← Chapters

အဘိုးဝေ့ ရောက်ရှိလာခြင်း

Vol. 2 Ch. 139

အဘိုးဝေ့ ရောက်ရှိလာခြင်း

Vol. 2 Ch. 139

"ချန်းဖန် ... နင့်ရဲ့ သရုပ်မှန်က တကယ်ပဲ ဘာလဲ"

ချန်းနဉ်သည် သူမ၏ အတွင်းစိတ်ထဲတွင် ရုန်းကြွနေသော သိလိုစိတ်ကို ချုပ်တည်း မထားနိုင်တော့ဘဲ ရေရွတ်လိုက်မိသည်။

ချန်းမိသားစုထဲတွင် အလားအလာ အကောင်းဆုံး လူငယ်များထဲမှ တစ်ယောက် အနေနှင့် ချန်းနဉ်သည် သူမနေရာအား တစ်စုံတစ်ယောက်မှ ခြိမ်းခြောက်လာသလို ခံစားရသည်။

သူမသည် ငယ်စဉ်ကတည်းက အဘက်ဘက်တွင် ထူးချွန်ခဲ့ပြီး မူလတန်းမှ တက္ကသိုလ်အထိ အကောင်းဆုံး ‌ကျောင်းများတွင်သာ တက်ခဲ့ရသည်။ ထို့ပြင် သူမ၏ လှပသော မျက်နှာလေး ကြောင့်လည်း လူအများ၏ အရေးပေးမှုကို အမြဲလိုလို ရခဲ့ပြီး ကျင်းမြို့တော်ရှိ သခင်လေးများ ကြားတွင် ကျော်ကြားခဲ့သည်။

သူမ၏ အနာဂတ်က တလက်လက် တောက်ပနေသည်မှာ သံသယ ဖြစ်ဖွယ် မရှိ။

သို့သော် ချန်းဖန်ရှေ့တွင်မူ ထိုအရာအားလုံးက ဘာမှ အသုံးမဝင်တော့ သလို ခံစားရသည်။ အနည်းဆုံးတော့ သူမက ချန်းဖန်ထက် ပညာရေးတွင် ထူးချွန်သည်ဟု ကိုယ့်ဘာသာကိုယ် စိတ်သက်သာရာ ရအောင် ဖြေတွေးနေရသည်။

"ဆရာချန်း ... ကျုပ်က ရှောင်တုန်းပါ"

"ဆရာချန်း ... ကျုပ်က ဟိုင်ကျိုးမြို့က အဘိုးကြီးဝူပါ မှတ်မိရဲ့လား"

"ဆရာချန်း ... အခုလို နောက်တစ်ခေါက် ထပ်တွေ့ရတာ အများကြီး ဝမ်းသာတယ်ဗျာ"

ချန်းရှုသည် သူ့ဖခင်အား ပြုံးပြရုံသာ နှုတ်ဆက်သွားသော သူဌေးကြီးများက ချန်းဖန်ကိုတော့ ‌အလွန် ‌လေးစားစွာ ဦးညွှတ် နေကြသည်အား ကြည့်နေရင်း တဖြည်းဖြည်း မျက်နှာပျက်စ ပြုလာသည်။

"ဘာလို့လဲ ချန်းဖန်က အသုံးမကျတဲ့ အထက်တန်း ကျောင်းသားလေး ပဲလေ ဘာလို့ သူ့ကို ဒီလောက် ရိုသေ နေကြတာလဲ မဟုတ်မှလွဲရော ဝမ့်မိသား‌စုကြောင့် များလား"

ချန်းရှုကဲ့သို့ ချန်းဖန်နှင့် ဝမ့်မိသားစုကြားရှိ ဆက်နွယ်မှု အကြောင်း သိနေသူများသည် တူညီသော အတွေးအား စတင် တွေးမိလာ ကြသည်။

ပထမအန်တီနှင့် ဒုတိယ အန်တီတို့က မကြားတကြား ရေရွတ်လိုက်ကြသည်။

"အရှက်မရှိကြဘူး မိဘတွေက ဝမ့်မိသားစုနဲ့ ဘယ်တော့မှ ပြန်မပတ်သက် ပါဘူးလို့ ကြွေးကြော် ထားကြပေမဲ့ သားလုပ်တဲ့သူ ကတော့ ဝမ့်မိသားစု နာမည်ကို အသုံးချပြီး သူများတွေ အာရုံစိုက်အောင် လုပ်နေတယ်"

"ဝမ့်မိသားစု ကသာ ဒါကို သိသွားရင် သားအမိ နှစ်ယောက်လုံး မလွယ်ဘူး"

ချန်းကောရှင်းသည် တိတ်ဆိတ်စွာ မတ်တတ် ရပ်နေသော်လည်း ထိုခနဲ့တဲ့တဲ့ စကားများကို ကြားသော် မျက်နှာ သိပ်မကောင်းတော့။

ဝမ့်ရှောင်ယွင်ကမူ ရှုယုံဖေးထံမှ အားပေးစကား တချို့ ကြားထားသောကြောင့် သားဖြစ်သူအပေါ် ယုံကြည်မှု ပိုရှိနေသည်။

"အကိုဟွိုက်အန်း ... အစ်ကိုရဲ့ မြေးလေးက ငယ်ငယ်ရွယ်ရွယ်နဲ့ အောင်မြင်နေတာပဲ"

အဘိုးချန်း၏ ညီ၇က ချီးကျူးလိုက်သည်။

"ငါလည်း ဒီကိစ္စကို တကယ်ပဲ နားမလည်ဘူး ရှောင်ဖန်က ဘယ်လိုဖြစ်ပြီး ကျန်းပေ့ဒေသက သူဌေးကြီးတွေ ကြားထဲမှာ အရမ်း ကျော်ကြားနေသလဲ မပြောတတ် ပါဘူးကွာ"

အဘိုးချန်းက မရေရာစွာ ပြန်ပြောလိုက်သော်လည်း သူ့အသံထဲတွင် မြေးဖြစ်သူအတွက် ဂုဏ်ယူမှုနှင့် ပျော်ရွှင်မှုတို့ ပြည့်နှက်နေသည်။

"အဘိုး ... ကျန်းပေ့ဒေသက သူဌေးကြီးတွေက ချန်းဖန်နဲ့ ရင်းနှီးတယ် ဆိုရင်‌တောင် မိသားစုအတွက် ဘာအထောက်အကူမှ မဖြစ်ဘူး ဦးလေးကျန်းရှင်း ကသာ ချန်းမိသားစု ကျင်းမြို့တော်မှာ ဆက်ပြီး ရပ်တည်နိုင်ဖို့ အတွက် ပင်မထောက်တိုင်ပဲ"

ချန်းရှောင်က ဂရုမစိုက်သော မျက်နှာထားနှင့် ပြောလာသည်။

"ဒါတော့မှန်တယ် ကျန်းရှင်းက ငါတို့မိသားစုရဲ့ ထောက်တိုင်ပဲ "

အဘိုးချန်း၏ ညီ၇ကလည်း ခေါင်းတညိတ်ညိတ်ဖြင့် ထောက်ခံသည်။

အဘိုးချန်းလည်း တိတ်ဆိတ်သွားသည်။

ချန်းကျန်းရှင်းသည် လက်ခံသည့် သဘောဖြင့် တိတ်ဆိတ်သွားသော အဘိုးချန်းအား ကြည့်ပြီး အတန်ငယ် ကျေနပ်သွားသည်။ တည်တင်းနေသော မျက်နှာကြီးလည်း ‌ပြန်လည် ပျော့ပျောင်းလာသည်။

ချန်းကျန်းရှင်း၏ အတွေးထဲတွင် သူကသာ မိသားစု တခုလုံး၏ ‌မျှော်လင့်ချက် ဖြစ်သည်။ သူ၏ရာထူး တည်မြဲနေသေးသ၍ ချန်းလုပ်ငန်းစု ဒေဝါလီ ခံသွားရလျှင်ပင် မူလအခြေအနေ ရောက်အောင် ပြန်လည် ကြိုးစားနိုင်သည်။

'ချန်းဖန် ... မင်းဘာတွေ လုပ်နေသလဲ မသိသလို ကျန်းပေ့ဒေသက သူဌေးကြီးတွေကြားမှာ ဘာလို့ ကျော်ကြားနေလဲ ဆိုတာလည်း မသိဘူး

ဒါပေမဲ့ မင်းသိထားရမှာက မိသားစုကလန် တစ်ခုအတွက် အရေး အကြီးဆုံး သူက ကိုယ်ပိုင် အရည်အချင်း ရှိဖို့လိုတယ် မင်းဘာသာမင်း သူဌေးတွေ ဘယ်လောက်များများ နဲ့ပဲ သိသိ ကိုယ်ပိုင် အရည်အချင်း မရှိရင် မိသားစုထဲမှာ အသုံးမကျတဲ့ သူပဲ ဖြစ်နေဦးမှာပဲ'

ထိုသို့အတွေးနှင့် ချန်းကျန်းချင်းသည် မဲ့ပြုံးတစ်ခု ပြုံးလိုက်မိသည်။ သူ့မျက်နှာပေါ်တွင် တသီးတခြားဆန်၍ မောက်မာသော ဟန်ပန်က ပြန်လည် ထွက်ပေါ်လာသည်။

"ရှောင်ဖန်ကို ငါ့ဆီ ခေါ်လာခဲ့ ဒီဧည့်သည်တွေနဲ့ ပတ်သက်ပြီး သူ့ကို မေးစရာ ရှိတယ် "

ချန်းကျန်းရှင်းက ထိုင်ခုံတွင် ထိုင်ရင်း အမိန့်ပေးလိုက်သည်။

"ဟုတ်ကဲ့"

ချန်းဖန်၏ အဒေါ်များထဲမှ တစ်ယောက်၏ ယောက်ျားက ပြန်ပြောလိုက်ပြီး ချန်းဖန်အား ခေါ်ရန် ခန်းမ အပြင်ဘက်သို့ အလျင်အမြန် ထွက်သွားလေသည်။

ချန်းကျန်းရှင်း တစ်ယောက်တည်း မေးချင်နေခြင်းတော့ မဟုတ်၊ ခန်းမထဲရှိ လူတိုင်းလိုလို၏ အတွေးထဲတွင် မေးခွန်းများ ပြည့်နှက်‌နေတာ ဖြစ်သည်။

"ချန်းဖန် ... မင်းရဲ့ ပထမဦး‌လေးက မင်းကို မေးစရာတချို့ ရှိနေတယ် ခန်းမထဲကို ခဏသွားလိုက်"

ချန်းဖန် အဒေါ်၏ ယောက်ျား၊ တစ်နည်းအားဖြင့် ချန်းဖန်၏ သွေးမစပ်သည့် ဦးလေးက ချန်းဖန်ထံသို့ လျှောက်လာပြီး မာဆတ်ဆတ် ပြောသည်။

ချန်းဖန်အနီးတွင် ထိုင်နေသော ကျန်းကျို့လင်နှင့် အခြား သူဌေးကြီးများသည် ချန်းဖန်ဦးလေး ၏ အချိုးမပြေသော လေသံကြောင့် မျက်မှောင်ကြုတ် မိကြသည်။

ဘယ်သူမို့လို့ ငါတို့ ဆရာချန်းကို ဒီလို လေသံနဲ့ မလေးမစား ပြောရဲတာလဲ။

ချန်းဖန်သည် လက်ထဲတွင် ကိုင်ထားသော လက်ဖက်ရည်ခွက်အား အောက်ခံ ပန်းကန်ပြားပေါ်သို့ ပြန်ချလိုက်ပြီးမှ ခပ်အေးအေး လေသံနှင့် ပြန်ပြောလိုက်သည်။

"တကယ်လို့ သူကျွန်တော့်ကို မေးစရာရှိတယ် ဆိုရင် ဒီကို လာမေးဖို့ ပြောလိုက်ပါ"

"အတင့်ရဲလိုက်တာ သူက မင်းရဲ့ ဦးလေးကွ"

ချန်းဖန်၏ သွေးမစပ်သည့် ဦးလေးသည် တုံးတုံးအအနှင့် ရိုးရိုးရှင်းရှင်းသမား ဖြစ်ရာ ချန်းဖန်၏ လေးစားမှု မရှိသည့် ပုံစံ‌ကြောင့် ဒေါသထွက်သွားသည်။

ချန်းဖန်ကမူ တုတ်တုတ်မလှုပ်။

ဦးလေးမှာ ပိုမို ဒေါသထွက်သွားပြီး အော်လိုက်သည်။

"မင်းက ဆိုဆုံးမမဲ့သူ မရှိလို့ ပျက်စီးနေတဲ့ ကလေးပဲ"

ချန်းကျန်းရှင်းသည် သူ့အား ထောက်ပံ့ပေးနေသူ ဖြစ်ရာ တတိယမျိုးဆက် ထဲမှ ‌ကလေးတစ်ယောက်က ချန်းကျန်းရှင်းအား မလေးမစား ပြောနေခြင်းကို သူက သည်းမခံနိုင်ပေ။

သူက ဒေါသတကြီးနှင့် ကုလားထိုင်တွင် ထိုင်နေသော ချန်းဖန်အား ဆောင့်ဆွဲထူရန် ရှေ့သို့ တိုးလာသည်။

ချန်းဖန်၏ မျက်လုံးများက ကျဉ်းမြောင်းသွားပြီး အေးစက်စက် ရွှေရောင်အလင်း တစ်ချက် လက်သွားသည်။

ချန်းအန်းသည် တင်းမာသွားသော အခြေအနေအား အချိန်မလွန်ခင် ဝင်ဟန့်တား လိုက်ရသည်။

"ဦးလေး ... ကျွန်တော်တို့ အားလုံးက မိသားစုတွေပဲ စကားနဲ့ အေးအေးဆေးဆေး ဖြေရှင်းကြရအောင်"

ချန်းအန်း၏ စကားကြောင့် ဦးလေးက ရပ်တန့်သွားသော်လည်း ချန်းဖန်အား မကျေမနပ် လှမ်းကြည့်နေသည်။

"ချန်းဖန် ... ငါ့အဖေက မင်းထက် အကြီး ဖြစ်သလို မိသားစုထဲမှာ အရေးပါ အရာ ရောက်တဲ့သူလည်း ဖြစ်တယ် သူက မင်းကို မေးစရာရှိတယ် ဆိုမှတော့ မင်းက သူ့ဆီ သွားသင့်တယ်"

ချန်းအန်းက အခိုင်အမာ ပြောလာသည်။

"တကယ်လို့ မင်းက ငါ့အဖေ ထက်ပိုပြီး မိသားစု အတွက် တစ်ခုခု လုပ်ပေးနိုင်မယ် ဆိုရင်တော့ မင်းမှာ ခုနကလို ပြောပိုင်ခွင့်ရှိတယ် ဒါပေမဲ့ မင်းက အခုမှ အထက်တန်း ကျောင်းသားလေးပဲ ရှိသေးတာလေ"

ချန်းအန်း၏ စကားအား ကြားသော် ချန်းရှုကပါ ဝင်ပြောလာသည်။

"အမှန်ပဲ၊ ချန်းဖန် မင်းဖိတ်ထားတဲ့ ကျန်းပေ့ဒေသက သူဌေးတွေရှေ့မှာ မင်းဘာလုပ်နိုင်လဲ ဆိုတာ ပြလိုက်စမ်းပါ ငါတို့လည်း ..."

ချန်းရှု၏ စကားပင် မဆုံးသေးခင် ခြံဝန်း အဝင်ဝ၌ ရုတ်ရုတ်သဲသဲ ဖြစ်သွားသည်။ လူငယ်လေး တစ်ယောက်သည် အထိတ်တလန့် ဟန်ဖြင့် လူအများအား တိုးဝှေ့ကာ ခြံဝန်းအတွင်း ပြေးဝင်လာပြီး ကျယ်လောင်စွာ အသိပေးလိုက်သည်။

"အဘိုးဝေ့ အဘိုးဝေ့ ဒီကို ရောက်လာတယ်"

"ဘယ်သူ"

"အဘိုးဝေ့ဆိုတဲ့ နာမည်ကို တစ်ခါမှ မကြားဖူးဘူး အဲဒါဘယ်သူလဲ"

ဧည့်သည်များသည် မရေမရာဖြင့် တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ကာ မေးမိကြသည်။

ကျန်းကျို့လင်နှင့် အပေါင်းအပါ တသိုက်ကမူ အဘိုးဝေ့အား ကောင်းကောင်း သိကြသည့်အတွက် အကြီးအကျယ် ရှောခ့်ရသွား ကြသည်။

"မဟုတ်မှလွဲရော ... အဘိုးဝေ့ ဆိုတာ အဲဒီတစ်ယောက် များလား"

ဧည့်သည်များထဲမှ တစ်ယောက်က အလန့်တကြား ထအော်လိုက်သည်။

စောစောက ပြေးဝင်လာကာ အသိပေးသော လူငယ်က ပြန်ဖြေသည်။

"သူ့နာမည်က ဝေ့ဖူတဲ့"

"ဝေ့ဖူ မြောက်ဘက် မြစ်ကမ်းပါးက ဝေ့မိသားစု"

အံ့ဩမှုကြောင့် ခဏတာ တိတ်ဆိတ်သွား ကြပြီးနောက် လူအုပ်ကြီး တစ်ခုလုံး ပွက်လောရိုက် သွား‌တော့သည်။

"အဘိုးဝေ့ ရောက်လာတယ် တဲ့လား"

"အဘိုးဝေ့ ရောက်လာတယ်"

အဘိုးဝေ့ဖူသည် ဟူတုန်းပြည်နယ်တွင် တစ်ချိန်က ကျော်ကြားခဲ့သော ဒဏ္ဍာရီ တစ်ပုဒ်နှယ် ဖြစ်သည်။ အဘိုး ချန်းဟွိုက်အန်းနှင့် အဘိုးဝေ့ဖူ တို့သည် မျိုးဆက် တစ်ခုတည်း ဖြစ်ကြပြီး ထိုအချိန်က အဘိုးဝေ့ဖူသည် ဟူတုန်းပြည်နယ်၌ ရှန်းရှန်းတောက် ကျော်ကြားနေချိန် ဖြစ်သည်။ သူ၏ သား၊ မြေးများကလည်း ချွင်းချက်မရှိ ထူးချွန်ကြသည်။

ခန်းမအတွင်းရှိ လူကြီးပိုင်းများပင် ကြားရသော သတင်းကြောင့် အံ့အားသင့်နေကြသည်။ ထို့နောက် တစ်ယောက်ပြီး တစ်ယောက် လျင်မြန်စွာ မတ်တတ်ရပ်ကာ အဘိုးဝေ့အား ကြိုဆိုရန် ပြင်ဆင်ကြ‌ တော့သည်။

"အဘိုးဝေ့က ... ဒီကို ဘယ်လိုဖြစ်ပြီး ..."

ချန်းကျန်းရှင်းက မယုံကြည်နိုင်စွာ ရေရွတ်မိသည်။

ချန်းဖန်၏ သွေးမစပ်သည့် ဦးလေးသည်လည်း အဘိုးဝေ့ ရောက်လာသည် ဆိုသောကြောင့် ထခုန်မိမတတ် လန့်ဖျပ်သွားသည်။ အဘိုးဝေ့ကား သူ့သူဌေး၏ ဖခင်၏ သူဌေး၏ သူဌေး၏ သူဌေးဖြစ်သည်။ အဘိုးဝေ့ထံမှ သာမန်ကာလျှံကာ စကားလေး တစ်ခွန်းကပင် သူ့လက်ကျန်ဘဝ တစ်လျှောက်လုံးအား ပြောင်းလဲ သွားစေနိုင်သည်။

"မြန်မြန် ကျန်းရှင်း လူကြီးမင်းဝေ့ကို သွားနှုတ်ဆက်"

အဘိုးချန်းက သူ့သားအား တိုက်တွန်းလိုက်သည်။

"ဟုတ်ကဲ့ အဖေ"

ချန်းကောရှင်းလည်း တည်ငြိမ်ချင်ယောင် ဆောင်နေခြင်းငှာ မတတ်နိုင်တော့ဘဲ ရုတ်ရုတ်သဲသဲ ဖြစ်နေသော အဝင်ဝဘက်သို့ ခပ်သုတ်သုတ် သွားလိုက်သည်။

"ဒါက ဝေ့မိသားစုရဲ့ မိသားစုခေါင်းဆောင် အဘိုးဝေ့ပဲ ဘယ်လောက် ဂုဏ်သရေ ရှိလိုက်တဲ့ ဧည့်သည်လဲလို့ ငါ့တစ်သက်မှာ သူ့ကို အခုလို တွေ့ခွင့်ရမယ် လို့ လုံးဝ မတွေး ခဲ့ဖူးဘူး"

အဘိုးချန်း၏ တတိယညီက ပင့်သက်ရှိုက်ကာ ရေရွတ်လိုက်သည်။

ဒုတိယညီကမူ အဘိုးချန်းအား အားကျနေသည့် အကြည့်များဖြင့် ကြည့်လို့နေသည်။

လက်ရှိ ချန်းမိသားစုတွင် အဘိုးဝေ့နှင့် မျိုးဆက်တူ ဂုဏ်သရေရှိ ပုဂ္ဂိုလ်ဟူ၍ အဘိုးချန်း တစ်ယောက်သာ ရှိရာ အဘိုးဝေ့သည် ကျိန်းသေပေါက် အဘိုးချန်းအား လာတွေ့ခြင်းသာ ဖြစ်ရပေမည်။

စိတ်ဝင်စားစရာ အသစ်ကြောင့် ဧည့်သည်များသည် ချန်းဖန်နှင့် ကျန်းကျို့လင်တို့ လူစုအား အလျင်အမြန်ပင် မေ့သွားကြသည်။ ဝေ့မိသားစုမှ အဘိုးဝေ့နှင့် ယှဉ်သော် အထက်တန်း ကျောင်းသားလေး ချန်းဖန်အား ဘယ်သူမှ စိတ်မဝင်စားကြတော့။

"သူက ငါ့အတွက် ရောက်လာတာမှ ဟုတ်ရဲ့လားလို့ သံသယ ဝင်မိတယ်"

အဘိုးချန်းက မျက်မှောင်ကြုတ်ကာ ခပ်တိုးတိုး ရေရွတ်လိုက်သည်။

သူ စစ်တပ်မှ ပင်စင် မယူရ‌သေးစဉ်က အဘိုးဝေ့သည် တပ်ထဲတွင် သူ့ထက် ရာထူးများစွာ မြင့်သော စီနီယာ ဖြစ်သည်။ ထိုသို့သော အထင်ကရ ပုဂ္ဂိုလ်က ယခုကဲ့သို့ နှစ်ပေါင်းများစွာ ကြာပြီးချိန်မှ ဂျူနီယာ တစ်ယောက်ထံသို့ လာလည်ခြင်း ဆိုသည်ကား တွေးလေ ယုတ္တိမရှိ လေပင်။

"ဒီတစ်ခါရော ရှောင်ဖန်ပဲလား"

အဘိုးချန်း၏ အတွေးထဲ၌ သံသယလေး တစ်ခု စတင် ပေါ်ပေါက်လာသည်။

ထိုအချိန်တွင် ချန်းကျန်းရှင်းသည် အဝင်ဝသို့ ရောက်သွားပြီဖြစ်ကာ မြေးနှစ်ယောက်နှင့်အတူ ခြံဝန်းထဲသို့ ဝင်လာသော အဘိုးဝေ့အား စောင့်ကြိုနေသည်။

"သခင်လေးဝေ့နဲ့ သခင်မလေးဝေ့"

အဘိုးဝေ့နောက်တွင် လိုက်ပါလာသော ချောမော ‌ခန့်ညားသည့် လူငယ်နှင့် အေးစက်စက် အသွင်သဏ္ဌာန် ရှိကာ လှပသော မိန်းကလေးအား မြင်ရသည့်အခါ ချန်းအန်း ထိုင်နေရာမှ ထရပ်မိသွားသည်။

ထိုလူငယ်နှင့် မိန်းကလေးကား အခြားသူများ မဟုတ်။ ဝေ့ကျီဖန်းနှင့် ဝေ့ကျီချင်းတို့ မောင်နှမ ဖြစ်သည်။

"ဒါက တကယ်ကို အဘိုးဝေ့ပဲ သံသယ ဖြစ်စရာ မရှိဘူး ငါအရင်က သူ့ကို တွေ့ဖူးတယ်"

"အဘိုးဝေ့နောက်မှာ ပါလာတဲ့ လူငယ်က ဝေ့ကျီဖန်းပဲ သူ့အဖေက မမှန်းဆနိုင်လောက်အောင် အာဏာရှိတဲ့ သူလို့ ကြားဖူးတယ်"

"အထင်ကြီးစရာပဲ တကယ့်ကို အထင်ကြီးစရာပဲ တစ်မိသားစုလုံးက ထူးချွန် ထက်မြက်နေမှတော့ ‌‌မြောက်ဘက် မြစ်ကမ်းပါးက ဝေ့မိသားစု ဆိုပြီး နာမည်တစ်လုံးနဲ့ ရပ်တည်နိုင်တာ မထူးဆန်း တော့ပါဘူး"

ဧည့်သည်များက တီးတိုး ဆွေးနွေးနေကြပြီး ၎င်းတို့၏ မျက်လုံးထဲတွင် ချီးကျူး အားကျမှုတို့ဖြင့် ပြည့်နှက်လို့နေသည်။

"ကြိုဆိုပါတယ် အကြီးအကဲဝေ့ ... ရောက်လာမယ်မှန်း ကြိုသာ သိခဲ့ရင် အကြီးအကဲဝေ့ အတွက် ကော်ဇောနီတောင် ပြင်ဆင်ပေးထား ပါတယ်ဗျာ"

ချန်းကျန်းရှင်းက နှိမ့်ချသော အပြုံးတစ်ခုနှင့် ခရီးဦးကြို ပြုလိုက်သည်။

အဘိုးဝေ့သည် လက်နှစ်ဖက်အား ကျောနောက်တွင် ချိတ်ထားပြီး ချန်းကျန်းရှင်း ဘက်သို့ တစ်ချက်တောင် ငဲ့မကြည့်ပေ။ သူက ခြံဝန်းတစ်ခုလုံးအား စေ့စေ့စပ်စပ် လိုက်ကြည့်နေပြီး စားပွဲတစ်ခုသို့ အရောက်တွင် အကြည့်တို့ ရပ်တန့်သွားသည်။

အံ့ဩနေသော အကြည့်ပေါင်းများစွာ အောက်တွင် အဘိုးဝေ့သည် ချန်းဖန်ထံသို့ တည့်တည့်မတ်မတ် လျှောက်သွားပြီး ဦးညွှတ်လိုက်သည်။

"ဆရာချန်း ... ဆရာချန်းကို လူကိုယ်တိုင်တွေ့ပြီး တောင်းပန်ချင်လို့ ကျုပ် ဒီကိုလာခဲ့တာပါ"

ချန်းအန်းသည် မြင်နေရသော မျက်လုံးနှင့် ကြားနေရသော နားကိုပင် မယုံနိုင်‌တော့ သလို ခံစားလိုက်ရသည်။

ခြံဝန်းတစ်ခုလုံး ဘာသံမှ မကြားရတော့ လောက်အောင် တိတ်ဆိတ်သွားသည်။

လူတိုင်း၏ မျက်လုံးတို့သည် ကုလားထိုင် ပေါ်တွင် နားလည်ရခက်သော အပြုံးတစ်ခုနှင့် ထိုင်နေဆဲ ဖြစ်သော ဆယ်ကျော်သက် လူငယ်လေး ထံတွင်သာ ကျောက်ချထား မိကြသည်။

ချန်းကျန်းရှင်းသည် နေရာတွင်ပင် တောင့်ခဲနေပြီး ဒုတိယအန်တီ ဆိုလျှင် မယုံကြည် နိုင်မှုကြောင့် မျက်လုံးကြီး နှစ်လုံးစလုံး အပြင်သို့ ထွက်ကျ လာတော့မတတ် ပြူးကျယ်နေသည်။

ချန်းအန်း၏ လက်ထဲရှိ လက်ဖက်ရည်ခွက်မှာ မြေပြင်ပေါ်သို့ ကျကွဲသွားပြီး 'ခွမ်း'ကနဲ မြည်သံကျယ် ထွက်‌ပေါ်လာသော်လည်း ချန်းအန်းကမူ သတိပြုမိပုံမရ။

မကြာသေးခင်ကမှ ချန်းဖန်အား ဆွဲဆောင့်ရန် ကြံစည်နေသော ‌ချန်းဖန်၏ သွေးမစပ်သည့် ဦးလေးသည် ထိတ်လန့်မှုကြောင့် မြေပြင်ပေါ်သို့ လဲကျတော့မတတ်။

ချန်းကောရှင်းတို့ ဇနီးမောင်နှံသည်လည်း အခြားသူများနည်းတူ ပြောစရာစကား မဲ့နေကြသည်။

ချန်းနဉ်သည် ထိုမြင်ကွင်းအား ဆက်မကြည့် နိုင်တော့၍ မျက်လုံးတို့အား ပိတ်ချလိုက်မိသည်။ ချန်းဖန်ကား ယခင်ကကဲ့သို့ အရိုင်းအစိုင်းကောင် မဟုတ်တော့ဘဲ ဝေ့မိသားစု ခေါင်းဆောင်ကပင် တောင်းပန်ရသောသူ ဖြစ်နေခဲ့သည်။

လူတိုင်းသည် ချန်းဖန် စကား ပြောလာမည့် အချိန်အား အသက်ပင် မရှုရဲဘဲ စောင့်နေကြသည်။ ဤအခိုက်အတန့်ကား သူတို့ဘဝတွင် ဖြတ်သန်းခဲ့ သမျှထဲ၌ အရှည်ကြာဆုံးဟု ထင်မှတ်ရသည် အထိ။

ချန်းဖန်သည် လက်ဖက်ရည်ခွက်အား ဖြည်းညင်းစွာ ချလိုက်ပြီး ခေါင်းညိတ်ကာ ပြောသည်။

"ကောင်းပြီလေ အဘိုးဝေ့ အဲဒီကိစ္စကို ကျွန်တော်လည်း မှတ်မထား တော့ပါဘူး"

ထိုအခါတွင်မှ အဘိုးဝေ့လည်း စိတ်သက်သာရာ ရသွားသော သက်ပြင်းတစ်ခု ချမိသည်။ ချန်းဖန်က ဝေ့မိသားစုအား ခွင့်လွှတ်လိုက်ပြီ ဆိုမှသာ ဝေ့မိသားစုသည် ချန်းဖန်နှင့် ကောင်းမွန်သော ဆက်ဆံရေး အသစ်တစ်ခု ပြန်လည် တည်ဆောက်နိုင်မှာ ဖြစ်သည်။

'ချန်ကန်း ... မင်းအတွက် အဖေလည်း ဒီလောက်ပဲ လုပ်ပေးနိုင်တယ်'

အဘိုးဝေ့သည် စိတ်အတွင်း၌ ညည်းညူ လိုက်မိ၏။

***

All Chapters