← Chapters

ထိပ်တန်းပုဂ္ဂိုလ်များ

Vol. 2 Ch. 140

ထိပ်တန်းပုဂ္ဂိုလ်များ

Vol. 2 Ch. 140

"အကြီးအကဲဝေ့ ဒါ ဘာအဓိပ္ပာယ်လဲ"

ချန်းကျန်းရှင်းက မေးလိုက်သည်။

သို့သော် အဘိုးဝေ့က သူ့အား အာရုံမရှိပေ။ အဲဒီအစား ချန်းကောရှင်းနှင့် ဝမ့်ရှောင်ယွင်တို့အား လှမ်းကြည့်ကာ အလေးအနက် ပြောလေသည်။

"မင်းတို့နှစ်ယောက်က အရမ်းကို ထူးချွန်တဲ့ သားတစ်ယောက် ရထားတာပဲ သိပ်မကြာခင်မှာ သူက မခန့်မှန်းနိုင် လောက်အောင် နာမည်ဂုဏ်သတင်း ကြီးမားတဲ့သူ ဖြစ်လာလိမ့်မယ်"

ကျန်းကျို့လင်နှင့် ရှုအောင်းတို့သည်လည်း ထိုကဲ့သော တူညီသော စကားအား ပြောခဲ့စဉ်က ချန်းကောရှင်းသည် အလေးအနက် သိပ်မထားခဲ့။ သို့သော် ယခု အဘိုးဝေ့ကပါ ထပ်ပြောလာသော အခါတွင်မူ ချန်းကောရှင်း တွေဝေသွားသည်။

နောက်ဆုံးတွင် ချန်းကောရှင်းသည် ချန်းဖန်တစ်ယောက် အိမ်နှင့် ဝေးကွာနေသော ခြောက်လဆိုသည့် တိုတောင်းလှသော ကာလအတွင်း ပြောင်းလဲမှု ကြီးကြီးမားမား တစ်ခု ကြုံခဲ့ခြင်း ဖြစ်ရမည်ဟုသာ ကောက်ချက်ချလိုက်နိုင်သည်။

"အကြီးအကဲဝေ့ ... ကျုပ်တို့ ချန်းမိသားစုရွာကို ရောက်လာရတဲ့ အကြောင်းအရင်းကို သိခွင့်ရှိမလား မသိဘူး"

ချန်းဟွိုက်အန်းသည် အဘိုးဝေ့ထံသို့ လျှောက်သွားကာ ပျူငှာသော အပြုံးတစ်ခုနှင့် မေးလိုက်သည်။

ယခု အခြေအနေအား ချန်းကျန်းရှင်းပင် မကိုင်တွယ် နိုင်တော့ရာ အဘိုး‌ချန်း ကိုယ်တိုင် ဝင်ပါလာရတာ ဖြစ်သည်။

"ညီလေးချန်း ပါလား"

အဘိုးဝေ့က ရင်းရင်းနှီးနှီး ပြန်လည် နှုတ်ဆက်လာသည်။

အဘိုးဝေ့သည် အဘိုးချန်းနှင့် မျိုးဆက် တစ်ခုတည်းက ဖြစ်သော်လည်း အသက်ပိုကြီးသူ အနေနှင့် 'ညီလေးချန်း' ဟု သုံးနှုန်းလိုက်ခြင်းက မပို၊ မလိုသော သဘာဝကျကျ နာမ်စားမျိုး ဖြစ်သည်။

အဘိုးချန်းနှင့် အဘိုးဝေ့တို့ နှုတ်ဆက်သည့် စကားတချို့ အပြန်အလှန် ပြောပြီးသည့်နောက် အတောင့်လိုက် ရပ်နေဆဲဖြစ်သော ချန်းကျန်းရှင်းထံသို့ အကြည့်တစ်ချက် ပို့လွှတ်ကာ မျက်ရိပ်ပြလိုက်သည်။

ထိုအခါမှ ချန်းကျန်းရှင်း သတိပြန်ဝင်လာပြီး အဘိုးဝေ့အား လေးလေးနက်နက် ဦးညွှတ်ကာ ပြော၏။

"အကြီးအကဲဝေ့ ... ခန်းမထဲကို ကျုပ်တို့နဲ့ အတူ လာထိုင်လှည့်ပါ"

"မလိုတော့ပါဘူး ကျုပ်က ဆရာချန်းကို တောင်းပန်ဖို့ အတွက် သက်သက်နဲ့ ဒီ‌ကို လာခဲ့တာ ... ဆရာချန်းနဲ့ လက်ဖက်ရည် တစ်ခွက်၊ နှစ်ခွက် သောက်ပြီးတာနဲ့ ပြန်မှာပါ"

အဘိုးဝေ့က ခေါင်းယမ်းကာ ‌ငြင်းဆိုလိုက်သည်။

အဘိုးချန်းသည် မြေးဖြစ်သူအား အချိန်အတော်ကြာ ငေးကြည့်နေမိပြီးမှ ခေါင်းညိတ်ကာ ပြောလိုက်သည်။

"ကောင်းပြီလေ ဒီလိုဆိုလည်း ကျုပ်က အကြီးအကဲဝေ့တို့ နှစ်ယောက်ကို အဖော်ပြုပေးပါ့မယ်"

အဘိုးချန်းနှင့် အဘိုးဝေ့တို့ နှစ်ယောက်လုံး ခြံဝန်းအတွင်းရှိ စားပွဲတွင်သာ ထိုင်လိုက်သည်ကို မြင်သောအခါ ခန်းမအတွင်းတွင် ကျန်ရစ်ခဲ့သော ကျန်မိသားစုဝင် များလည်း အပြင်သို့ ထွက်လာကြသည်။

ဝေ့ကျီဖန်းနှင့် ဝေ့ကျီချင်းတို့ပင် မတ်တတ်ရပ် နေသည်ကို မြင်သောကြောင့် ချန်းအန်းတို့ မောင်နှမသည်လည်း မထိုင်ရဲကြပါ။ ထိုနှစ်ယောက်၏ နောက်တွင်တော့ အန်းရာက မတ်တတ် ရပ်နေသည်။ အဘိုးဝေ့နှင့် အဘိုးချန်းတို့သည် ချန်းဖန်နှင့် အတူ စားပွဲတွင် ဝင်ထိုင် လိုက်ကြသည်။

ချန်းဖန်သည် သူ၏ မိဘ နှစ်ယောက်ကိုပါ စားပွဲ၌ ထိုင်စေသည်။ ချန်းကောရှင်းတို့ ဇနီးမောင်နှံ၏ အတွေးထဲတွင် မေးခွန်းများ ပြည့်နှက် နေသော်လည်း ယခုအချိန်က မေးခွန်းမေးရန် အချိန်ကောင်း မဟုတ်သည်ကို နားလည်ကြသည်။

"ဒုတိယအန်တီ ... ဝေ့ကျီဖန်းက ဒီမှာ ရောက်နေပြီလေ"

ချန်းဖန်က အနောက်ဘက် တစ်နေရာတွင် ကုပ်ကုပ်လေး ရပ်နေသော ဒုတိယ အန်တီအား လှမ်းပြောလိုက်သည်။

"အန်တီ့ သားကို သူအဖက် မလုပ်တာက ကျွန်တော့်ကြောင့်လား ဆိုတာကို ဘာလို့ ကိုယ်တိုင် မေးမကြည့်တာလဲ"

"မဟုတ်ပါဘူး ... သေချာပေါက် ... မဟုတ်ဘူးဆိုတာ အန်တီသိပါတယ်"

ဒုတိယ အန်တီက အပြုံးတု တစ်ခုဖြင့် အလျင်အမြန် ပြန်ဖြေလိုက် ရသည်။

"ပထမဦးလေး ... ဝေ့ကျီဖန်းနဲ့ မိတ်ဆွေ ဖွဲ့ချင်တာက ဦးလေးတို့ပေမဲ့ ကျွန်တော်က ဘာလို့ ချန်းအန်းကို တောင်းပန်ဖို့ လိုတာလဲ ဆိုတာ ကျွန်တော် မေးခဲ့တယ်နော် မှတ်မိသေးလား အဲဒီမေးခွန်းကို အခု ‌ဖြေပေးနိုင်မလား"

ချန်းဖန်သည် ချန်းကျန်းရှင်းအား လှမ်းကြည့်ရင်း မေးလိုက်သည်။

လူတိုင်းသည် ချန်းကျန်းရှင်း၏ မျက်နှာကြီး တဖြည်းဖြည်း မဲမှောင်လာသည်ကို မြင်လိုက်ရသည်။ အတန်ကြာတော့မှ ချန်းကျန်းရှင်းထံမှ အသံထွက်လာသည်။

"ဟုတ်တယ် ငါမှားခဲ့တယ် အဲဒီအတွက် မင်းကို တောင်းပန်ပါတယ်"

ချန်းကျန်းရှင်းကဲ့သို့ မာနကြီးသူ တစ်ယောက်အဖို့ မိမိထက်ငယ်သူကို တောင်းပန်ရသည်မှာ အလွန် ခက်ခဲသော အရာဖြစ်သည်။

ချန်းအန်းသည် ခေါင်းငုံ့ထားရင်း လက်သီးတင်းတင်း ဆုပ်မိသည်။ ချန်းဖန်ကား သူ့ဘဝ တက်လမ်း တစ်ခုလုံးအား ဖျက်ဆီးပစ်လိုက်ခြင်း ဖြစ်သည်။

ချန်းဖန် စကား ထပ်မပြောတော့သည် အထိ စောင့်ပြီးမှ အဘိုးဝေ့က ပြောလာသည်။

"ညီငယ်လေးချန်း ... မင်းက အမြင်စူးရှတဲ့သူ တစ်ယောက်ပါ ဘယ်လိုဖြစ်ပြီး စစ်မှန်တဲ့ နဂါးတစ်ကောင်ကို သတိမပြု မိရတာလဲ"

အဘိုးချန်းသည် သိလိုစိတ်အား ထိန်းမထားနိုင်တော့ဘဲ မေးလိုက်မိသည်။

"ဘာကို ဆိုလိုတာလဲ အစ်ကိုဝေ့ အခုချိန်‌ထိ ကျုပ်တော့ ဘာကိုမှ မရှင်းလင်း သေးဘူး ကျုပ်ရဲ့ သေးငယ်လှတဲ့ ချန်းမိသားစုလေးက ဘယ်တုန်းကများ ဝေ့မိသားစု သတိပြု မိလောက်တဲ့အထိ ဖြစ်သွားခဲ့တာလဲ"

"အင်း ..."

စကားများက အဘိုးဝေ့၏ လည်ချောင်းထဲအထိ တက်လာခဲ့သော်လည်း ပြောထွက်ဖို့ကိုမူ တွန့်ဆုတ်နေမိသည်။

ချန်းဖန်၏ သရုပ်မှန်သည် ချန်းမိသားစုကဲ့သို့ မိသားစုငယ်လေးအတွက် ကြီးကျယ်လွန်းနေသည်။ ချန်းဖန်သည် 'အထွတ်အထိပ်အဆင့် ပညာရှင်' တစ်ယောက် ဖြစ်သည်ဟု ပြောလိုက်လျှင်ပင် သိုင်းပညာနှင့် ရင်းနှီးကျွမ်းဝင်ခြင်း မရှိသော ချန်းမိသားစု အနေနှင့် ချန်းဖန်၏ စွမ်းအားကို နားလည်မည်မဟုတ်။ ထန်လုံအဖွဲ့အစည်း၏ တပ်ကြပ်ခေါင်းဆောင် ရာထူးကလည်း လျှို့ဝှက်ချက်တခု ဖြစ်နေသဖြင့် လူအများရှေ့တွင် ပြောလိုက်၍ မဖြစ်ပြန်။ သို့နှင့် အဘိုးဝေ့သည် သက်ပြင်းသာ ချလိုက်ပြီး ဘာစကားမှ မပြောဖြစ်တော့ပေ။

အဘိုးဝေ့ တုန့်ဆိုင်းနေသည်ကို မြင်လေ ချန်းမိသားစုဝင်များ၏ အတွေးထဲတွင် မေးခွန်းများ များပြားလာလေ ဖြစ်သည်။

ရုတ်တရက် ခြံဝန်းအပြင်ဘက်၌ ရုတ်ရုတ်သဲသဲ ဖြစ်သွားပြန်သည်။

"အပြင်မှာ ဘာတွေဖြစ် နေတာလဲ"

အဘိုးချန်းက စိတ်ရှုပ်စွာ မေးလိုက်သည်။

ထိုအချိန်တွင် ရွှေကိုင်းမျက်မှန် တပ်ထားသော လူတစ်ယောက် ခြံဝန်းအတွင်း ဝင်လာကာ အော်လိုက်လေသည်။

"ချန်းကျန်းရှင်း ... မကြာခင်မှာ ချင်းဟွာ ဒီကို ရောက်လာလိမ့်မယ် ထွက်လာပြီး ကြိုပါ"

"အတွင်းရေးမှူးကျန်း"

ရွှေကိုင်းမျက်မှန်နှင့် လူအား မြင်ချိန်တွင် ချန်းကျန်းရှင်း တစ်ယောက် ထိတ်လန့်သွားသည်။ ထိုလူကား သူ့ အထက်လူကြီး၏ လက်ထောက်ဖြစ်သည်။

ချန်းကျန်းရှင်းသည် အဘိုးချန်းဘက်သို့ လှည့်ကာ အလျင်အမြန် ပြောလိုက်ရသည်။

"အဖေ ... ကျုပ်ရဲ့ အထက်လူကြီး ဒီကို ရောက်လာတော့မယ် ကျုပ်ထွက်ကြို မှရမယ်"

အဘိုးချန်း၏ တုံ့ပြန်မှုကိုပင် မစောင့်တော့ဘဲ ချန်းကျန်းရှင်း တစ်ယောက် မျက်တောင် တစ်ခတ်စာ အချိန်အတွင်း ခြံဝန်းအဝင်ဝသို့ ရောက်ရှိသွားသည်။

အဘိုးချန်း၏ မျက်နှာက အနည်းငယ် တည်ကြည်သွားသည်။

"ချင်းဟွာလည်း ရောက်လာတယ်လား"

"ချင်းဟွာ"

"ငါကြားတာတော့ ချင်းဟွာက အဘိုးချန်းရဲ့ လက်ထောက် ဖြစ်ခဲ့ဖူးတယ်တဲ့ အခုက နှစ်သစ်ကူးရက်ဆိုတော့ အဘိုးချန်းကို နှုတ်ဆက်ဖို့လာတာ နေမှာပေါ့"

လူအုပ်က နောက်တစ်ကြိမ် ဆူပွက်သွားပြန်သည်။

ကျင်းမြို့တော်နှင့် ဝေးကွာလှသော ချူကျိုးမြို့ရှိ အဘိုးဝေ့ထက်စာလျှင် ချင်းဟွာ၏ အမည်က ကျင်းမြို့တော်မှ မြို့ခံများနှင့် ပိုရင်းနှီးပေသည်။

အဘိုးဝေ့သည် ချင်းဟွာနှင့် တန်းတူ လွှမ်းမိုးနိုင်စွမ်း ရှိသော်လည်း ချင်းဟွာက လက်ရှိ ချန်းကျန်းရှင်း၏ သူဌေး ဖြစ်သောကြောင့် ချန်းမိသားစု အပေါ် တိုက်ရိုက် သက်ရောက်မှု ရှိနေတာ ဖြစ်သည်။

လူအုပ်ကြီး၏ အလယ်မှ မျက်နှာနီနီနှင့် အလယ်အလတ် ရုပ်ရည်ရှိသော လူတစ်ယောက် ဖြတ်လျှောက်လာသည်။

"လူကြီးမင်းချန်း ... ကျုပ် ချင်းဟွာ လူကြီးမင်းချန်းအတွက် နှစ်သစ်ဆုမွန်ကောင်း တောင်းပေးဖို့ လာခဲ့တာပါ"

ချင်းဟွာသည် အဘိုးချန်းထံသို့ လျှောက်သွားပြီး ပြောလိုက်သည်။

အတွင်းရေးမှူးကျန်းက ထပ်ဆင့် ဝင်ရှင်းပြလာသည်။

"ဒီနေ့ ကျုပ်တို့က တင်းဟူလမ်းကို အလုပ်ကိစ္စလေးရှိလို့ လာကြရင်း ချန်းမိသားစုရွာမှာ မိသားစု တွေ့ဆုံပွဲ ရှိတာကို သတိရသွားပြီး ဝင်လာခဲ့ကြတာပါ"

"ကျေးဇူးတင် ပါတယ်ကွာ"

အဘိုးချန်းက လှိုက်လှိုက်လှဲလှဲ ပြန်ပြောလိုက်သည်။ တစ်ချိန်က သူ့၏ လက်အောက်ငယ်သား ဖြစ်ခဲ့ဖူးသူ တစ်ယောက်က လက်ရှိတွင် မြင့်မားသော ရာထူးတစ်ခု ပိုင်ဆိုင်ထား သော်လည်း သူ့အား မမေ့မလျော့ လာနှုတ်ဆက်ဖော် ရသောကြောင့် အဘိုးချန်း ကျေနပ်သွား မိတာတော့ အမှန်။

"ကျန်းရှင်းနဲ့ အလုပ်မှာတွေ့တိုင်း လူကြီးမင်းချန်းကို သတိရမိ ပါရဲ့ဗျာ"

ချင်းဟွာက ရယ်ရင်း ပြန်ပြောလိုက်သည်။

ချန်းကျန်းရှင်းသည် ချင်းဟွာ၏ ဘေး၌ အလွန် ရိုကျိုးသော ဟန်ပန်ဖြင့် တိတ်ဆိတ်စွာ ရပ်နေသည်။

ထို့နောက်တွင် ချင်းဟွာသည် အဘိုးဝေ့အား ယခုမှ သတိထား မိသည့်နှယ် ဟန်လုပ်၍ နှုတ်ဆက်သည်။

"အဘိုးဝေ့လည်း ဒီကို ရောက်နေတာလား ဒီနေ့ ကျုပ်လာရတဲ့ ခရီးကတော့ တန်သွားပြီပဲ"

ချင်းဟွာသည် အစိုးရဘက်တွင် ရာထူးမြင့်မြင့် တစ်ခု ရှိနေခြင်းကြောင့် ပြည်နယ်အတွင်းရှိ သူဌေးကြီးများနှင့် ရင်ပေါင်တန်းနေသူ ဖြစ်သည်။ သို့ဖြစ်ရာ သူက အဘိုးဝေ့ကဲ့သို့ လွှမ်းမိုးနိုင်စွမ်း ရှိသော လူတစ်ယောက်နှင့် တွေ့ဆုံရာ၌ပင် ယုံကြည်ချက် အပြည့် ရှိနေသည်။

အဘိုးဝေ့က ချင်းဟွာ၏ နှုတ်ဆက်မှုအား အသိအမှတ် ပြုသည့်အနေဖြင့် ခေါင်းတစ်ချက်သာ ညိတ်ပြသည်။

အဘိုးဝေ့၏ ခပ်တန်းတန်း အမူအရာကြောင့် ချင်းဟွာကလည်း သူ့အာရုံအား တစ်နေရာသို့ ရွှေ့ပြောင်းလိုက်သည်။

"သူဌေး ... ကျုပ်သားနဲ့ မိတ်ဆက်ပေးပါရစေ ဒါက ကျုပ်ရဲ့ သားကြီး ချန်းအန်းပါ"

ချန်းကျန်းရှင်းက အခွင့်အရေး ရတုန်း အလျင်အမြန် မိတ်ဆက် ပေးလိုက်သည်။

"လူတော်လေးပဲ"

ချင်းဟွာက ချန်းအန်း၏ ပခုံးအား တစ်ချက်ပုတ်ရင်း ပြောလိုက်သည်။

"ကြိုးစားထားကွ တစ်နေ့မှာ မင်းက ငါ့ကို ကူညီပေးနိုင်တဲ့ လူတစ်ယောက် ဖြစ်ချင်ဖြစ်လာမှာ"

"ဟုတ်ကဲ့ ဦးလေးချင်း"

ချင်းဟွာ၏ စကားကြောင့် ချန်းအန်းက ယခင်ကထက် ပိုမို ယုံကြည်ချက် ရှိလာသလို ခံစားလိုက်ရသည်။

"ရှောင်ချင်း ... ဒါက ငါ့ရဲ့ မြေးလေးလေ ချန်းဖန်တဲ့"

အဘိုးချန်းကလည်း မိတ်ဆက်ပေးလိုက်သည်။

"ဟုတ်လား သူက‌ရော အခု ဘာလုပ်လဲ"

ချန်းဖန်သည် ထိုင်ခုံတွင်သာ ထိုင်နေပြီး သူ့အား မျက်လုံး တစ်ချက် လှန်မကြည့် သောကြောင့် ချင်းဟွာက ကျွဲမြီးတိုသွားသည်။

"ကျုပ်ရဲ့တူလေးက အခုမှ အထက်တန်း တက်နေတုန်းလေ သူ့အဖေကတော့ စီကျွေးမြို့နယ်လေးမှာ အလုပ်လုပ်တယ်"

ချန်းကျန်းရှင်းက ဝင်ဖြေလိုက်သည်။

"ဪ ငါသိပြီ"

ချင်းဟွာက စိတ်မဝင်စား တော့ဟန်နှင့် အခြားသော အကြောင်းအရာ တစ်ခုသို့ ခေါင်းစဉ် ပြောင်းလိုက်သည်။

ချင်းဟွာ ရောက်ရှိလာခြင်းက ရှုအောင်းတို့ လူစုကို ဖင်မထိုင်နိုင် ဖြစ်စေသည်။ မည်သို့ပင် ဆိုစေ၊ ချင်းဟွာသည် ကျင်းမြို့တော်၏ ထိပ်တန်း ပုဂ္ဂိုလ် ဖြစ်ပြီး ရှုအောင်းတို့က သူ့ပိုင်နက်အတွင်း ရောက်ရှိနေကြခြင်း ဖြစ်သည်။ အကယ်၍ ဤနေရာသို့ ထန်ယွမ်ချင် ရောက်လာလျှင်ပင် ချင်းဟွာအား အနည်းငယ် လေးစားသမှုနှင့် ဆက်ဆံရမှာ ဖြစ်သည်။

'ချန်းဖန် ... နောက်ဆုံးတော့ ငါနဲ့ ငါ့အဖေကပဲ ချန်းမိသားစုအတွက် အရေးပါတဲ့သူ ဆိုတာကို မင်းနားလည်သွားပြီ မလား'

ချင်းဟွာသည် လူတိုင်း၏ အာရုံစိုက်ရာ ဖြစ်လာသည်ကို မြင်ရသည့်အခါ ချန်းအန်းက ချန်းဖန်ဘက်သို့ အထင်သေးစွာ လှမ်းကြည့်ရင်း တွေးလိုက်၏။

ထိုအချိန်တွင် ချန်းမိသားစုရွာ ဝင်ပေါက်အနီးရှိ၊ တောင်ကုန်းပေါ်၌။

တဖြည်းဖြည်း ဧည့်သည်များ အလာကျဲ လာသောကြောင့် ကလေး အများစုမှာ အိမ်ပြန်သွားကြပြီး ကောင်ငယ်လေး တစ်ယောက်သာ အရိုးအိုကြီးချန်းနှင့် အတူ ကျန်ခဲ့ တော့သည်။

"အရိုးအိုကြီးချန်း.. ခင်ဗျားက တကယ်ပဲ မြို့တော်မှာ အချမ်းသာဆုံး လူရဲ့ ယာဉ်မောင်း ဖြစ်ခဲ့တာလားဟင်"

ကောင်လေးက မေးသည်။

"ဒါပေါ့ ငါ့သူဌေးက အရမ်းကို ချမ်းသာပြီး သူပိုင်တဲ့ လုပ်ငန်းတွေ ဆိုတာ မရေမတွက် နိုင်အောင်ပဲ"

အရိုးအိုကြီးချန်းက ကလေးအား ကြည့်ရင်း ပြန်ဖြေသည်။

"အဲတုန်းက ငါဘယ်လောက်ထိ လူ‌တွေ ‌လေးစားတာကို ခံခဲ့ရလဲဆိုတာ မင်းမသိပါဘူး"

အရိုးအိုကြီးချန်းက ညည်းညူလိုက်သည်။

ကောင်လေးကမူ အရိုးအိုကြီးချန်း၏ အလိမ်အညာ စကားများအား ရိုးနေပါပြီ ဟူသော မျက်နှာပေးဖြင့် ခေါင်းယမ်းလေသည်။ ထို့နောက် ကောင်လေးက အမှတ်တမဲ့ တောင်ကုန်းအောက်သို့ လှမ်းကြည့်လိုက်ရင်း စိတ်ဝင်စားစရာ တခု တွေ့သွားပုံရသည်။

"အရိုအိုကြီးချန်း ... ဟိုကိုကြည့် ထူးဆန်းတဲ့ ကားတစ်စီး လာနေတယ် ကားထဲမှာ လူတွေ အများကြီးပဲ နေပါဦး လိုင်စင်နံပါတ် ကလည်း 0တဲ့ အဲဒါ ဘယ်သူ့ကားပါလိမ့်"

ရုတ်တရက် အသံတစ်သံ ကြားလိုက်ရသောကြောင့် ကောင်လေးက လှည့်ကြည့်လိုက်သည်။

အရိုးအိုကြီးချန်း၏ ပါးစပ်ထဲရှိ ဆေးတံမှာ မြေပြင်ပေါ်သို့ ပြုတ်ကျနေပြီး သူ၏ တဆတ်ဆတ် တုန်ယင်နေသော ခန္ဓာကိုယ်က သူမည်မျှ ထိတ်လန့် အံ့ဩနေကြောင်း သက်သေထူ နေသည်။ အရိုးအိုကြီး ချန်းက အက်ကွဲ တုန်ယင်နေသော အသံဖြင့် ပြောလိုက်သည်။

"တကယ့် ထိပ်တန်းပုဂ္ဂိုလ် ... ရောက်လာပြီ"

***

All Chapters