားတဲ့ Audi A6 က ဟောင်းတော့ မဟောင်းသေးပေမဲ့ မော်ဒယ်က ဒိတ်အောက်နေပြီနော်။ ကားပိုင်ရှင်က သိပ်ပြီး အရေးမကြီးတဲ့သူ ဖြစ်ရမယ်။ ဒါပေမဲ့ လိုင်စင်နံပါတ်က 00001 တဲ့။ ကားရဲ့ ဒက်ရှ်ဘုတ်ပေါ်မှာလည်း ပါကင်ကင်းလွတ်ခွင့် တံဆိပ် ကပ်ထားတယ် အရိုအိုကြီးချန်း ... အဲဒါ ဘယ်သူ့ကားလဲဟင်"

အရိုးအိုကြီးချန်းထံမှ ပြန်ဖြေသံ မကြားရသောကြောင့် ကလေးက လှည့်ကြည့်လိုက်သည်။

အရိုးအိုကြီးချန်းသည် နေရာတွင်ပင် တောင့်ခဲ‌နေပြီး နှုတ်ခမ်းတွင် ခဲထားသော ဆေးတံသည် မြေပြင်ပေါ်သို့ လွတ်ကျသွားရသည်။ သူက တုန်တုန်ယင်ယင်ဖြင့် ရေရွတ်လိုက်သည်။

"Audi A6 လိုင်စင်နံပါတ် 00001 ပါကင် ကင်းလွတ်ခွင့် တံဆိပ် ... အဲဒါ ဝေ့ဖူရဲ့ ကားပဲ"

***

All Chapters